အပိုင်း ၁၃၁
Viewers 17k

Chapter 131


" ရပ်လိုက်စမ်း..."


ယွမ်ချန်ရှန့်၏ မျက်လုံးများက အံ့ဩမှုကြောင့် ပြူးကျယ်သွားကာ သွေးရူးသွေးတန်းဖြင့် အော်ဟစ်လိုက်သည်။


ယွမ်ရှင်းကျဲ၏လက်ထဲမှ အလင်းဓားလေးက အရေပြားကိုထိသည်နှင့် ရပ်တန့်သွားသည်။ ဓား၏ချွန်ထက်သောအပိုင်းက အသားကို ဖြတ်တောက်ပြီးသွားပြီဖြစ်၍ ဒဏ်ရာမှ သွေးများစီးကျလာသည်။


" လန့်သွားတာလား..."


ယွမ်ရှင်းကျဲက နှုတ်ခမ်းကို ကွေးညွတ်လိုက်ပြီး သူ့မျက်ဝန်းများထဲတွင် လက်စားချေလိုသည့် အရိပ်အယောင်များ ရှိနေသည်။


" ယွမ်ချန်ရှန့် ခင်ဗျားရဲ့သားက အခုနေ ဘီတာတစ်ယောက်ဖြစ်သွားမယ်ဆိုရင် အရမ်းဝမ်းနည်းသွားမှာပဲမလား..."


ယွမ်ရှင်းကျဲ ရပ်တန့်သွားသည်ကိုမြင်၍ သူ့ဘေးမှ အစောင့်များက သူ့ကိုတားရန် ရှေ့တိုးလာသော်လည်းယွမ်ရှင်းကျဲက သူတို့ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ 


" တစ်ယောက်ယောက် ရှေ့တိုးလာမယ်ဆိုရင် ဂလင်းကို တိုက်ရိုက် ဖြတ်ထုတ်ပစ်လိုက်မှာနော်..."


ဧည့်သည်များအားလုံး ချွေးစေးများပြန်လာသည်။


အိုမီဂါတစ်ယောက်က ဂလင်းကို ဖြတ်ထုတ်လိုက်ပါက တန်ရာတန်ကြေးကို ပေးဆပ်ရမည်ဖြစ်ပြီး ၎င်းက သေခြင်းတရားပင်ဖြစ်သည်။


" ရှင်းရှင်း စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့... ဓားကို မြန်မြန်ချလိုက်..."


ယွမ်ချန်ရှန့်၏ အသံက တုန်ယင်နေသည်။ သူ့မျက်လုံးက ဓားကိုသာ စိုက်ကြည့်နေပြီး ရှေ့တိုးမလာရဲတော့ပေ။


ချင်ရွှမ်း၏ မျက်နှာက ဖြူဆုတ်နေပြီး ယွမ်ရှင်းကျဲကိုကြည့်ကာ အော်လိုက်သည်။


" ရှင်းကျဲ ဂလင်းကိုဖြတ်ထုတ်လိုက်ရင် သေလိမ့်မယ် လျှောက်မလုပ်နဲ့..."


ယွမ်ရှင်းကျဲ၏ အလင်းဓားလေးက ဂလင်း၏အပြင်ပိုင်းနေရာကို ဖြတ်တောက်လိုက်သည်ကိုကြည့်ပြီး ချီယု၏ ခြေထောက်များ ပျော့ခွေမတတ်ပင်ဖြစ်သွားသည်။ သူ့လည်ပင်းကို ဓားနှင့်လှီးလိုက်သည်ဟုပင် ခံစားမိလာ၍ ကျောပြင်တွင် ချွေးများစိုရွှဲလာသည်။


အကယ်၍ ယွမ်ရှင်းကျဲ၏ဓားက ရှေ့ဆက်တိုးသွားပါက ကြယ်တာရာတစ်ခွင်တွင် သူနှင့်ကိုက်ညီမှုအရှိဆုံး ဖယ်ရိုမုန်းက တည်ရှိတော့မည်မဟုတ်ပေ။


" ရှင်းကျဲ... ငါ... ငါ မှားပါတယ်... မင်းကို စေ့စပ်ဖို့ တွန်းအားမပေးလိုက်သင့်ဘူး..."


