အပိုင်း ၁၂၃
Viewers 17k

Chapter 123


ကျင်ရွှမ် ပုံကြမ်းကို ထပ်ကြည့်ကာ အလေးအနက် စဉ်းစားနေ၏။ .


သူမ အမြဲတမ်းစဉ်းစားလေ့ရှိသည်မှာ တစ်ခြားအဓိကအချက်ကိုသာ ထိုးဖောက်နိုင်လျှင် စိတ်စွမ်းအားမှာ တိုးတက်လာနိုင်သည်။…


သို့သော် မည်သည့်အချက်မှန်း သူမသိချေ။ 


ထိုအချိန်တွင် သန့်ရှင်းရေးလုပ်ရန်ဝင်လာသူက အသိပေးလိုက်၏။


 "နားကြရအောင်လေ။ အမှိုက်ရှင်းလိုက်ပါဦးမယ်။"


ထိုသန့်ရှင်းရေးသမားမှာ သိပ္ပံသုတေသနတက္ကသိုလ်တွင် အချိန်အတော်ကြာ အလုပ်လုပိလာသူဖြစ်၏။ ယွမ်ရှင်းကျဲ၏ ဓာတ်ခွဲခန်းတွင်လည်း ကူညီပေးနေကြဖြစ်သည်။


သိပ္ပံသုတေသန တက္ကသိုလ်မှာ ထိုအလုပ်ကို စက်ရုပ်များထံလွှဲပေးရန် စိတ်ကူးမရှိချေ။ အဘယ့်ကြောင့်ဆို‌သော်ဓာတ်ခွဲခန်းမှ အရာအားလုံးမှာ အဖိုးတန်များဖြစ်၏။ စက်ရုပ်ချို့ယွင်းမှု တစ်ခုခဖြစ်လျှင် နောက်ဆက်တွဲအခြေအနေမှာ အတော်လေးဆိုးမည်ဖြစ်သည်။ 


သန့်ရှင်းရေး လုပ်နေစဉ်သူ့လှည်းအတွင်းမှ စက္ကူအပိုင်းအစလေးများ ထွက်ကျလာ၏။


ကျင်ရွှမ် ‌တရို‌တသေကောက်ယူကာ သန့်ရှင်းရေးသမားထံ လှမ်းပေးလိုက်ရင်း ပြောလိုက်၏။


 "အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"


ကျင်ရွှမ်ကဲ့သို့ ယဉ်ကျေးသော ပါမောက္ခများကို ကျင်ရွှမ်သဘောကျ၏။ ပြုံးပြလိုက်ရင်း "တောင်းပန်ပါတယ်။"ဟု ယဉ်ကျေးစွာပင် ပြန်ပြောလိုက်၏။


သန့်ရှင်းသမားကြီးစာရွက်စများကို ကိုင်လိုက်ချိန်တွင် ကျင်ရွမ်မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားသည်။ 


သူ့မျက်လုံးများမှာ စက္ကူစများထံတွင်သာ ရှိနေပြီး ဆက်သွယ်ထားသည့်ချိတ်ဆက်မှုတစ်ခုမှာ သူတစ်ခါမှမမြင်ဖူးသည့်ပုံစံဖြင့် ဒီဇိုင်းဆွဲထားပြီး စိတ်စွမ်းအားကို ပိုမိုတိုးတက်စေနိုင်သည့် ပုံစံမျိုး ဖြစ်နေသည်။


ပို၍ အံ့ဩစရာကောင်းသည်မှာ ထိုချိတ်ဆက်မှုမှာလည်း နှစ်နေရာဆုံ‌သည့်နေရာတွင် ဖြစ်နေခြင်းဖြစ်၏။ 


"အကယ်၍ ဝိညာဉ်စွမ်းအားတွေသာ ဒီဆုံမှတ်မှာတွေ့နိုင်မယ်ဆိုရင် ဖြစ်နိုင်မယ့်စွမ်းအားအကုန်လုံးကို အသုံးပြုနိုင်မယ်ဆိုတော့ တစ်ချိန်တည်းမှာပဲ ကြီးမားတဲ့စွမ်းအားကို ရနိုင်မှာ..." 


