အပိုင်း ၁၂၇
Viewers 17k

Chapter 127


သုတေသနဌာနနှင့် ဖုန်းပြောပြီးနောက် လော့ဝမ်ချွမ်းက သူ့ကို ဖုန်းခေါ်လာသည်။


ဖုန်းကိုင်လိုက်ချိန်တွင် လော့ဝမ်ချွမ်းက အတော်အသင့် တန်ဖိုးကြီးသောပစ္စည်းများဖြင့် ပြည့်နေသည့် အခန်းထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။


သူက လော့ဝမ်ချွမ်းကို မေးလိုက်သည်။

" စီနီယာတာ့ချွမ်းရဲ့ဘက်မှာ အခြေအနေဘယ်လိုလဲ..."


" အဆင်ပြေပါတယ်..."

လော့ဝမ်ချွမ်းက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူ့နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

" မင်းရော..."


" ကျွန်တော်လည်း အဆင်ပြေပါတယ်... ကျွန်တော် မနက်ဖြန် ပြန်လာလို့ရပြီ..."


ယွမ်ရှင်းကျဲက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။


လော့ဝမ်ချွမ်း ခဏတာတွေးတောနေပြီးသည့်နောက်တွင် ပြန်ဖြေလိုက်သည်။


" ကိုယ် မနက်ဖြန်ကျရင် အချိန်နည်းနည်းကြာဦးမှာဆိုတော့ ညနေလောက်ကျမှ ပြီးမယ်ထင်တယ်... မနက်ဖြန်ည တူတူသွားမလား..."


ယွမ်ရှင်းကျဲ ခေါင်းငြိမ့်ပြလိုက်ပြီး အနည်းငယ် ဝမ်းမြောက်သွားသည့်လေသံဖြင့် ပြောလိုက်သည်။


" ကောင်းပြီလေ..."


" ပြီးတော့ မနက်ဖြန်ကျရင်..."

လော့ဝမ်ချွမ်းက ရုတ်တရက် ခေါင်းစဉ်ပြောင်းလိုက်သည်။ သူ့လေသံက တွန့်ဆုတ်နေသကဲ့သို့ဖြစ်ပြီး အမူအရာက အနည်းငယ် သဘာဝမကျဖြစ်နေသည်။


" ကိုယ် မင်းကို ပြောစရာရှိသေးတယ်..."


ယွမ်ရှင်းကျဲ လန့်သွားမိသည်။


သူ့ ရင်ခုန်သံများ ရုတ်တရက် မြန်ဆန်လာသည်။ တစ်ဖက်လူက ပြောမည့်စကားကို သူခန့်မှန်းနိုင်သော်လည်း လုံးဝ မသေချာသေးပေ။


ခဏအကြာတွင် ယွမ်ရှင်းကျဲလည်း တံတွေးမျိုချပြီး ပြောလိုက်သည်။


" ကျွန်တော်လည်း ပြောစရာရှိသေးတယ်..."


လော့ဝမ်ချွမ်း၏ အကြည့်များက ယွမ်ရှင်းကျဲ၏မျက်နှာပေါ်သို့ ရောက်သွားသည်။ 


သူတို့ကို ဖန်သားပြင်ဖြင့် ခွဲခြားထားသော်လည်း ယခုချိန်တွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ရပ်နေသည်နှင့် တူနေသည်။ သူတို့ကြားထဲမှ လေထုကပင် ဒွိဟ ဖြစ်နေစေသည်။


ခဏတာ တိတ်ဆိတ်နေပြီးသည့်နောက် လော့ဝမ်ချွမ်းက ရယ်လိုက်သည်။


ယွမ်ရှင်းကျဲ ခေါင်းကုတ်လိုက်သည်။

" ဘာရယ်တာလဲ..."


" ကိုယ့်ဘာသာရယ်တာပါ..."

လော့ဝမ်ချွမ်း၏လေသံက ကိုယ့်ကိုယ်သိမ်ငယ်သွားသည့်ပုံပေါ်သည်။ 


" မနက်ဖြန်ညတွေ့ဖို့ကို ကိုယ်မျှော်လင့်နေမိပြီ... ကြည့်ရတာ ကိုယ်ဒီည မအိပ်နိုင်တော့ဘူးထင်တယ်..."