ချီယုက စိုးရိမ်တကြီးနှင့် ကျယ်လောင်စွာအော်ပြောလိုက်ပြီး သူ့အသံက တုန်ယင်နေသည်။


" မိုက်မဲတဲ့လုပ်ရပ်တွေ မလုပ်ပါနဲ့... မင်း... မင်းရဲ့ဂလင်း ပျက်စီးသွားမယ်ဆိုရင်..."


" ပျက်စီးသွားရင် မင်းနဲ့ ဖယ်ရိုမုန်းကိုက်ညီမှုဒီဂရီ အမြင့်ဆုံးဖြစ်တဲ့ အိုမီဂါကို ဆုံးရှုံးလိုက်ရမှာပေါ့..."


ယွမ်ရှင်းကျဲက ပြုံးရုံသာပြုံးပြီး ဖြည်းညင်းစွာပြောလိုက်သည်။


" ဒါဆိုရင် မင်းတို့ ချီမိသားစုရဲ့ ' မျိုးဆက်ကောင်း ' လေးတွေပါ ပျက်စီးသွားမှာပေါ့ ... နှမြောစရာကြီး ဟုတ်တယ်မလား..."


ချီယင်နှင့် ယွီဝမ်တို့ ယွမ်ရှင်းကျဲ၏ စကားကိုကြားသည့်အခါ သူတို့မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်သွားသည်။


" ယွမ်ရှင်းကျဲ မကျေနပ်တာ တစ်ခုခုရှိတယ်ဆိုရင် ဆွေးနွေးလို့ရတယ်လေ..."


ချီယင်က သူ၏ စစ်မြေပြင်မှ ဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်နေသကဲ့သို့ပုံစံဖြင့် ယွမ်ရှင်းကျဲကို လေးနက်တည်ကြည်စွာကြည့်နေသည်။


" ငါတို့ ချီမိသားစုဆီကနေ ဘာလိုချင်တာလဲ... ဘာပဲဖြစ်ဖြစ် မင်းလိုချင်တာကို ဖြည့်ဆည်းပေးမယ် ဂလင်းကိုတော့ မဖြတ်ထုတ်ပစ်ပါနဲ့..."


ယွမ်ရှင်းကျဲက သူ့ကိုယ်သူ ဓားစာခံအဖြစ်ခံသည်အထိ ခေါင်းမာသော အကျင့်စရိုက်ရှိလိမ့်မည်ဟု ယွီဝမ် မမျှော်လင့်ထားခဲ့ပေ။


အကယ်၍ ဂလင်းပျက်စီးသွားပါက ချီမိသားစုအတွက် ဆုံးရှုံးမှုကြီး ဖြစ်သွားနိုင်သည်။


သို့ဖြစ်၍ ယွီဝမ်က စည်းရုံးလိုက်သည်။


" ရှင်းကျဲ ချီမိသားစုက အမှားလုပ်ခဲ့မိပေမယ့် မင်းကို ထိခိုက်သွားဖို့ မရည်ရွယ်ပါဘူး... ငါတို့ မိသားစုနှစ်စုလုံးက မင်းပျော်ရွှင်ဖို့ပဲ မျှော်လင့်တာပါ ဓားအောက်ချလိုက်နော်..."


ပူလောင်လွန်းလှသည့် ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲသို့ ချီယုက စိတ်ပူပန်နေပြီး သူ့လည်စလုတ်က အထက်အောက် ရွေ့လျားနေသည်။ ခဏအကြာတွင် သူ ယွမ်ရှင်းကျဲဆီသို့ လျှောက်သွားသည်။


သို့ရာတွင် ချီယုရှေ့တိုးလာသည်နှင့် ယွမ်ရှင်းကျဲ၏ လက်ထဲမှ အလင်းဓားလေးက ဒဏ်ရာပေါ်သို့ ခပ်နက်နက် ထိုးစိုက်လိုက်သည်။


" ဘုရားရေ..."

