Chapter 133
လော့ဝမ်ချွမ်းက အမြဲတမ်းတသီးတသန့်နေတတ်ပြီး ဂုဏ်သိက္ခာရှိသူတစ်ယောက်ဖြစ်သည်။ သူက စွန့်ပစ်ကြယ်မှ လာသူတစ်ယောက်ဖြစ်သော်လည်း စွန့်ပစ်ကြယ်မှကျောင်းသားများနှင့် နှိုင်းယှဉ်၍ပင်မရချေ။
ယွမ်ရှင်းကျဲ ဝတ္တုကို ဆက်ဖတ်လိုက်သည်။
[ လော့ဝမ်ချွမ်း၏ဘဝက ကံဆိုးမိုးမှောင်ကျရန်သာ ကံကြမ္မာဖန်လာပုံရသည်။ သူက ဆာလောင်ခြင်း၊ လုပ်ကြံခံရခြင်းနှင့် ခိုးဆိုးလုယက်မှုများကို ကြုံတွေ့ခဲ့ရသည်။ အမှောင်ဖုံးနေသည့် ပတ်ဝန်းကျင်တွင်သာ ကြီးပြင်းခဲ့ရသော်လည်း အသက်ခုနစ်နှစ်မတိုင်မီ သင်ကြားခဲ့ရသော ကျင့်ဝတ်များဖြင့်သာ အပေါ်ယံတွင် နေထိုင်ခဲ့သည်။ သို့ရာတွင် အမှန်တကယ်၌ လော့ဝမ်ချွမ်းက သွေးဆာနေသည့်သားရဲတစ်ကောင်ဖြစ်ကြောင်းကို ဖုံးကွယ်ထားခြင်းဖြစ်သည်။ ]
ထိုစကားလုံးများက လော့ဝမ်ချွမ်းအပေါ် ယွမ်ရှင်းကျဲ၏ ထင်မြင်ချက်များနှင့် ကိုက်ညီသည်။
လော့ဝမ်ချွမ်းကို ရှင်းဟိုင်းတက္ကသိုလ်ပြိုင်ပွဲတွင် ယွမ်ရှင်းကျဲ ပထမဆုံးအကြိမ် တွေ့ခဲ့စဉ်က လော့ဝမ်ချွမ်းတွင် ဝိရောဓိဖြစ်မှုများဖြင့် ပြည့်နေသည်ဟု ခံစားခဲ့ရသည်။
၎င်းကို သူ၏တိုက်ခိုက်သည့်ပုံစံက သက်သေပြနေသည်။
လော့ဝမ်ချွမ်းက သူ့ပြိုင်ဘက်များကို တန်ပြန်တိုက်ခိုက်ခွင့် မပေးပေ။ သူ့လှုပ်ရှားမှုများက သေလုနီးပါး ထိခိုက်ဒဏ်ရာရစေသော်လည်း ပြိုင်ပွဲပြီးသည်နှင့် ပြိုင်ဘက်ကို ယဉ်ကျေးစွာသာ ဦးညွတ်ပြီး ထွက်သွားလေ့ရှိသည်။
[ ဤသို့ဖြင့် သူက အခြားလူများနှင့် ချစ်ကျွမ်းဝင်ရန် အခွင့်အရေး မရှိခဲ့သည့်အပြင် ဘုရားသခင်ကလည်း သူ့ကို ချစ်သူရွေးချယ်ခွင့်မရအောင် ပြုလုပ်ထားသည်။ လော့ဝမ်ချွမ်းက အိုမီဂါဖယ်ရိုမုန်းများနှင့် ဓာတ်မတည့်သည့်ရောဂါရှိပြီး သူနှင့်ကိုက်ညီမှုမြင့်သော အိုမီဂါကိုလည်း ရှာမတွေ့နိုင်ခဲ့၍ သူ့ရင်ထဲတွင် မုန်းတီးမှုများ ပိုမိုများပြားလာသည်။ ကံကြမ္မာကို မုန်းတီးခြင်း၊ ဘုရင်ကို မုန်းတီးခြင်းနှင့် သူ့ရန်သူများကို မုန်းတီးခြင်းတို့ဖြစ်သည်။ ]
ထိုအရာများကိုမြင်လိုက်ရသည့်အခါ ယွမ်ရှင်းကျဲမှာ လော့ဝမ်ချွမ်းအတွက် ပူပန်သွားခဲ့သည်။
လော့ဝမ်ချွမ်းက ဘာအမှားမှ မလုပ်ထားတာ သိသာနေတာပဲ...
