Chapter 128
ညနေပိုင်းတွင်ကျင်းပမည့် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယမင်းသား၏ပုံကို ဖော်ထုတ်မည့်အကြောင်းနှင့် ပတ်သက်၍ ကွန်ယက်ပေါ်တွင် ကြီးမားသော ဆွေးနွေးမှုများ ဖြစ်ပေါ်လျက်ရှ်သည်။ Hot searchတစ်ခုလုံးတွင်လည်း ဤကိစ္စများဖြင့်သာ ဖုံးလွှမ်းနေသည်။
ဆက်ခံသူက ပထမမင်းသား သို့မဟုတ် ဒုတိယမင်းသားသာဖြစ်မည်ဟု အားလုံးက ခန့်မှန်းနေကြသည်။
အကြီးဆုံးမင်းသားလော့ယီက ငယ်ရွယ်စဉ် ကလေးဘဝတည်းက ပစားပေးခံသူဖြစ်သည်။ သူက အင်ပါယာကြယ်မြို့တော်တွင် ကြီးပြင်းခဲ့ပြီး ပညာတတ်တစ်ယောက်ဖြစ်သည်။ နိုအာစစ်တက္ကသိုလ်မှ ဘွဲ့ရပြီးသည့်နောက်တွင် တပ်ထဲတွင်လည်း အောင်မြင်မှုအချို့ ရပြီးသူဖြစ်သည်။ ထိုမျှသာမက ဖယ်ရိုမုန်းကိုက်ညီမှု ၉၀%ရှိသည့် ပါတနာလည်းရှိသည်။
ဆန့်ကျင့်ဘက်အားဖြင့် ဒုတိယမင်းသားမှာမူ ကလေးဘဝတည်းက စွန့်ပစ်ကြယ်သို့ နှစ်ထုတ်ခံခဲ့ရသည်။ သူ၏ အထောက်အထားနှင့် မည်သည့်နေရာတွင် နေထိုင်သည်ကို မသိကြသည့်အပြင် သူ့ထံတွင် တော်ဝင်မိသားစုသွေး ပါနေသည်မှလွဲ၍ ဘာမှမရှိပေ။
သို့ဖြစ်၍ လူအများစုက လျှို့ဝှက်ဆန်းကြယ်သော ဒုတိယမင်းသားနှင့်ပတ်သက်၍ အကောင်းမြင်စိတ်မရှိကြပေ။
ညနေဘက်တွင် တော်ဝင်မိသားစုက ခမ်းနားသည့် သတင်းစာရှင်းလင်းပွဲကျင်းပရန် ပြင်ဆင်နေကြသည်။
ဤသတင်းစာရှင်းလင်းပွဲကို တော်ဝင်နန်းတော်၏ ရွှေရောင်ညီလာခံခန်းမတွင် ကျင်းပမည်ဖြစ်သည်။
နန်းတော်၏ ဝတ်ရုံရှည်များထားသည့်အခန်းတွင် လော့ဝမ်ချွမ်းက ဝတ်စုံရွေးနေသည်။
ထိုကဲ့သို့ ခမ်းနားကြီးကျယ်သော အဝတ်အစားများ ဝတ်ရသည်ကို သူ သဘောမကျသော်လည်း စိတ်ရှည်လက်ရှည်ဖြင့် တိတ်တိတ်ဆိတ်ဆိတ်သာ ရွေးချယ်နေသည်။ အဘယ့်ကြောင့်ဆိုသော် ကင်မရာရှေ့တွင် သူက ဒုတိယမင်းသားဖြစ်ကြောင်း ဖော်ထုတ်တော့မည်ဖြစ်ပြီး သူ့ပုံကိုလည်း ယွမ်ရှင်းကျဲက မြင်တွေ့မည် ဖြစ်သောကြောင့်ပင်။
ထိုအချိန်တွင် ပထမမင်းသားလော့ယီက ရုတ်တရက်ပေါ်လာသည်။
လော့ယီက စွန့်ပစ်ကြယ်တွင် ကြီးပြင်းလာခဲ့သော ညီဖြစ်သူကို အမြဲတမ်း မုန်းတီးစက်ဆုပ်နေခဲ့သည်။ သူ့ကို ဖခင်ဖြစ်သူက အမြဲတမ်း မျက်နှာသာပေးခဲ့သည်ဖြစ်၍ လော့ဝမ်ချွမ်းနှင့် သူ့ကိုယ်သူ နှိုင်းယှဉ်မနေတော့ပေ။
ထို့အပြင် လော့ဝမ်ချွမ်းက သူ့နှင့် အလှမ်းဝေးသောနေရာတွင်သာ ရှိနေသည်။
" မင်း ဒီလို အဝတ်အစားတွေ မဝတ်ရတာကြာပြီမလား... မင်းကို ဒီနေရာမှာ ပြန်တွေ့ရတော့ တကယ်ဝမ်းသာတယ်..."
