Chapter 132
အားလုံးထိတ်လန့်တကြားဖြစ်နေစဉ်မှာပင် ချီယုက အသိစိတ်ပြန်ကပ်လာသည်။ သူ ရှေ့တိုးပြီး တစ်ခုခုလုပ်ရန် ပြင်လိုက်စဉ်မှာပင် လူအုပ်ထဲမှ အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ထွက်လာသည်။
ချီယု မတုံ့ပြန်နိုင်မီမှာပင် လော့ဝမ်ချွမ်းက လူအုပ်ကြီးကို တိုးဝှေ့လျက် ယွမ်ရှင်းကျဲ၏ဘေးသို့ ရောက်လာသည်။
စူးရှပြင်းထန်သည့် နာကျင်မှုကြောင့် ယွမ်ရှင်းကျဲက မည်သည်ကိုမှ စဉ်းစားနိုင်စွမ်းမရှိတော့ပေ။ လော့ဝမ်ချွမ်းကို မြင်သည့်အခါ တစ်စက္ကန့်ခန့် မယုံကြည်နိုင်အောင် ဖြစ်သွားသည်။
" စီနီယာ..."
ယွမ်ရှင်းကျဲ၏ လက်ချောင်းများတုန်ယင်လာပြီး သူ့လက်ထဲမှ အလင်းဓားလေးက မြေပြင်ပေါ် ပြုတ်ကျသွားသည်။
" ဘာလို့..."
သူ့စကားမဆုံးမီမှာပင် ဂလင်းကိုဖြတ်တောက်လိုက်သည့် ရောဂါလက္ခဏာများက သိသာလာသည်။ ခြေထောက်များပျော့ခွေလာပြီး ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏ ရင်ခွင်ထဲ၌ပင် သတိလစ်သွားသည်။
လော့ဝမ်ချွမ်း၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုနှင့် ကြောက်လန့်မှုများဖြင့်ပြည့်လာပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
" စကားမပြောနဲ့ဦး ကိုယ်မင်းကို အခုပဲ ဆေးရုံခေါ်သွားပေးမယ်..."
စကားဆုံးသည်နှင့် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုပွေ့ချီလိုက်ပြီး စေ့စပ်ပွဲခန်းမမှ ထွက်သွားသည်။
လော့ဝမ်ချွမ်း၏ အမူအရာက အလွန်ကြောက်စရာကောင်းနေသောကြောင့်ပင်ဖြစ်လိမ့်မည်။ ယွမ်မိသားစုအပါအဝင် မည်သူကမှ သူ့ကိုမတားမြစ်ရဲပေ။
သူ့ရင်ခွင်ထဲတွင် တင်းကြပ်စွာ အပွေ့ခံထားရသော ယွမ်ရှင်းကျဲမှာ သူ၏ဖယ်ရိုမုန်းများ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ခံစားမိလာပြီး သူ့ဂလင်းလည်း ပျက်စီးသွားကြောင်း သိလိုက်သည်။
လေထဲမှ နှင်းဆီရနံ့က ပျောက်ကွယ်လုနီးနီးပင် ဖြစ်သွားသည်။
သွေးအိုင်ထဲတွင် ပွင့်လန်းနေခဲ့သည့် နှင်းဆီများက လျင်မြန်စွာ ခြောက်သွေ့သွားသည်။
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကို ကြည့်နေမိသည်။
သူ့နေရာမှဆိုလျှင် လော့ဝမ်ချွမ်း၏ ဖြူဖွေးသန့်စင်နေသော လည်တိုင်၊ ထင်ရှားသည့်လည်စလုတ်နှင့် မေးရိုးထင်းထင်းကို မြင်နေရသည်။
၎င်းက တရင်းတနှီးရှိနေသည့် ချောမောခံ့ညားသော မျက်နှာတစ်ခုပင်ဖြစ်သည်။
သူ့မျက်နှာက ယခင်ကဲ့သို့ အေးစက်တည်ငြိမ်ခြင်း မရှိတော့ပဲ အနည်းငယ်ပျာယာခတ်နေပုံရသည်။
ယွမ်ရှင်းကျဲကို ပွေ့ချီလျက် အပြင်သို့ ပြေးထွက်လာသော လော့ဝမ်ချွမ်းမှာ သူ့ကို ငုံ့ကြည့်လိုက်မိချိန်တွင် မျက်လုံးချင်းဆုံသွားသည်။
" မကြောက်နဲ့နော် ဘာမှမဖြစ်ဘူး... အဆင်ပြေသွားမှာပါ..."