စာရွက်စပေါ်မှ အကြောင်းအရာများကို ကျင်ရွမ် အလိုလျောက် တွက်ကြည့်နေမိပြီး ပြောလိုက်သည့်စကားက အားလုံး၏အာရုံကို ဖမ်းစားလိုက်နိုင်သည်။


"အဲ့ဒါဆိုရင် စိတ်စွမ်းအားကို စက်ထဲမဝင်ခင် တစ်ခေါက် ချဲ့ကားလိုက်နိုင်ပြီးတော့ စစချင်းထုတ်လုပ်နိုင်မယ့်ဟာကို သက်ရောက်မှု မရှိတော့ဘူး။" 


ယူဂျင်း၏ မျက်လုံးများမှာ အရောင်တောက်လာကာ ထိုဒီဇိုင်း၏ အကျိုးအမြတ်များကို ချက်ချင်းပင် ပြောလိုက်တော့၏။ 


ထို့နောက် ယူဂျင်း ကျင်ရွမ်ကို လေးစားစွာကြည့်ကာ "ပါမောက္ခကျင်ရွှမ်လုပ်ထားတဲ့ ဒီဇိုင်းက သေချာပေါက် ချဲ့ကားနိုင်စွမ်းကို တိုးစေမှာ။ ဘာလို့ မတွေးမိလိုက်တာပါလိမ့်။" 


မင်ရှောင်နှင့် အခြားသူများလည်း ပျော်ရွှင်သွားကြသည်။ 


"ပါမောက္ခ ကျင်ရွမ် တကယ့်ကို အံ့ဩစရာပါပဲ။" 


"ဘုရားရေ ဒီ ဒီဇိုင်းက အရမ်းရှုပ်ပေမယ့် လုပ်လို့ရနိုင်တယ်။" 


"‌ပါမောက္ခကျင်ရွမ် ကျွန်တော်တို့ လုပ်ကြည့်ရအောင်။" 


ကျင်ရွမ် တိတ်ဆိတ်နေကာ လူအုပ်ကြီးကို ငေးကြည့်နေမိသည်။ 


ယခုနည်းလမ်းကို ထိုစက္ကူစလေးပေါ်တွင် ဆွဲထားသော ပုံအချို့နှင့် လက်ရေးဖြင့်ရေးထားသော အချက်အလက်အချို့မှ ရခဲ့ခြင်းဖြစ်၏။ အားလုံး၏ ပြောစကားကို ကြားပြီးသည့်နောက် အရမ်းကောင်းမွန်သော အကြံဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ 


"မဟုတ်ဘူး။ ဒါက ငါလုပ်ထားတဲ့ အကြံမဟုတ်ဘူး..." စိတ်လှုပ်ရှားနေသော လူအုပ်ကြီးကို မျက်နှာမူကာ ရှင်းပြလိုက်၏။ "အဲ့ဒါက ဒီစက္ကူစလေးပေါ်မှာ ရေးထားတာ..." 


အားလုံး၏ မျက်လုံးများပြူးကျယ်သွားကြလေသည်။


ယခု ဓာတ်ခွဲခန်းတွင် ဝိညာဉ်စွမ်းအားကို လေ့လာသူမှာ ကျင်ရွမ်မှလွဲ၍ မည်သူရှိသေးသနည်း။ 


ကျင်ရွမ်၏ စကားလုံးများ အ‌ဆုံးမသတ်ခင် သန့်ရှင်းရေးသမားမှ စက္ကူစကို လှမ်းယူလိုက်ကာ‌ ပြောလိုက်၏။" ပါမောက္ခ ကျင်ရွမ် , ဟုတ်ရောဟုတ်ရဲ့လား။ ဒါက ဒီတိုင်း စွန့်ပစ်ထားတဲ့ ပုံကြမ်းတွေပါပဲ။" 


"ပုံ...ပုံကြမ်း။" မင်ရှောင်း၏ မျက်လုံးများမှာ ကြေးဘောလုံးများကဲ့သို့ ပြူးထွက်လာတာ "အဲ့ဒါဆို ပြီးသွားတဲ့ ပုံတွေက ဘယ်မှာလဲ။" ဟု မေးလိုက်၏။ 


ကျင်ရွမ် စာရွက်အပိုင်းအစများကို လှမ်းယူလိုက်ကာ သန့်ရှင်းရေးသမားကို ထပ်မေးလိုက်၏။ " ဒီပုံတွေက... ဘယ်သူဆွဲတာလဲဆိုတာ ပြောပြပေးလို့ ...ရမလား။" 


ထိုအချိန်တွင် ယူဂျင်း၏မျက်လုံးများက စာရွက်အပိုင်းအစများထံရောက်နေ၏။ 


သူ့စိတ်ထဲတွင် ထိုပုံထဲမှ ပစ္စည်းများကို ရင်းနှီးနေသည်ဟု ခံစားမိနေသည်။


သန့်ရှင်းရေးသမားက ပြောလိုက်၏။ "ဒါတွေက ယွမ်ရှင်းကျဲလို့ခေါ်တဲ့ စစ်တပ်ဗိုလ်လောင်းလေးတစ်ယောက်ဆွဲထားတာပါ။ ဒါတွေ လွှတ်ပစ်လိုက်လို့ရလားမေးတုန်းကတောင်..." 