လော့ယီက နူးညံ့သည့်အမူအရာကို ပြသကာ လော့ဝမ်ချွမ်းကိုပြောလိုက်သည်။
လော့ဝမ်ချွမ်းက သူ့ကိုမော့ကြည့်ပြီး လေသံပြတ်ပြတ်ဖြင့်သာပြောလိုက်သည်။
" ဟုတ်လား... အဲ့ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်..."
" ဒါပေမဲ့ မင်းရဲ့ဖယ်ရိုမုန်းတွေကို အလက်ဂျစ်ဖြစ်တဲ့ရောဂါက မပျောက်သေးဘူးလို့ကြားတယ်..."
လော့ယီက အဓိပ္ပါယ်မဖော်နိုင်သောအကြည့်တစ်ချက်ဖြင့် လော့ဝမ်ချွမ်းကို ကြည့်လိုက်သည်။
" မင်းနဲ့ ကိုက်ညီတဲ့ အိုမီဂါ ရှာတွေ့ပါ့မလားမသိဘူးနော် အစ်ကိုတစ်ယောက်အနေနဲ့ မင်းအတွက် စိတ်ပူမိတယ်..."
လော့ဝမ်ချွမ်းက သူနှင့်ကိုက်ညီသော အိုမီဂါကို ရှာမတွေ့သေး၍ ထီးနန်းအတွက် ပြိုင်ဆိုင်ရာတွင် အရေးနိမ့်နေကြောင်းကို သွယ်ဝိုက်ပြောလိုက်သကဲ့သို့ပင်။
လော့ဝမ်ချွမ်း၏ လက်ချောင်းများက ဝတ်စုံရွေးချယ်နေရာမှ ရပ်တန့်သွားသည်။
" စိတ်ပူစရာ မလိုပါဘူး..."
လော့ယီက ပြုံးလိုက်သည်။
" ငါက မစိုးရိမ်ပါဘူး ဒါပေမဲ့ ခမည်းတော်နဲ့ မယ်တော်ကတော့ တော်တော်စိုးရိမ်နေတဲ့ပုံပဲ..."
ထိုအချိန်တွင် ဘေးနားမှ မိန်းကလေးတစ်ယောက်၏အသံထွက်ပေါ်လာပြီး လော့ယီကို ဖြတ်ပြောလိုက်သည်။
" ဒါဆိုရင်လည်း အစ်ကိုကြီးက သူတို့ကိုယ်စား ဒီစကားတွေ ပြောပေးနေစရာမှ မလိုတာ..."
ရောက်လာသည့်လူမှာ တတိယမင်းသမီး လော့တိဖြစ်သည်။
တတိယမင်းသမီးက အိုမီဂါတစ်ယောက်ဖြစ်သည်။ သူမက လော့ဝမ်ချွမ်းထက် အနည်းငယ်သာပိုငယ်ပြီး ပွင့်လင်း၍ တဲ့တိုးဆန်သော အကျင့်စရိုက်ရှိသည်။ ထီးနန်းအတွက် သူမအစ်ကိုတော်များနှင့် ယှဉ်ပြိုင်လိုစိတ်မရှိပဲ မက်ခါများကို သုတေသနလုပ်ရခြင်းအား နှစ်သက်သူသာဖြစ်သည်။
သို့ရာတွင် လော့တိ၏ စိတ်စွမ်းအားက မမြင့်မားသောကြောင့် မက်ခါမမောင်းနှင်နိုင်၍ ဝါသနာတစ်ခု အဖြစ်သာ သတ်မှတ်နိုင်သည်။
လော့ယီ ယခင်က လော့တိနှင့် ထိပ်တိုက်မတွေ့ခဲ့ဖူးပေ။ သူ့မျက်နှာက ချက်ချင်းပင် တင်းမာသွားပြီး ခန္ဓာကိုယ်ကို ခပ်မတ်မတ်ထားပြီး အခန်းထဲမှ ပြန်ထွက်သွားသည်။
" နင် ဒီနေ့ လာဖို့အချိန်ရလို့လား..."
