အပိုင်း ၁၂၆
Viewers 17k

Chapter 126


ယွမ်ရှင်းကျဲ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

ကြည့်ရတာ သူ့လက်ရေးမူကြမ်းတွေကို ရှာတွေ့သွားကြပြီထင်တယ်...


" အဲ့ဒါတွေက အသုံးမဝင်ပါဘူး... စိတ်စွမ်းအားတိုးစက်ရဲ့ ကိန်းညွှန်းတိုးလာဖို့ကို သိပ် အကူအညီမဖြစ်ဘူး..."

ယွမ်ရှင်းကျဲ တည်ငြိမ်စွာပင်ပြောလိုက်သည်။


" အကူအညီမဖြစ်ဘူးတဲ့လား... ဒါဆိုရင် မင်းမှာပိုကောင်းတဲ့နည်းလမ်း ရှိနေပြီပေါ့..."


မင်ရှောင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။


ချန်းယွမ်အပါအဝင် အားလုံးက ယွမ်ရှင်းကျဲကို စိုက်ကြည့်နေကြသည်။


အားလုံးရှေ့မှာပင် ယွမ်ရှင်းကျဲက ခေါင်းကိုတဖြည်းဖြည်း ငြိမ့်ပြလိုက်သည်။


" ဟုတ်တယ် ကျွန်တော့်ဓာတ်ခွဲခန်းထဲက စင်ဘေးကဗီရိုထဲမှာ  စိတ်စွမ်းအားတိုးမှုကိန်းညွှန်းနိမ့်တဲ့ ချိတ်ဆက်ကိရိယာတစ်ခုရှိတယ် အဲ့ဒါနဲ့စမ်းကြည့်ပါလား..."


လူအုပ်ကြီးက ထိုနေရာတွင်ပင် အေးခဲတောင့်တင်းသွားသည်။

သုတေသနဌာနက စမ်းသပ်ချက်တွေ ရက်ပေါင်းများစွာလုပ်ပြီး အလုပ်ရှုပ်နေခဲ့တာတောင် ဘာမှ မတိုးတက်လာပေမယ့် ယွမ်ရှင်းကျဲက ချိတ်ဆက်ကိရိယာတစ်ခုတောင် လုပ်ပြီးပြီတဲ့လား...


ချန်းယွမ်က မသေမချာဖြစ်နေဟန်ဖြင့် မေးလိုက်သည်။


" အဲ့ဒါက... စိတ်စွမ်းအားတိုးစေတဲ့ ဦးနှောက်ချိတ်ဆက်ကိရိယာလား..."


" တခြားဟာ ရှိသေးလို့လား ဆရာရဲ့..."

ယွမ်ရှင်းကျဲ မျက်ခုံးပင့်လိုက်သည်။


" ကျွန်တော့်ကို ဓာတ်ခွဲခန်းငှားလို့ ကျေးဇူးတင်တဲ့အနေနဲ့ အဲ့ဒါကို ငွေတစ်ပြားတစ်ချပ်မှ မယူပဲ ငှားလိုက်ပါ့မယ်..."


အားလုံးက ယွမ်ရှင်းကျဲ၏ ဓာတ်ခွဲခန်းထဲသို့ အပြေးတစ်ပိုင်းဝင်သွားကြသည်။ ယူဂျင်းက ဓာတ်ခွဲခန်းအကြောင်းသိသူဖြစ်၍ black box ချိတ်ဆက်ကိရိယာကို ရှာတွေ့သွားသည်။


" ဒီဟာလား... ငါက ဒီဟာကို ဘာမှသုံးစားမရတဲ့ ဘူးတစ်ဘူး ထင်နေတာ.."

ယူဂျင်းက black box ကို ငေးငိုင်ကာ ကြည့်နေသည်။


" ယူဂျင်း... မင်းနဲ့ ယွမ်ရှင်းကျဲက အမြဲတမ်း တတွဲတွဲနေတာကို အဲ့အကြောင်းကို တကယ်မသိဘူးလား... ငါသာစောစောသိခဲ့ရင် ယွမ်ရှင်းကျဲကို ငါ့လက်ထောက်လုပ်ခိုင်းမှာ..."