ပရိသတ်၏ တအံ့တဩအော်ဟစ်လိုက်သံကြောင့် ချီယု ချက်ချင်းရပ်သွားသည်။


" ရှင်းကျဲ ကိုယ်မင်းကို တောင်းပန်ပါတယ်... ဂလင်းကို ဒဏ်ရာရသွားအောင် မလုပ်ပါနဲ့..."

ချီယု၏ နဖူးပြင်တွင် ဇောချွေးများ အဆက်မပြတ်ကျဆင်းလာသည်။ ခြောက်သွေ့နေသည့် နှုတ်ခမ်းများကိုသပ်ကာ သနားစဖွယ် တောင်းပန်နေသည်။


" မင်းသာ ဓားကိုအောက်ချလိုက်မယ်ဆို ကိုယ်ဘာမဆို လုပ်ပေးမယ်..."


ချင်ရွှမ်းလည်း လှမ်းအော်လိုက်သည်။


" ရှင်းကျဲ အမေတို့ဒီနေ့ စေ့စပ်ပွဲမလုပ်တော့ပါဘူး ရပ်လိုက်တော့..."


ယွမ်ရှင်းကျဲ သရော်လိုက်သည်။ သူ့ဒဏ်ရာမှ ကတ္တီပါနီရောင်သွေးများ စီးကျနေပြီး ဖြူဖွေးနေသော လည်တိုင်လေးကို ကြက်သွေးရောင်ခြယ်ပေးနေသကဲ့သို့ ဖြစ်နေသည်။


" မင်း မျက်လုံးထဲမှာ ငါ့ရဲ့ဂလင်းကပဲ တန်ဖိုးရှိတယပေါ့ ဟုတ်လား..."


ယွမ်ရှင်းကျဲက လူအုပ်ကြီးကိုကြည့်ပြီး တဖြည်းဖြည်းပြောလိုက်သည်။


"  ဓားက နောက်ဆုံး ကျွန်တော့်ဂလင်းပေါ်ရောက်မှ ခင်ဗျားတို့အားလုံး အမှားလုပ်မိမှန်းသိတာပေါ့..."


ယွမ်ချန်ရှန့်၏ မျက်နှာဝိုင်းဝိုင်းတွင် ချွေးများစိုရွှဲနေပြီဖြစ်သည်။ ယွမ်ရှင်းကျဲလက်ထဲမှ ဓားကိုလုရန် အစောင့်များကို မျက်ရိပ်ပြလိုက်သော်လည်း ယွမ်ရှင်းကျဲမှာ စစ်တက္ကသိုလ်တွင် လေ့ကျင့်ခဲ့သူဖြစ်၍ တုံ့ပြန်မှုတိုင်းက ဖျတ်လတ်မြန်ဆန်လွန်းလှသည်။


အစောင့်က ဓားကို အလှစ်ဝင်လုချင်သော်လည်း ယွမ်ရှင်းကျဲက သူ့ကိုမြင်သွား၍ဘာမှမလုပ်နိုင်ပဲ ရပ်တန့်လိုက်ရသည်။


ဒုန်းခနဲအသံဖြင့် ချီယုက ရုတ်တရက် မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။


သူ့ရှေ့မှ လူများက ချီယုဒူးထောက်နေသည်ကို ယွမ်ရှင်းကျဲ မြင်သွားစေရန် အမြန်ဖယ်ပေးလိုက်ကြသည်။


" ကိုယ် တောင်းပန်ပါတယ်... တကယ် တောင်းပန်ပါတယ်... ကိုယ်နဲ့ လက်ထပ်ဖို့ မင်းကို တွန်းအားမပေးခဲ့သင့်ဘူး..."