လော့ဝမ်ချွမ်းက လော့တိကို မျက်ခုံးပင့်ကာကြည့်လိုက်သည်။
"ဒါပေါ့... ဆက်ခံသူကို ကြေညာမယ့် အရေးကြီးအခမ်းအနားကို မတက်လို့ရမလား..."
လော့တိ ပြုံးလိုက်သည်။
" စကားမစပ် နိုင်ငံတော်အဆင့်မက်ခါပြိုင်ပွဲကိုတောင် ညီမလေးကြည့်ခဲ့သေးတယ်... အစ်ကိုကြီးကတော့ အံ့ဩစရာပဲ..."
" နင်ကတော့ အရင်အတိုင်း မက်ခါတွေကို စိတ်ဝင်စားနေတုန်းပဲပေါ့..."
လော့ဝမ်ချွမ်း အသံတိုးတိုးဖြင့်သာ ပြောလိုက်သည်။
" နင် မက်ခါ မမောင်းနိုင်တာ နှမြောစရာပဲ..."
" ဟုတ်တယ်နော်..."
လော့တိ မျက်လွှာချလိုက်သော်လည်း ချက်ချင်းပင် သူမနှုတ်ခမ်းထက်၌ လျှို့ဝှက်ဆန်းကြယ်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
" ဒါပေမဲ့ ညီမလေးကြားတာတော့ မက်ခါသုတေသနဌာတက စိတ်စွမ်းအားတိုးစက်ကိုစမ်းသပ်တာ အတော်လေး ခရီးရောက်နေပြီတဲ့ မကြာခင်အောင်မြင်တော့မယ်လို့ ကြားတယ်..."
လော့ဝမ်ချွမ်း၏ မျက်လုံးများက အံ့အားသင့်မှုကြောင့် အရောင်လက်သွားပြီး ခဏအကြာမှ စကားပြန်ပြောနိုင်သည်။
" နင့်သတင်းက တိကျလှချည်လား..."
" ဒီသတင်းကို သိပ်မသိကြသေးဘူး... အန်ကယ်ချန်းယွမ် မပြောမချင်း အကြာကြီးမေးလာခဲ့ရတာ..."
လော့တိ အသံတိုးလိုက်သည်။
" ဒီအဆင့်ထိရောက်အောင် လုပ်ဖို့က မလွယ်ဘူး... အချိန်တော်တော်လိုမယ်ထင်တယ်..."
လော့ဝမ်ချွမ်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
" အစ်ကိုကြီးက မက်ခါသုတေသန အဖွဲအစည်းကို အထင်သေးတာပဲ... အဲ့အဖွဲ့က ခုနောက်ပိုင်းမှ လူတော်တစ်ယောက်ကို ရှာတွေ့ထားတာတဲ့ အဲ့လူက နတ်ဘုရားတစ်ပါး နီးပါးလောက်အထိတော်တာတဲ့ ဒီနောက်ပိုင်း တိုးတက်မှုကြီးကြီးမားမားတွေ ရှိလာမယ်လို့ကြားတယ်..."
လော့ဝမ်ချွမ်း မျက်ခုံးပင့်လိုက်သည်။
" ဟုတ်လား... မက်ခါလောကကြီးကတော့ ပြောင်းလဲတော့မှာပဲပေါ့..."
" ဒါပေမဲ့ အဲ့ဒီလူတော်က ဘယ်သူလဲဆိုတာ ညီမလေး မသိဘူး..."
