အပိုင်း ၁၂၂
Viewers 17k

Chapter 122


အုပ်စုလိုက်ပြိုင်ပွဲ မကြာခင်ပြီးဆုံးတော့မည်ဖြစ်၏။ ရှင်းဟိုင်တက္ကသိုလ်နှင့် ယွမ်ရှန်စစ်တက္ကသိုလ်ကြားက ပြိုင်ပွဲမှာလည်း စတင်တော့မည်ဖြစ်သည်။


ယွမ်ရှန်စစ်တက္ကသိုလ်မှာ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ထားသည်ဖြစ်၏။ စစချင်းမှာပင် အရှိန်ပြင်းနေသော်လည်း တိုက်ခိုက်လိုစိတ်များမှာ ပျောက်ဆုံးနေကြ၏။ အဘယ့်ကြောင့်ဆို‌သော် သူတို့ ရှင်းဟိုင်ကို နိုင်လျှင်တောင် အဆင့်မမှီနိုင်တော့သောကြောင့်ဖြစ်သည်။


အချုပ်ဆိုရသော် အစပိုင်းတွင်မည်သူမှ အကောင်းမထင်ခဲ့‌သော ရှင်းဟိုင်တက္ကသိုလ်မှာ ယခုအခါ လူပြောများလာသော မြင်းနက်တစ်ကောင်အလားဖြစ်လာသည်။


အဓိကအဖွဲ့ကြီးများ၏ လောင်းကစားဝိုင်းများကို ကြည့်ချင်းအားဖြင့် ရှင်းဟိုင်အကယ်ဒမီ၏ လုပ်ဆောင်ချက်များကို အားလုံးအံ့အားသင့်နေကြသည်မှာ သိသာ၏။


ရှင်းဟိုင် နှင့်ဂျက်ကော့ ကစားစဉ်က ရှင်းဟိုင်ဘက်မှလောင်းကြသူ အနည်းငယ်သာရှိ၏။


ရှင်းဟိုင်နှင့် စိန့်ကလီတို ကစားစဉ်ကလည်း နည်းနေသေးသော်လည်း အခြေအနေမှာ အနည်းငယ်တိုးတက်လာ၏။ .


အုပ်စုလိုက်ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်မှာတော့ ပထမဆုံးအကြိမ် ရှင်းဟိုင်ဘက်မှလောင်းကြသူများနေပြီး ၇၀%လောက်က နိုင်မည်ဟု ခန့်မှန်းနေကြသည်။


ယခုပွဲတွင် ရှင်းဟိုင်အသင်းမှ လုံးဝအလျော့ပေးမည်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ကစားပွဲတိုင်းက သူတို့အတွက် လေ့ကျင့်ရေးဖြစ်နေသည်။


ရစ်ချက်က ပွဲစဉ်ကို ထပ်၍ပြင်ဆင်ထားပြန်သည်။ ယွမ်ရှင်းကျဲ တစ်ကိုယ်တော် ပွဲစဉ်တွင် ရှိနေသေးသည့်အတွက် ရစ်ချက်က သူ့လုပ်ဆောင်ချက်ကို မှတ်မိနေသည်ဟု ယူဆရသည်။


ရစ်ချက်သာမက ရှင်းဟိုင်ကျောင်းအသင်းမှ ကျန်အဖွဲ့ဝင်များမှာလည်း ယွမ်ရှင်းကျဲ၏တိုးတက်လာမှုကို သိချင်နေကြပြီး သူ့ဆီသို့ အကြံဉာဏ်လာတောင်းကြသူ အလွန်များ၏။ 


လက်တလောတွင် ယွမ်ရှင်းကျဲ အလုပ်များနေသော်လည်း အားသည့်အချိန်များတွင် PK စွမ်းရည်နှင့် မက်ခါအကြောင်း မေးခွန်းများ ဖြေပေး‌လျက်ရှိသည်။


ယွမ်ရှင်းကျဲ၏ အကူအညီဖြင့် ရှင်းဟိုင်ကျောင်းအသင်း၌ ချီယုမှလွဲ၍ အခြားသူများမှာထိုက်အလျောက်တိုးတက်လာကြသည်။ 


