Chapter 125
ချင်ရွှမ်း သက်ပြင်းရှည်ကြီးချလိုက်သည်။ သူမ မျက်ဝန်းထဲတွင် ရှုပ်ထွေးသောခံစားချက်များဖြင့် ပြည့်နေသည်။
အတိတ်ကာလတွင်လည်း သူမမိသားစုက သူမ တစ်ခါမှမမြင်ဖူးသော အယ်လ်ဖာနှင့် လက်ထပ်ပေးရန် ပြုလုပ်ခဲ့ဖူးသည်။ သူမ အကြောက်အကန်ငြင်းဆန်သော်လည်း အသုံးမဝင်ခဲ့ပေ။ ကံကောင်းသည်မှာ သူမသူငယ်ချင်းဖြစ်သော ယွမ်ချန်ရှန့်က သူမကို ကယ်တင်ခဲ့သည်။ သူမ ယွမ်မိသားစုသို့ ပြောင်းနေခဲ့ရပြီး ယွမ်မိသားစုအပေါ် သစ္စာရှိခဲ့သည်။
သူမက စိတ်ဓာတ်မာကြောသည့် အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း ယွမ်ချန်ရှန့်၏ရှေ့တွင် တုံးအချင်ယောင်ဆောင်နေခဲ့ရသည်။
ယွမ်မိသားစုအတွက် သူမကိုယ်ကို စတေးခံနိုင်ပြီး ယွမ်ရှင်းကျဲအတွက် ချီယုကို လက်ထပ်ရန် သဘောတူလိုက်ခြင်းက အကောင်းဆုံးဖြစ်သည်ကိုလည်းသိသည်။ သို့သော်လည်း ယွမ်ရှင်းကျဲ ဖိအားပေးခံရမည်ကို မတွေ့မြင်လိုပေ။
ယခုချိန်၌ သူမကိုယ်သူမ ပြန်မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
ချင်ရွှမ်း၏ရင်ထဲတွင် ပြောစရာစကားများစွာ ရှိနေသော်လည်း ယွမ်ချန်ရှန့်၏ စူးစူးရဲရဲအကြည့်မဖားကြောင့် အဆုံးတွင် ဘာမှမပြောနိုင်တော့ပေ။
" ကျွန်မ .... ကျွန်မ သူ့ကို ဖြောင်းဖျကြည့်ပါ့မယ်..."
ယွမ်ချန်ရှန့်၏ အမူအရာက နားမလည်နိုင်သည့်ပုံစံအဖြစ်ပြောင်းလဲသွားပြီး ဒေါသကိုချိုးနှိမ်ကာ မေးလိုက်သည်။
" မင်း ဘာတွေဖြစ်နေတာလဲ... မင်းပဲ သူတို့လက်ထပ်ဖို့ မျှော်လင့်နေတာမလား... ဘာကို ဖြောင်းဖျဦးမလို့လဲ... ဒီအခွင့်အရေးသာ လက်လွှတ်လိုက်ရရင် ဒုတိယအကြိမ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး..."
" ဖြောင်းဖျဖို့ မလိုပါဘူး..."
ချီယင်က မတ်တပ်ရပ်၍ ပြုံးလိုက်ကာ သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
" မနက်ဖြန် သတင်းကောင်းတစ်ခု ကြေညာစရာရှိတယ်... ကိုက်ညီမှုဒီဂရီမြင့်တဲ့ အယ်လ်ဖာနဲ့ အိုမီဂါတွေက အချင်းချင်းပဲ လက်ထပ်ရမယ်ဆိုတဲ့ အင်ပါယာရဲ့ လက်ထပ်ထိမ်းမြားတဲ့ ဥပဒေက နက်ဖြန်ကစပြီး နိုင်ငံတစ်ခုလုံးမှာ အကောင်အထည်ဖော်တော့မှာ..."