ချီယုက ကြမ်းပြင်ပေါ် ဒူးထောက်နေစဉ်မှာပင် သူ့လက်ချောင်းများက တုန်ယင်နေဆဲဖြစ်သည်။

131.2


" ရှင်ကျဲ ကိုယ်မင်းကို ဖိအားမပေးတော့ပါဘူး... ကိုယ်အခု တောင်းပန်နေတာပါ ကိုယ့်ကိုကိုယ်ထိခိုက်အောင် မလုပ်ပါနဲ့..."


ချီယုက ယွမ်ရှင်းကျဲ၏ ဂလင်းကို စိတ်ပူသည်မှာ အမှန်ပင် ဖြစ်သော်ငြားလည်း ယွမ်ရှင်းကျဲ၏လည်ပင်းတွင် သွေးများမြင်လိုက်သည့်အခါ သူ့ရင်ထဲတွင် ပူဆွေးသောက ရောက်သွားရသည်။


ထိုဂလင်းထက်စာလျှင် ချီယုက ယွမ်ရှင်းကျဲ၏ ဘေးကင်းရေးကိုသာ ပိုဂရုစိုက်သည်။


" အခုမှ ကိုယ့်အမှားကိုယ်ဝန်ခံတော့ရော ဘာထူးလဲ... မင်းပြောတာကို ငါယုံမယ်ထင်နေလား..."

ယွမ်ရှင်းကျဲက ဝမ်းသာဝမ်းနည်းခြင်းမရှိသော မျက်ဝန်းများဖြင့် ချီယုကို ကြည့်လိုက်သည်။ 


ယွမ်ရှင်းကျဲ၏ စကားလုံးများက သူ့ကို ဓားဖြင့်လှီးလိုက်သကဲ့သို့ နာကျင်သွားစေသည်။


" ကိုယ်မလိမ်ပါဘူး... တကယ်ပြောနေတာပါ..."

ချီယုက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။


ယွမ်ချန်ရှန့်က ရှေ့သို့တဖြည်းဖြည်းတိုးလာကာ ပြောလိုက်သည်။


" ရှင်းကျဲ... ဓားကိုအောက်ချလိုက်ပါ... ဂလင်းက မင်းဘဝပဲ... ဂလင်းသာမရှိတော့ရင် မင်းဘဝက အရှုံးတွေနဲ့ပဲ ပြည့်သွားမှာ..."


" ခင်ဗျားဘဝကိုရော အရှုံးတွေနဲ့ပြည့်နေတယ်လို့ မခံစားရဘူးလား... မက်ခါလည်း မမောင်းနိုင်၊ ကုမ္ပဏီကလည်း ဇနီးဖြစ်သူကို မှီခိုနေရတာ အခုလည်း အကျိုးအမြတ်အတွက် သားဖြစ်သူရဲ့ဂလင်းကို ရောင်းစားရတော့မယ်... စိတ်မကောင်းပေမယ့် ဒီထက် လူဖြစ်ရှုံးတဲ့ဘဝကို ကျွန်တော် မတွေးတတ်တော့ဘူး..."


ယွမ်ရှင်းကျဲက မျက်ခုံးပင့်ကာ ယွမ်ချန်ရှန့်ကို ‌ထေ့ငေါ့‌လိုက်သည်။


ယွမ်ချန်ရှန့်မှာ လူအများကြားတွင် အရှက်ခွဲခံလိုက်ရသည့်အပြင် စကားလုံးတိုင်းက ချက်ကောင်းကိုသထိသွားသည်များသာ ဖြစ်သည်။


သူ စိတ်အနှောင့်အယှက်ဖြစ်သွားပြီး လက်သီးတင်းတင်းဆုပ်ကာ ယွမ်ရှင်းကျဲကို ခက်ထန်စွာပြောတော့သည်။


" ယွမ်ရှင်းကျဲ မင်း ဂလင်းကို ဖျက်ဆီးလိုက်မယ်ဆိုရင် ငါ့သားမဟုတ်တော့ဘူး... ငါတို့ ယွမ်မိသားစုကလည်း မင်းနဲ့ အခုချိန်ကစပြီး ဇာတ်လမ်းဖြတ်ပစ်မယ်..."