အဘယ်ကြောင့်ဆို‌သော် ယွမ်ရှင်းကျဲမှာ ချီယုကို ဘယ်တုန်းကမှ အာရုံမစိုက်ခဲ့‌သောကြောင့်ဖြစ်၏။


ထိုအကြောင်းကြောင့် ချီယုစိတ်ထဲတွင် အလွန်အနှောင့်အယှက်ဖြစ်နေသော်လည်း ခါတိုင်းလို ဒေါသထွက်မနေဘဲ တတ်နိုင်သလောက် ထိန်းချုပ်ထားနေခဲ့၏။


ယွမ်ရှင်းကျဲမှာ သူ့အပိုင်ဖြစ်လာတော့မည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။


မီးရောင်စုံများအောက်တွင် ရှင်းဟိုင်တက္ကသိုလ်နှင့် ယွမ်ရှန်စစ်တက္ကသိုလ်တို့ယှဉ်ပြိုင်မှု စတင်လေပြီ။


ပရိသတ်အများစုမှာ ရှင်းဟိုင်ကို ကြည့်ရန်လာကြခြင်းဖြစ်သည်။ ပြီးခဲ့‌သောအချိန်အတောအတွင်း ရှင်းဟိုင်မှာကျော်ကြားလာကာ ပရိသတ်အရေအတွက်မှာလည်း တိုးလာခဲ့ပြီး အားပေးနေကြ၏။ 


နိုအာနှင့် ဖန်ယွန်ထက်ပင် အခြေအနေကောင်းနေသည်။


ယွမ်ရှင်းကျဲ စိတ်စွမ်းအားများမှာပြန်တိုးတက်လာကာ အေအဆင့်၏ ၉၀%သို့ရောက်ရှိပြီး စွမ်းအားများခြုံလိုက်လျှင် အေပလပ်စ်အဆင့်သို့ရောက်ရှိ‌နေပြီဖြစ်သည်။ NCLM တွင် အမြန်ဆုံးတိုးတက်လာသော ကစားသမားဟုပင်ဆိုနိုင်သည်။


ကြယ်အင်တာနက်ကွက်ယက်ပေါ်တွင်လည်း သူ့ကစားပွဲများ၏ ကြည့်ရှုနှုန်းများမှာ အခြားပွဲများထက် များနေ၏။ 


တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း ပွဲကြေညာသူမှာလည်း အနည်းငယ်စိတ်လှုပ်ရှားနေပုံပေါက်ကာ ရှင်းဟိုင်တက္ကသိုလ်ကိုပင် ဆက်တိုက်ချီးကျူးနေ၏။ : "ဒီနေ့ ရှင်းဟိုင်ကတော့ အခြေအနေ ကောင်းနေပြီးတော့ ခယ့်လိုင်ကလည်း ပထမဆုံးအနိုင်ကို ရရှိခဲ့ပါပြီ! အရမ်းတော်ကြပါတယ်!"


"ဝါး ရှင်းဟိုင်ရဲ့ ပထမအုပ်စုပွဲစဉ်ကတော့ ပြီးပြည့်စုံစွာပဲ ပြီးဆုံးသွားပါပြီ။ ခယ့်လိုင်က လူသစ်ပေမယ့် သူ့အရည်အချင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေက တကယ့်ကိုရင့်ကျက်လှပါတယ်။" 


"ဒီနေ့အတွက် အနိုင်ပိုင်းပေးမယ့် ကစားသမားကတော့ ယွမ်ရှင်းကျဲပဲ ဖြစ်လာပြန်ပါပြီ။ ရစ်ချက်က သူ့ကို အရမ်းယုံကြည်တဲ့ပုံစံကို မြင်နိုင်ပါတယ်။ ဒီ အိုမီဂါ ကစားသမားက ဒီရာသီမှာတော့ တကယ့်ကို ဂန္တဝင်ပါပဲ။ ကျောင်းတွင်းပြိုင်ပွဲကတည်းက တစ်ခါမှ မရှုံးဖူးသေးပါဘူး။" 