ချင်ရွှမ်းနှင့် ယွမ်ချန်ရှန့်တို့ တအံ့တဩဖြစ်သွားကြသည်။
ထိုအချိန်တွင် ချီယု၏လက်ချောင်းများ ဆတ်ခနဲတုန်ယင်သွားသည်။
စေ့စပ်ပွဲအခမ်းအနားက မနက်ဖြန်ဆိုပါက ယွမ်ရှင်းကျဲက ကျိန်းသေပေါက် ဒေါသထွက်တော့မည်ဖြစ်သည်။
သို့ရာတွင် သူတို့နှစ်ယောက်က တရားဝင်ဆက်ဆံရေးဖြစ်နေသရွေ့ သူတို့နှစ်ယောက်အကြား တိုးတက်မှုများ ရှိလာနိုင်သည်။
ယွမ်ရှင်းကျဲက နောက်ဆုံးတော့ သူ့ရဲ့အိုမီဂါဖြစ်လာတော့မယ်...
ဥပဒေကိုက သူတို့နှစ်ယောက် တူတူပေါင်းဖက်မှဖြစ်မယ်လို့ ဆုံးဖြတ်ထားတာပဲ... ယွမ်ရှင်းကျဲ ဘာလုပ်နိုင်တော့မှာတဲ့လဲ...
ယွမ်ရှင်းကျဲအပေါ် အရူးအမူးစွဲလန်းနေမှုက ချီယု၏ရင်ထဲတွင် နေရာယူထားသည်။ သို့ဖြစ်၍ အဆုံးတွင် ယွမ်ရှင်းကျဲကို ဖိအားပေး၍ လက်ထပ်ခိုင်းရသည့်အတွက် သူ့စိတ်ထဲ လိပ်ပြာမသန့်ဖြစ်နေမှုက ပျောက်ကွယ်သွားတော့သည်။
–––
တစ်ချိန်တည်းမှာပင်...
အင်ပါယာနန်းတော်မှ တော်ဝင်မိသားစု၏ သီးသန့်ဧည့်ခန်းထဲတွင်...
တန်ဖိုးကြီးသော စားပွဲခုံထက်တွင် စားကောင်းသောက်ဖွယ်များစွာ တင်ထားသည်။
" မယ်တော်တို့ အစကတော့ ဒီမှာတွေ့ဖို့ စီစဉ်ထားတာ မဟုတ်ပါဘူး... ဒါပေမဲ့ ဆက်ခံသူကို အတည်မပြုခင်မှာ မင်းနဲ့ နှစ်ယောက်တည်း စကားပြောချင်သေးလို့လေ..."
ဘုရင်မက လှပသောဝတ်ရုံတစ်ခု ဆင်မြန်းထားပြီး လော့ဝမ်ချွမ်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။
" အတိတ်ကအကြောင်းတွေ ပြောဖို့လား..."
လော့ဝမ်ချွမ်းက ဘုရင်မကို တည်ကြည်စွာကြည့်နေပြီး အေးစက်သောအသံဖြင့် ပြောလိုက်သည်။
" အရင်တုန်းက မင်းကို နန်းတော်က ထွက်သွားခိုင်းတာ မင်းရဲ့ခမည်းတော်ပါ... သူက ကိစ္စတွေကို ကောင်းကောင်း မတွေးတောနိုင်ခဲ့ဘူး... ဒါပေမဲ့ ဘုရင်ဖြစ်လာရင် ပူပင်သောကများတတ်တာ မင်းသိသားပဲ..."