လော့ဝမ်ချွမ်းက အမောတကောဖြင့် စိုးရိမ်တကြီးပြောလိုက်ပြီး ယွမ်ရှင်းကျဲကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။
" ဆေးရုံက ဒီနေရာနဲ့ သိပ်မဝေးပါဘူး မကြောက်နဲ့နော်..."
လော့ဝမ်ချွမ်း၏ ရှည်လျားကျဉ်းမြောင်းသော မျက်ဝန်းများတွင် ယွမ်ရှင်းကျဲနှင့် တရင်းတနှီးရှိလှသော မျက်ရစ်တစ်ရစ်ရှိနေသည်။ မျက်တောင်များကလည်း ထူထဲကော့ညွတ်နေပြီး မျက်လုံးများက အနည်းငယ် နီရဲနေသည်။
ယခုချိန်တွင် ယွမ်ရှင်းကျဲမှာ လော့ဝမ်ချွမ်းအတွက် အနည်းငယ်ပင် စိတ်သောကရောက်မိသွားသည်။
သူ့လက်ဆန့်ထုတ်ပြီး လော့ဝမ်ချွမ်း၏ ပါးပြင်ကို ပွတ်သပ်လိုက်ချိန်တွင် သူ့မေးရိုးမှ ရိတ်ထားသော မေးညင်းနုများနှင့်အတူ ချွေးစေးများပြန်နေသည်ကိုပါ ခံစားမိ၍ပြတ်တောင်း ပြတ်တောင်းဖြင့် ပြောလိုက်သည်။
" စီနီယာ... ကျွန်တော်အဆင်ပြေပါတယ်... နည်းနည်းပဲနာတာပါ..."
ယွမ်ရှင်းကျဲ၏ အားနည်း၍ အက်ရှရှိဖြစ်နေသည့်အသံကြောင့် လော့ဝမ်ချွမ်း၏ မျက်လုံးများက ပို၍နီရဲလာသည်။ သူ့မျက်လုံးများက အရောင်မှိတ်တုတ်မှတ်တုတ်ပင်ဖြစ်လာပြီး လက်ချောင်းများကလည်း တုန်ယင်နေဆဲဖြစ်သည်။
ယွမ်ရှင်းကျဲ၏ဒဏ်ရာကို သူ ငုံ့မကြည့်ရဲပေ။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ရင်ကို ဓားနှင့်ခွဲလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ထိုဓားက ယွမ်ရှင်းကျဲအစား ထိုဓားဖြင့်ဟာ သူ့ကိုယ်သူ အထိုးခံလိုက်ချင်တော့သည်။
ပူဆွေးမှုများကို ရင်ထဲတွင်သာ သိမ်းဆည်းထားလိုက်ပြီး လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို လေယာဉ်ဆီသို့ ခေါ်သွားလိုက်သည်။ ပတ်တီးနှင့် ပိုးသတ်ဆေးကို ရှာလိုက်ပြီးနောက် ယွမ်ရှင်းကျဲ၏ဒဏ်ရာကို သေသေသပ်သပ်နှင့် ကျွမ်းကျင်စွာ ပတ်တီးစည်းပေးလိုက်သည်။
ယွမ်ရှင်းကျဲမှာ သူ၏အမြင်အာရုံက ဝေဝါးလာသည်ဟုပင် ခံစားမိလာသည်။
လော့ဝမ်ချွမ်း၏ ရင်ခွင်ထဲလှဲလျောင်းနေစဉ်တွင် သူ့လည်ပင်းကို ပတ်တီးဖြင့် ပတ်ပေးနေသည်ကို ခံစားလိုက်ရသည်။
လော့ဝမ်ချွမ်း ရင်ထဲတွင် တုန်လှုပ်နေသော်လည်း ဟန်မပျက်သာနေပြီး လည်ပင်းပတ်ပတ်လည်ကို ပတ်တီးစည်းပေးနေသည်။
" ရှင်းကျဲ ခဏပဲသည်းခံလိုက်... မကြာခင် နာတာတွေ သက်သာသွားလိမ့်မယ်..."
