အပိုင်း ၁၂၉
Viewers 17k

Chapter 129


ချင်ရွှမ်း၏စကားများက ယွမ်ရှင်းကျဲ၏ ခေါင်းတည့်တည့်သို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။


သူ ပါးစပ်အဟောင်းသားဖြစ်သွားပြီး အချိန်အတော်ကြာသည်အထိ ဘာမှမပြောနိုင်တော့ပေ။ 


" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ယွမ်ရှင်းကျဲက အသက်မဲ့စွာဖြင့် ပြောလိုက်သည်။


သူ့စိတ်ထဲတွင် ဤကိစ္စကို မယုံကြည်ချင်သော်လည်း စုကျီနန်နှင့် ယူဂျင်းတို့ထံတွင် ဖြစ်ပျက်ခဲ့သည်များကြောင့် မဖြစ်နိုင်ခြင်းမရှိဟုလည်း တွေးမိနေသည်။


ယခင်က "အယ်လ်ဖာနှင့် အိုမီဂါများ မဖြစ်မနေ ပေါင်းဖက်ရမည်" ဟူသော ဥပဒေမှာ စွန့်ပစ်ကြယ်ပေါ်တွင်သာ သက်ရောက်မှုရှိပြီး စွန့်ပစ်ကြယ်ပေါ်တွင် နေထိုင်မည့်သူများ၏ ကလေးမွေးဖွားမှုန်းကို သေချာစေ‌ရန်ဖြစ်သည်။ 


ယခုအခါတွင် အင်ပါယာနှင့် မဟာမိတ်များအကြားမှ ဆက်ဆံရေးက တင်းမာလာပြီဖြစ်၍ ဤဥပဒေကို သက်ရောက်နိုင်သည့်နေရာ‌ကို ချဲ့ထွင်လာခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စရပ်တစ်ခုဟုသာ ဆိုနိုင်သည်။


ချင်ရွှမ်းက ယွမ်ရှင်းကျဲ၏ ထိတ်လန့်သွားသောအမူအရာကိုကြည့်ပြီး သူမရင်ထဲတွင် အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။ သူမ အသံတိုးတိုးဖြင့် ပြောလိုက်သည်။


" သားအဖေက စေ့စပ်ပွဲကိုရောက်မှ မင်းကို ပြောပြဖို့ စီစဉ်ထားပေမယ့် အမေကတော့ မင်းကို မလှည့်ဖြားချင်လို့ပါ..."


" တကယ်တော့ အမေကလည်း သား ချီယုကို လက်ထပ်သင့်တယ်လို့ တွေးမိတယ်... ဒါပေမဲ့ စေ့စပ်ပွဲ မစခင်အထိ သားမှာ စဉ်းစားဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်..."


ထိတ်လန့်နေရာမှ ပြန်သတိရလာသည့် ယွမ်ရှင်းကျဲက ချင်ရွှမ်းကိုစေ့စေ့ကြည့်ပြီး ထေ့ငေါ့ပြောလိုက်သည်။


" အဲ့တော့ ကျွန်တော်က ခင်ဗျားကို ကျေးဇူးတင်ရမှာလား..."


ယွမ်ရှင်းကျဲက သူမကိုသာမက ယွမ်မိသားစုနှင့် ချီမိသားစုကိုပါ မုန်းတီးကြောင့် ချင်ရွှမ်းသိသည်။


သို့သော် သူမတွင် ရွေးချယ်စရာမရှိပေ။ 


ချက်ရွှမ်းက မျက်လွှာချပြီး ပြောလိုက်သည်။

" စိတ်မဆိုးပါနဲ့ရှင်းကျဲ..."


ယခုချိန်တွင် ‌စိတ်ဆိုးဒေါသထွက်နေလျှင်လည်း အလကားဖြစ်ကြောင်းကို ယွမ်ရှင်းကျဲသိသည်။ ဤဟိုတယ်မှ မည်သို့ထွက်ပြေးရမည်ကိုသာ သူ့ခေါင်းထဲတွင် အသည်းအသန် စဉ်းစားနေရသည်။


သို့ရာတွင် ချင်ရွှမ်းက ယွမ်ရှင်းကျဲ၏အတွေးကိုသိပြီး အမြန်ပြောလိုက်သည်။


" ထွက်ပြေးဖို့ မကြိုးစားနဲ့တော့... အဲ့ဒီဥပဒေအတိုင်းသာဆို မင်းရဲ့ဖယ်ရိုမုန်းတွေက ချီယုနဲ့ပဲ ပေါင်းဖက်နိုင်မှာ... သူက မင်းအတွက် ကိုက်ညီမှုအမြင့်ဆုံးအယ်လ်ဖာပဲ သူ့ထက်ပိုပြီး ဘယ်သူမှ မမြင့်နိုင်တော့ဘူး..."