ဘုရင်မက မျက်လွှာချလိုက်ပြီး အပြစ်မကင်းသည့်လေသံဖြင့် ပြောလိုက်သည်။
လော့ဝမ်ချွမ်းက စွန့်ပစ်ကြယ်ပေါ်တွင် မွေးခဲ့သူမဟုတ်ပေ။ သူ့ အသက်ခုနစ်နှစ်အရွယ်တွင် တော်ဝင်ကြယ်အစုအဝေးအမဲလိုက်ခြင်းလုပ်ဆောင်ချက် ပြီးဆုံးသွားခဲ့ပြီးနောက်ပိုင်းတွင် ဘုရင်က သူ့ကို ရုတ်ချည်းနှင်ထုတ်လိုက်ခြင်းဖြစ်သည်။
ဘုရင်က သူ့သားတော်ကို လေ့ကျင့်ပေးခြင်းဟုသာ အပြင်လောကကို ကြေညာခဲ့သည်။
သို့ရာတွင် ဘုရင်၏မျက်လုံးထဲတွင် သူ့ကိုမုန်းဆီးစက်ဆုပ်နေကြောင်းကို မြင်နိုင်ခဲ့သည်။
၎င်းက အထွေအထူးအကြောင်းပြချက်ကြောင့် မဟုတ်ခဲ့ပေ။ လော့ဝမ်ချွမ်းက ကြယ်ပွင့်သားရဲကို အမဲလိုက်စဉ်အချိန်တွင် အသေးစားအမြှောက်လေးဖြင့် မီတာရာပေါင်းများစွာမှ ကြယ်ပွင့်သားရဲ၏ခေါင်းကို ပစ်ခတ်နိုင်ခဲ့သောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် အနားမှ ဝန်ကြီးတစ်ယောက်က ပြောလိုက်သည်။
" အရှင့်သားက အရှင်မင်းကြီးငယ်ငယ်တုန်းကနဲ့ တော်တော်တူတာပဲ..."
လော့ဝမ်ချွမ်းက သူ၏သားကောင်ကို ရည်ရွယ်ချက်များပြည့်နေသော မျက်ဝန်းများဖြင့် ကြည့်နေသခဲ့သည်။
ထိုအချိန်တွင် ဘုရင်ကြီးကလည်း လော့ဝမ်ချွမ်းကို စက်ဆုပ်မှုများပြည့်နေသည့်အကြည့်ဖြင့်နေခဲ့သည်။
၎င်းက မျိုးတူသောအရာနှစ်ခုအကြား တွန်းကန်မှုဟု သတ်မှတ်နိုင်ပေသည်။
လက်ရှိဘုရင်က ပုန်ကန်မှုပြုလုပ်ကာ ယခင်မင်းကြီးကို နန်းချခဲ့သည့်အကြောင်းကို အားလုံးသိကြသည်။
လော့ဝမ်ချွမ်းကလည်း ထိုသို့တစ်ထပ်တည်း သူ့ကိုပြန်လုပ်ကြံမည်စိုးသောကြောင့် စွန့်ပစ်ကြယ်သို့ မောင်းထုတ်လိုက်ပြီး ကိုယ့်အားကိုယ်ကိုးကာ နေစေခဲ့သည်။
" ဒီလောက်တောင် အချိန်ကြာနေပြီ သား ဒီကိစ္စတွေကို စိတ်ထဲထားနေသေးတုန်းလား... သားအပေါ်မှာ မမျှတခဲ့ဘူးဆိုပေမယ့် အဲ့မှာနေတုန်းက မင်း စိတ်လွတ်လက်လွတ်မနေခဲ့တာကိုတော့ မယ်တော်ဝမ်းသာမိတယ်... အခုဆိုရင် သားက မင်းအစ်ကိုတော်ထက် သန်မာလာပြီ..."
ဘုရင်မက လော့ဝမ်ချွမ်းကိုကြည့်ပြီး ညင်သာသောလေသံဖြင့် ပြောလိုက်သည်။
125.2
" စိတ်ထဲမထားဖို့က အဲ့လောက်အရေးကြီးလို့လား..."
လော့ဝမ်ချွမ်း တည်ကြည်စွာဖြင့် မေးလိုက်သည်။
ဘုရင်မက လော့ဝမ်ချွမ်းကို ခဏတာစိုက်ကြည့်နေပြီးနောက် မေးလိုက်သည်။
" သားအတွက် ဘာက အရေးကြီးတာလဲ..."
လော့ဝမ်ချွမ်း၏စိတ်ထဲတွင် လူတစ်ယောက်၏ပုံရိပ်ကို မြင်ယောင်လိုက်မိသည်။
ခဏအကြာတွင် လော့ဝမ်ချွမ်းက ပြန်ဖြေလိုက်သည်။
" မယ်တော့်ကို ပြောပြဖို့ မလိုဘူးထင်တယ်..."
" အဲ့ဒီမက်ခါဆရာ မလား..."