ယွမ်ရှင်းကျဲ ရင်ထဲတွင် တဒိန်းဒိန်းခုန်လာပြီး သူ၏ခန္ဓာကိုယ်အပူချိန်က ရုတ်တရက် တိုးလာသကဲ့သို့ ထင်ရသည်။


ဤနေရာသို့ ရောက်ရှိလာပြီးချိန်မှစ၍ "ရှက်ရွံ့မှု" ဟူသည့် ခံစားချက်ကို အကြိမ်အနည်းငယ် ခံစားခဲ့ရပြီး ၎င်းတို့ကလည်း လော့ဝမ်ချွမ်း၏ရှေ့တွင်သာ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။


လော့ဝမ်ချွမ်း၏ မျှော်လင့်တကြီးဖြစ်နေသောအကြည့်များကိုကြည့်ကာ ယွမ်ရှင်းကျဲ၏ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်လာသည်။


သူတို့နှစ်ယောက်လုံး စကားတစ်ခွန်းမှ မပြောကြသော်လည်း တစ်ဦး၏ရည်ရွယ်ချက်ကို တစ်ဦးက သိကြသည်။


" ကျွန်တော် မျှော်လင့်နေပါမယ်..."


ယွမ်ရှင်းကျဲက မော့ကြည့်လိုက်သည်။ သူ၏ ဖြူဖွေး၍ ချောမော‌လှသော မျက်နှာအစိတ်အပိုင်းများက အလင်းရောင်အောက်တွင် ပိုမိုလှပနေ၍ လော့ဝမ်ချွမ်း ခဏတာ မှင်သက်သွားမိသည်။


ခဏအကြာတွင် လော့ဝမ်ချွမ်း စိတ်နှင့်လူ ပြန်ကပ်သွားကာ ချောင်းဟန့်လိုက်ပြီး ယွမ်ရှင်းကျဲကို ပြောလိုက်သည်။


" ဒီည စောစောအနားယူလေ..."


" ကောင်းပါပြီ... နက်ဖြန်တွေ့မယ်လေ..."

ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကိုကြည့်ပြီး မျှော်လင့်တကြီးအသံဖြင့် ပြောလိုက်သည်။


သူတို့ နှစ်ယောက်လုံး ဖုန်းချပြီးသည့်အခါ ယွမ်ရှင်းကျဲက ကိုယ်လက်သန့်စင်ရန် ပြင်လိုက်သည်။


ထိုအချိန်တွင် တစ်ယောက်ယောက်က တံခါးလာခေါက်သည်။


ယွမ်ချန်ရှန့်၏အသံကို ကြားလိုက်ရသည်။


" ရှင်းရှင်း တံခါးဖွင့်ဦး... အဖေ ပြောစရာရှိသေးလို့..."


ယွမ်ရှင်းကျဲက တံခါးဖွင့်လိုက်ပြီးနောက် ဂရုမစိုက်သည့်လေသံဖြင့် ပြောလိုက်သည်။

" ဘာဖြစ်လို့လဲ..."


" အဖေ့မှာ မင်းအတွက် သတင်းကောင်းရှိတယ်..."


ယွမ်ချန်ရှန့်၏ အသံက ကပ်ဖားရပ်ဖားလုပ်နေသည်ဟုပင် ထင်ရသည်။


" မနက်ဖြန်ညကျရင် အဖေ သားကို ကုမ္ပဏီကိုခေါ်သွားပြီး ကြယ်နှစ်ထပ်မက်ခါအသစ်နဲ့ ဆုချမယ်... အဲ့ဒါက ကြယ်ဒင်္ဂါး ရှစ်သန်းတောင်တန်တာနော်..."


ယွမ်ရှင်းကျဲ သူ့ကို မျက်ခုံးပင့်ပြီး ကြည့်လိုက်သည်။


" ဘာလို့လဲ ကျွန်တော် စေ့စပ်ထားတာကို ငြင်းလိုက်တယ်လေ ဒေါသမထွက်ဘူးလား..."


