အပိုင်း ၁၁၄
Viewers 17k

Chapter 114


ယွမ်ရှင်းကျဲက ပိုင်ကျားရှီကိုကြည့်ရင်း တည်ငြိမ်စွာပြောလိုက်သည်။


“ပြိုင်ပွဲပြီးရင် ငါမင်းကိုပြောပြမယ်...”


ပိုင်ကျားရှီက ဒေါသတကြီးဖြစ်သွားသည်။ သူက ပြိုင်ပွဲကိုမလာခင် အဆိုပါပို့စ်များကိုရှာဖွေခဲ့သော်လည်း တစ်ခုမှမတွေ့ခဲ့ချေ။


“ရတယ်လေ...မင်းကငါသိချင်အောင်လုပ်နေတာပဲ...” ပိုင်ကျားရှီက လက်သီးဆုပ်လိုက်သည်။


 “ဒါဖြင့် ငါကမြန်မြန်အဆုံးသတ်ပေးရမှာပေါ့...”


နှစ်ဖက်လုံးက သူတို့၏မက်ခါများကိုထုတ်လိုက်ကြသည်။


ပိုင်ကျားရှီ၏ ကြယ်တံခွန်မက်ခါက အစိမ်းရင့်ရောင်ဖြစ်ပြီး မြင်နေကျမက်ခါများထက် ပို၍ကြီးသည်။


ကြယ်တံခွန်မက်ခါများ၏အားသာချက်မှာ သေးငယ်ပြီးပေါ့ပါးသဖြင့် ပြိုင်ဘက်အားအလွယ်တကူချောင်း၍တိုက်ခိုက်နိုင်ခြင်းပင်။ မက်ခါအရွယ်အစားကြီးလာသည်နှင့် အရှိန်သည်လည်းအတူတကွလျော့ကျသွားမည်ဖြစ်သည်။


သို့သော် ပိုင်ကျားရှီ၏ကြယ်တံခွန်မက်ခါက အာလုံးထင်ထားသကဲ့သို့ မနှေးကွေးပေ။ သူက ပြိုင်ပွဲစသည်နှင့် ယွမ်ရှင်းကျဲ၏မက်ခါအား အပြင်းအထန်စတင်တိုက်ခိုက်​တော့သည်။


ပိုင်ကျားရှီက ဓားရှည်တစ်ချောင်းနှင့် ယွမ်ရှင်းကျဲကို ခုတ်ချလိုက်သည်။


ယွမ်ရှင်းကျဲကရှောင်လိုက်သည့်အတွက် ဓားဦးမှာမြေပြင်ပေါ်သို့ကျသွားပြီး ခြစ်ရာများစွာထင်ကျန်ရစ်ခဲ့သည်။


ပိုင်ကျားရှီက လျှင်မြန်စွာလှည့်လိုက်ပြီး ထပ်မံခုတ်ပိုင်းလိုက်သည်။

ကြည့်ရှုသူများ၏အမြင်အရ ပိုင်ကျားရှီ၏ကြယ်တံခွန်မက်ခါစွမ်းအားတိုးလာခြင်းမှာ ၎င်း၏အရွယ်အစား တိုးလာခြင်းကြောင့် ရရှိလာသည့် အားသာချက်ဖြစ်သည်။

ယွမ်ရှင်းကျဲက ပြိုင်ပွဲမစခင်တစ်လျှောက်လုံးတွေးနေခဲ့၏။ သူနိုင်ချင်သည်။ မက်ခါများမောင်းနှင်ရသည်ကို သူအလွန်သဘောကျသည်။

ပိုင်ကျားရှီကလည်း သူသာလျှင်အနိုင်ရမည်ဟုမျှော်လင့်ထားပုံရသည်ကို တစ်စထက်တစ်စပို၍ပြင်းထန်လာသော တိုက်ကွက်များကိုကြည့်လျှင်သိနိုင်သည်။


ခွန်အားရော အရှိန်ပါသာလွန်သည့် ကြယ်တံခွန်မက်ခါကိုရင်ဆိုင်ရချိန်တွင် ယွမ်ရှင်းကျဲသိသိသာသာကိုအရေးနိမ့်နေခဲ့၏။


