Chapter 130
လော့ဝမ်ချွမ်း ချက်ချင်းပင် ထရပ်လိုက်ပြီး ထွက်သွားရန်ပြင်လိုက်သည်။
ဘုရင်မကြီးက လန့်သွားပြီး အမြန်ထရပ်၍ လော့ဝမ်ချွမ်းကို လှမ်းဆွဲထားလိုက်ကာ တီးတိုးပြောလိုက်သည်။
" ချွမ်း မင်း ရူးနေတာလား... ခဏနေရင် ထီးနန်းဆက်ခံသူကို ကြေညာတော့မှာလေ..."
" ကျွန်တော့်မှာ အဲ့ထက် ပိုအရေးကြီးတဲ့ကိစ္စတွေရှိသေးတယ်..."
ယခုအချိန်တွင် လော့ဝမ်ချွမ်း၏ ရင်ထဲတွင် မသက်မသာဖြစ်နေသည်။
သူ ယွမ်ရှင်းကျဲကို အခုချက်ချင်းသွားတွေ့မှဖြစ်မယ်...
" ထီးနန်းဆက်ခံသူထက် ဘယ်ဟာကပိုပြီး အရေးကြီးနေတာလဲ... တခြားလူတွေအတွက်နဲ့ မင်းဘဝကိုမင်း ဖျက်ဆီးတော့မှာလား..."
ဘုရင်မကြီးက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
ဘုရင်ကြီးက ဤအချိန်တွင် သူတို့ဆီသို့ရောက်လာပြီး လော့ဝမ်ချွမ်းကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။
" ဘာဖြစ်လို့လဲ..."
" ကျွန်တော့်မှာ လုပ်စရာကိစ္စရှိလို့ပါ တောင်းပန်ပါတယ်..."
လော့ဝမ်ချွမ်းက ဘုရင်မကြီး၏လက်ကိုခါချလိုက်ပြီး အပြင်ထွက်သွားသည်။
ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် တုန်လှုပ်နေကြရုံသာမက စင်မြင့်ပေါ်မှ ဇာတ်လမ်းဆန်ဆန်အဖြစ်အပျက်ကြောင့် ကြည့်ရှု့သူများမှာ လော့ဝမ်ချွမ်းက ထီးနန်းဆက်ခံသူနေရာကို လက်လျှော့သွားကြောင်း မှန်းဆနိုင်လိုက်ကြသည်။
" လော့ဝမ်ချွမ်း..."
ဘုရင်မကြီးက အေးစက်စွာဖြင့် အော်ဟစ်လိုက်သည်။
" ယွမ်ရှင်းကျဲက ချီယုနဲ့ စေ့စပ်ပြီးသွားပြီ မင်းအခုမှသွားရင်လည်း အရမ်းနောက်ကျသွားပြီ..."
လော့ဝမ်ချွမ်း ထိုနေရာတွင်ပင် ချက်ချင်းရပ်သွားပြီး အေးခဲတောင့်တင်းသွားသည့် မျက်နှာဖြင့် အေးစက်စွာ မေးလိုက်သည်။
" မယ်တော်က ဒီကိစ္စကို ဘာလို့သိနေရတာလဲ..."
ဘုရင်မကြီးက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။
" မယ်တော်က မင်းနဲ့ကိုက်ညီမှုမြင့်တဲ့ အိုမီဂါကို ရှာတွေ့ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းစေချင်တာ အဲ့ဒါကြောင့် ချီယင်ကို ဒီကိစ္စအကြောင်း ပြောပြလိုက်တာ..."
" ကျွန်တော့်ဘဝကို ဖျက်ဆီးခဲ့တဲ့လူတွေက... ခင်ဗျားတို့ပဲ..."