"သူ့ရဲ့ နတ်ဘုရားလိုကြောင်ကြီးနဲ့ အနိုင်ရခဲ့တာပါ။ ပြိုင်ပွဲနှစ်ခုကျန်သေးတယ်ဆိုပေမယ့် ရှင်းဟိုင်တက္ကသိုလ်ကို အဆင့်မှီတဲ့အတွက် ကြိုပြီးတော့ဂုဏ်ပြုထားလို့ရပြီထင်ပါတယ်။"


အမျိုးမျိုးသော ချီးကျူးသံများ၏အောက်တွင် ရှင်းဟိုင်တက္ကသိုလ် သုံးပွဲဆက်တိုက် အနိုင်ရခဲ့ကာ လေးမှတ်ရရှိခဲ့၏။ 


ယွမ်ရှင်းကျဲ အနိုင်ရရှိပြီးနောက် ပရိသတ်ထံမှ ဩဘာပေးသံများ လက်ခုပ်သံများက ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။


ပြိုင်ပွဲစည်းမျဉ်းအရ နောက်တစ်ပွဲတွင် အနိုင်ရမှ အဆင့်မှီသည်ဟု သတ်မှတ်ခံရမည်ဖြစ်သော်လည်း ရှင်းဟိုင်ကျောင်းအသိုင်းအဝိုင်း၌ ရှင်းဟိုင်အဆင့်မှီသွားပြီဟူသော စကားများဖြင့် ပြည့်နှက်နေ၏။ 


နေရာအစုံ၌ ရှင်းဟိုင်တက္ကသိုလ်နာမည်ကို အသည်းအသန်ရှာဖွေနေကြသည်။ 


ယွမ်ရှန် စစ်တက္ကသိုလ် ယခုလို ဆိုးဆိုးရွားရွားရှုံးနိမ့်မည်ဟု မထင်ထားသောကြောင့် သူတို့နည်းပြ၏ မျက်နှာမှာ အတော်လေး အခြေအနေဆိုးနေ၏။ 


မည်သို့ပင်ဆိုစေကာမူ အခြားနာမည်ကြီးကျောင်းများပင် ရှင်းဟိုင်ကိုရှုံးနိမ့်သည်ကို သတိရသွားကြသောအခါ ယွမ်ရှန်ကျောင်းအသင်းမှ ကစားသမားများ။ဝမ်းနည်းစိတ်အနည်းငယ် လျော့သွားကြ၏။ 


ယွမ်ရှန်စစ်တက္ကသိုလ်မှ ခုခံရန် ယုံကြည်ချက်မရှိတော့‌သောကြောင့်လည်း ရှင်းဟိုင်အနိုင်ရသွားခြင်းဖြစ်နိုင်၏။ 


အုပ်စုပြိုင်ပွဲ၏ နောက်ဆုံးအချီမှာ အောင်မြင်သော အဆုံးသတ်ဟုပင် ဆိုနိုင်သည်။


သေချာပေါက်ပင် ရှင်းဟိုင်တက္ကသိုလ်၏လုပ်ဆောင်ချက်များက လူအချို့ကိုပျော်ရွှင်စေကာ လူအချို့ကိုတော့ ပူပင်စေခဲ့သည်။


ထိုသူများအနက်မှ နှစ်ဦးမှာ သူတို့၏ပြိုင်ဘက်များဖြစ်ကြသော နိုအာ စစ်တက္ကသိုလ်နှင့် ဖန်ယွန်စစ်တက္ကသိုလ်ဖြစ်၏။ 


ထို စစ်တက္ကသိုလ်နှစ်ခုမှာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပထမနေရာကို လုခဲ့ပြီး အခြားသောထူးချွန်ပြောင်မြောက်သူများကို မမြင်လိုပေ။


ထို့ကြောင့် ရှင်းဟိုင်တက္ကသိုလ်၏ အောင်ပွဲပြီးဆုံးပြီးနောက် တန်ပြန်တိုက်ခိုက်ရန် နိုအာနှင့် ဖန်ယွန်နည်းပြနှစ်ဦး ဆက်သွယ်ကြတော့၏။


"ငါတို့က ပြိုင်ဘက်တွေဆိုပေမယ့် တစ်ခြားအရမ်းတော်တဲ့ကျောင်းတွေ ရှိလာတော့ ငါတို့တွေ ပူးပေါင်းသင့်တယ်မလား။" နိုအာကျောင်းအသင်းနည်းပြမှ ပြုံးရာ်လျက် ပြောလာ၏။ "မင်းရော ဘယ်လိုထင်လဲ။" 