ပရိတ်သတ်ကိုအံ့သြစေသည်မှာ ယွမ်ရှင်းကျဲကစိတ်ပူနေဟန်မရှိခြင်းပင်။ သူကတည်ငြိမ်စွာတိုက်ခိုက်ရင်း ​ပြိုင်ဘက်မက်ခါ၏အားနည်းချက်များကို လွယ်လင့်တကူပင်သိမြင်ခဲ့သည်။


ယွမ်ရှင်းကျဲမှာ သတိထားရမည့်ကစားသမားဖြစ်ကြောင်း ဂမ်မာကခံစားမိသည့်အလျှောက် သူတို့နှစ်ဦးက ပိုင်ကျားရှီ၏ဟာကွက်များကို အတူတကွဆန်းစစ်ခဲ့ကြသည်။


ယွမ်ရှင်းကျဲ၏အားသာချက်က အန္တရာယ်နှင့်ရင်ဆိုင်ရချိန်၌ မတုန်လှုပ်ခြင်းဖြစ်သည်။


ပြင်းထန်သောတိုက်ခိုက်မှုများကိုရှောင်ရှားနေရင်း တစ်ချိန်ထဲ၌ ပြိုင်ဘက်၏နောက်ထပ်တိုက်ကွက်ကို အကြမ်းဖျဥ်းခန့်မှန်းနေလေသည်။


ပိုင်ကျားရှီကလည်း ထိုအရာကိုခံစားမိ၏။


သူကအလေးသာနေသော်လည်း ယွမ်ရှင်းကျဲကိုထိခိုက်အောင်လုပ်နိုင်ခြင်းမရှိ။


မက်ခါသားရဲ၏နှောင့်ယှက်မှုနှင့် တစ်မိနစ်ပြီးတစ်မိနစ်ကုန်ဆုံးသွားခဲ့သည်။ မည်သူကမှ ပြိုင်ပွဲ၏အနိုင်အရှုံးကို ခန့်မှန်းနိုင်ခြင်းမရှိ။


ပိုင်ကျားရှီက ယွမ်ရှင်းကျဲ၏မက်ခါအား တစ်စစီဖြုတ်ဖို့မစောင့်နိုင်တော့ချေ။


ပြိုင်ပွဲစတင်ပြီး ၆မိနစ်အကြာ၌ သူကတိုက်ခိုက်နည်းဗျူဟာပြောင်းလဲခဲ့သည်။


ကြယ်တံခွန်မက်ခါ၏တိုက်ခိုက်ပုံမှာ ရှုပ်ထွေးလာပြီးကျပန်းတိုက်ခိုက်မှုများဖော်ထုတ်လာခဲ့၏။


တစ်စက္ကန့်ထဲတွင် ဒိုင်ဗင်ပစ်တော့မလိုနှင့် ညာဘက်သို့လှည့်တိုက်ခြင်း...သံကြိုးဓားကိုထုတ်လိုက်ပြီး အလင်းဓားနှင့်ချက်ချင်းအစားထိုးပစ်လိုက်ခြင်း..အစရှိသည်ဖြင့်...

မည်သူမှ နောက်ထပ်လာမည့်တိုက်ကွက်ကို မခန့်မှန်းနိုင်တော့ပဲဖြစ်သွားခဲ့၏။


ပိုင်ကျားရှီက တိုက်ကွက်မျိုးစုံပြောင်းလဲနေသော်လည်း သူ၏တိုက်ခိုက်မှုများမှာ ရက်စက်ပြင်းထန်လှသည်။ တစ်ကြိမ်ဆိုလျှင် ယွမ်ရှင်းကျဲကသံကြိုးဓားနှင့် ထိမိ​ခါနီး​​ဖြစ်သွားခဲ့၏။


ဂမ်မာက စိန့်ကလီတို၏စောင့်ဆိုင်းခန်းတွင်ကြည့်နေရင်း ပိုင်ကျားရှီ၏တိုက်ခိုက်ပုံကို သဘောတကျဖြင့်ကြည့်နေခဲ့သည်။


ယွမ်ရှင်းကျဲသံကြိုးဓားနှင့်ထိမိခါနီးတွင် ပရိတ်သတ်ကအလန့်တကြားထအော်ကြသည်။ ရစ်ချက်က ထိတ်လန့်မှုကြောင့်မတ်တပ်ပင်ရပ်မိသွားခဲ့၏။