ထိုလူတော်အကြောင်း ပြောနေစဉ်တွင် လော့တိ၏ မျက်ဝန်းထဲတွင် လေးစားအားကျမှုများဖြင့် ပြည့်နေသည်။
" အစ်ကိုကြီး စဉ်းစားကြီးပါဦး သိပ္ပံသုတေသနအဖွဲ့အစည်းတစ်ခုလုံးကို တုန်လှုပ်သွားအောင်လုပ်နိုင်တာ ဘယ်သူရှိလောက်လဲ..."
လော့ဝမ်ချွမ်း လန့်သွားမိသည်။ လော့တိ၏ စကားများကိုကြားပြီးနောက် ယွမ်ရှင်းကျဲကို အမှတ်ရသွားမိသည်။
ယွမ်ရှင်းကျဲသည်လည်း လော့တိကဲ့သို့ မက်ခါများကို နှစ်သက်သူဖြစ်သော်လည်း လော့တိထက်ပို၍ မက်ခါများအကြောင်း အကျွမ်းတဝင်ရှိလှသည်။ လော့ဝမ်ချွမ်း၏ အမြင်တွင်ပင် ယွမ်ရှင်းကျဲက ဆရာကြီးတစ်ယောက် ဖြစ်သည်။
အကယ်၍ ယွမ်ရှင်းကျဲက မက်ခါသုတေသနဌာနသို့ ရောက်သွားခဲ့လျှင်လည်း သူ့အရည်အချင်းဖြင့်ဆိုလျှင် မည်သူ့အောက်မှ ရောက်နေမည်မဟုတ်ပေ။
––128.2
တစ်ဖက်တွင်မူ...
ယွမ်ရှင်းကျဲက ယွမ်မိသားစုနှင့်အတူ ပရိုက်စ်ဟိုတယ်သို့ ရောက်လာသည်။
ပရိုက်စ်ဟိုတယ်က အဆင့်မြင့်ဟိုတယ်တစ်ခုဖြစ်ပြီး ဤနေရာတွင် ဟိုတယ်ခန်းတစ်ခု ဘိုကင်လုပ်နိုင်သူများက သူဌေးများ သို့မဟုတ် ရာထူးကြီးသူများသာဖြစ်သည်။
ချီမိသားစုကို နောက်ဆုံးအကြိမ်တွေ့ဆုံရာတွင် မျက်နှာမပျက်စေရန်အတွက်ဟုဆိုက ယွမ်ချန်ရှန့်က ယွမ်ရှင်းကျဲကို အဝတ်အစားကောင်းကောင်းမွန်မွန် ဝတ်ဆင်ခိုင်းခဲ့သည်။
ယွမ်ရှင်းကျဲက ဗီရိုထဲမှ ဝတ်စုံသပ်သပ်ရပ်ရပ်တစ်ထည်ကိုထုတ်ပြီး ဝတ်လိုက်သည်။ ချီမိသားစုက သူ့ကိုအကောင်းမြင်ရန် မည်သည့်အရာကိုမှ မလုပ်ချင်ပေ။
သို့ရာတွင် ဤအချိန်အတောအတွင်း သူ ပြုလုပ်ခဲ့သော ခက်ခဲသည့် လေ့ကျင့်ရေးများကြောင့် သူ့ခန္ဓာကိုယ်က ယခင်ထက်ပို ကြံ့ခိုင်လာပြီး မည်သည့်ဝတ်စုံနှင့်မဆို ကြည့်ကောင်းသော ခန္ဓာကိုယ်တစ်ခုဖြစ်လာသည်။
ဘေးတွင်ရပ်နေသည့် သူ့ညီငယ်လေး အယ်လ်ဖာယွမ်ဝူကလည်း သူနှင့် ယှဉ်ပါက နိမ့်မနေပေ။
ဟိုတယ်သို့ရောက်ပြီးသည့်အခါ ယွမ်ချန်ရှန့်က ယွမ်ရှင်းကျဲကို နားနေခန်းထဲခေါ်သွားပြီး ညစာမစားမီ ဤနေရာတွင် စောင့်နေရန် ပြောလိုက်သည်။