လော့ဝမ်ချွမ်းက ခံစားချက်များဖြင့် ပြည့်နေသော မျက်ဝန်းဖြင့် ဘုရင်နှင့် ဘုရင်မကိုကြည့်ကာ ပြောလိုက်သည်။
ထို့နောက် အားလုံးက ဟန့်တားနေသည်ကို လော့ဝမ်ချွမ်းက လျစ်လျူရှု့ပြီး ညီလာခံခန်းမထဲမှ ထွက်လာခဲ့သည်။
မှတ်ဉာဏ်တုကို ဖွင့်ကြည့်လိုက်သည့်အခါ ယွမ်ရှင်းကျဲထံမှ မက်ဆေ့တစ်စောင် ရောက်နေသည်ကို တွေ့လိုက်ရသည်။
[ ကျွန်တော်အခု ပရိုက်စ်ဟိုတယ်မှာ... ဒီကိစ္စတွေ ပြီးသွားရင် နိုအာကြယ်ကို တူတူပြန်ရအောင်...]
လော့ဝမ်ချွမ်း၏ အကြည့်များက ပထမဆုံးစာကြောင်းတွင်သာ ရှိနေသည်။ ထို့နောက်တွင် လေယာဉ်ကို အမြန်မောင်းကာ ပရိုက်စ်ဟိုတယ်သို့ ထွက်ခွာသွားလိုက်သည်။
သူ့နှလုံးခုန်နှုန်းက အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။
သူ့ရင်ထဲတွင် စကားတစ်ခွန်းကိုသာ ထပ်ခါထပ်ခါ ပြောနေမိသည်။
အချိန်မီပါသေးတယ်... အချိန်မီပါသေးတယ်...
–––
ထိုအချိန်တွင်...
စေ့စပ်ပွဲခန်းမထဲသို့မဝင်မီတွင် ယွမ်ချန်ရှန့်က နေရခက်စွာဖြင့် ယွမ်ရှင်းကျဲကို ပြုံးပြလိုက်သည်။
" ရှင်းရှင်း တကယ်တော့ အဖေသားကို ခေါ်လာတာ ချီယုနဲ့ စေ့စပ်ပေးမလို့ပါ... အရမ်း ဒေါသမထွက်ပါနဲ့ သားကောင်းဖို့အတွက်ပဲ စီစဉ်လိုက်ရတာပါ..."
ယွမ်ချန်ရှန့် စကားဆုံးသည်နှင့် ယွမ်ရှင်းကျဲက ဒေါသထွက်သွားတော့မည်ဟုထင်၍ သူဘက်သို့ လှည့်ကြည့်လိုက်သည်။
သို့ရာတွင် "ကိုက်ညီမှုရာခိုင်နှုန်းမြင့်သည့် အယ်လ်ဖာနှင့် အိုမီဂါများက မဖြစ်မနေ လက်ထပ်ထိမ်းမြားရမည်" ဟူသော ဥပဒေက မကြာမီအချိန်တွင် အကျုံးဝင်လာတော့မည်ဖြစ်၍ ယွမ်ရှင်းကျဲ ဒေါသထွက်နေလျှင်လည်း မထူးပေ။
သို့သော် ယွမ်ချန်ရှန့်မျှော်လင့်သွားသည်နှင့် ဆန့်ကျင်ကာ ယွမ်ရှင်းကျဲက ဒေါသူပုန်ထမနေပေ။
" အင်း " ဟုသာ နာခံစွာ ပြောလိုက်သည်။
" သား သဘောတူတာလား..."
ယွမ်ချန်ရှန့်က အလွန်ဝမ်းသာစွာဖြင့် ယွမ်ရှင်းကျဲကို ကြည့်လိုက်သည်။
ယွမ်ရှင်းကျဲက သူ့အဖေကို မျက်လုံးလှန်ကြည့်ပြီး ရှင်းလင်းပြတ်သားသော လေသံဖြင့် ပြန်ပြောလိုက်သည်။
" အဖေတို့ ကျွန်တော့်ကို အမြဲ စိတ်ပူပန်ပေးတဲ့အတွက် ဒီနေ့ အံ့အားသင့်စရာတစ်ခု ပြန်ပေးချင်လို့ပါ..."