ကံကောင်းစွာဖြင့် မက်ခါသားရဲကဝင်လာပြီး လွတ်မြောက်ရန်လမ်းဖန်တီးပေးခဲ့သည်။

ယွမ်ရှင်းကျဲ၏ပင်မမက်ခါက အလင်းကြာပွတ်အောက်မှလွတ်မြောက်သွားကာ ပိုင်ကျားရှီ၏မက်ခါလက်မောင်းကို အလင်းဓားဖြင့်ခုတ်ချလိုက်သည်။


လုပ်ဆောင်မှုတစ်ခုလုံးက ချောမွေ့ပြီးအစီအစဥ်တကျဖြစ်နေခဲ့ကာ မက်ခါတစ်ခုနှင့်ပင်မတူချေ။


ပိုင်ကျားရှီကလည်း မခေ။ သူကအလင်းဓားကို ရုတ်ခြည်းရှောင်လိုက်သည်။ ယွမ်ရှင်းကျဲက သူ့ကိုထိခိုက်အောင်မလုပ်နိုင်ခဲ့ချေ။

ထို့နောက် သူ၏နောက်ဆက်တွဲတိုက်ခိုက်မှုအားလုံးကို တိုက်စစ်ဖြင့်သာ ယွမ်ရှင်းကျဲကဖြေရှင်းခဲ့သည်။

ကွင်းအတွင်းရှိ မက်ခါများ၏အရှိန်သည် ပိုမိုမြန်ဆန်လာပြီး ပရိတ်သတ်၏စိတ်လှုပ်ရှားမှုမှာလည်း တိုးလာခဲ့၏။


ထိုသို့သောတိုက်ပွဲမှာ ပိုင်ကျားရှီအတွက် လွယ်ကူသော်လည်း ယွမ်ရှင်းကျဲအတွက်မူခက်ခဲသည်။


ရှင်းကျဲရဲ့စိတ်ခွန်အားက ဘယ်လိုလုပ်ပြီးဒီလောက်မြန်မြန်တိုးတက်လာတာလဲ...


​ဖြစ်နိုင်တာက…


“အခု သူ....” ရစ်ချက်က မယုံကြည်နိုင်စွာပြောလိုက်သည်။


"လူသားနဲ့မက်ခါတသားတည်းဖြစ်မှုအခြေအနေကို ရောက်သွားတာလား..."


လူသားနှင့်မက်ခါတစ်သားထဲဖြစ်မှုအခြေအနေသို့ ဝင်ရောက်ပြီးနောက်သည် မက်ခါမောင်းနှင်သူက မက်ခါ၏အမြင့်ဆုံးစွမ်းအားကို အသုံးပြုနိုင်လိမ့်မည်။


လူတိုင်း အံ့သြသွားကြ၏။


"ကျွန်တော်တော့ အဲ့ဒီ့လိုမထင်ဘူး..."


လော့ဝမ်ချွမ်းက ဖန်သားပြင်ကိုကြည့်ရင်း တည်ငြိမ်စွာပြောလိုက်သည်။

114.2


ထိုစကားကိုကြားသောအခါ လော့ဝမ်ချွမ်းမှန်သည်ဟု ရစ်ချက်ခံစားမိသည်။ ယွမ်ရှင်းကျဲ၏အနိုင်ရလိုစိတ်ကပြင်းထန်လာသော်လည်း စိန့်ကလီတိုရှိအုပ်စုနှင့် နှိုင်းယှဥ်လို့မရသေးချေ။


ကြောင်ရုပ်ဆိုးက ကြာပွတ်ကိုရှောင်လိုက်သော်လည်း ပိုင်ကျားရှီကမရပ်တန့်ခဲ့ချေ။

ပိုင်ကျားရှီက ကြောင်ရုပ်ဆိုးကို မြေပြင်ပေါ်သို့ ကန်ထုတ်ပြီးနောက် အကာအကွယ်အဖုံး၏ထောင့်တွင်ပိတ်ဆို့လိုက်သည်။ ထို့နောက် တလက်လက်တောက်ပနေသောလွှကိုဆွဲထုတ်ကာ ကြောင်ရုပ်ဆိုး၏ခေါင်းကို တိုက်ရိုက်ခုတ်ချလိုက်သည်။


"ဒါက ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတစ်ခုပဲ...သေချာပေါက်ကို ပိုင်ကျားရှီကတော့ပိုတော်တာပေါ့လေ..."