ကျင်းရွမ်က သူ့ကို ဆူလိုက်သည်။


ထို့နောက်တွင် ချန်းယွမ်က သူ့လက်ထဲမှ ချိတ်ဆက်ကိရိယာကို ဆွဲလုလိုက်သည်။


ယူဂျင်း မျက်ရည်မထွက်ပဲ ငိုချင်လာသည်။

ဘုရားသခင်... ပရော်ဖက်ဆာက ဘာလို့ သူ့ကိုပဲ ဒေါသတွေ ပုံချနေတာလဲ... ယွမ်ရှင်းကျဲက ဘာညွှန်ကြားချက်မှ မပေးပဲ ထွက်သွားတာလေ... ဘယ်သူမှ ဒီဟာအကြောင်း နားမလည်ကြဘူးမလား...


သာမန် စစ်တက္ကသိုလ်က ကျောင်းသားတစ်ယောက်က အင်ပါယာမက်ခါသုတေသနဌာနထက် ဆယ်နှစ်လောက်စောတဲ့ နည်းပညာတစ်ခုကို ဆရာကျနေမယ်လို့ ဘယ်သူက တွေးမိမှာလဲ...


ချန်းယွမ်၊ ကျင်းရွှမ်နှင့် အခြားသူများက ချိတ်ဆက်ကိရိယာကို စမ်းသပ်မှုအသေးစားပြုလုပ်ပြီးသည့်နောက်တွင် နောက်တစ်ကြိမ် ထိတ်လန့်ပြီး ဘာပြောရမည်မသိ ဖြစ်သွားပြန်သည်။


" ချဲ့ကြည့်ပါဦးး... ကိန်းညွှန်းနံပါတ်ကို သေချာလေး ချဲ့ပြကြပါဦး..."


မင်ရှောင်းက မျက်လုံးကို  ပွတ်နေသည်။

" နှစ်... နှစ်..."


" ၂.၆၁တောင်လား... ယွမ်ရှင်းကျဲက မျက်နှာပြင်ကိုတောင် မကြည့်ပဲ ဒီနံပါတ်ကို သိနေတာလား ဟုတ်လား..."


ကျင်းရွှမ်က ခပ်တောင့်တောင့်ကြီးဖြစ်နေလျက်နှင့်ပင်ယွမ်ရှင်းကျဲဘက်သို့လှည့်လိုက်သည်။ ပါးစပ်အဟောင်းသားဖြစ်နေလျက်နှင့် အသံများတုန်ယင်နေကာ ပြောလိုက်သည်။


" ဒါ... ဒါ ... ဒီလိုမျိုးပစ္စည်းကို ဗီရိုထဲ ဒီတိုင်းပစ်ထည့်ထားတာပဲလား..."


ယူဂျင်းတစ်ကိုယ်လုံး ချွေးပြန်နေပြီဖြစ်သည်။


ယွမ်ရှင်းကျဲက စိတ်စွမ်းအားတိုးမြှင့်ကိန်းညွှန်း ၂.၆၁တောင်ရှိတဲ့ ဦးနှောက်ချိတ်ဆက်ကိရိယာကို တီထွင်ထားတာကို သူ့ရဲ့လက်ထောက်က ဒီလိုသမိုင်းတွင်မယ့်အခြေအနေကြီးကို လုံးဝမသိခဲ့ဘူးပေါ့လေ..."


" ဘုရားရေ ၂.၆၁တဲ့... ငါ မသေခင် ကိန်းညွှန်းနံပါတ် ၂.၅ထက်ပိုတဲ့ ဂဏန်းကို မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ..."

ချန်းယွမ်က black box ကို တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုကဲ့သို့ ကြည့်နေသည်။


အားလုံး၏ အမူအရာများက တည်ကြည်လာသည်။


ချိတ်ဆက်ကိရိယာကို ကိုင်ထားသော ကျင်းရွှမ်၏လက်များက တုန်ယင်လာသည်။ သူမ တံ‌တွေးမျိုချပြီးနောက် ယွမ်ရှင်းကျဲကို မေးလိုက်သည်။


" ဟို... အမ် ဒီ စူပါချိတ်ဆက်ကိရိယာကို သိမ်းထားသင့်လား..."


ကျင်းရွှမ်က သူ့ကို စူပါချိတ်ဆက်ကိရိယာဟုပင် နာမည်ပေးလိုက်ပြီဖြစ်သည်။


" သိမ်းထားမယ်တဲ့လား... ကြိုက်တာလုပ်လေ..."

ယွမ်ရှင်းကျဲ အံ့အားသင့်သွားသည်။


" ဘာလို့ ဒီလောက်တောင် အေးအေးဆေးဆေး နေနိုင်ရတာလဲ... ရှင်းကျဲ မင်း ဒီဟာကြီးကို လူတွေရှေ့မှာသာ ထုတ်ပြလိုက်မယ်ဆိုရင် နဂါးငွေ့တန်းတစ်ခုလုံး ရူးသွားလိမ့်မယ်... မဟာမိတ်ဘက်ကလည်း စစ်သင်္ဘောကြီးတစ်စင်းလွှတ်ပြီး မင်းကိုလာဖမ်းလိမ့်မယ်..."