" အယ် ဘာလို့ ဒေါသထွက်ရမှာလဲ သားက အဖေ့ရဲ့ အဖိုးတန်သားလေးလေ..."


ယွမ်ချန်ရှန့်က ယွမ်ရှင်းကျဲ၏ဆံပင်ကို ထိရန် လက်ဆန့်လိုက်သော်လည်း ယွမ်ရှင်းက ရှောင်လိုက်သည်။


သူက ရှက်ရွံ့သွားဟန်ဖြင့် လက်ပြန်ရုတ်လိုက်သော်လည်း စိတ်အနှောင့်အယှက် ဖြစ်သွားဟန် မပေါ်ပေ။ ခြောက်ကပ်စွာရယ်ပြီးနောက် ဆက်ပြောလိုက်သည်။


" အဖေတို့က မိသားစုပဲလေ... တချို့ကိစ္စတွေက သားကောင်းဖို့အတွက် လုပ်တာဆိုပေမယ့် နောက်ဆုံးဆုံးဖြတ်ချက်ချရ‌တာတော့ သားလက်ထဲမှာပဲ ရှိတာလေ..."


ယွမ်ရှင်းကျဲ အံ့အားသင့်သွားမိသည်။

ဒီလူ့ဦးနှောက်က ဘယ်တုန်းက အဲ့လောက်ထိ တွေးတတ်သွားတာလဲ...


အမှန်တွင် ယွမ်ချန်ရှန့်က မြောက်များစွာသောစီးပွားရေးလုပ်ငန်းရှင်များထံသို့ ယွမ်ရှင်းကျဲနှင့် ချီယုတို့၏ စေ့စပ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်စာပို့ထားသည်ကို ယွမ်ရှင်းကျဲမသိပေ။


ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့ နှစ်ယောက်လုံးက ချီယင်၏ အပြုအမူများကို သဘောမကျကြသော်လည်း သူက ယွမ်မိသားစုကို သစ္စာဖောက်သွားသည်ဟုထင်၍ အတည်မယူကြတော့ပေ။


သို့ရာတွင် နှစ်ဦးနှစ်ဖက်စလုံး၏ အကျိုးစီးပွားများကို ဆက်လက်ကာကွယ်ရဦးမည်ဖြစ်သည်။


" ဒါပေမဲ့ အဖေတို့ အဲ့လိုလုပ်မိရင် ချီမိသားစုကို စော်ကားမိသလိုဖြစ်သွားမှာ... အဲ့ဒါကြောင့်မို့ မနက်ဖြန်ကျရင် အဖေနဲ့တူတူ ချီမိသားစုကို သွားတောင်းပန်ရမယ်နော် ရှင်းရှင်း..."


ယွမ်ချန်ရှန့်က စိတ်ညစ်နေပုံဖြင့် သက်ပြင်းချလိုက်သည်။


ယွမ်ရှင်းကျဲ မျက်မှောင်ကြုတ်လိုက်သည်။

" ကျွန်တော်မှ မမှားတာ ဘာကိစ္စတောင်းပန်ရမှာလဲ..."


" သား မတောင်းပန်ရပါဘူး... အဖေပဲ သူတို့ကို တောင်းပန်မှာပါ..."


ယွမ်ချန်ရှန့်က ယွမ်ရှင်းကျဲကို အလျင်အမြန်နှစ်သိမ့်လိုက်ရသည်။


" အဖေနဲ့တူတူ ဟိုတယ်ကိုလိုက်ခဲ့ပြီး ချီမိသားစုနဲ့ ညစာစားရုံပါပဲ..."