—— ထိုစကားကို ယွမ်ရှင်းကျဲ သတိမလစ်မီ နောက်ဆုံးကြားလိုက်ရခြင်းဖြစ်သည်။
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုချီ၍ စေ့စပ်ပွဲ မှ ထွက်သွားချိန်တွင် ခန်းမတစ်ခုလုံး ဖရိုဖရဲဖြစ်သွားသည်။
ချင်ရွှမ်းက ပထမဆုံး တုံ့ပြန်သည့်လူဖြစ်သည်။သူက ယွမ်ချန်ရှန့်ကို အော်လိုက်သည်။
" ရှင် ဘာလို့ အဲ့မှာရပ်နေသေးတာလဲ ကျွန်မနောက်ကလိုက်လာလေ..."
ပြောပြီးသည်နှင့် အပြင်သို့ အမြန်ပြေးထွက်သွားသည်။
ယွမ်ချန်ရှန့် ထိတ်လန့်သွားပြီး ချင်ရွှမ်း၏နောက်သို့ ကပျာကသီဖြင့် လိုက်သွားသည်။
ယွမ်ဝူကလည်း သူမနောက်မှလိုက်ရန် ပြင်လိုက်သော်လည်း ချင်ရွှမ်းက သူ့ကိုအော်လိုက်သည်။
" ဟိုအထိလိုက်လာပြီး ပြဿနာရှာဦးမလို့လား..."
သို့ဖြစ်၍ သူကြောက်လန့်သွားပြီး မလှုပ်ရဲတော့ပေ။
ချင်ရွှမ်းမှာ ယွမ်ရှင်းကျဲ၏အဖြစ်ကြောင့် ကြောက်လန့်သွား၍ သူမ၏ ဟန်ဆောင်ပန်ဆောင် အမူအရာများကို အာရုံမစိုက်တော့ပဲ ချန်ရှန့်မက်ခါကုမ္ပဏီတွင် ဝန်ထမ်းများကို ဆက်ဆံသည့်ပုံစံအတိုင်း ဆက်ဆံမိတော့သည်။
လေယာဉ်ပေါ် တက်ပြီးသည်နှင့် ချင်ရွှမ်းက မောင်းနှင်သူကိုပြောလိုက်သည်။
" အဲ့ဒီလေယာဉ်နောက်ကို မြန်မြန်လိုက်..."
ချင်ရွှမ်းရင်ထဲ တဒိတ်ဒိတ်ခုန်နေပြီး ယွမ်ရှင်းကျဲ အသက်အန္တရာယ်ရှိသွားမည်ကို စိုးရိမ်နေသည်။
ယွမ်ချန်ရှန့်ကမူ ယွမ်ရှင်းကျဲ၏ဂလင်းပျက်စီးသွားမည်ကိုသာ စိုးရိမ်နေသည်။
132.2
" ဒီကောင်လေး ဘာလို့ အဲ့လောက် ရူးမိုက်ရတာလဲ..."
ယွမ်ချန်ရှန့်က စက်ဆုပ်မှုကြောင့် ကျိန်ဆဲနေသည်။
" ရှင့် ကျေးဇူးကြောင့်ပဲမလား..."
ချင်ရွှမ်းက ယွမ်ချန်ရှန့်ကိုကြည့်ကာ မေးလိုက်သည်။
" ဘာလို့ ဒီလိုမျိုးစကားတွေ ပြောရတာလဲ..."
ချင်ရွှမ်း၏ မေးခွန်းထုတ်ခံလိုက်ရသောကြောင့် ယွမ်ချန်ရှန့်က နောင်တရစွာဖြင့် ပြောလိုက်သည်။
" ငါ... ငါက သူ့ကိုခြောက်ချင်ရုံပါပဲ... သူ တကယ်ထိုးလိုက်မယ်လို့ မထင်လိုက်ဘူးလေ... သူက ကလေးဘဝတည်းက ဆေးထိုးအပ်ကြောက်တာပဲကို..."