ချန်းယွမ်၏ မျက်လုံးများ ပြူးကျယ်လာသည်။


" ကျွန်တော်ပြောတဲ့ လုပ်ချင်တာလုပ် ဆိုတဲ့သဘောက... ဒီ black box ကို ကျွန်တော်ကလွဲပြီး ဘယ်သူမှ မဖွင့်နိုင်လို့လေ..."


ယွမ်ရှင်းကျဲ ခေါင်းကုတ်၍ ပြောလိုက်သည်။

126.2


မင်ရှောင်းက black box ကို ဂရုတစိုက်ကြည့်နေသည်။


" ဒီ black boxထဲက နည်းပညာက... အဲ့ဒါက ကျွန်တော်တို့ သုတေသနဌာနက လက်လှမ်းမီနိုင်တဲ့နယ်ပယ်ထက် ကျော်နေမှာစိုးတယ်..."


အားလုံးက ယွမ်ရှင်းကျဲကို နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်နေကြသည်။


" ဘာပဲဖြစ်ဖြစ် မင်းကတော်တော် သဘောကောင်းတာပဲ... ဒီလို တန်ဖိုးကြီးတဲ့ဟာကို ဒီတိုင်းကြီး ထားခဲ့တယ်ပေါ့... မင်း ပြန်မလာခင် ငါတို့ ဒါကို ကောင်းကောင်း ဂရုစိုက်ထားပါ့မယ်..."


ကျင်းရွှမ်က စိတ်မတည်မငြိမ်ဖြစ်နေဆဲဖြစ်ပြီး ချိတ်ဆက်ကိရိယာကို လုံခြုံစွာထားလိုက်သည်။


" ဂရုမစိုက်လည်း ရပါတယ်... မြှောက်ဖော်ကိန်းက ၂.၆၁ပဲရှိတာဆိုတော့ ဒါက မပြီးပြည့်စုံသေးတဲ့ ထုတ်ကုန်တစ်ခုလို့ ပြောလို့ရတယ်လေ..."


ယွမ်ရှင်းကျဲက ကျင်းရွှမ်၏လုပ်ရပ်ကြောင့် အနည်းငယ်ရှက်သွားပုံပေါ်သည်။


ထိုစကားများကြောင့် သုတေသနဌာနထဲမှ လူအားလုံး ငြိမ်ကျသွားသည်။


သူတို့အားလုံး ဖန်သားပြင်ထဲမှ ကောင်လေးကို ကြောက်ရွံ့သွားသည့်ပုံဖြင့် တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။


သူတို့၏ အမူအရာများက "ငါတို့ ဒါတွေကိုကြားရဖို့ တန်ရဲ့လား" ဟု ပြောနေသကဲ့သို့ပင်။


ကြာမြင့်စွာ တိတ်ဆိတ် ငြိမ်သက်နေပြီးသည့်နောက်တွင် 


ယူဂျင်းက စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ကာ ယွမ်ရှင်းကျဲကိုကြည့်ပြီး ပြောလိုက်သည်။


"ဆရာကြီး... ဆရာကြီးရေ မြန်မြန်ပြန်လာပါ...  ပိုပြီး အဆင့်မြင့်တဲ့ ချိတ်ဆက်ကိရိယာကို ကျွန်တော်တို့ကို တွေ့ခွင့်လေး ပေးပါဦး...  ကျွန်တော် တောင်းပန်တာပါ ဟုတ်ပြီလား..."


" ရှင်းကျဲ မင်းပြန်လာမယ်ဆိုရင် ငါမင်းကို သုတေသနဌာနမှာ ရာထူးတစ်ခုပေးမယ်...  မင်း ဘာပဲလိုလို ငါတို့ ဖြည့်ဆည်းပေးလို့ရတယ်... မင်း... ဒါမှ မဟုတ် ငါ့ရုံးခန်းကို မင်း‌အတွက်ဖယ်ပေးမယ်လေ အဲ့လိုဆိုရင် မင်းဝမ်းသာမှာလား..."

ချန်းယွမ်က ကျိုးကြောင်းဆက်စပ်ကာ တွေးတောနိုင်ဆဲဖြစ်သော်လည်း သူ၏မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများက ရင်တွင်းမှ ပီတိဖြစ်မှုကို ဖော်ပြနေသည်။


ယွမ်ရှင်းကျဲ အံ့အားသင့်သွားသည်။

" ရပါတယ် အဲ့လောက်တော့ မလိုပါဘူးဆရာ..."