ဒါပေမဲ့ ကံတရားက မျက်နှာသာမပေးလို့ သူ့နှလုံးသားထဲမှာ ပိတ်ဆို့ခံနေရတာတွေများပြီး ရေခဲတုံးကြီးဖြစ်လာတာ...
နောက်တစ်ကြိမ် မြင်တွေ့လိုက်ရသည့် စကားလုံးများက ယွမ်ရှင်းကျဲ၏ မျက်လုံးများကို ပြူးကျယ်သွားစေသည်။
(T/N.-[ ] ထဲက စကားတွေက ယွမ်ရှင်းကျဲမြင်နေရတဲ့ ဝတ္တုရဲ့ ဒုတိယပိုင်းပါ။)
[ လော့ဝမ်ချွမ်း ဆက်ခံသူဖြစ်သွားပြီးသည့်နောက်တွင် သူ့နှလုံးသားထဲမှ အမှောင်ထုကြီးကို အပြည့်အဝ လွှတ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး လက်စားချေမှုလမ်းကြောင်းကြီး စတင်တော့သည်။ ဘုရင်၊ ဘုရင်မနှင့် အကြီးဆုံးမင်းသားတို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ပြီး နန်းတော်တွင်းနှင့် အင်ပါယာမြို့တော်တစ်ခုလုံးမှ ဝန်ကြီးများကိုလည်း လော့ဝမ်ချွမ်းက အသုံးချခဲ့သည်။ သူ ဘုရင်ဖြစ်လာသည်နှင့် အမှောင်ဖုံးသောခေတ်တစ်ခေတ် စတင်တော့သည်။ ]
[ အင်ပါယာအတွင်းတွင် လော့ဝမ်ချွမ်းကို "မင်းဆိုးမင်းညစ်" ဟူသောနာမည်ဖြင့် သမုတ်ကြသည်။ ]
အခြားစကားဖြင့် ပြောရမည်ဆိုပါက မူလဝတ္တုထဲမှ လော့ဝမ်ချွမ်းမှာ ဆက်ခံသူဖြစ်ပြီးသည့်နောက်တွင် စိတ်ကို အမှောင်ဖုံးသွားခဲ့ပြီး ဝတ္ထုဒုတိယပိုင်း၏ အကြီးဆုံးဗီလိန် ဖြစ်လာသည့်သဘောပင်။
စာထဲတွင် ဖော်ပြထားသကဲ့သို့ လော့ဝမ်ချွမ်းက သွေးဆာပြီး ရက်စက်ကြမ်းကြုတ်သော မင်းဆိုးမင်းညစ်အဖြစ် ပြောင်းလဲသွားမည်ကို ယွမ်ရှင်းကျဲ မယုံကြည်နိုင်ဖြစ်နေသည်။
သို့ရာတွင် လော့ဝမ်ချွမ်း၏ရင်ထဲတွင် ကွယ်ဝှက်ထားသော အခြားအကျင့်စရိုက်တစ်ခုရှိမည်ဟု ယွမ်ရှင်းကျဲ ခံစားနေမိသည်။ ထိုသို့မဟုတ်ပါက စွန့်ပစ်ကြယ်ပေါ်တွင် အသက်ရှင်နိုင်ခဲ့မည်မဟုတ်ပေ။
လော့ဝမ်ချွမ်းက မူလဇာတ်ညွှန်းအတိုင်း တကယ်မင်းဆိုးမင်းညစ်ဖြစ်သွားမှာလား ...