ချင်ရွှမ်း၏လေသံက ယခင်ကကဲ့သို့ ယွမ်ရှင်းကျဲကို ချီယုနှင့် လက်ထပ်ရန် စည်းရုံးနေသည်နှင့် မတူတော့ပေ။ 


သူမအသံထဲတွင် ကူကယ်ရာမဲ့မှု အနည်းငယ်ဖြင့် ပြည့်နေသည်။


ယွမ်ရှင်းကျဲ လက်ချောင်းများကို တင်းတင်းဆုပ်ထားမိသည်။ ဤကဲ့သို့ ရယ်စရာကိစ္စရပ်ကြီးက သူ့ထံတွင် ဖြစ်ပျက်လာမည်ဟု ယွမ်ရှင်းကျဲ မမျှော်လင့်ထားမိပေ။


ချင်ရွှမ်းကိူကြည့်လျက် ယွမ်ရှင်းကျဲ၏ လည်စလုတ်က လှုပ်ရှားသွားသည်။


" အဲ့ဒါကြောင့်မို့ ကျွန်တော့်ကိုလိမ်ညာပြီး ပြန်လာခိုင်းတာလား... ခင်ဗျားမြင်ချင်တာဒါပေါ့ ဟုတ်လား..."


သူ့လေသံထဲတွင် မုန်းတီးမှု စက်ဆုပ်မှုများ ပါဝင်နေသည်။


" နောက်ဆုံး ဆုံးဖြတ်ချက်ချတာ အမေ မဟုတ်ဘူး..."


ချင်ရွှမ်း မျက်လုံးမှိတ်ထားပြီး သူမအသံက ပို၍ပို၍ ပျော့ပျောင်းလာသည်။


" မိသားစုအတွက် ချီယုကိုလက်ထပ်ဖို့ မင်းကို အမေက အကြံပေးရုံပဲ ပေးခဲ့တယ်ဆိုတာ မင်းအဖေက လုပ်ခိုင်းလို့ပါ... စေ့စပ်ပွဲမတိုင်ခင် မင်းကို ဒီကိစ္စလာပြောပြတာ ငါတတ်နိုင်သမျှအကုန် လုပ်ပေးတာပဲ..."


" ချင်ရွှမ်း... ခင်ဗျားရဲ့သားက တစ်စုံတစ်ယောက်နဲ့ အတင်းအကြပါ လက်ထပ်လိုက်ရတာကို တကယ်မြင်ချင်တာလား..."


ယွမ်ရှင်းကျဲက သူမကိုကြည့်ကာ ရိုးသားစွာဖြင့် မေးလိုက်သည်။


သူ့စကားများကြောင့် ချင်ရွှမ်း လန့်သွားသည်။


ယခင်က သူမမိဘများကိုလည်း အလားတူမေးခွန်းမျိုး မေးခဲ့ဖူးသည်ကို ပြန်အမှတ်ရသွားသည်။


သူမအပေါ် ယွမ်မိသားစု၏ လွှမ်းမိုးမှုကြောင့် ကုမ္ပဏီနှင့် မိသားစုအကြားမှ ရေခဲချပ်ပါးလေးပေါ်တွင် အချိန်အတော်ကြာ လျှောက်လှမ်းခဲ့ရသည်။


မိသားစု၏ ကောင်းကျိုးအတွက်ဟုဆိုကာ သူမ မသိလိုက်မီအချိန်မှာပင် သူမကိုယ်တိုင်က မိမိအမုန်း‌ဆုံး လူစားမျိုး ဖြစ်လာခဲ့ရသည်။


ယခုအချိန်တွင် ယွမ်ရှင်းကျဲကိုကြည့်နေသော ချင်ရွှမ်း၏မျက်လုံးများက ပိုမို၍ လိပ်ပြာမကင်းဖြစ်လာသည်။


သူမ ယွမ်ရှင်းကျဲကို "တောင်းပန်ပါတယ်" ဟုသာ ပြောနိုင်တော့သည်။


" တောင်းပန်ပါတယ်ပဲပြောတာ ဈေးပေါတာပေါ့..."


ယွမ်ရှင်းကျဲ အနည်းငယ်စိတ်ငြိမ်သွားပြီးနောက် သူ့လေသံက အေးစက်စက်ဖြစ်လာသည်။


" ချင်ရွှမ်း အိုမီဂါတစ်ယောက်ရဲ့တန်ဖိုးကို လက်ထပ်တာနဲ့ပဲ ဘယ်တော့မှ သတ်မှတ်လို့မရဘူးလို့ ခင်ဗျားကို ပြောခဲ့ဖူးတယ်နော်..."