" ရှင့် ပါးစပ်ပိတ်ထားလိုက်တော့..."
ချင်ရွှမ့် ဆူပူကြိမ်းမောင်းပြီးသည့်အခါမှသာ သူနောင်တရလာသည်။
သူမ ယွမ်ရှင်းကျဲကိုသာ ကြိုမပြောခဲ့မိရင် သူ့အင်္ကျီအိတ်ထဲမှာ ဓားကိုဖွက်လာမှာမဟုတ်ဘူး...
ထိုအကြောင်းတွေးမိသွားသည့်အခါ သူမ ပါးစပ်ကိုအုပ်ထားမိပြီး အသံများလည်း တုန်ယင်လာသည်။
" ဘာလို့ ဒီလိုမျိုးတွေ ဖြစ်ကုန်ရတာလဲ..."
စေ့စပ်ပွဲခန်းမထဲတွင်ရပ်နေသော ချီယု၏ကျောပြင်က အေးစက်နေသည်။ သူ့စိတ်ထဲတွင် ယွမ်ရှင်းကျဲက သူ့ဂလင်းကိုသူ ဓားဖြင့်ထိုးချလိုက်သော မြင်ကွင်းသာ ကြီးစိုးနေသည်။
သူ အလွန်ထိတ်လန့်ပြီး ကြောက်ရွံ့သွားမိ၍ တစ်ကိုယ်လုံးပင် ထုံကျဉ်နေသည်။
ချီယင်ကို ခြောက်ကပ်ကပ်အသံဖြင့် မေးလိုက်သည်။
" အဖေ သားဘာလုပ်သင့်လဲ..."
" ယွမ်ရှင်းကျဲက သူ့ဂလင်းကို တကယ်ဖြတ်ထုတ်လိုက်တာလား..."
ချီယင်၏ အမူအရာက အံ့ဩမှုများဖြင့် ပြည့်နေသည်။
ယွမ်ရှင်းကျဲ ဂလင်းကိုဖြတ်လိုက်ချိန်တွင် သူ့အနီးတစ်ဝိုက်၌ သေခြင်းတရား၏ အရိပ်အမြွက်များကို မြင်လိုက်ရသည်။
သို့ဖြစ်၍ ဤစေ့စပ်မှုကို သူမည်မျှမုန်းတီးကြောင်း သိနိုင်သည်။
" ဂလင်းကိုဖြတ်ထုတ်လိုက်တဲ့ အိုမီဂါက ဘဝဆုံးပြီပဲ..."
ချီယင် လက်သီးတင်းတင်းဆုပ်ထားပြီး မျက်မှောင်ကြုတ်လိုက်သည်။
" ဒီကိစ္စက အဆုံးသတ်ပြီ... ဘာပဲဖြစ်ဖြစ် ငါတို့နဲ့ဆိုင်တာမှမဟုတ်တာ..."
" အဖေ ဘာလို့ ဒီလိုမျိုး ပြောရက်ရတာလဲ..."
ချီယုက ချီယင်ကို အံ့အားသင့်စွာကြည့်လိုက်ပြီး သူ့အသံက တုန်ယင်လာသည်။
" ဒါအစတည်းက အဖေ့အကြံပဲလေ... သူ့ကို အတင်းအကြပ်စေ့စပ်ခိုင်းမယ်လို့ အဖေပဲ ပြောခဲ့တာမလား ... အခုတော့ အဖေနဲ့မဆိုင်ဘူးလို့ ပြောနေပြန်ပြီ..."
ပတ်ဝန်းကျင်မှ လူများက သူတို့ကို စိုက်ကြည့်နေကြသည်။
ဗိုလ်ချုပ်ကြီးချီယင်က ဤသို့လုပ်လိမ့်မည်ဟု မည်သူမျှ မထင်ကြပေ။
ဘေးပတ်ပတ်လည်မှ အကြည့်များကြောင့် ချီယင် အံကြိတ်မိသွားပြီး ချီယုကို ခက်ထန်စွာပြောလိုက်သည်။
" သူ့ဂလင်းကို သူ့ဘာသာဖြတ်ပစ်တာလေ ငါဖြတ်ခိုင်းတာမှ မဟုတ်တာ..."