ထိုစာများကိုဖတ်ပြီးသည့်နောက် ယွမ်ရှင်းကျဲ အချိန်အတော်ကြာသည်အထိ စိတ်မတည်ငြိမ်နိုင်ခဲ့ပေ။ ဤသို့ဖြစ်သွားမည်ကို သူ မလိုလားပေ။
အကယ်၍ လော့ဝမ်ချွမ်းက မူရင်းဝတ္ထုထဲတွင် ဗီလိန်ဖြစ်နေခဲ့ပါလျှင်လည်း ယွမ်ရှင်းကျဲ၏ ရင်ထဲတွင်မူ သူက အေးစက်၍ တစ်သီးတစ်သန့်သာ နေတတ်သည့် စီနီယာတစ်ကောင်းတစ်ယောက် အလုပ်ရှင်ကောင်းတစ်ယောက်ဖြစ်သည်။ ထို့အပြင် သူ၏ အနိုင်အရှုံးအပေါ်ထားသည့်စိတ်ဓာတ်ကိုလည်း ပြောင်းလဲပေးနိုင်ခဲ့သည့် တစ်ဦးတာ်းသောလူဖြစ်ကာ အသန်မာဆုံးစစ်သားတစ်ယောက်လည်းဖြစ်သည်။
သူက ဗီလိန်မဟုတ်ဘူး...
ယွမ်ရှင်းကျဲ၏ မြင်ကွင်းများ ရုတ်တရက် ဝေဝါးသွားပြန်သည်။
နှစ်ခြိုက်စွာပြန်လည်အိပ်မောကျသွားပြီးသည့်နောက်တွင် နောက်ထပ် အိမ်မက်တစ်ခုထဲ ဝင်ရောက်သွားပြန်သည်။
ဤတစ်ကြိမ်တွင်မူ ယွမ်ရှင်းကျဲက မူရင်းဝတ္ထုအကြောင်း အိမ်မက်မက်ခြင်း မဟုတ်တော့ပေ။
သူ လော့ဝမ်ချွမ်းကို အိမ်မက်မက်နေမိခြင်းဖြစ်သည်။
အေးစက်သောအကြည့်များဖြင့် သူနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသော လော့ဝမ်ချွမ်းဖြစ်သည်။
သူက အနက်ရောင်ရဲတိုက်ပေါ် ရပ်နေသည်။ သူ့နှုတ်ခမ်းရှိ ဒဏ်ရာပေါ်မှ သွေးများစိမ့်ထွက်လာပြီး ယွမ်ရှင်းကျဲကိုကြည့်ကာ နှုတ်ခမ်းအနည်းငယ်တွန့်ကွေးလိုက်သည်။
သူ မြင်နေကျ မျက်နှာမျိုးဖြစ်သော်လည်း ယခုအချိန်တွင် သူ့အထံမှ သွေးဆာနေသည့် အငွေ့အသက်မျိုးရနေသည်။
ယွမ်ရှင်းကျဲ၏ မသိစိတ်ထဲတွင် ကြောက်ရွံ့လာမိသည်။
လော့ဝမ်ချွမ်းက ဒီလိုမျိုးမှ မဟုတ်တာ...
သူ အဲ့လိုဖြစ်လို့မှ မရတာ...