ယွမ်ရှင်းကျဲ၏စကားကြောင့် ယွမ်ချန်ရှန့်ရင်ထဲတွင် စိတ်အေးလက်အေးဖြစ်သွားပြီး သူ့ပခုံးကို လာပုတ်သည်။
" လိမ္မာတဲ့သားလေး... အရမ်းတော်တာပဲ... အနာဂတ်မှာ အဖေတို့မိသားစုနဲ့ ချီမိသားစုရဲ့ ဆက်ဆံရေးက မင်းအပေါ်မှာပဲ မူတည်တော့တယ်နော်..."
ခန်းမ၏တံခါးက ဖြည်းညင်းစွာပွင့်လာသည်။
ယွမ်ရှင်းကျဲက မျက်နှာအမူအရာမပြောင်းလဲပဲ ခန်းမထဲသို့ တည်ငြိမ်စွာလျှောက်လာသည်။
စေ့စပ်ပွဲ၏ အဓိကလူနှစ်ယောက်ထဲမှတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ဧည့်သည်များက စိတ်လှုပ်ရှားကုန်ကြသည်။
" ယွမ်ရှင်းကျဲ ရောက်လာပြီ..."
" သူ့ကိုကြည့်ရတာ အရမ်းပျော်နေသလိုပဲ..."
" ဗိုလ်ချုပ်ကြီးရဲ့သားနဲ့ လက်ထပ်ရတာကို မပျော်တဲ့အိုမီဂါ ရှိပါ့မလား..."
" ဒီစေ့စပ်ပွဲကြောင့် တော်ဝင်မိသားစုရဲ့ သတင်းစာရှင်းလင်းပွဲကိုတောင် မကြည့်လိုက်ရဘူး... ဒါပေမဲ့ အလဟဿတော့ မဖြစ်ပါဘူးလေ..."
" သတင်းစာရှင်းလင်းပွဲပြီးရင် သတင်းတွေတက်လာမှာပဲကို... ပြီးတော့ ဒုတိယမင်းသားအကြောင်းပဲလေ ဘာများ ထူးဆန်းနေလို့လဲ..."
" ဟုတ်သားပဲ... ငါလည်း ဒီစေ့စပ်ပွဲကိုကြည့်ရတာ ပိုစိတ်ဝင်စားတယ်..."
ယွမ်ရှင်းကျဲက အေးအေးဆေးဆေးပင် ဝင်လာသည်ကို တွေ့လိုက်သည့်အခါ ချီယု ရင်ထဲ အေးအေးဆေးဆေး ဖြစ်သွားသည်။
130.2
သူ ရှေ့သို့လျှောက်သွားလိုက်ပြီး ယွမ်ရှင်းကျဲကိုကြည့်ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
" ရှင်းကျဲ... ရုတ်တရက်ကြီးဖြစ်သွားတယ်မလား... မင်း လက်မခံနိုင်မှာစိတ်ပူနေတာ..."
" ဘာကများ ရုတ်တရက် ဖြစ်သွားတာလဲ... အဲ့ထက်ပိုပြီး ရုတ်တရက်ဆန်တာ ရှိဦးမှာပါ..."
ချီယုကိုကြည့်လျက် ယွမ်ရှင်းကျဲ၏နှုတ်ခမ်းက တွန့်ကွေးသွားသည်။
ချီယု အံ့အားသင့်သွားမိသည်။
" ဘာကို..."
" ဘာမှ မဟုတ်ဘူး..."