" ‌ဒါပေမဲ့ ဒါက အမှန်တရားပဲလေ..."


ချင်ရွှမ်းက သူမ ခံစားချက်များကို ထိန်းမထားနိုင်တော့၍ မျက်ရည်ဝဲလာသည်။

129.2


" ဒီလူ့အဖွဲ့အစည်းမှာ အိုမီဂါတွေဖို့ အခွင့်အရေး မရှိဘူးလို့ ပြောသားပဲ... ‌ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့တင် သိသာနေပြီပဲကို..."


ယွမ်ရှင်းကျဲ၏ ရင်ထဲတွင် ခံစားချက်များ ရောပြွန်းနေလျက်နှင့် ချင်ရွှမ်းကိုကြည့်လိုက်သည်။


ချင်ရွှမ်းမှားနေတာ သေချာပေါက်ပဲပေါ့...


ဒါပေမဲ့ ဒါတွေအားလုံးက သူမအမှား မဟုတ်ပါဘူး...


" ပြီးတော့ ချီယုကို လက်ထပ်ရမှာ ကောင်းပါတယ်..."


ချင်ရွှမ်းက မျက်ရည်မကျလာအောင် ထိန်းထားလိုက်ပြီးနော် ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားသည်။


" ယွမ်ရှင်းကျဲ ချီမိသားစုက မင်းကို ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူး... အမေတို့ ကုမ္ပဏီလည်း ပိုပြီးအဆင်ပြေလာမှာလေ... မင်းသာ မက်ခါသုံးချင်တယ်ဆိုရင် အနာဂတ်မှာ ရှစ်သန်းတန်မက်ခါမကဘူး သန်း၈၀တန် မက်ခါဆိုလည်း သုံးလို့ရတယ်..."


" ချီယုကိုလက်ထပ်ပြီး ချီမိသားစုရဲ့ အသုံးချခံဖြစ်လာပြီး သူတို့ပြောသမျှ ခေါင်းငုံ့ခံနေပေးရမှာလား..."


ယွမ်ရှင်းကျဲက ချင်ရွှမ်းပြောနေသည်ကို ဖြတ်ပြောလိုက်သည်။ 


" ခင်‌ဗျားတုန်းက‌‌တော့ အဲ့လိုမျိုးနေနိုင်ခဲ့ပေမယ့် ကျုပ်ကတော့ မနေနိုင်ဘူး..."


ချင်ရွှမ်းက ယွမ်ရှင်းကျဲကို အကြာကြီးစိုက်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်သည်။

" ကိုယ့် ကံကြမ္မာကိုယ် လက်ခံလိုက်ပါ..."


သူမ ပြောပြီးသည်နှင့် ‌မျက်လွှာချပြီး ပြန်ထွက်သွားသည်။


ချီယုနှင့် ယွမ်ရှင်းကျဲတို့၏ မင်္ဂလာကိစ္စကြောင့် စိတ်မပျော်မရွှင် ဖြစ်နေပုံရသည်။


ချင်ရွှမ်းထွက်သွားပြီးသည်နှင့် ယွမ်ရှင်းကျဲက ထိတ်ထိတ်ပျာပျာဖြစ်ပြီး စိုးရိမ်နေရမည်ဖြစ်သော်လည်း ယခုချိန်တွင် လုံးဝတည်ငြိမ်နေသည်။


ယွမ်ရှင်းကျဲ၏ စိတ်ထဲတွင် မူလပိုင်ရှင်နှင့် သုတေသနဌာနမှ ယူဂျင်းတို့၏ ကံကြမ္မာအကြောင်းကို ရုတ်တရက် တွေးမိသွားသည်။


မျက်လုံးမှိတ်ပြီး လည်ပင်း၏ညာဘက်မှ ဂလင်းနေရာမှ သွေးကြောများနှင့် နူးညံ့သောအသားအရည်ကို လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်လိုက်သည်။ 


သူက အိုမီဂါတစ်ယောက်ဖြစ်ပြီး ချီယုနဲ့ ဖယ်ရိုမုန်းကိုက်ညီမှုပမာဏ များနေတာနဲ့ပဲ သူ့ဘဝကို ချီယုဆီမှာ ချည်နှောင်ခံလိုက်ရမယ်တဲ့လား...