ယွမ်ရှင်းကျဲက သူ့ခရီးအောင်အိတ်များနှင့် ကျောပိုးအိတ်ကို ပြန်ချထားလိုက်သည်။ ညစာစားပွဲပြီးသည်နှင့် အင်ပါယာကြယ်မြို့တော်မှ လော့ဝမ်ချွမ်းနှင့်အတူ ထွက်ခွာသွားရန် တွေးလိုက်သည်။ သူ ဤနေရာတွင် ကြာကြာမနေချင်ပေ။
ညနေငါးနာရီ ထိုးလုနီးပြီဖြစ်သည်။
ယခုအချိန်၌ ဟိုတယ်လော်ဘီတွင် ဧည့်သည်များစွာရောက်ရှိနေပြီဖြစ်ကြောင်း ယွမ်ရှင်းကျဲမသိပေ။
ယွမ်ချန်ရှန့်၊ ချီယင်နှင့် အခြားလူများက တံခါးတွင် ရပ်နေပြီး ဧည့်သည်များက ချီးကျူးဂုဏ်ပြုနေသည်ကို လက်ခံနေသည်။
" အိုး... ဒီကလေးနှစ်ယောက် တကယ်စေ့စပ်တော့မယ်လို့ မထင်ထားမိဘူး ဂုဏ်ပြုပါတယ်..."
" ဟုတ်ပါရဲ့ သူတို့နှစ်ယောက် စေ့စပ်ဖို့ လွယ်ခဲ့တာမဟုတ်ဘူး... အနာဂတ်မှာလည်း လက်ထပ်ပြီးရင် အချိန်ကြာကြာနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားဖို့ မျှော်လင့်ပါတယ်..."
" အာ ချီယုနဲ့ ယွမ်ရှင်းကျဲကိုလည်း မတွေ့ပါလား..."
ထိုစကားကြောင့် ယွမ်ချန်ရှန့် ပြန်ဖြေလိုက်သည်။
" အိုမီဂါတွေက ရှက်တတ်တယ်လေ... သူတို့ အပေါ်ထပ်မှာရှိပါတယ်..."
ဆယ်လွှာရှိ စေ့စပ်ပွဲကျင်းပမည့်နေရာသို့ ရောက်ရှိလာကြသည့် ဧည့်သည်များက ခမ်းနားသွာ ဝတ်ဆင်လာကြသည်။ ချီယင်က ဤကိစ္စအတွက် ပြင်ဆင်နေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ကြောင်း သိနိုင်သည်။
ချီယုက သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးမဖိနိုင်ဖြစ်နေသည်။ သူ နောက်ဆုံးတွင် ယွမ်ရှင်းကျဲနှင့် စေ့စပ်ရတော့မည်ဖြစ်သည်။
သူ့စိတ်ထဲတွင် အိမ်မက်မက်နေသကဲ့သို့သာ ခံစားရသည်။
ယွမ်ချန်ရှန့်နှင့် ချီယုက ဧည့်သည်များကို ဧည့်ခံလျက် အလုပ်များနေသဖြင့် ချင်ရွှမ်းက လူအုပ်ထဲမှ ရုတ်တရက် ပျောက်သွားသည်ကို သတိမထားမိလိုက်ပေ။
ယွမ်ရှင်းကျဲက ကိုးလွှာမှ အခန်းထဲတွင် ထိုင်နေပြီး မှတ်ဉာဏ်တုမှတစ်ဆင့် connector၏ ဒီဇိုင်းကိုစစ်ဆေးလျက် အချိန်ကုန်အောင် စောင့်နေသည်။
တံခါး ရုတ်တရက်ပွင့်လာပြီး ချင်ရွှမ်းက အထဲဝင်လာသည်။
ယွမ်ရှင်းကျဲ လန့်သွားပြီး ချင်ရွှမ်းကို မေးလိုက်သည်။
" ညစာစားပွဲ စပြီလား..."