ယွမ်ရှင်းကျဲ၏အပြုံးက မီးရောင်အောက်တွင် ရိုးရှင်းကာ လှပနေသည်။
သူ တွေးနေသည့်အကြောင်းများကို မည်သူမျှ မသိကြပေ။
ဝတ်စုံပြည့်ဖြင့် ကြည့်ကောင်းနေသော ယွမ်ရှင်းကျဲကို ချီယု မျက်လုံးမခွာနိုင်အောင်ဖြစ်နေသည်။
ချီယုက နောက်ဆုံးတွင် လူကောင်းတစ်ယောက်ကို စေ့စပ်နိုင်ခဲ့သည့်အတွက် ဧည့်သည်များအားလုံး သက်ပြင်းချနေကြသည်။
အားလုံး၏ မနာလိုဖြစ်နေသော အကြည့်များအောက်တွင်ပင် စေ့စပ်ပွဲအခမ်းအနား စတင်တော့မည်ဖြစ်သည်။
ထိုအချိန်တွင် ယွမ်ရှင်းကျဲက ခန်းမရှေ့သို့ ရုတ်တရက် ထွက်လာပြီး စင်မြင့်ပေါ်တက်ကာ အစီအစဉ်မှူးကို ပြောလိုက်သည်။
" ကျွန်တော့်ကို မိုက်ခရိုဖုန်း ငှားလို့ရမလား... ကျွန်တော်နဲ့ စေ့စပ်ရမယ့် ချီယုကို ပြောစရာရှိလို့ပါ..."
အလွန်ပျော်ရွှင်နေပုံရသည့် ယွမ်ရှင်းကျဲနှင့် သူ၏မျက်ဝန်းထဲမှ အပြုံးကြောင့် အစီအစဉ်မှူးက များများစားစားတွေမနေတော့ပဲ မိုက်ခရိုဖုန်းကို ပေးလိုက်သည်။
" ရပါတယ်ယူပါ... ဝန်ခံချင်တာ ရှိတယ်ဆိုရင် ပြောသာပြောပစ်လိုက်..."
ထို့နောက် အစီအစဉ်မှူးက ကင်မရာသမားကိုပါ လှမ်းခေါ်လိုက်သည်။
" ဒါလေး မြန်မြန်လာရိုက်ပေးပါဦး..."
မိုက်ကို ယူပြီးသည်နှင့် ယွမ်ရှင်းကျဲက ဧည့်သည်များကို ပြုံးပြကာ တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။
" ဒီလို အခိုက်အတန့်လေးကို အားလုံးကိုယ်တိုင် မြင်တွေ့ရမှာမို့ ကျွန်တော်ဝမ်းသာပါတယ်... ဒီအချိန်အတောအတွင်း ကျွန်တော့်ဘဝမှာ ရှင်သန်နေရတဲ့ အဓိပ္ပါယ်ကို တွေးတောနေခဲ့မိတာ အခုတော့ သဘောပေါက်သွားပါပြီ... ကျွန်တော့်ရဲ့ တန်ဖိုးက ချီယုကို လက်ထပ်ရမယ် ကလေးမွေးရမယ် ခင်ပွန်းရဲ့စကားကို နားထောင်ရမယ် အဲ့အဆင့်လောက်ပဲ ရှိတာပါ... မက်ခါတပ်သားဆိုတဲ့ ဂုဏ်ပုဒ်ကလည်း အလဟဿပါပဲ... နိုင်ငံတော်အဆင့် မက်ခါပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ပွဲစဉ်တွေနဲ့ ရလဒ်တွေကလည်း အသုံးမဝင်ပါဘူး... ကျွန်တော့် ဘဝတစ်ခုလုံးက ချီယုအတွက်တော့ ဒီဇိုင်နာကိုယ်တိုင်ချုပ်ပေးထားတဲ့ အင်္ကျီလိုပဲ... အရာအားလုံး အဆင်သင့်ဖြစ်နေတာပေါ့လေ..."
ပရိသတ်များအားလုံး ရုတ်တရက် ငြိမ်ကျသွားသည်။
ထိုစကားများကို ကြားသည့်အခါ ချီယုပင် အံ့အားသင့်သွားသည်။
" ကျွန်တော့်ကို ချီမိသားစုနဲ့ လက်ထပ်ပေးဖို့ အသည်းအသန်ကြိုးစားပေးတဲ့ ကျွန်တော့်မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်... မစ္စတာချီယုရဲ့ အချစ်တွေအတွက်လည်း ကျေးဇူးတင်ပါတယ်... ကျွန်တော့်ရဲ့ ဖယ်ရိုမုန်းတွေက မစ္စတာချီယုနဲ့ ကိုက်ညီမှုများနေတဲ့အတွက်လည်း အရမ်းဂုဏ်ယူမိပါတယ်... ဘာလို့လဲဆိုတော့ အိုမီဂါတွေအားလုံးက သူတို့နဲ့ ကိုက်ညီမှုရာခိုင်နှုန်းမြင့်တဲ့ အယ်လ်ဖာတွေကို ရှာတွေ့ရင် ဂုဏ်ယူသင့်တယ်မလား..."