"သူဘာလို့ ယွမ်ရှင်းကျဲကိုအရှက်ရ​အောင်မလုပ်တာလဲ...စိတ်ပျက်လာပြီ..."


“မက်ခါသားရဲရဲ့ခေါင်းကိုဖြတ်ပစ်တာက အရှက်ခွဲတာပဲမဟုတ်ဖူးလား...နောက်ပိုင်းယွမ်ရှင်းကျဲရဲ့ပင်မမက်ခါနဲ့ တိုက်ခိုက်တဲ့အခါပိုလွယ်လာလိမ့်မယ်...”


"ကြောင်ခေါင်းကိုဖြတ်လိုက်...ခုတ်ပစ်လိုက်...”


စိန့်ကလီတိုဘက်မှထောက်ခံသူအားလုံး စိတ်လှုပ်ရှားနေကြသည်။ သူတို့အကြာကြီးစောင့်နေရသောမြင်ကွင်းက မကြာခင်လာတော့မည်ပင်။


အော်ရီရယ်က မျက်လုံးများကိုပွတ်သပ်ရင်း တုန်တုန်ယင်ယင်အသံဖြင့်


"အဲဒီ့ကြောင်...ဘယ်လိုလုပ်လိုက်တာလဲ...".


ပိုင်ကျားရှီ၏အလင်းလွှက မက်ခါသားရဲခေါင်းထိပ်သို့ရောက်ရောက်ချင်း အားလုံးမျက်စိရှေ့မှောက်တွင် မက်ခါသားရဲပျောက်ကွယ်သွားခဲ့သည်။


ပိုင်ကျားရှီကြောင်အသွားသည့်အလျှောက် လွှ၏အရှိန်သည်လည်း ကျဆင်းသွားလေသည်။


သူက မက်ခါသားရဲ၏ဦးခေါင်းကိုဖြတ်ရန်ရည်ရွယ်ခဲ့သော်ငြား လေကိုသာခုတ်မိခဲ့၏။


ကြောင်ရုပ်ဆိုးက အမှန်တကယ်ပျောက်ကွယ်သွားခြင်းပင်။


“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ယွမ်ရှင်းကျဲက မက်ခါသားရဲကို ကိုယ်ပျောက်ဆေးမှုတ်ထားတာလား...” 


ဂမ်မာ၏မျက်ဝန်းများက မယုံနိုင်စွာပြူးကျယ်နေခဲ့သည်။


“အဲ့လိုဆိုရင်တောင် မက်ခါပျောက်သွားဖို့က တစ်စက္ကန့်နှစ်စက္ကန့်လောက်ကြာမှာပဲလေ...” ဒိုင်ရက်တာက ဝင်​ပြောသည်။


“ကြောင်ကဒီအတိုင်းပျောက်သွားတာ မဟုတ်လား...ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”


ဂမ်မာက မျက်မှောင်ကြုတ်ရင်း...


“မှုတ်ဆေးတစ်မျိုးမျိုးကို သုံးထားတာပဲဖြစ်ရမယ်...”


ထိုစကားကိုကြားလိုက်ရသော စိန့်ကလီတိုမှလူများက တစ်ခုခုတွင်ရှုံးနိမ့်သွားသလိုခံစားလိုက်ရသည်။ ယွမ်ရှင်းကျဲ ဤကဲ့သို့လှည့်ကွက်ကြီးကြီးမားမားသုံးနိုင်လိမ့်မည်ဟု မည်သူကမှမျှော်လင့်မထားခဲ့။


ပရိတ်သတ်ကလည်း ကြောင်ရုပ်ဆိုး၏ပျောက်ကွယ်သွားမှုအပေါ် အံ့သြနေကြသည်။


“ကြောင်ဘယ်ရောက်သွားတာလဲ...”


“ကြည့်...ပိုင်ကျားရှီလည်းအဲ့ဒါကိုလိုက်ရှာနေတယ်...”