ယွမ်ရှင်းကျဲ၏ရင်ထဲတွင် ဤစကားများကိုသာ ထပ်ခါတလဲလဲ ပြောနေမိသည်။
နောက်အခိုက်အတန့်တွင် လော့ဝမ်ချွမ်း၏ပုံရိပ်က မှုန်ဝါးလာသည်။
သူ့ပုံစံက ယွမ်ရှင်းကျဲ၏မှတ်ဉာဏ်ထဲမှ လော့ဝမ်ချွမ်းနှင့် ပေါင်းစပ်သွားပုံရသည်။
လော့ဝမ်ချွမ်း၏ အးရေခဲတမျှအေးစက်သောမျက်လုံးများက ယွမ်ရှင်းကျဲကိုကြည့်နေပြီး ရေခဲများတဖြည်းဖြည်းပျော်ကျလာသကဲ့သို့ နူးညံ့မှုများ ထွက်ပေါ်လာသည်။
133.2
ထို့နောက်တွင် ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းဆီသို့ တစ်လှမ်းချင်းလျှောက်လာသည်။
ရင်းနှီးနေသည့် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲဆီသို့ လျှောက်လာနေသော်လည်း သူ့စိတ်ထဲတွင် သူသိသော လော့ဝမ်ချွမ်းမဟုတ်ဟု ခံစားနေရသည်။
လော့ဝမ်ချွမ်း ခေါင်းဖြည်းဖြည်းငြိမ့်ပြလိုက်သည်။ မျက်ရစ်တစ်ရစ်တည်းသာရှိသော မျက်ဝန်းများက သန့်ရှင်းလှပနေပြီး စူးရှမှုအနည်းငယ်လည်း ရှိနေသည်။
သူ ယွမ်ရှင်းကျဲကို စိုက်ကြည့်ရုံသာ ကြည့်နေသည်။
ယွမ်ရှင်းကျဲ၏ လည်ချောင်းများ ခြောက်ကပ်လာသည်။
သူ ထွက်ပြေးချင်လာသည်။
သို့သော် နောက်အခိုက်အတန့်တွင် လော့ဝမ်ချွမ်းက အနက်ရောင်ဖဲကြိုးအပျော့တစ်ခုကို ထုတ်လိုက်ပြီး ယွမ်ရှင်းကျဲ၏ လက်ကောက်ဝတ်တွင် ချည်လိုက်ကာ သူ့ကို ခုံပေါ်တွင် ဖိထားလိုက်သည်။
အမှောင်ထုထဲမှ ယွမ်ရှင်းကျဲ၏ ကျောပြင်တွင် ချွေးများ အဆက်မပြတ်ထွက်နေဆဲဖြစ်သည်။ သူ စကားပြောချင်သော်လည်း အသံတစ်သံမှ မထွက်နိုင်ပေ။
ထိုလူက လော့ဝမ်ချွမ်းမဟုတ်ဟု သူ့စိတ်ထဲတွင် ပြောနေမိသည်။
သို့ရာတွင် လော့ဝမ်ချွမ်းခေါင်းငုံ့၍ သူ့နားကပ်လာစဉ်အချိန်တွင် ယာယီအမှတ်အသားပေးခဲ့သည့် ညကကဲ့သို့သော ခံစားချက်နှင့်တစ်ပုံစံတည်းဖြစ်နေသည်။
အမှောင်ထုထဲမှ လော့ဝမ်ချွမ်း၏ အေးစက်စက်မျက်လုံးများက ရယူပိုင်ဆိုင်လိုမှုများဖြင့်ပြည့်နေသည်။
" တာ့ချွမ်း... ကျွန်တော့်ကို လွှတ်ပေးပါ..."
ယွမ်ရှင်းကျဲ နောက်ဆုံးတွင် စကားပြောနိုင်သွားသော်လည်း သူ့အသံက ခြောက်ကပ်နေသည်။
" မင်း ဘာတွေ ပြောနေတာလဲ..."
လော့ဝမ်ချွမ်း ခေါင်းငုံ့ကြည့်လိုက်ပြီး သူ့မျက်လုံးများက သန့်စင်ကြည်လင်နေသည်။ သူ့နှုတ်ခမ်းများကို တဖြည်းဖြည်း ကွေးညွတ်လိုက်သည်။
" မင်း မကြိုက်ဘူးလား..."