ချင်ရွှမ်း၊ ချီယုနှင့် အခြားလူများမှာ ယွမ်ချန်ရှန့်က ထိုစကားကို ထိတ်ထိတ်ပျာပျာဖြင့် ပြောလိုက်မည်ဟု မထင်ထားခဲ့ပေ။


" အိုး အဲ့လိုလား ဒါဆိုလည်း ကိုယ့်စကားကိုယ်တည်နော်..."


ယွမ်ရှင်းကျဲက ဖြူစင်စွာဖြင့် ပြုံးပြလိုက်သည်။


ဓားကိုကိုင်ပြီး ဓားထိပ်ဖျားကို အတွင်းသို့ နက်အောင် ထိုးစိုက်လိုက်သည်။


သူ့ခွန်အားဖြင့်ဆိုလျှင် ဂလင်းကို သေချာပေါက် ဖြတ်ထုတ်သွားနိုင်မည်ဖြစ်သည်။


အားလုံး ထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။


–––


ပရိုက်စ်ဟိုတယ်၏ အပြင်ဘက်တွင်...


လော့ဝမ်ချွမ်း၏လေယာဉ်က အရှိန်ကန့်သတ်ချက်ကို ကျော်လုနီးပါးပင် ဖြစ်သွားသည်။ လေယာဉ်ပေါ်မှ ဆင်းလာပြီးသည့်နောက် စေ့စပ်ပွဲကျင်းပရာနေရာသို့ တစ်ဟုန်ထိုး ပြေးသွားလိုက်သည်။


သူ့ရင်ခုန်သံများ တဖြည်းဖြည်း မြန်ဆန်လာပြီး နှလုံးသားတစ်ခုလုံးပင် ရင်ဘတ်ထဲမှ ‌ပြုတ်ကျလုမတတ်ဖြစ်လာသည်။


ဆယ်လွှာမှ စေ့စပ်ပွဲခန်းမသို့ လော့ဝမ်ချွမ်းရောက်သွားချိန်တွင် တံခါးဝမှ စိုးရိမ်တကြီး အော်ဟစ်သံများကို ကြားလိုက်ရသည်။


သူ့ရင်ထဲမှ နိမိတ်မကောင်းသော ခံစားချက်က တဖြည်းဖြည်း အားပြင်းလာသည်။


နောက်အခိုက်အတန့်တွင် လော့ဝမ်ချွမ်းက ရှေ့သို့ပြေးသွားကာ တံခါးကို ကန်လိုက်သည်။


တံခါးပွင့်သွားချိန်တွင် လော့ဝမ်ချွမ်း၏မျက်လုံးများက စင်မြင့်ပေါ်တွင် ရပ်နေသည့် ယွမ်ရှင်းကျဲကို တွေ့သွားသည်။


ယွမ်ရှင်းကျဲ သူ့ကိုယ်သူကာကွယ်နိုင်ရန်အတွက် လော့ဝမ်ချွမ်းပေးထားခဲ့သည့် ဓားလေးကို သူ့လက်ထဲတွင်ကိုင်ထားသည်ကို မြင်လိုက်ရသည်။


ကျယ်လောင်စွာအော်ဟစ်နေသည့် အသံများအကြားတွင် ယွမ်ရှင်းကျဲက သူ့ဂလင်းကို သေသပ်စွာ လှီးချပစ်လိုက်သည်။


ဓားမှ အလင်းရောင်က လော့ဝမ်ချွမ်း၏မျက်လုံးထဲ ရောင်ပြန်ဟပ်သွားပြီး ထိုဓားဖြင့် သူ့နှလုံးသားကို လှီးဖြတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။