ဤကမ္မာပေါ်သို့ ပထမဆုံးအကြိမ် ရောက်လာခဲ့စဉ်ကတည်းက ဤကံကြမ္မာမှ ယွမ်ရှင်းကျဲ လွတ်မြောက်ချင်ခဲ့သည်။


သူ၏ ယခင်ဘဝတွင် ရောဂါကို နှစ်ပေါင်းနှစ်ဆယ်ခန့် တိုက်ခိုက်နေခဲ့ရပြီးနောက် မသေဆုံးမီတွင်လည်း မက်ခါနယ်ပယ်တွင် အလုပ်လုပ်ပေးနေခဲ့သည်။


ဒီလို ကံကြမ္မာမျိုးကို သူက လက်သင့်ခံရမယ်တဲ့လား...


ခဏအကြာတွင် ယွမ်ရှင်းကျဲ မျက်လုံးဖွင့်လိုက်သည့်အခါ သူ့မျက်ဝန်းများက စိန်ပွင့်ကဲ့သို့ တစ်လက်လက်တောက်ပနေသည်။


သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဖြစ်သည်။


ယွမ်ရှင်းကျဲ ကျောပိုးအိတ်ကို ဖွင့်လိုက်ချိန်တွင် သူတို့မခွဲခွာမီက သူ့ကိုယ်သူကာကွယ်နိုင်ရန်အတွက် လော့ဝမ်ချွမ်း‌ပေးထားခဲ့သည့် ဘူးငယ်လေးတစ်ဘူးကို တွေ့လိုက်သည်။ ထိုဘူးထဲတွင် ဓားအသေးတစ်ချောင်းပါဝင်သည်။


ယွမ်ရှင်းကျဲက ထိုဓားကို ကောက်ကိုင်လိုက်သည်။


ခလုတ်မနှိပ်မီတွင် ၎င်းက ငွေရောင်လက်ကိုင်တစ်ခုသာ ဖြစ်သည်။


ခလုတ်နှိပ်လိုက်ပါက လက်ကိုင်ထပ်မှု အမှုန်အမွှားလေးများမှတစ်ဆင့် ရွှေနှင့် ကျောက်စိမ်းတုံးများကိုပါ လှီးဖြတ်နိုင်သည့် ဓားငယ်တစ်ချောင်းဖြစ်သွားသည်။


ယွမ်ရှင်းကျဲက ခဏတာ တွန့်ဆုတ်နေပြီးသည့်နောက်တွင် လက်မြှောက်၍ ဓားကို လည်ပင်းနေရာနားကို ရွယ်နေသည်။


ဓား၏အရွယ်အစားက သူ့ဂလင်းကို ဖြတ်ထုတ်ရန်အတွက် အနေတော်ဖြစ်သည်။


ယွမ်ရှင်းကျဲက ဓားကို အင်္ကျီအိတ်ကပ်ထဲထည့်လိုက်သည်။ အပြင်သို့ ထွက်တော့မည့်အချိန်တွင် တစ်ခုခုကို သတိရသွား၍ မျက်ဝန်းများက အနည်းငယ် အရောင်လက်သွားသည်။


မှတ်ဉာဏ်တုကိုဖွင့်ပြီး လော့ဝမ်ချွမ်းကို မက်ဆေ့ပို့လိုက်သည်။


ထို့နောက်တွင် စိတ်ပိုင်းဖြတ်ပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။


ယွမ်ချန်ရှန့်က ယွမ်ရှင်းကျဲကို လာခေါ်တော့မည့်အချိန်တွင် သူနှင့်ဆုံသွားသည်။


" ချီမိသားစုရောက်နေပြီ မြန်မြန်သွားရအောင်..."


ညနေ ၅နာရီထိုးပြီဖြစ်သည်။


တော်ဝင်မိသားစု၏ သတင်းသာရှင်းလင်းပွဲကို တရားဝင် စတင်ပြီဖြစ်ပြီး ဘုရင်နှင့် ဘုရင်မကြီးတို့၏ပုံရိပ်က ရွှေရောင်ညီလာခံခန်းမထက်တွင် ပေါ်လာသည်။


ဘုရင်ကြီးက ပြောလေ့ပြောထရှိသော မိန့်ခွန်းအနည်းငယ် ပြောပြီးသည့်နောက်တွင် ဒုတိယမင်းသားကို ဖော်ထုတ်ပြသလိုက်သည်။ လော့ဝမ်ချွမ်းက လူအများရှေ့တွင် ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်းဖြစ်သည်။


ကင်မရာမီးရောင်များက တဖျတ်ဖျတ်ဖြင့် လော့ဝမ်ချွမ်း၏မျက်နှာပေါ်သို့သာ အဆက်မပြတ်ကျရောက်နေသည်။