ဖန်ယွန်ကျောင်းအသင်းနည်းပြမှ ခေါင်းညိတ်ပြကာ ‌ဖြည်းညှင်းစွာပြောလိုက်၏။ " ငါလည်း အဲ့လိုပဲစဉ်းစားနေတာ။ ငါတို့နောက်ပြိုင်ပွဲအတွက် အချက်အလက်တွေ ဝေမျှနိုင်ရင် ကောင်းမယ်။" 


ရှင်းဟိုင်ကျောင်းအသင်းမှ အသင်းဝင်များမှာ မသိကြသေး။ သို့သော် မြေခွေးနှင့်တူသော နည်းပြနှစ်ဦးမှာ သူတို့ကို ရန်သူအဖြစ် သတ်မှတ်ထားလေပြီ။

122.2


အုပ်စုပြိုင်ပွဲတွင် အဆင့်မှီခြင်းအထိန်းအမှတ်ဖြင့် ဂုဏ်ပြုရန် ရှင်းဟိုင်တက္ကသလိုလ်ကျောင်းအုပ်မှ ရစ်ချက်ဆီသို့ အဖွဲ့ဝင်များအား စားပွဲကောင်းကောင်းတစ်ခု ကျင်းပပေးရန် ညွှန်ကြားလိုက်၏။ 


အားလုံး ‌ပျော်ရွှင်နေကြ၏။ သို့သော် ယွမ်ရှင်းကျဲနှင့် လော့ဝမ်းချွမ်တို့မှာ စိတ်ရင်းဖြင့် မပြုံး‌နိုင်ကြပေ။


အုပ်စုပြိုင်ပွဲပြီးဆုံးသည်နှင့် သူတို့နှစ်ဦးလုံးအင်ပါယာမြို့တော်သို့ပြန်ကာ လုပ်စရာရှိသည်များကို လုပ်ကြရမည်ဖြစ်၏။


နောက်နှစ်ရက်တွင် ယွမ်ရှင်းကျဲ ရစ်ချက်ကို မက်ခါသုတေသနတက္ကသိုလ်တွင် နျူရုန်းဆက်နွယ်မှုများနှင့်ပတ်သက်၍ သုတေသနလုပ်ရန် အထူးခွင့်တောင်းလိုက်၏။


တက္ကသိုလ်မှ သုတေသနလုပ်နေသောသူများ လက်ရှိတွင် အခက်အခဲတစ်ခုဖြင့်ရင်ဆိုင်နေရသည်။ 


ရှင်းကျဲ၏ အကူအညီဖြင့် ပထမမျိုးဆက် ချဲ့ကားစက်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့‌သော်လည်း ချဲ့ကားနိုင်စွမ်းမှာ နည်းနေသေးသည်။


ကျင်းရွှမ် ဘယ်လိုအမျိုးအစားကိုပင်သုံးသုံး ချဲ့ကားနိုင်စွမ်းမှာ မျှော်မှန်းထားသည်ထက် နည်းနေသည်။ အမြှင့်ဆုံးမှာ ၁.၅‌၃ သာရှိသည်။ 


ထို့ထက်ကျော်နိုင်ရန် ကျင်းရွှမ် ရှင်းကျဲကို စမ်းသပ်မှုအမြောက်များကို လုပ်ဆောင်ဖို့ ပြောထား၏။


ကံကောင်းသည်မှာ ယွမ်ရှင်းကျဲ၏ စိတ်စွမ်းအာ ထိန်းချုပ်မှုမှာ သန်မာနေခြင်းဖြစ်၏။ အခြားသူများသာဆိုလျှင် စမ်းသပ်မှုများကို ခံနိုင်မည်မဟုတ်ချေ။


အချုပ်ဆိုရသော် ယွမ်ရှင်းကျဲ၏ ကိုယ်ပိုင် စမ်းသပ်မှုမှာ ချောချောမွေ့မွေ့ပင် ပြီးမြောက်သွားလေသည်။