“ဘာလဲဟ...မက်ခါသားရဲက အရိပ်မက်ခါအဖြစ်ပြောင်းနိုင်တာလား...”


“ပုံမှန်အရိပ်မက်ခါထက်ပိုမိုက်နေသလိုပဲ…”


ပိုင်ကျားရှီသည်လည်း ကြောင်မည်ကဲ့သို့ပျောက်သွားမှန်းမသိ။


ယွမ်ရှင်းကျဲအနေဖြင့် လှိုင်းအာရုံခံနာနိုအရောင်တင်ဆေးကို အင်ပါယာမက်ခါသုတေသနဌာနမှ ဝယ်ယူနိုင်ခဲ့လိမ့်မည်ဟူ၍လည်း သူ မထင်ထားခဲ့ချေ။


ကြီးမားသော စွမ်းအင်အတက်အကျများ၏ ချဉ်းကပ်မှုကို အာရုံခံမိသည့်အခါ အပေါ်ယံလွှာသည် သက်ဆိုင်ရာဆွဲငင်မှုကိုဖြစ်ပေါ်စေပြီး ဖုန်းကွယ်ထားသောအခြေအနေသို့ လျင်မြန်စွာဝင်ရောက်သွားမည်ဖြစ်သည်။


၎င်းသည် အလိုအလျောက်ဖြစ်သောကြောင့် လူသားကထိန်းချုပ်ရန်လည်းမလိုအပ်ချေ။


ကြောင်က သူ့အလိုလိုရေငွေ့ပျံသကဲ့သို့ပျောက်သွားမှာဖြစ်သည်။


ထပ်ပေါင်း​ပြောရပါက မက်ခါသားရဲ၏ခန္ဓာကိုယ်မှာသေးငယ်သဖြင့် အချိန်သိပ်မကြာလိုက်ပဲပျောက်ကွယ်သွားခြင်းဖြစ်ရာ ပိုင်ကျားရှီသတိမပြုမိခဲ့ခြင်းပင်။


“ဘာလဲဟ...” ပိုင်ကျားရှီက မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်နှာတွင် စိတ်ရှုပ်မှုတချို့က ရှားရှားပါးပါးထင်ဟပ်နေခဲ့သည်။


“ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”


တူတူပုန်းတမ်းကစားစဥ်အချိန်အတွင်း ပိုင်ကျားရှီ မက်ခါသားရဲကိုရှာမတွေ့ရုံသာမက ယွမ်ရှင်းကျဲ၏ ဖမ်းဆီးခြင်းကိုပင်ခံခဲ့ရပြီး နောက်ကျောမှဓားဖြင့် အကြိမ်ပေါင်းများစွာအထိုးခံခဲ့ရသည်။ သူက ဒေါသတကြီးဖြင့် အံသာကြိတ်နိုင်ခဲ့သည်။


ပိုင်ကျားရှီကဝန်မခံချင်သော်လည်း ယွမ်ရှင်းကျဲ၏တိုက်ခိုက်ပုံအပြောင်းအလဲက သူ့ကိုအခက်တွေ့စေသည်မှာအမှန်ပင်။သို့သော် တိုက်ပွဲအတွေ့အကြုံကြွယ်ဝသည့်အလျှောက်  အခွင့်အရေးရတိုင်းလက်မလွတ်စေရပဲ ယွမ်ရှင်းကျဲအား ပြင်းထန်စွာတိုက်ခိုက်လေသည်။


မက်ခါနှစ်ခုအပြင်းအထန်တိုက်ခိုက်နေချိန်တွင် မက်ခါသားရဲမှာ ပျောက်ကွယ်နေဆဲဖြစ်သည့်အတွက်  ၎င်း၏တည်ရှိမှုကို လူတိုင်းနီးပါးမေ့သွားကြသည်။


ခယ့်လိုင်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်ရင်း


“ရှင်းကျဲရွှယ်တိက မက်ခါသားရဲကိုဘာလို့ထုတ်မသုံးတာလဲ...ဒီအတိုင်းဆက်သွားရင် အရမ်းအန္တရာယ်များလိမ့်မယ်...”