ယွီဝမ်ကလည်း ထပ်ပြောသည်။
" ချီယု လူကြားထဲမှာ သူဒီလိုလုပ်တာက မင်းမျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ... မင်း ဒူးထောက် တောင်းပန်တာတောင် သူ ခွင့်မလွှတ်ခဲ့ဖူးလေ အခုထိ သူဘာဖြစ်မယ်ဆိုတာကို စိုးရိမ်နေတာလား... အခု ချီမိသားစုတစ်စုလုံး မျက်နှာပျက်ရပြီ..."
ချီယုက သူ့မိဘများကို အသက်မဲ့စွာကြည့်နေသည်။ ခဏအကြာတွင် သူ့မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်လာသည်။
ချီယုခေါင်းခါလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ ကျောပြင်တွင်လည်း ချွေးများစိုရွှဲနေကာ တီးတိုးပြောလိုက်သည်။
" အဖေတို့ အဲ့လောက် သွေးအေးမယ်မထင်ထားမိဘူး..."
" ငါ သူ့ကို ပစ်ထားမယ်မပြောပါဘူး..."
ချီယင်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူ့သားဆီသို့လျှောက်သွားကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" အခု ဆေးရုံကိုလိုက်သွားပြီး ဆေးစစ်ချက်ကို စောင့်ကြည့်မယ်... ဒါပေမဲ့ မင်းမှတ်ထားရမှာတစ်ခုရှိတယ်... ဒီကိစ္စက ချီမိသားစုနဲ့ ဘာမှမဆိုင်ဘူး... ရူးနေတာ ယွမ်ရှင်းကျဲတစ်ယောက်တည်းပဲ..."
ချီယုက ကလေးဘဝတည်းက အဖေဖြစ်သူ၏စကားတိုင်းကို နာခံခဲ့ရသူဖြစ်သည်။
ဗိုလ်ချုပ်ဖြစ်သောချီယင်က ချီမိသားစု၏ ဂုဏ်ကျက်ရေဖြစ်ပြီး မတွန်းလှန်နိုင်သောအင်အား၏ သင်္ကေတတစ်ခုသာဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ ချီယု၏စိတ်ထဲ၌ သူ့ရှေ့မှလူမှာ ထူးဆန်းပြီး ကြောက်စရာကောင်းသည်ဟုသာ ခံစားနေရသည်။
နောက်အခိုက်အတန့်တွင် ချီယုက မတ်တပ်ထရပ်လိုက်ပြီး ချီယင်၏မျက်နှာကို ခပ်ပြင်းပြင်းထိုးလိုက်သည်။
ချီယင်မှာ အထိုးခံရ၍ နောက်သို့ ယိုင်သွားသည်။ ချီယုကို အံ့ဩတကြီးဖြင့် ကြည့်လိုက်ပြီးသည့်နောက် အော်ဟစ်လိုက်သည်။
" မင်းက အိုမီဂါတစ်ယောက်အတွက်နဲ့ ငါ့ကိုထိုးရဲတယ်ပေါ့..."
ချီယင် မည်မျှ ဒေါသထွက်ပါစေ ချီယုဂရုမစိုက်တော့ပဲ တံခါးပေါက်ဆီသို့သာ ပြေးထွက်သွားသည်။
သူတို့ဘေးနားမှ လူအုပ်ကြီးမှာ အမူအရာပေါင်းစုံဖြစ်ပေါ်နေကြသည်။ ထိုအကြည့်များကို မခံနိုင်တော့၍ ချီယင်က ယွီဝမ်ကို အသံအက်အက်ဖြင့်ပြောလိုက်သည်။
"ဆေးရုံကို အရင်သွားပြီး ယွမ်ရှင်းကျဲရဲ့မိသားစုကို အရင်သွားရှာရအောင်... ပြီးတော့မှ အဲ့ကောင်နဲ့စာရင်းရှင်းတော့မယ်..."
–––
ဆေးရုံခန်းအတွင်းတွင်...