ဘုရင်မက လော့ဝမ်ချွမ်း၏အတွေးကို တိုက်ရိုက်ပြောချလိုက်သည်။
" ဘာလို့လဲ ကန့်ကွက်ချင်လို့လား..."
လော့ဝမ်ချွမ်းက ဘုရင်မကို သတိထား၍ ကြည့်လိုက်သည်။
" မယ်တော်က အဲ့လိုမျိုးဆိုလိုတာ မဟုတ်ပါဘူး... ဒါပေမဲ့ မင်းနဲ့ ဖယ်ရိုမုန်းကိုက်ညီတဲ့လူကို ခုချိန်ထိ ရှာမတွေ့သေးဘူးလေ... အဲ့ဒါကြောင့်မို့ တချို့ကိစ္စတွေကို ဂရုတစိုက်စဉ်းစားရမယ်..."
ဘုရင်မက တစ်ခုခုကို ဆက်ပြောချင်နေသည့်ပုံဖြင့် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် မပြောပဲထားလိုက်သည်။
လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲက ဖယ်ရိုမုန်းကိုက်ညီမှု မမြင့်သောကြောင့် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို သဘောမကျသင့်ဟု သွယ်ဝိုက်ပြောဆိုနေခြင်းသာဖြစ်သည်။
" ကျွန်တော်က ကိုက်ညီမှုဒီဂရီမြင့်တဲ့သူတစ်ယောက် မဖြစ်မနေရှိဖို့လိုတာလား... လူနှစ်ယောက် ပေါင်းဖက်ရတော့မယ်ဆို အရေးကြီးဆုံးက တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ဖို့ပဲလေ... ဖယ်ရိုမုန်းတွေနဲ့ ဘာဆိုင်လို့လဲ..."
လော့ဝမ်ချွမ်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
ဘုရင်မက သက်ပြင်းခပ်ဖွဖွချလိုက်သည်။
" ဒါပေမဲ့ မယ်တော်တို့မိသားစုမှာက ဆက်ခံရမယ့် ထီးနန်းအရိုက်အရာတစ်ခု ရှိနေတယ်လေ..."
လော့ဝမ်ချွမ်းက တွန့်ဆုတ်ခြင်းမရှိပဲ ပြောလိုက်သည်။
" ယွမ်ရှင်းကျဲနဲ့ ကိုက်ညီမှုဒီဂရီက ဘယ်လောက်ပဲဖြစ်ဖြစ် ကျွန်တော်ချစ်တဲ့လူက သူတစ်ယောက်တည်းပဲ..."
" ဒါပေမဲ့ နောက်ပိုင်းကျ... မင်းနဲ့ ကိုက်ညီမှုဒီဂရီမြင့်တဲ့သူတစ်ယောက် ပေါ်လာရင်ရော... အဲ့အခါကျရင် နောင်တမရဘူးဆိုတာ သေချာလား..."
ဘုရင်မက နူးညံ့ပျော့ပျောင်းသောလေသံဖြင့် မေးလိုက်သည်။
" သေချာပါတယ်..."
လော့ဝမ်ချွမ်းက ခိုင်မာစွာဖြေလိုက်သည်။
သူ့မျက်ဝန်းထဲတွင်လည်း ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များကို မြင်တွေ့ရသည်။ ၎င်းက သူ ငယ်စဉ်ကလေးဘဝတည်းက ရှိခဲ့သည့် စိန်ပွင့်ကဲ့သို့သော အလင်းရောင်မျိုးဖြစ်သည်။
ဤတစ်လျှောက်လုံးတွင် ထိုအကြည့်က မပြောင်းလဲခဲ့ပေ။
ဘုရင်မက အံ့အားသင့်သွားပြီး လော့ဝမ်ချွမ်းကို ထပ်မံမဖြောင်းဖျတော့ပေ။
" ကိစ္စအများစုကို ကံကြမ္မာရဲ့ အလိုအရ ဆုံးဖြတ်ထားတာဆိုတော့ အဲ့အတိုင်းစီးမျောသွားလိုက်တာ ပိုကောင်းပါတယ်..."