“မက်ခါသားရဲကကွင်းထဲမှာပုန်းနေပြီး ပြိုင်ဘက်ကို ထိုးနှက်ချက်တစ်ချက်တည်းနဲ့ ဖြုတ်ချဖို့ အခွင့်အရေးရှာနေတာဖြစ်နိုင်တယ်..."


အက်ရှလေက တွေးရင်းပြန်ဖြေလိုက်သည်။


ကွင်းပြင်တွင် မက်ခါသားရဲပျောက်ကွယ်သွားပြီး အချိန်အတော်ကြာမပေါ်လာသောကြောင့် ပိုင်ကျားရှီဘက်မှ တဖြည်းဖြည်းအားသာလာခဲ့သည်။


ရစ်ချက်က စခရင်ကိုစိုက်ကြည့်နေသည်။ ယွမ်ရှင်းကျဲဘာကိုတွေးနေမှန်း သူပင်မပြောတတ်ချေ။


ပိုင်ကျားရှီ၏ အနိုင်ရလိုစိတ်က ယွမ်ရှင်းကျဲထက်ပို၍များလေသည်။ သူက လူသားမက်ခါတစ်သားထဲဖြစ်ခြင်းအခြေအနေသို့ တဖြည်းဖြည်းဝင်ရောက်လာခဲ့သည်။


ယွမ်ရှင်းကျဲအတွက်မူ သူ့တိုက်ကွက်များကိုခုခံရန် ပို၍ခက်ခဲလာခဲ့၏။


သူက ထိုအခြေအနေ၏အစွန်အဖျားလောက်သာ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီ၏ တစ်သားထဲမဖြစ်နိုင်သေးချေ။


အလင်းကြာပွတ်က သူနှင့်စင်တီမီတာအနည်းငယ်အကွာမှ ဖြတ်သန်းသွားခဲ့သည်။


ယွမ်ရှင်းကျဲ၏မက်ခါက ခက်ခက်ခဲခဲရှောင်တိမ်းလိုက်ရ၏။


ပရိတ်သတ်က အသက်ပင်ရဲရဲမရှူဝံ့ချေ။ 


ယခုလက်ရှိတွင် ယွမ်ရှင်းကျဲ၏အခြေအနေမှာ အလွန်အန္တရာယ်များလေသည်။


သူက မျက်လုံးများမှိတ်လိုက်သည်။


သူ့ကိုယ်သူတွန်းအားပေးလိုသောကြောင့် မက်ခါသားရဲကို ယခုထိထုတ်မသုံးခြင်းပင်။ ယွမ်ရှင်းကျဲက စိတ်တွင်းမှာမေးလိုက်သည်။


သူဒီပြိုင်ပွဲကို နိုင်ချင်လား...


နိုင်ချင်တယ်...


ဒါဆိုဘာလို့ လူသားမက်ခါတစ်သားထဲဖြစ်မှုကို ခုထက်ထိမလုပ်နိုင်ရတာလဲ...


ယွမ်ရှင်းကျဲက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။


ပြိုင်ပွဲမှာ ၂၅မိနစ်ကြာမြင့်ခဲ့လေပြီ။


စက္ကန့်သံက ကစားသမားနှစ်ဦးလုံးကို ပြိုင်ပွဲပြီးဆုံးတော့မှာဖြစ်ကြောင်း သတိပေးနေခဲ့သည်။


ပိုင်ကျားရှီ၏ ရက်စက်သောတိုက်ခိုက်မှုများကို ယွမ်ရှင်းကျဲခမျာ့ခက်ခက်ခဲခဲရင်ဆိုင်နေရသည်။ သို့သော် သူတို့နှစ်ဦးလုံးပြင်းထန်စွာတိုက်ခိုက်နေကြခြင်းသာ။


ကွင်းထဲတွင် အလယ်အလတ်တန်းစားမက်ခါနှစ်ခု ထိပ်တိုက်ရင်ဆိုင်နေကာ အစိမ်းရောင်သံကြိုးဓားနှင့်ငွေရောင်ဓားသွားက အဆက်မပြတ်ထိခတ်နေသည်။

.

အောင်ပွဲချိန်ခွင်လျှာက ပိုင်ကျားရှီဘက်သို့၏ တဖြည်းဖြည်းစောင်းသွားလေသည်။


xxxxxx