ယွမ်ရှင်းကျဲက  ယွမ်ချန်ရှန့်ကို သင်္ကာမကင်းဖြစ်နေပုံဖြင့် ကြည့်လိုက်သည်။


သို့ရာတွင် စေ့စပ်ပွဲအတွက် ရွေးချယ်မှုက သူ့လက်ထဲတွင်သာ ရှိနေသည်။ သူ့ သဘောမတူသရွေ့ မိသားစုက ဖိအားမပေးနိုင်ပေ။


သို့ဖြစ်၍ ယွမ်ရှင်းကျဲက  ယွမ်ချန်ရှန့်၏တောင်းဆိုချက်ကို လက်ခံလိုက်ကာ တည်ကြည်စွာဖြင့် ပြောလိုက်သည်။


" မနက်ဖြန်ပြီးရင် ကျွန်တော် ချီမိသားစုနဲ့ ဘာမှ မပတ်သတ်တော့ဘူးနော်... ပြီးတော့ ချီမိသားစုနဲ့ ဆိုင်တဲ့ကိစ္စတွေကို ဘာမှမဖြေရှင်းပေးတော့ဘူး..."


ယွမ်ချန်ရှန့်၏ရင်ထဲတွင် အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသော်လည်း စိတ်ထားမြင့်မြတ်ဟန်ဆောင်၍ ယွမ်ရှင်းကျဲကို ပြောလိုက်သည်။


" ဟုတ်ပါပြီ... သားက အဖေတို့ ယွမ်မိသားစုရဲ့ ဂုဏ်ယူစရာလေးပဲ..."


သို့သော်လည်း  ယွမ်ချန်ရှန့်မှာ သူ့သားက ချီယုကို လက်ထပ်ရမည်ဟုသာ ဆုံးဖြတ်ထားသည်။


၎င်းက အလကားသက်သက်သာမဟုတ်ပဲ ချီယင် ယူဆောင်လာပေးသည့် စိတ်စွမ်းအားတိုးစက်ကြောင့် ဖြစ်သည်။

127.2


ယွမ်ချန်ရှန့်က ယခင်က မက်ခါမောင်းရန် အိမ်မက်ရှိခဲ့သော်လည်း စိတ်စွမ်းအားမလုံလောက်မှုကြောင့် အိမ်မက်ကို အကောင်အထည်မဖော်နိုင်ခဲ့ပေ။ အဆုံးတွင်မူ မက်ခါနှင့် ဆက်စပ်ပစ္စည်းများနှင့် ဆက်နွယ်သော ကုမ္ပဏီတစ်ခုကိုသာ စတင်ခဲ့ရသည်။ အကယ်၍ စိတ်စွမ်းအားတိုးစက်ကို အောင်မြင်တိုးတက်အောင် လုပ်နိုင်ခဲ့ပါက နောက်ဆုံးတွင် မက်ခါ ပြန်မောင်းနိုင်တော့မည်ဖြစ်သည်။


ထိုသို့ဖြစ်လာပါက SSSအဆင့်ရှိမက်ခါမောင်းနှင်ရန် စိတ်ကူးထားမိသည်။ ကုမ္ပဏီကို ချင်ရွှမ်းကသာ ဂရုစိုက်ပေးမည်ဖြစ်သည်။ ယွမ်မိသားစုနှင့် ချီမိသားစုအကြားမှာဆက်ဆံရေးကိုမူ ယွမ်ရှင်းကျဲက ထိန်းသိမ်းထားပေးလိမ့်မည်ဖြစ်သည်။


ယွမ်ချန်ရှန့်အတွက် အရာအားလုံးက ပြီးပြည့်စုံလွန်းနေသည်။


အိမ်မက်တစ်ခုကဲ့သို့ပင် ပြီးပြည့်စုံလှသည်။


အဲ့လိုအခြေအနေမျိုးမှာ ယွမ်ရှင်းကျဲကို လှည့်ဖျားလိုက်ရင်ရော ဘာဖြစ်မှာမို့လဲ...


သူ့ကိုယ်သူ အခြေအနေ အလုံးစုံကို တွေးတောပေးနေသည်ဟု  ယွမ်ချန်ရှန့် ခံစားနေမိသည်။


နောက်တစ်နေ့ မနက်စောစောတွင် ယွမ်မိသားစုက မနက်စာစားချိန်တွင် ရှားရှားပါးပါး ဆုံမိကြသည်။