ချင်ရွှမ်းမှာ သူမ ကြားလိုက်ရသည်များကိုပင် မယုံကြည်နိုင်တော့သကဲ့သို့ ယွမ်ရှင်းကျဲကို ကြည့်နေသည်။
ယွမ်ရှင်းကျဲ၏စကားများထဲမှ လှောင်ပြောင်သရော်မှုများကို အားလုံးကြားနေရသည်။
သို့ရာတွင် ယွမ်ရှင်းကျဲ၏ အမူအရာက အလွန်တည်ငြိမ်နေပြီး ထိုကိစ္စအားလုံးက သူနှင့် မသက်ဆိုင်သကဲ့သို့သာ ပြောနေသည်။
ထို့နောက် ယွမ်ရှင်းကျဲက ချီယုကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။ သူ့အပြုံးက ထည်ဝါသောမီးဆိုင်းများအောက်တွင် အလွန်လှပကာ ဆွဲဆောင်မှု ရှိနေသည်။
သူ ချီယုကို လှမ်းမေးလိုက်သည်။
" ချီယု မင်းလည်း ငါ့ရဲ့ဖယ်ရိုမုန်းတွေကို သဘောကျတယ်မလား..."
ထိုစကားများကြောင့် ချီယု၏မျက်နှာက နီရဲသွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
" ကိုယ် သေချာပေါက် သဘောကျတာပေါ့... မင်းက ကိုယ်နဲ့ ကိုက်ညီမှုအမြင့်ဆုံး အိုမီဂါလေ... ကိုယ်တို့ဖယ်ရိုမုန်းတွေကလည်း ပေါင်းစပ်ဖို့ အကောင်းဆုံးပဲလေ..."
" ဟုတ်တယ် ဒီအာကာသတစ်ခွင်မှာ ကျွန်တော်က ချီယုနဲ့ ကိုက်ညီမှုဒီဂရီအမြင့်ဆုံး အိုမီဂါပဲ... ကျွန်တော်ကလွဲပြီး ချီယုကိုပျော်အောင် ဘယ်သူကလုပ်ပေးနိုင်ဦးမှာတဲ့လဲ..."
ယွမ်ရှင်းကျဲ၏ အသံက ခန်းမထဲတွင် ပဲ့တင်ထပ်နေသည်။
ချီယုက ယခုအချိန်တွင် ပျော်ရွှင်မှုများဖြင့် လွှမ်းခြုံနေပြီး လက်ချောင်းများတုန်ယင်လျက် ယွမ်ရှင်းကျဲကို စွဲမက်စွာဖြင့် ကြည့်နေသည်။
ကြည့်ရတာ ယွမ်ရှင်းကျဲကို သူနဲ့ အတင်းစေ့စပ်ခိုင်းလိုက်တာ မှန်သွားတဲ့ပုံပဲ...
အခု သူ့ကိုယ်သူ ဘယ်လောက်သဘောကျနေလဲ ကြည့်လိုက်ပါဦး...
" အဲ့ဒါကြောင့်မို့ မစ္စတာချီယု၊ ချီမိသားစုနဲ့ ကျွန်တော့်မိဘတွေကို ကျွန်တော် ဒီနေရာမှာပဲ လက်ဆောင်တစ်ခု ပေးချင်ပါတယ်..."