ချင်ရွှမ်း၏ မျက်လုံးများထဲတွင် စိတ်မသက်မသာဖြစ်သွားသည့် အရိပ်အယောင်များကို တွေ့လိုက်ရသည်။ ခဏကြာပြီးနောက်တွင် တံခါးပိတ်ကာ သူမရင်ထဲမှ ခံစားချက်များကို ချိုးနှိမ်နေသကဲ့သို့ အသက်ပြင်းပြင်ရှုလိုက်သည်။
ယွမ်ရှင်းကျဲ မျက်မှောင်ကြုတ်လိုက်သည်။
" ဘာဖြစ်တာလဲ..."
" ရှင်းကျဲ... အမေ မင်းကို ပြောစရာရှိတယ်..."
ချင်ရွှမ်း မျက်လုံးများဖွင့်လိုက်ပြီးနောက်တွင် ယွမ်ရှင်းကျဲကိုကြည့်ကာ ဖြည်းဖြည်းပြောလိုက်သည်။
ချင်ရွှမ်း၏ အမူအရာကြောင့် ယွမ်ရှင်းကျဲ၏စိတ်ထဲတွင် မကောင်းသည့်ကိစ္စတစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားလိုက်ရသည်။
ယွမ်ရှင်းကျဲ၏ နိုးနိုးကြားကြားဖြစ်သွားသည့်ပုံစံကြောင့် ချင်ရွှမ်း ဆက်ပြောလိုက်သည်။
" ခဏနေရင် မင်းတက်ရမှာက ညစာစားပွဲမဟုတ်ဘူး... မင်းနဲ့ ချီယုရဲ့ စေ့စပ်ပွဲအခမ်းအနားပဲ..."
ချင်ရွှမ်း၏အသံက နူးညံ့ပြီး အနည်းငယ် တုန်လှုပ်နေသော်လည်း အခန်းထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားသည်။ ယွမ်ရှင်းကျဲ အံ့ဩမှုကြောင့် မျက်လုံးများ ပြူးကျယ်သွားမိသည်။
စက္ကန့်အနည်းငယ်အကြာတွင် အံ့အားသင့်မှုကြောင့် အော်လိုက်မိသည်။
" စေ့စပ်ပွဲအခမ်းအနား ဟုတ်လား..."
သူ့အသံထဲတွင် မယုံကြည်မှုနှင့် ထိတ်လန့်မှုတို့ဖြင့် ပြည့်နေသည်။
ယွမ်ရှင်းကျဲ ဒေါသပေါက်ကွဲသွား၍ ချင်ရွှမ်းက သူ့က်ု အမြန်ရှင်းပြလိုက်သည်။
" ရှင်းကျဲ အမေ မင်းကိုလာပြောပြတာ စိတ်ထဲ ပြင်ဆင်ထားစေချင်လို့ပါ..."
" ခင်ဗျား ဘယ်သူ့ကို လာနောက်နေတာလဲ..."
ယွမ်ရှင်းကျဲ၏ မျက်ခုံးနှစ်ဖက်က ထိစပ်လုမတတ်ဖြစ်နေပြီး မျက်ဝန်းများထဲတွင် ငြင်းဆန်မှုများဖြင့် ပြည့်နေသည်။
" ချီမိသားစုကို ကျွန်တော် မနေ့တည်းက ပြတ်ပြတ်သားသား ငြင်းလိုက်တာကို ကျွန်တော့်သဘောတူညီချက်လည်းမပါပဲ စေ့စပ်ပွဲ အခမ်းအနားလုပ်လိုက်ရလား..."
" အမေ နောက်နေတာ မဟုတ်ဘူး..."
ချင်ရွှမ်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
" တော်ဝင်မိသားစုရဲ့ သတင်းစာရှင်းလင်းပွဲက ညနေ၅နာရီမှာ လုပ်မှာ... အဲ့ဒီမှာ ထီးနန်းဆက်ခံမယ့်သူကို ကြေညာမယ့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကောင်အထည်ဖော်မယ့် ဥပဒေတစ်ခု ရှိသေးတယ်... အဲ့ဒါကတော့ ကိုက်ညီမှုရာခိုင်နှုန်းမြင့်တဲ့ အယ်လ်ဖာနဲ့ အိုမီဂါတွေက မဖြစ်မနေ လက်ထပ်ရမယ်ဆိုတာပဲ...."
Xxxxxxxxx