ယွမ်ချန်ရှန့်က မနက်စာစားနေချိန်တွင် သတင်းကြည့်တတ်သော အကျင့်တစ်ခုရှိသည်။


ဗီလာ၏ ဧည့်ခန်းနံရံပေါ်တွင် ဧရာမအလင်းဖန်သားပြင်တစ်ခုက မနက်ခင်းသတင်းများကို ပြသနေပြီး သတင်းတစ်ခုက အားလုံး၏ အာရုံစူးစိုက်မှုကို ရယူထားသည်။


[ ‌ဒီနေ့မနက် ၅နာရီခွဲမှာ တော်ဝင်မိသားစုက ကြယ်တာရာကွန်ယက်မှာ သတိပြုစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒီနေ့ညနေ ၅နာရီမှာ သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပမယ့်အကြောင်း ကြေညာခဲ့ပါတယ်... ဒီတစ်ကြိမ်မှာ အရေးကြီးကိစ္စတစ်ခုကို ကြေညာသွားမယ်လို့လည်း သိရပါတယ်... ဒီသတင်းစာရှင်းလင်းပွဲက ...]


" သတင်းစာ ရှင်းလင်းပွဲတဲ့လား..."

ယွမ်ချန်ရှန့်၏ မျက်လုံးများ ပြူးကျယ်သွားသည်။


" တော်ဝင်မိသားစုက သတင်းတွေမထုတ်ပြန်တာတောင် အတော်ကြာပြီကို... ကြည့်ရတာ ဆက်ခံသူက ဘယ်သူဘယ်ဝါဆိုတာ ကြေညာတော့မယ်ထင်တယ် ..."


ယွမ်ဝူက ‌သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


" ကြည့်တာ အဲ့လိုပဲထင်ပါတယ်... ဒုတိယမင်းသားရဲ့ သတင်းကို ကြေညာခဲ့တာလည်း အချိန်ကြာပြီဆိုတော့ တခြားကိစ္စပဲနေမှာ..."


ချင်ရွှမ်းက ဘာမှဝင်မပြောပေ။ သူမကို ကြည့်ရသည်မှာ အနည်းငယ် စိုးရိမ်နေပုံပေါ်သည်။


" အဲ့ဒါသာအမှန်ဆိုရင် မြို့တော်က အိုမီဂါတွေအကုန် အရူးတစ်ပိုင်း ဖြစ်ကုန်ကြမှာပဲ... ဟုတ်တယ်မလား... ဒုတိယမင်းသားက ခုထိ လက်မထပ်ရသေးဘူးလို့ကြားတယ်... ဘယ်သူက ဒုတိယမင်းသားကို လက်ထပ်နိုင်တဲ့အထိ ကံကောင်းတာပါလိမ့်..."


ပြောပြီးသည့်နောက်တွင် ယွမ်ချန်ရှန့်က ချင်ရွှမ်းကို ကြည့်လိုက်သည်။

" မိန်းမ မင်းရောအဲ့လိုမထင်ဘူးလား..."


ချင်ရွှမ်း အံ့အားသင့်သွားမိသည်။ ထို့နောက်တွင်မှ စိတ်နှင့်လူ ပြန်ကပ်သွားကာ ပြန်ဖြေလိုက်သည်။


" ရှင်ပြောတာ ဟုတ်သားပဲ..."


ယွမ်ရှင်းကျဲ၏ မျက်လုံးထဲတွင်မူ ချင်ရွှမ်းက ယွမ်ချနိရှန့်ပြောသည်ကို လုံးဝနားထောင်မနေပေ။ 'ဟုတ်သားပဲ' ဟူသောစကားလုံးက သူမရွတ်နေကျ မန္တန်တစ်ခုနှင့်ပင် တူနေသည်။


ယွမ်ရှင်းကျဲ၏အကြည့်ကို သူမ သတိပြုမိသွား၍ ချက်ချင်းပင် အကြည့်လွှဲလိုက်သည်။


ယွမ်ရှင်းကျဲက တော်ဝင်မိသားစုအကြောင်း သတင်းများကို ဂရုမစိုက်ပေ။


သူက အင်ပါယာမြို့တော်တွင်နေထိုင်သော်လည်း "တော်ဝင်မိသားစု" ဟူသည့်အသုံးအနှုန်းက သူနှင့် မရင်းမနှီးဖြစ်ကာ အလှမ်းကွာလွန်းနေသည်။