ထို့နောက်တွင် လော့ဝမ်ချွမ်းက အနက်ရောင်ဖဲကြိုးကို သူ့ဘက်ဆွဲလိုက်သည့်အတွင် ယွမ်ရှင်းကျဲက ရှေ့သို့ငိုက်ကျလာပြီး လော့ဝမ်ချွမ်း၏ရင်ဘတ်နှင့်ပင် တိုက်မိလုနီးပါးဖြစ်သွားသည်။
ထို့နောက်တွင် လော့ဝမ်ချွမ်း ခေါင်းငုံ့လိုက်ပြီး ယွမ်ရှင်းကျဲ၏ဂလင်းကို ကိုက်လိုက်သည်။
သူ့ဂလင်းနေရာတွင် စူးရှသည့် နာကျင်မှုတစ်မျိုး ဖြစ်ပေါ်လာသည်။
–––
လူနာဆောင်ထဲတွင်...
လူနာခန်းတံခါးက တဖြည်းဖြည်းပွင့်သွားပြီး ဆရာဝန်က ခွဲစိတ်မှုလုပ်ရန် စတင်ပြင်ဆင်နေသည်။
ယွမ်ရှင်းကျဲက သတိမေ့နေစဉ်မှာပင် မျက်မှောင်ကြုတ်နေသည်ကိုကြည့်ပြီး လော့ဝမ်ချွမ်း၏မျက်နှာက ဖြူဖျော့လာပြီး သူ့ရင်ထဲတွင် မသက်မသာဖြစ်လာသည်။
ယွမ်ရှင်းကျဲက တော်တော်လေး နာနေတဲ့ပုံပဲ...
သူ ယွမ်ရှင်းကျဲအတွက် ဘာမှလည်း မလုပ်ပေးနိုင်ဘူး...
လော့ဝမ်ချွမ်း၏ရင်ထဲတွင် ဖိညှစ်ခံထားရသည်ဟု ခံစားရပြီး အသက်ရှုရခက်လာသည်။
လူနာဆောင်အပြင်ဘက်တွင် ယွမ်မိသားစု ရောက်လာပြီဖြစ်သော်လည်း ဆရာဝန်က သူတို့ကို တားမြစ်လိုက်သည်။
လူအုပ်ကြီးကိုကြည့်ကာ ဆရာဝန်က မျက်မှောင်ကြုတ်လိုက်သည်။
" ခင်ဗျားတို့ ဒီကို ဘာလာလုပ်တာလဲ..."
" ကျွန်တော့်သားက အထဲမှာပါ သူ ရူးရူးမိုက်မိုက်တွေ လုပ်ထားတာလေ... ဆရာ သူ့ကိုကယ်ပေးပါဦး ဂလင်းဆိုတာ အိုမီဂါတွေရဲ့ဘဝပဲ... ဘာပဲဖြစ်ဖြစ် ဂလင်း အန္တရာယ်မရှိအောင် ကုပေးပါဦး..."
ယွမ်ချန်ရှန့်၏အသံက စိုးရိမ်တကြီးဖြစ်နေပုံပေါ်သည်။
ဆရာဝန်က အေးစက်စက်ဖြင့်သာ ပြောလိုက်သည်။
" လူနာက သွေးထွက်လွန်ပြီး သတိလစ်နေတုန်းပဲ... လူနာရဲ့ ဒဏ်ရာအရ သူ့ကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကယ်ပေးမှာပါ... ဂလင်းကို ဒီတိုင်းထားမထားကတော့ ကျွန်တော်တို့ရဲ့ ပထမဦးစားပေးကိစ္စမဟုတ်ဘူး..."
ယွမ်ချန်ရှန့် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ဆရာဝန်က ထိုသို့ပြောလိမ့်မည်ဟု သူမထင်ခဲ့ပေ။
တကယ်လို့ ယွမ်ရှင်းကျဲရဲ့ဂလင်းသာ ပျက်စီးသွားရင်...