အလိုအလျောက်ရိုက်ကူးသော စက်ရုပ်များသာမက နဂါးငွေ့တန်းပေါင်းစုံမှ သတင်းထောက်များက လျှို့ဝှက်ဆန်းကြယ်သည့် ဒုတိယမင်းသားကို သိချင်နေကြသည်။ ဤသတင်းကိုသာ လက်ဝယ်ရရှ်ိသွားပါက ယနေ့ညသတင်းကို လူမျာစွာက ဝင်ရောက်ဖတ်ရှု့ကြမည်ဖြစ်သည်။


ထိုအချိန်တွင် လော့ဝမ်ချွမ်းက  ကင်မရာရှေ့၌ ပေါ်လာသည်။


တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေကြသော ရှင်းဟိုင်စစ်တက္ကသိုလ်မှ ကျောင်းသားများအားလုံး နေရာတွင်ပင် ငုတ်တုတ်မေ့ကုန်ကြသည်။


" ဒါ... ဒါ ဘယ်လို..."


" လော့ဝမ်ချွမ်း... သူ... သူက ဒုတိယမင်းသားလား..."


" သောက်ကျိုးနည်းပြီ...  မင်းသားက ငါတို့ဘေးမှာ ရှိနေခဲ့တာလား..."


" ဘုရားရေ... ဒါ ဘယ်လိုတောင် မှော်ဆန်တဲ့ လှည့်ကွက်ကြီးလဲ... လော့ဝမ်ချွမ်းက စွန့်ပစ်ကြယ်ပေါ်က ဆင်းရဲတဲ့ကောင်လေး မဟုတ်ဘူးလား..."


" ဒုတိယမင်းသားက အရွယ်ရောက်တဲ့အထိ စွန့်ပစ်ကြယ်အပေါ်ကို ပြည်နှင်‌ဒဏ်ပေးခံလိုက်ရတာထင်တယ်..."


" ချီးပဲ... ငါက ဒုတိယမင်းသားနဲ့ အတန်းဖော် ဖြစ်နေခဲ့တာပေါ့..."


ဘုရင်ကြီးက ခန်းမဆောင်ထဲမှ ဝန်ကြီးများနှင့် သတင်းထောက်များကိုလှမ်းကြည့်လိုက်ကာ ဩဇာအာဏာဖြင့် ပြည့်ဝသောအသံဖြင့် ပြောလိုက်သည်။ သူ့၏အသံက ခန်းမ‌ဆောင်ထဲရှိ မိုက်ကရိုဖုန်းမှတစ်ဆင့် အင်ပါယာတစ်ခုလုံးမှ ကွန်ယက်များဆီသို့ ပျံ့နှံ့သွားသည်။


" ထီးနန်းဆက်ခံမယ့်သူကို မကြေညာခင် ကိစ္စတစ်ခု ကြေညာဖို့ရှိပါသေးတယ်..."


" လက်ထပ်ထိမ်းမြားခြင်းဥပဒေ အပိုဒ် ၂၃အရ ကိုက်ညီမှုရာခိုင်နှုန်းမြင့်တဲ့ အယ်ဖာနဲ့ အိုမီဂါတွေက မဖြစ်မနေလက်ထပ်ရမယ်လို့ ပြဌာန်းထားခဲ့ပါတယ်... ညီလာခံအစည်းအဝေးမှာ အဲ့ကိစ္စကို ဆွေးနွေးပြီးတဲ့အခါမှာ အင်ပါယာနဲ့ မဟာမိတ်တွေအကြားက တင်းမာလာတဲ့ ဆက်ဆံရေးအခြေအနေတွေကြောင့် ဒီဥပဒေကို စွန့်ပစ်ကြယ်မှာသာမကပဲ တစ်နိုင်ငံလုံးမှာ ပြဌာန်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ..."


ဘုရင်ကြီး၏ စကားဆုံးသည်နှင့် လူအများ အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။


လော့ဝမ်ချွမ်းသည်လည်း မျက်လုံးများ။ပြူးကျယ်သွားသည်။


သူက ဘုရင်မကြီး၏ဘေးတွင် ထိုက်နေသည်ဖြစ်၍ မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။


" ဘာတွေ ဖြစ်ကုန်တာလဲ... အစည်းအဝေးကရော ဘယ်တုန်းက လုပ်လိုက်တာလဲ..."


" အစည်းအဝေးက အရင်တည်းက အကြိမ်ပေါင်းများစွာလုပ်တယ်လေ ဆုံးဖြတ်လိုက်တာကတော့ သိပ်မကြာသေးဘူး..."


ဘုရင်မကြီးက ဖြည်းဖြည်းသာ ပြောလိုက်သည်။


xxxxxx