မှတ်ဉာဏ်အတု၏ နူရုန်းအဆက်အသွယ်နမူနာပုံစဲ တည်ဆောက်ပြီးနောက် လက်တွေ့တွင် တစ်ခုလောက်ဖန်တီးကာ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။


ထို့ကြောင့် ယွမ်ရှင်းကျဲ သာမန်ကုန်ကြမ်းများ ရှာပေးရန် ယူဂျင်းကို အကူအညီတောင်းလိုက်သည်။ အနည်းငယ် ကြိုးစားပြီးနောက်တွင် အနက်ရောင် နူရုန်းအဆက်အသွယ်သေတ္တာလေး ပြီးမြှောက်သွားလေသည်။


အနက်ရောင်ဖြစ်နေရသည်မှာ အပြင်လူများ နည်းပညာကို မသိစေရန်ဖြစ်၏။ ယွမ်ရှင်းကျဲမှလွဲ၍ မည်သူမှ မသိကြ။


ထိုအရာမှာ ယွန်ရှင်းကျဲ၏ အကျင့်ဖြစ်သည်။ ယခင်ဘဝ မက်ခါဆရာဖြစ်ခဲ့စဉ်က တစ်ကြိမ်တစ်ခါ လှည့်စားခံရဖူးသည်။ တစ်စုံတစ်ယောက်က သူ့နည်းပညာကိုယူကာ ထိုသူ၏အပိုင် လုပ်သွားခဲ့သည်။ ထို့နောက် ယွမ်ရှင်းကျဲ ပို၍သာလွန်သော နည်းပညာတစ်ခုဖြင့် ပညာပြရန် ကြိုးစားခဲ့သည်။ နည်းပညာအသစ်ရတိုင်းလည်း အနက်ရောင်သေတ္တာဖြင့်သာ လုပ်လေ့ရှိတော့သည်။


ဆက်သွယ်ရေးကိရိယာ ပြီးသွားသောအခါ အလွန်ထူးဆန်းလွန်းသောပုံစံကြောင့် အရေးတယူမရှိခဲ့ပေ။


ထို အနက်ရောင်သေတ္တာမှာ အရေးကြီးနူရုန်းဆက်သွယ်ရေးကိရိယာနှင့် မတူပေ။


ထို့ကြောင့် ယူဂျင်းမှာ ယွမ်ရှင်းကျ၏ နောက်ထပ်စမ်းသပ်မှုများတွင်လည်း စိတ်မဝင်စားဆြောကာ ကျင်းရွမ်၏ ‌ဓာတ်ခွဲခန်း‌သို့သာ သွားကူတော့၏။ 


ယူဂျင်း ထွက်သွားသောအခါ ယွမ်ရှင်းကျဲ၏ ဆက်သွယ်ရေးကိရိယာ စမ်းသပ်မှုမှာ ချောမွေ့စွာ ပြီးဆုံးသွား၏။ စမ်းသပ်နေစဉ် ချဲ့ကားနှုန်းကို တိုင်းတာကြည့်ရာ ၂.၆၁ ရှိသည်။ 


မူလက ၂.၁ လောက်ကို ရည်ရွယ်ကာ စမ်းသပ်မှုလုပ်ချင်ခဲ့‌သော်လည်း ပထမဆုံးစမ်းသပ်မှုက ထင်ထားသည်ထက် များနေမည်မှန်း မမျှော်လင့်ထားခဲ့ပေ။ 


ထိုအချက်မှာ ယွမ်ရှင်းကျဲ အရင်ဘဝကရရှိခဲ့သော် အသိပညာများ မပျောက်ဆုံးသွားမှန်းသက်သေပြနေ၏။


စမ်းသပ်မှု ပြီးသွားသည့်နောက် ယွမ်ရှင်းကျဲ အနက်ရောင်သေတ္တာကိုယူလိုက်ကာ ကျင်ရွမ်ထံ ခွင့်ယူရန်သွားလေသည်။


"ခွင့်ယူမယ်။" ကျင်ရွှမ်မှာ အနည်းငယ် အံ့ဩသွား၏။ "ဘာလို့လဲ နောက်ရက်ထဲ အင်ပါယာမြို့တော်ကို ပြန်မလို့လား။" 