အားလုံး၏အံ့အားသင့်နေသော အကြည့်များအောက်တွင် သူဆက်ပြောလိုက်၏။


"အရင်က သိခဲ့တာတွေကို မှတိမိအောင်စာရွက်ပေါ်ချဆွဲတာပါတဲ့... စာရွက်ပေါ်ကဟာတွေက အသုံးမဝင်တော့ဘူးတဲ့..."

....123.2


ယွမ်ရှင်းကျဲကိုကြိုရန် ယွမ်မိသားစုမှ အာကာသယာဉ်အသေးစားလေး ပို့လွှတ်လိုက်၏။ 

ဟိုတယ်မှထွက်ခွာလာသောအခါ ယွမ်ရှင်းကျဲတံခါးဝတွင် အပြင်ထွက်ရန်ပြင်‌နေ‌သော လော့ဝမ်းချွန်နှင့်‌တွေ့လေသည်။ 


ယွမ်ရှင်းကျဲ အင်ပါယာမြို့‌တော်ကိုပြန်မည့်အကြောင်းသိလိုက်ရသော လော့ဝမ်းချွမ်က မေးလိုက်၏။


 “အပြန် အတူတူလိုက်ပေးရဦးမလား...”


"ရပါတယ်…" ယွမ်ရှင်းကျဲ လက်ကာပြလိုက်ကာ "ကိစ္စလေးတစ်ခု လက်စသတ်ပြီးတာနဲ့ ပြန်လာခဲ့ပါ့မယ်…"


စကားပြောပြီးနောက် ယွမ်ရှင်းကျဲ အိတ်များကိုသယ်ထား‌သော လော့ဝမ်းချွမ်ကို မော့ကြည့်လိုက်ကာ ပြန်မေးလိုက်၏။ 


"မင်းရော…" 


"ငါလည်း လုပ်စရာကိစ္စလေးတွေ ရှိနေလို့ပါ…"


 လော့ဝမ်းချွမ် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ပြီး 

"ငါ့ကိစ္စတွေပြီးရင် လာကြိုမယ်လေ…" ဟုဆက်ပြောလိုက်၏။ 


ယွမ်ရှင်းကျဲ အနည်းငယ်ပြုံးလိုက်‌သော်လည်း သူ့မျက်လုံးထဲတွင် စိုးရိမ်မှုများက အထင်းသားရှိနေ၏။ လော့ဝမ်းချွမ်လည်း စိတ်ထဲတွင် တစ်ခုခုမသက်မသာခံစားနေရသည်။ ရှင်းကျဲပြုံးလိုက်သည်ကို မြင်ရပြီးသည့်‌တိုင်အောင် စိတ်မအေးဖြစ်နေသည်။ 


ထို့ကြောင့် နောက်တစ်ကြိမ် ထပ်ပြောလိုက်၏။


 "မဟုတ်ရင်လည်း ငါလိုက်ပို့ပေးမယ်လေ။ မင်းကိစ္စတွေပြီးမှ ငါ့ကိစ္စတွေ သွားလုပ်ကြမယ်…" 


"ကျေးဇူးတင်ပါတယ် စီနီယာကြီးရယ်…"ယွမ်ရှင်းကျဲ ယဉ်ကျေးစွာပင် ငြင်းလိုက်၏။ "ဘာမှ အရေးမကြီးတဲ့ကိစ္စကို အချိန်မဖြုန်းချင်ပါနဲ့…" 


လော့ဝမ်းချွမ်၏ လည်မျိုမှာ လှုပ်ခက်သွားပြီး ‌ဖြည်းညှင်းစွာပင် ပြောလိုက်၏။ 


"အဲ့ဒါဆိုလည်း သေချာဂရုစိုက်ပါ…" 


မီခယ်လ်ကို ယွမ်ရှင်းကျဲအား တိတ်တဆိတ်ကာကွယ်ပေးရန် တောင်းဆိုထားသေးသည်။ ဘာမှဖြစ်မလာနိုင်ဟု မျှော်လင့်နေ၏။ 