ယွမ်ရှင်းကျဲ သတိလစ်သွားပြီးနောက် အိမ်မက်ရှည်ကြီးတစ်ခု မက်ခဲ့သည်။
အိမ်မက်ထဲတွင် " အချစ်က ဖယ်ရိုမုန်းတွေနဲ့ မသက်ဆိုင်ဘူး " ဟူသည့်စာအုပ်ထဲမှ အကြောင်းအရာများ သူ့ဦးနှောက်ထဲသို့ ရောက်ရှိလာသည်။
တိကျစွာပြောရမည်ဆိုလျှင် ဝတ္တု၏ ဒုတိယအပိုင်းဖြစ်သည်။
[ ဒုတိယမင်းသားဖြစ်သော လော့ဝမ်ချွမ်းမှာ ကလေးဘဝတည်းက စွန့်ပစ်ကြယ်တွင် နေထိုင်ခဲ့ရ၍ ပိုးထည်ဝတ်ရုံ့များသာအမြဲတစေ ဝတ်ဆင်နေရပြီး အစားကောင်းအသောက်ကောင်းများသာ အမြဲစားနေရသည့် အစ်ကိုတော်ဖြစ်သူနှင့် လုံးဝဆန့်ကျင်ဘက်ဘဝတွင် နေထိုင်ခဲ့ရသူဖြစ်သည်။ ထို့ကြောင့် သူ့ရင်ထဲတွင် မကျေမချမ်းဖြစ်လာခဲ့သည်။ ]
ဒုတိယမင်းသားတဲ့လား...
ထိုစကားလုံးများကြောင့် ယွမ်ရှင်းကျဲမှာ အမှောင်ထုထဲ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
လော့ဝမ်ချွမ်းက ...
ဒုတိယမင်းသားတဲ့လား...
[ ကြယ်တာရာပြက္ခဒိန်၏ XXနှစ်တွင် ဘုရင်ကြီးက သူ၏ဆက်ခံသူမှာ လော့ဝမ်ချွမ်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဒုတိယမင်းသားက လူအများရှေ့တွင် ပထမဆုံးအကြိမ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ သူ့မျက်နှာက အရယ်အပြုံးမရှိသည့်အတွက် လုံးဝ အရည်မပျော်တော့မည့် ရေခဲတုံးနှင့်ပင်တူနေသည်။
ဒီလိူ လူမျိုးက သက်ဦးဆံပိုင်ဘုရင်ဖြစ်ဖို့ သင့်တော်ပါ့မလား... ]
ဆက်ခံသူတဲ့လား...
ယွမ်ရှင်းကျဲက ထိုစကားလုံးများကို အသက်မဲ့စွာဖြင့်သာ စိုက်ကြည့်နေပြီး အမှန်ဟုတ်မဟုတ် သံသယဝင်နေမိသည်။
ဤကမ္ဘာသိူ့ရောက်လာစဉ်ကလည်း ထိုသို့သော စကားလုံးများကို မြင်တွေ့ခဲ့ရဖူးသည်။
သို့ရာတွင် ထိုစကားလုံးများက မူလပိုင်ရှင်အကြောင်းကိုသာ အဓိကပြသထားပြီး လော့ဝမ်ချွမ်းအကြောင်း မပါဝင်ပေ။
" တာ့ချွမ်းက တကယ်ပဲ ဒုတိယမင်းသားလား..."
ယွမ်ရှင်းကျဲ တအံ့တသြဖြင့် ရေရွတ်လိုက်မိသည်။
လော့ဝမ်ချွမ်းနှင့် အချိန်ကြာမြင့်စွာ တူတူရှိနေခဲ့သော်လည်း တစ်ဖက်လူက မည်သူမည်ဝါဖြစ်ကြောင်း သူ မသိရှိခဲ့ပေ။
လော့ဝမ်ချွမ်းနှင့် ရင်းနှီးလာသည့်အချိန်မှ အကြောင်းအရာများကို အသေးစိတ်အမှတ်ရသွားသည့်အခါမှသာ အရာအားလုံးက နည်းလမ်းတကျဖြစ်သွားခဲ့သည်။
xxxxxxxxxx