ဘုရင်မ၏ စကားများထဲတွင် နက်ရှိုင်းသည့်ဆိုလိုရင်းတစ်ခုရှိသည်ဟု လော့ဝမ်ချွမ်း ခံစားလိုက်ရသော်လည်း ထိုအကြောင်းကိုသိရန် နည်းလမ်းမရှိပေ။
" မနက်ဖြန်ညကျရင် တော်ဝင်မိသားစုက သတင်းစာရှင်းလင်းပွဲလုပ်လိမ့်မယ်... အဲ့အချိန်ကျရင် မင်းကြီးက မင်းနဲ့ အစ်ကိုတော် နှစ်ယောက်ထဲကတစ်ယောက်ကို ဆက်ခံသူအဖြစ်ရွေးလိမ့်မယ်... မယ်တော်ကတော့ မင်းတို့နှစ်ယောက်လုံးကို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ပဲ နေစေချင်တယ်..."
ဘုရင်မ၏လေသံထဲမှ စိုးရိမ်မှုအနည်းငယ်ကို လော့ဝမ်ချွမ်း ခံစားမိလိုက်သည်။
" စိတ်မပူပါနဲ့... ကျွန်တော့်အတွက် ထီးနန်းနဲ့ အာဏာထက် ပိုအရေးကြီးတဲ့သူကို ရှာတွေ့ထားပြီမို့ မယ်တော့်ကို နောက်ထပ် မနှောင့်ယှက်တော့ပါဘူး..."
လော့ဝမ်ချွမ်း လေသံပြတ်ပြတ်ဖြင့်သာ ပြောလိုက်သည်။
စကားဆုံးသည်နှင့် အပြင်ထွက်သွားသည်။
ဘုရင်မ၏မျက်လုံးများက လော့ဝမ်ချွမ်း၏ ကျောပြင်ကိုသာ တံခါးပိတ်သွားချိန်အထိ ကြည့်နေခဲ့သည်။
–––
ညပိုင်းသို့ ရောက်သည့်အခါ...
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကို မက်ဆေ့အနည်းငယ် ပို့ထားခဲ့သည်။ သို့ရာတွင် သူအလုပ်ရှုပ်နေပုံရ၍ ယွမ်ရှင်းကျဲကို စာမပြန်ပေ။
ထိုအချိန်တွင် မမျှော်လင့်ပဲ သုတေသနဌာနက ယွမ်ရှင်းကျဲကို ဆက်သွယ်လာသည်။
ဖုန်းဆက်သည့်လူက ချန်းယွမ်ကိုယ်တိုင်ဖြစ်သည်။
ဖုန်းကိုင်လိုက်ပြီးသည့်နောက်တွင် ယွမ်ရှင်းကျဲ လန့်သွားရသည်။ အင်ပါယာမက်ခါသုတေသနဌာနမှ ဝန်ထမ်းအားလုံးနီးပါး ဖန်သားပြင်တွင် ပေါ်ထွက်လာသောကြောင့်ဖြစ်သည်။
ကျင်းရွှမ်က အပိုင်းအစများ၏ အသေးစိတ်ပုံကြမ်းကို ရှာဖွေတွေ့ရှိပြီးနောက်တွင် အတွင်းကျကျ သုတေသနပြုလုပ်ခဲ့ပြီးသောအခါ ရလဒ်များက သုတေသီအားလုံးကို ထိတ်လန့်စေခဲ့သည်။
ချန်းယွမ်က ညလယ်ခေါင်တွက် သုတေသနဌာနသို့ အပြေးတစ်ပိုင်း ရောက်လာတော့သည်။
" ရှင်းကျဲ ဘာတွေဖြစ်နေတာလဲဆိုတာ ငါတို့ကို မြန်မြန်ပြောပြစမ်းပါ... မင်း ဒါကိုဘယ်တုန်းက သုတေသနလုပ်လိုက်တာလဲ..."
ကျင်းရွှမ်က စာရွက်ကို ယွမ်ရှင်းကျဲရှေ့တွင် မြှောက်ပြကာ အလောတကြီးဖြင့် ပြောလိုက်သည်။
xxxxx