ထိုသို့တွေးကာ လော့ဝမ်းချွမ် စိတ်မအေးမှုများကို စိတ်ထဲတွင် ဖုံးဖိထားလိုက်၏။ 


ထိုအချိန်တွင် ရုတ်တရက် ချီယုဘေးမှပေါ်လာကာ ယွမ်ရှင်းကျဲဆီသို့ လျှောက်သွား၏။ လော့ဝမ်းချွမ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သေးသည်။


 "မပူပါနဲ့ ဆရာလော့ရယ် ကိုယ့်ကိစ္စကိုယ်သာ သေချာဂရုစိုက်ပါ…" 

ပြီးနောက် နောက်တစ်ကြိမ် ရိသဲ့သဲထပ်ပြောပြန်သည်။


 "ဘာလို့ ကြယ်မြို့တော်ကိုပြန်တာလဲ။ မင်းအိမ်က စွန့်ပစ်ကြယ်မှာ မဟုတ်ဘူးလား…" 


သို့သော် ယွမ်ရှင်းကျဲ ချီယုကို တိုက်ရိုက်ပြောလိုက်၏။


 "ပါးစပ်လေး ပိတ်ထားလို့ရမလား…" 


ယွမ်နှင့် ချီမိသားစုတို့ ညှိနှိုင်းနေကြသည်ကို သူသိနေသည်။ ချီယုပါဝင်မည်မှာ အသေအချာပင်ဖြစ်၏။ ထို့ကြောင့် အိမ်ပြန်ကာ စိတ်ရှုပ်စရာ ကိစ္စများကို နှစ်ရက်တာရင်ဆိုင်ရဦးမည်။

ယွမ်ရှင်းကျဲ ထိုအကြောင်းကို သတိရသွားသောအခါ စိတ်ရှုပ်သွား၏။ 


မောက်မာနေသော ချီယုကို မြင်ရပြီးနောက် ‌ယွမ်ရှင်းကျဲ၏ အိမ်ပြန်ခရီးများ ယွမ်မိသားစုနှင့် ချီမိသားစုကြားက အရှုပ်တော်ပုံကို ဖြေရှင်းရန်ဖြစ်ကြောင်း လော့ဝမ်းချွမ်စိတ်ထဲတွင် သိလိုက်၏။ 

ထို့ကြောင့် လော့ဝမ်းချွမ် ခြေတစ်လှမ်းရှေ့သို့တိုးကာ ယွမ်ရှင်းကျဲ၏ လက်ကလေးကို လှမ်းကိုင်လိုက်၏။


 ထို့နောက် တစ်စုံတစ်ရာကို လက်ထဲထည့်ပေးလိုက်ကာ "ဒါလေးကို မင်းနဲ့အတူတူယူသွား။ မတော်တဆ တခြားသူတွေ မင်းကို တစ်ခုခုလုပ်မှာစိုးလို့ပါ…"ဟု ပြောလိုက်၏။ 


ချီယုရှေ့တွင်ပင် ယွမ်ရှင်းကျဲ လက်ဖြန့်ကြည့်လိုက်၏။ ကိုယ့်ကိုယ်ကို ခုခံရန်လက်နက်များပါဝင်သော သေတ္တာငယ်လေးတစ်ခု ဖြစ်နေ၏…


"တကယ့်ကို လက်တွေ့ကျတာပါပဲ…"ယွမ်ရှင်းကျဲ ပြုံးလိုက်ကာ ချီယု၏ရှုံ့တွနေသောမျက်နှာကို တစ်ချက်ကြည့်လိုက်၏။ 


"ငါနဲ့ အတူတူ ဆောင်ထားပါ့မယ်…" 


ထို့နောက် ယွမ်ရှင်းကျဲ သေတ္တာလေးကို အိတ်ထဲထည့်လိုက်၏။ 


လော့ဝမ်းချွမ် အနည်းငယ် စိတ်သက်သာရာရသွားသည်။


မည်သို့ပင်ဆိုစေကာမူ ယွမ်ရှင်းကျဲကို ရက်အနည်းငယ်မတွေ့ရတော့မည်ကို တွေးရင်း စိတ်ပျက်နေမိပြန်သည်။ 


"မင်းပြန်လာရင်…" လော့ဝမ်းချွမ် ယွမ်ရှင်းကျဲ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း နူးညံ့စွာပြောလိုက်၏။ " မက်ခါကြယ် အတူတူဆော့ကြရအောင်…" 


ထိုကျဉ်းမြောင်းရှည်လျားသော မျက်ဝန်းများထဲ၌ လော့ဝမ်းချွမ်၏ နက်ရှိုင်းသော ခံစားချက်များကို မည်သူမဆိုမြင်နိုင်မည် ဖြစ်သည်။