ယွမ်ရှင်းကျဲ ခေါင်းညိတ်ပြလိုက်၏။ " ကျွန်တော် အိမ်မှာ လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့ပါ။" 


"ကောင်းပြီလေ။ သွားလို့ရပါတယ်။" ကျင်ရွှမ် ချက်ချင်းပင် သဘောတူလိုက်၏။


"တကယ်တော့ ပြီးခဲ့တဲ့ရက်တွေက မင်းကို စမ်းသပ်မှုတွေ အများကြီးလုပ်ခိုင်းခဲ့တာ။ ရက်နည်းနည်းလောက် ကောင်းကောင်းနားလိုက်ဦးပေါ့။" 


ယွမ်ရှင်းကျဲ ဆက်ပြောလိုက်၏။ "ကောင်းပါပြီ။ လိုအပ်တာရှိရင် ဆက်သွယ်လိုက်ပါ။" 


စကားပြောပြီးနောက် ယွမ်ရှင်းကျဲ ဓာတ်ခွဲခန်းထဲမှ ထွက်သွား၏။ 


ယွမ်ရှင်းကျဲ ထွက်သွားပြီးနောက်တွင် ဖြစ်၏။ 


မင်ရှောင်းသက်ပြင်းချကာ စိတ်ပျက်လက်ပျက်ပြောလိုက်၏။


 "ကျွန်တော်တို့စမ်းသပ်မှုက ပိုပိုဆိုးလာသလိုပဲ။ ဘယ်တော့မှ ၁.၅ကို ကျော်နိုင်မှာလဲ။ ပါမောက္ခကျင်ရွှမ် ယွမ်ရှင်းကျဲကို ပေးမပြန်သင့်ဘူးထင်တယ်။ ကျွန်တော်တို့မြန်မြန်လုပ်မှရမယ်လေ။ အချိန်ကကျနေပြီ။" 


"သူ့ကို ရက်နည်းနည်းလောက် ပေးနားလိုက်ပါဦး။" ကျင်ရွှမ် သက်ပြင်းချရင်းပြောလိုက်၏။ "ငါတို့ ပစ္စည်းမှာ ပြဿနာရှိနေတာ။ သူ့ကို စမ်းသပ်မှုတွေထပ်လုပ်ခိုင်းရင်တောင် အတူတူဘဲဖြစ်နေမှာပဲ။" 


တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ "ယွမ်ရှင်းကျဲရဲ့ စိတ်စွမ်းအားက သိပ်မမြင့်တာကြောင့်များ ချဲ့ကားနိုင်စွမ်းမှာ ပြဿနာရှိနေတာလား။" 


ကျင်ရွှမ် အနည်းငယ် အံ့ဩသွားကာ ပြောလိုက်၏။ "အဲ့ဒါကတော့ မဖြစ်နိုင်လောက်ဘူး။ တစ်ခါမှတောင် မထင်ဖူးဘူး။" 


လွန်ခဲ့‌သော ရက်အနည်းငယ်အတွင်း မည်သူမှ စမ်းသပ်မှုကို မပြီးမြောက်နိုင်ကာ အလွန်ပင်ပန်းနေကြပြီဖြစ်သည်။ ယွမ်ရှင်းကျဲ၏ စိတ်စွမ်းအားမှာ ၁.၅ဆသာ ချဲ့ကားနိုင်သည်ကို မြင်လိုက်ရတိုင်း ယွမ်ရှင်းကျဲ၏ ပြဿနာဟု ထင်ကြမည်မှာ ထူးတော့မထူးဆန်းပါ။ 


"ဒါပေမယ့် ငါတို့မတတ်နိုင်ဘူးလေ။ သူကလွဲပြီးတော့ ကူညီပေးမယ့်သူ မရှိဘူး။"

 တစ်စုံတစ်ယောက်က ထပ်ပြောလိုက်၏။


 "သူ့ စိတ်စွမ်းအားက မကြာခင် အက်စ်ကိုရောက်သွားရင် ကောင်းမှာပဲ။ အဲ့ဒါဆိုရင် ပိုအဆင်ပြေလောက်တယ်။" 


xxxxxxx