ယွမ်ရှင်းကျဲက ထိုလူများကို လှမ်းကြည့်လိုက်ပြီး အိတ်ကပ်ထဲမှ တစ်ခုခုကို ယူလိုက်သည်။
" သူတို့တွေ ဒီအခိုက်အတန့်လေးကို ထာဝရ မှတ်မိနေပြီး ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်လုံး မှတ်မိနေဖို့ မျှော်လင့်ပါတယ်..."
ယွမ်ရှင်းကျဲက ဤမျှမြန်မြန် စိတ်ပြောင်းသွားသည့်အတွက် ချီမိသားစုဝင်အားလုံးက ဝမ်းမြောက်စွာဖြင့် ပြုံးနေကြသည်။
ချီယင်က ချီယုကို ပြောလိုက်သည်။
" ကြည့်လိုက်ပါဦး အိုမီဂါတွေဆိုတာ ဒီလိုပါပဲ... အပေါ်ယံမှာတော့ မပျော်သလိုဟန်ဆောင်နေကြပေမယ့် တကယ်တော့ သူတို့က မင်းကိုအရမ်းသဘောကျကြတယ်... တကယ်လို့ သူတို့က ကြမ်းကြမ်းတမ်းတမ်းဖြစ်နေရင်တောင် နာခံစိတ်တော့ ရှိကြတယ်..."
ယွမ်ချန်ရှန့်က ပျော်ရွှင်စွာဖြင့် ပြုံးနေပြီး မမေးပဲ မနေနိုင်တော့ပေ။
" ရှင်းကျဲ ဘာလက်ဆောင် ပေးမလို့လဲ..."
" ဒီလက်ဆောင်က ဒီလူ့အဖွဲ့အစည်းထဲမှာ အိုမီဂါတွေကိုပဲ အရမ်းဂရုစိုက်ပေး တတ်ပြီး စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတဲ့သူတွေကိုလည်း ပေးမှာပါ..."
ယွမ်ရှင်းကျဲက အသံမြှင့်ပြီး ဆက်ပြောလိုက်သည်။
" အိုမီဂါတွေ ပျော်ရွှင်တဲ့ဘဝလေးရနိုင်တာ သူတို့ကြောင့်ပဲလေ..."
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ချင်ရွှမ်းမှာ နောက်ဆုံးတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်သွားသည်။
သူမ ရုတ်တရက် ကြက်သီးထလာမိသည်။
ခဏအကြာတွင် ချင်ရွှမ်း တုံ့ပြန်ရန် အချိန်ပင်မရှိလိုက်ပေ။
အားလုံး၏ စောင့်ကြည့်နေသော မျက်လုံးများအကြားတွင် ယွမ်ရှင်းကျဲက အိတ်ထဲမှ ငွေရောင်လက်ကိုင်နှင့် အရာတစ်ခုကိုထုတ်ပြီး ခလုတ်ကို လျင်မြန်စွာနှိပ်လိုက်သည်။
တောက်ပနေသည့် ဓားအရောင်က လင်းလက်နေပြီး လေကိုပင် ဖြတ်တောက်နိုင်တော့မည်ဟုပင် ထင်ရသည်။
ယွမ်ရှင်းကျဲ လက်မြှောက်၍ သူ့ညာဘက်လည်ပင်းမှ ဂလင်းရှိသည့်နေရာကို ဓားဖြင့် ရွယ်ထားလိုက်သည်။
အားလုံး ထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်ကုန်သည်။
ချီယု လှမ်းအော်လိုက်သည်။
" ယွမ်ရှင်းကျဲ မင်းဘာလုပ်မလို့လဲ..."
သူ့အသံက ယွမ်ရှင်းကျဲ၏ နားထဲမဝင်ချေ။
အားလုံး၏ အံ့ဩတကြီး အကြည့်များအောက်တွင် ယွမ်ရှင်းကျဲက ဓားကိုတင်းကြပ်စွာကိုင်လိုက်ပြီး တွန့်ဆုတ်ခြင်းမရှိပဲ ဂလင်းနေရာကို ထိုးချလိုက်သည်။
xxxxxxxx