" ရှင်းကျဲ... မင်းက အခုချိန်မှာ အင်ပါယာတစ်ခုလုံးမှာ ရှိသမျှ လူတွေထဲမှာ အရည်အချင်းအရှိဆုံး ဖြစ်သွားပြီ... ငါတို့ မင်းအကြောင်း လျှို့ဝှက်ထားပေးပါ့မယ်... မနက်ဖြန် မင်းကိစ္စတွေပြီးသွားပြီဆိုရင် မင်း နိုအာကြယ်ကို ပြန်လာဖို့ အဆင့်မြင့် အာကာသယာဉ်တစ်စင်း ချက်ချင်းလွှတ်ပေးလိုက်မယ်..."


ကျင်းရွှမ်က ခေါင်းငြိမ့်ပြလိုက်သည်။

" ကျွန်တော် သိပါပြီ..."


" ငါ တစ်ခုလောက် မေးခွင့်ရှိမလား... မင်း အဲ့ဒီကို ပြန်သွားပြီး ဘာလုပ်တာလဲ..."

ချန်းယွမ် မေးလိုက်သည်။


သူ ယွမ်ရှင်းကျဲနှင့် ထပ်တွေ့ရရန် မစောင့်နိုင်တော့ပေ။


ယွမ်ရှင်းကျဲ သက်ပြင်းချလိုက်သည်။

" ကျွန်တော့်မိသားစုက အတင်းလက်ထပ်ခိုင်းနေလို့ ငြင်းဖို့ပြန်လာတာပါ..."


ချန်းယွမ်က အံ့ဩသည့်ပုံဖြစ်သွားသည်။

" ဒီလို ပါရမီရှင်မျိုးကို ဘာလို့များ အတင်းလက်ထပ်ခိုင်းနေရတာလဲ..."


ကျင်းရွှမ်က မျက်မှောင်ကြုတ်လိုက်ပြန်သည်။

" မင်းမိဘတွေရဲ့‌‌ဦးနှောက်ထဲ ရေဝင်နေတာလား..."


သုတေသီများအားလုံးကလည်း အံ့အားသင့်သွားကြသည့်ပုံပင်။

ဂုဏ်သိက္ခာရှိလှပါပြီဆိုတဲ့ ချန်ရှန့်မက်ခါကုမ္ပဏီသူဌေးက ဉာဏ်ကြီးရှင်သားလေးကို တစ်ယောက်ယောက်နဲ့ အတင်းလက်ထပ်ခိုင်းတယ်ပေါ့လေ...


ယူဂျင်း၏မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်လာပြီးနောက် ထိတ်လန့်သွားသည်။

" ဒါ တကယ်လန့်စရာကြီးပဲ..."


" ကျွန်တော် ငြင်းပြီးသွားပြီဆိုတော့ နက်ဖြန် ပြန်လာလို့ ရလောက်ပါပြီ..."


ယွမ်ရှင်းကျဲ တည်ငြိမ်စွာပြောလိုက်သည်။ လော့ဝမ်ချွမ်း၏ ကိစ္စများလည်း ပြီးဆုံးသွားပြီဖြစ်၍  နိုအာကြယ်သို့ အတူတကွပြန်နိုင်တော့မည်ဖြစ်သည်။


" ကောင်းတာပေါ့..."

ချန်းယွမ် စိတ်အေးသွားသည်။


" ငါ့မှာသာ သားတစ်ယောက်ရှိပြီး သူ့ကို တစ်ယောက်ယောက်က အတင်းလက်ထပ်ခိုင်းမယ်ဆို ငါအကုန်လုံးကို ခြေထောက်တွေ ရိုက်ချိုးပစ်မှာ..."


ချန်းယွမ်၏ ပြင်းထန်သော မှတ်ချက်ကိုအားလုံးက သဘောတူကြသည်။


အဘယ့်ကြောင့်ဆိုသော် အင်ပါယာမက်ခါသုတေသနဌာနသာမက အင်ပါယာကြီးနှင့် ကြယ်အစုအဝေးအင်ပါယာမှ လူအားလုံးထက် ယွမ်ရှင်းကျဲ၏ တန်ဖိုးကို သူတို့အားလုံးက သိရှိကြသောကြောင့်ဖြစ်သည်။


ယွမ်မိသားစုတစ်စုတည်းကသာ မသိကြခြင်းဖြစ်သည်။


xxxxxxxxx