အံ့အားသင့်စရာကောင်းသည်မှာ လော့ဝမ်ချွမ်းက ဤသတင်းကို အလွန်အာရုံစိုက်နေပြီး သူ့ကို မက်ဆေ့တစ်စောင်ပို့ထားသည်။

[ ညနေ ၅နာရီထိုးရင် တိုက်ရိုက်လွှင့်တာကိုကြည့်ဖို့ညမမေ့ပါနဲ့... ]


ယွမ်ရှင်းကျဲ မမေးပဲ မနေနိုင်တော့ပေ။

[ စီနီယာရော ဒုတိယမင်းသားက ဘယ်လိုပုံလဲ သိချင်နေတာလား ...]


လော့ဝမ်ချွမ်းက ချက်ချင်းစာပြန်လာသည်။

[ ကိုယ်သူ့ကို မြင်ဖူးတယ်လေ...]


ယွမ်ရှင်းကျဲ အံ့အားသင့်သွားမိသည်။

[ သူ့ကို တကယ်မြင်ဖူးတာလား ...]


[ ဒုတိယမင်းသားအကြောင်း သိရုံမကဘူး... အနာဂတ်မှာ ဒုတိယမင်းသားရဲ့ ကြင်ယာတော်ဖြစ်လာမယ့်သူကိုပါသိတယ်... ]


ယွမ်ရှင်းကျဲ၏စိတ်ထဲတွင် ကမောက်ကမဖြစ်သွားသည်။


လော့ဝမ်ချွမ်းက ဘယ်လိုဖြစ်လို့ အားလုံး သိနေရတာလဲ...


မဟုတ်မှလွဲရော သူက...


ယွမ်ရှင်းကျဲ တံတွေးမျိုချလိုက်ပြီးနောက် စာလုံးတစ်လုံးချင်းရိုက်ကာ ပို့လိုက်သည်။

[ စီနီယာက နန်းတော်က ထွက်ပြေးလာတဲ့ အစောင့်ကိုယ်ရံတော်များလား...]


လော့ဝမ်ချွမ်းက "တာဝန်များ" ထမ်းဆောင်စရာရှိ၍ အပြင်သို့ မကြာခဏသွားသည်ကို ယွမ်ရှင်းကျဲ အမှတ်ရသွားမိသည်။ သူ့ထံတွင် ငွေကြေးများစွာရှိပြီး ‌ကျင့်ဝတ်ထုံးတမ်းများကိုလည်း သဘောပေါက်နားလည်ကာ အလွန်ထူးချွန်သူဖြစ်သည့်အပြင်  စွန့်ပစ်ကြယ်တွင် မွေးဖွားခဲ့သူလည်း ဖြစ်နေသည်။


ဒါဆိုရင်တော့ သူက နန်းတော်က ကိုယ်ရံတော်တစ်ယောက်ပဲ ဖြစ်ရမယ်...


ထိုနောက်တွင် ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကို ထပ်မေးလိုက်ပြန်သည်။


[ စီနီယာက အင်ပါယာကိုယ်ရံတော်လား...]


ဤတစ်ကြိမ်တွင် လော့ဝမ်ချွမ်းက ဆယ်မိနစ်ခန့်ကြာမှ စကားလုံးသုံးလုံးကို ပြန်ပို့လိုက်သည်။

[ မှန်းကြည့်လေ ...]


ယွမ်ရှင်းကျဲ ချက်ချင်းစာပြန်လိုက်သည်။

[ မပူပါနဲ့ ကျွန်တော် လျှို့ဝှက်ထားပေးပါ့မယ် ...]


ကြည့်ရတာ ‌လော့ဝမ်ချွမ်းက အင်ပါယာကိုယ်ရံတော်တစ်ယောက်ထင်တယ်... ဒီ အသက်မွေးဝမ်းကျောင်းက ‌ဝင်ငွေတော့ကောင်းပုံပဲ...


သူလည်း နောက်ကျရင် တစ်နေရာလောက် လျှောက်ကြည့်ရမလား...


xxxxxxx