လော့ဝမ်ချွမ်း အော်ဟစ်၍ ယွမ်ရှင်းကျဲကို တားမြစ်လိုက်ချင်သော်လည်း သူပါးစပ်ဟမည့်အချိန်မှာပင် တစ်စုံတစ်ခုက သူ့လည်ချောင်းကို ပိတ်ဆို့ထားသကဲ့သို့ အသံထွက်မရ ဖြစ်နေသည်။ 


ယွမ်ရှင်းကျဲ ဂလင်းကို ဖြတ်ပစ်လိုက်သည့်ပုံက တိကျပြတ်သားပြီး အားပါလွန်းလှသည်။


ဂလင်းပျက်စီးပြီးသည့်နောက် မူလပိုင်ရှင်က သေဆုံးခဲ့သော်လည်း မူလပိုင်ရှင်က heatဝင်နေချိန်တွင် ထိုသို့ပြုလုပ်ခဲ့သောကြောင့်သာ သေဆုံးသွားရခြင်းဖြစ်သည်။


သို့ရာတွင် ယခုလက်ရှိ ယွမ်ရှင်းကျဲက ထိုအနေအထားတွင် မဟုတ်၍ အသက်အန္တရာယ်မရှိပေ။


သို့ရာတွင် ဂလင်းများက နူးညံ့၍ ဆတ်ဆတ်ထိမခံနိုင်သော ကိုယ်တွင်းအင်္ဂါများဖြစ်သည်။


အလင်းဓားက ဂလင်းကို ဖြတ်မိသွားသည်နှင့် စူးရှသောနာကျင်မှုက ချက်ချင်းပျံ့နှံ့သွား၍ ယွမ်ရှင်းကျဲ လေအေးကို ရှုရှိုက်လိုက်ရသည်။


အံကြိတ်၍ နာကျင်မှုကို အန်တုထားပြီး ဂလင်းကို တိတိကျကျဖြတ်တောက်လိုက်၍ အမာရွတ်ကြီး ကျန်နေခဲ့သည်။


ချက်ချင်းပင် ဒဏ်ရာမှ သွေးများစီးကျလာပြီး ယွမ်ရှင်းကျဲ၏ လည်တိုင်ဖွေးဖွေးလေးတွင် သွေးကွက်ကြီးဖြစ်လာသည်။


လှုံ့ဆော်ခံထားသော ဂလင်းကြောင့် ဖယ်ရိုမုန်းများကို ချက်ချင်း စုပ်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။


" ယွမ်ရှင်းကျဲ မင်းရူးနေလား..."


‌ယွမ်ချန်ရှန့် သူ့မျက်လုံးသူ မယုံနိုင်ဖြစ်သွား၍ စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။


ချင်ရွှမ်း၏ မျက်နှာက ဖြူဖျော့သွားသည်။ ကိစ္စများက ဤအခြေအနေထိ ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။


ချီမိသားစုက ပို၍ပင် ကြောက်လန့်နေကြသည်။ ယွမ်ရှင်းကျဲက ဤအခွင့်အရေးကိုအသုံးချကာ အကျိုးအမြတ်ကို တောင်းဆိုပြီး ဂလင်းကို အမှန်တကယ် မထုတ်ထုတ်ပစ်နိုင်ဟု သူတို့ထင်ခဲ့ကြသည်။ သို့ရာတွင် ယွမ်ရှင်းကျဲက စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ကြောင်း သူတို့မသိကြပေ။


နှင်းဆီရနံ့ဖယ်ရိုမုန်းများက တစ်ခဏတွင်းချင်း ပျံ့နှံ့သွားသည်။


သို့ရာတွင် ထိုဖယ်ရိုမုန်းအနံ့က သွေးနံ့ပြင်းပြင်းနှင့် အတူလွင့်လာခြင်းဖြစ်၍ မည်သည့်အယ်လ်ဖာမှ စိတ်မတည်မငြိမ် မဖြစ်ကြပေ။ 


ဤမြင်ကွင်းမှာ သွေးအိုင်ထဲတွင် ပွင့်လန်းနေသော နှင်းဆီတစ်ပွင့်နှင့်ပင် တူနေသည်။


xxxxxx