ထိုမျက်ဝန်းများကို ယွမ်ရှင်းကျဲမြင်လိုက်တိုင်း ရန်ခုန်သံကမြန်သွားသည်။ ယခုတစ်ခေါက်လည်း ထူးမခြားနားပင် ဖြစ်၏။ 


"ကောင်းပါပြီ…" ယွမ်ရှင်းကျဲ တစ်ချက်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ "ငါတို့ ပြန်ရောက်ရင် ဗိုလ်လုပွဲအတွက်ပြင်ဆင်ပြီးတော့ ချန်ပီယံဆုကို အတူတူယူကြမယ်…" 


နှစ်ယောက်သားမှာ ချီယုကို လုံးဝမျက်ကွယ်ပြုထားသောကြောင့် ချီယု အလွန်မကျေမနပ် ဖြစ်နေလေပြီ။ 


ယွမ်ရှင်းကျဲနှင့်လော့ဝမ်းချွမ်တို့ နှုတ်ဆက်ကြပြီးနောက် အာကာသယာဉ်ရှိရာသို့ သွားကြ၏။ ချီယု လော့ဝမ်းချွမ်ကို ကြည့်ကာပြောလိုက်၏။


 "လော့ဝမ်းချွမ် မင်းက ငါ့ဆီက ယွမ်ရှင်းကျဲကို လုရလောက်အောင် ထိုက်တန်လို့လား…" 


လော့ဝမ်းချွမ်က ချီယုကို အမြဲတစေ မထီမဲ့မြင်ပြုလေ့ရှိသည်။ 

သို့‌သော် ချီယုအမြင်တွင် သူ့ကိ့ သနားစရာဟုထင်ကာ ဆက်ပြောနေ၏။ 


"ကြယ်မြို့တော်တစ်ခုလုံးမှာ ငါနဲ့စေ့စပ်ချင်တဲ့ အိုမီဂါတွေ အများကြီးပဲ။ ဒါပေမယ့် ငါက ရှင်းကျဲကိုပဲ သဘောကျတာ။ သူလည်း ငါ့ကို သဘောကျလာစေရမယ်။ ငါ့လူဖြစ်လာစေရမယ်။ မင်းကတော့…မင်းရဲ့ စွန့်ပစ်ကြယ်လေးဆီကို ပြန်ရမှာပေါ့…" 


ချီယုစကားဆုံးသွားသောအခါ ဂုဏ်ယူနေ‌သော မျက်နှာထားဖြင့် လော့ဝမ်းချွမ်ကိုလှမ်းကြည့်ကာ လှည့်ထွက်သွား၏။ 

ထိုအချိန်တွင် မထင်မရှားလူတစ်ယောက် လော့ဝမ်းချွမ်ဆီသို့ရောက်လာပြီး တီးတိုးပြောလိုက်၏။


 "ဒုတိယမင်းသားလေး ‌‌ တော်ဝင်မိသားစုရဲ့ယာဉ် အဆင့်သင့်ဖြစ်ပါပြီ အခုချက်ချင်းထွက်မှ ဖြစ်ပါမယ်…" 


လော့ဝမ်းချွမ် ချီယု၏ ကျောပြင်ကို ကြည့်ကာ မျက်နှာအမူအရာ ဗလာဖြင့် "အမ်း" ဟုသော အသံလေးတီးတိုးပြုလိုက်၏။ 


ယာဉ်နှစ်စီးမှာ နိုအာကြယ်မှာ တစ်ချိန်တည်းနီးပါးတွင်ထွက်ခွာကာ အင်ပါယာမြို့တော်သို့ ဦးတည်ထွက်လာခဲ့ကြသည်။ယခုခရီးက သူတို့၏အနာဂတ်ကို မည်မျှသက်ရောက်စေမည်မှန်း လော့ဝမ်းချွမ်ရော ယွမ်ရှင်းကျဲပါ မသိကြသေး။


သို့သော် သူတို့စိတ်ထဲတွင်တော့ ဆုံးဖြတ်ချက်ကိုယ်စီ ချထားကြပြီးဖြစ်သည်။ 


နောက်တစ်ကြိမ် သူတို့တွေ့လျှင် သူတို့စိတ်ရင်းကို ဖော်ပြကြတော့မည်။ 


နောက်တစ်ကြိမ် တွေ့ဆုံကြသောအခါတွင် သူတို့၏ နှလုံးသားကို ဖော်ပြကြတော့မည် ဖြစ်သည်။


xxxxxxxx