ယွမ်ချန်ရှန့် သွေးရူးသွေးတန်းဖြင့် အော်ပြောလိုက်သည်။
" ဆရာ မရဘူး... သူ ဘီတာ ဖြစ်လို့မရဘူး ... သူသာ ဘီတာဖြစ်သွားခဲ့ရင်..."
" ဆရာ ကျေးဇူးပြုပြီး ရှင်းကျဲကို ကယ်ပေးပါဦး... သူ့ ဂလင်း ပျက်စီးသွားလည်းရပါတယ်..."
ယွမ်ချန်ရှန့်၏စကားကို ချင်ရွှမ်းက ဖြတ်ပြောလိုက်သည်။
ယွမ်ချန်ရှန့်က မျက်လုံးများပြူးကျယ်လျက် ချင်ရွှမ်းကိုကြည့်နေသည်။
" မင်း ရူးနေတာလား... ချင်ရွှမ်း သူက အိုမီဂါလေ... ငါတို့သူ့ကို ဒီအရွယ်ထိ ကျွေးမွေးလာရတာ သူ့မှာဂလင်းမရှိတော့ရင် နောက်ဆို ဘာအသုံးကျတော့မှာလဲ... ဆရာ သူ့ရဲ့ဂလင်း မပျက်စီးအောင် လုပ်ပေးပါ..."
ယွမ်ချန်ရှန့်မှာ ယခုအချိန်တွင် နောင်တများဖြင့် ပြည့်နေသည်။
သူသာအကယ်၍ ဒေါသထွက်ပြီး ထိုစကားများကို မပြောခဲ့ပါက ယွမ်ရှင်းကျဲက ယခုအခြေအနေထိ ဖြစ်လာမည်မဟုတ်ပေ။
ဆရာဝန်က ဘာတစ်ခွန်းမှ ထပ်မပြောတော့ပဲ လူနာဆောင်ထဲ ဝင်သွားသည်။
လော့ဝမ်ချွမ်းက လူနာဆောင်ထဲမှထွက်လာပြီး ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းကို တစ်ချက်မှ မကြည့်ပဲ ထောင့်တစ်နေရာက ခုံတန်းရှည်ပေါ် သွားထိုင်နေသည်။
ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့က တော်ဝင်မိသားစုသတင်းစာရှင်းလင်းပွဲကို မကြည့်ရသေး၍ လော့ဝမ်ချွမ်းက ဒုတိယမင်းသားဖြစ်ကြောင်း မသိကြပေ။
သူတို့နှစ်ယောက်က လော့ဝမ်ချွမ်းနှင့် မနီးမဝေးတွင်ထိုင်လိုက်ပြီး စကားပြောနေသည်။
" တကယ်လို့ ရှင်းကျဲရဲ့ ဂလင်း ပျက်စီးသွားရင်လည်း အဲ့ဒါ သတင်းဆိုးမဟုတ်ပါဘူး... သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေလည်း တိုးလာမှာပေါ့..."
ချင်ရွှမ်းက မျက်မှောင်ကြုတ်လျက် တည်ငြိမ်စွာပြောလိုက်သည်။
" ဘာ... မင်းရဲ့ကျီးကန်းပါးစပ်က ဘာလို့ နိမိတ်မရှိတာတွေ ပြောနေရတာလဲ... ချင်ရွှမ်း မင်းဒီနေ့ ဘာဖြစ်နေတာလဲ... သူ့ဂလင်းသာ သုံးစားမရတော့ရင် ချီမိသားစုက သူ့ကိုလက်ထပ်တော့မှာမဟုတ်ဘူးလေ..."
ယွမ်ချန်ရှန့် ဒေါသတကြီးဖြင့် ပြောလိုက်သည်။
" ကျွန်မတို့ ဘာများလုပ်နိုင်ဦးမှာလဲ... ရှင်းကျဲရဲ့ အနာဂတ်ကိုပဲ စဉ်းစားပေးဖို့ လိုတော့တာလေ..."
ချင်ရွှမ်းက အေးစက်စွာပြောလိုက်သည်။
xxxxxxxx