Chapter 135
ချီယင်၏စိတ်နေသဘောထားက ၁၈၀ဒီဂရီပြောင်းလဲပြီး ရိုကျိုးသွားသည်ကို မြင်သည့်အခါ ယွမ်ချန်ရှန့်မှာ ထိုလူက ချီယင်အစစ်ဟုတ်မဟုတ်ပင် မခွဲခြားနိုင်တော့ပေ။
ချီယင်က ရုပ်တည်ဖြင့်သာ ဆက်ပြောနေသည်။
" အရှင့်သားရင်ထဲ အဖုအထစ်ဖြစ်သွားစေတာ ကျွန်တော်မျိုးရဲ့ ဝတ္တရားပျက်ကွက်တာပါပဲ... ကျွန်တော်မျိုး သေသင့်ပါတယ်..."
လော့ဝမ်ချွမ်း၏ မျက်ဆံနက်များက အေးစက်ကာ အသက်မဲ့နေသည်။
" ဒါဆိုလည်း သေလိုက်တော့..."
ချီယင် အလွန်ကြောက်လန့်သွား၍ ကြမ်းပြင်နှင့်ခေါင်းနှင့် ထိမတတ် ခေါင်းငုံ့ကာ သူ့အမှားကိုဝန်ခံနေသည်။
မူလက လော့ဝမ်ချွမ်းအပေါ် အထင်သေးခဲ့မိသည့်ချီယုမှာ ဤမြင်ကွင်းကြောင့် ခံပြင်းလာမိသည်။ သို့သော် သူတတ်နိုင်သည့်အရာ မရှိပေ။
ယွီဝမ်က ချီယုကိုခေါ်၍ လော့ဝမ်ချွမ်း၏ရှေ့တွင် ဒူးထောက်တောင်းပန်လိုက်သည်။
ချီမိသားစု၏ လုံခြုံမှုအတွက် ချီယုမှာ အလိုက်အထိုက်နေလိုက်ရသည်။ သို့ရာတွင် လက်သီးတင်းတင်းဆုပ်ထားသောကြောင့် သူ့လက်သည်းများက အသားကိုပင် ထိုးမိနေပြီဖြစ်သည်။
ချီယုက စွန့်ပစ်ကြယ်မှရောက်လာသည့် လော့ဝမ်ချွမ်းကို အမြဲတစေ မုန်းတီးစက်ဆုပ်ခဲ့သည်။ သို့ရာတွင် သူ၏မှတ်ဉာဏ်တုကို ဖွင့်လိုက်ချိန်၌ အတန်းနှင့် ကျောင်းတစ်ခုလုံးမှ group chatများတွင် ဆူညံပွက်လောရိုက်နေပြီဖြစ်သည်။
(ဒုတိယမင်းသားက ငါ့ဘေးမှာ တစ်ချိန်လုံးရှိခဲ့တာပဲ " ၊ " ဒုတိယမင်းသားက ငါ့အတန်းဖော် )
အစရှိသဖြင့် အားလုံးက ပိုစ့်တင်နေကြသည်။
ထိုအခါမှ ချီယု သိလိုက်ရသည့်အရာတစ်ခုမှာ လော့ဝမ်ချွမ်းက သူနှင့်စကားအချေအတင်မဖြစ်ခဲ့သည်မှာ သူကနိမ့်ကျသာကြောင့်မဟုတ်ပဲ ချီယုကို အထင်သေးသောကြောင့်သာဖြစ်သည်။
ထိုအကြောင်းကိုတွေးလေ ချီယု၏ရင်ထဲတွင် အရှက်ခွဲခံရသည်ဟု ခံစားရလေဖြစ်သည်။
ဤကဲ့သို့အရှက်ခွဲခံရခြင်းမှာ အိမ်မက်တစ်ခုလားဟုပင် ချီယုထင်လာမိသည်။
ဘာလို့ လော့ဝမ်ချွမ်းက တော်ဝင်မိသားစုရဲ့ ထီးနန်းဆက်ခံသူဖြစ်လာရတာလဲ...
" မှန်လား မှားလားဆိုတာ ဥပဒေကပဲ ဆုံးဖြတ်ပါလိမ့်မယ်..."
လော့ဝမ်ချွမ်းက ချီမိသားစုကို ဂရုမစိုက်ပုံဖြင့်သာပြောလိုက်ပြီး သူတို့အားလုံးတောင်းပန်နေသည်ကို ကြင်နာသနားခြင်းလည်း မရှိပေ။
" နောက်ဆိုရင် ရှင်းကျဲရှေ့မှာ ဘယ်တော့မှ ပေါ်မလာကြနဲ့ ထွက်သွားတော့..."
ချီမိသားစုက သူ့စကားကိုမငြင်းဆန်ရဲ၍ တရိုတသေနှုတ်ဆက်ပြီးသည့်နောက် အမြန်ထွက်သွားကြသည်။
ဆေးရုံမှထွက်လာချိန်တွင် ချီယင်၏ဝတ်စုံတွင် ချွေးများစိုရွှဲနေသည်။
တိုက်ပွဲမတိုင်မီတွင်ပင် သူ ဤမျှအထိ စိတ်မလှုပ်ရှားရဲပေ။
" ဘုရားရေ ကျွန်မ ကြောက်လွန်းလို့ သေတော့မလိုပဲ...အဲ့ကလေးက တကယ်ပဲ ဘုရင်ဖြစ်တော့မယ့် ဒုတိယမင်းသားတဲ့လား... ဘာလို့အဲ့လောက်တောင် တိုက်ဆိုင်ရတာလဲ..."
ယွီဝမ် သက်ပြင်းရှည်ကြီးချလိုက်သည်။ သူမ မျက်နှာမှ မိတ်ကပ်များမှာလည်း ချွေးများကြောင့် ပျက်ကုန်သည်။
သားအဖနှစ်ယောက်လုံးလည်း မျက်နှာပျက်နေကြသည်။
ချီယင်က သူ့အလုပ်အကြောင်း စိတ်ပူနေသော်လည်း ချီယုမှာမူ လော့ဝမ်ချွမ်းက သူ့ကို ယွမ်ရှင်းကျဲအနား မကပ်ခိုင်းတော့၍ ပူပန်နေသည်။
ယွမ်ရှင်းကျဲက ဂလင်းကိုဖြတ်တောက်လိုက်သော်လည်း သူ့အပေါ်ထားသည့် ချီယု၏အချစ်များက မပြောင်းလဲသွားခဲ့ပေ။
" ယောက်ျား... ယွမ်ရှင်းကျဲ သတိရလာပြီးရင် ဒုတိယမင်းသားက ယွမ်မိသားစုဘက်ကလိုက်ပြီး ကျွန်မတို့ကို ပြဿနာရှာတော့မယ်ထင်တယ်... သူ... သူက အနာဂတ်မှာ ဘုရင်ဖြစ်လာမယ့်သူလေ..."
ယွီဝမ်၏ အသံက တုန်ယင်လာသည်။
"ဘုရင်" ဟူသောစကားလုံးတစ်လုံးနှင့်ပင် သူတို့အားလုံး တုန်ယင်နေရန် လုံလောက်ပြီဖြစ်သည်။
ချီမိသားစုက နှစ်ပေါင်းများစွာ ညစ်ပတ်သည့်ကိစ္စများကို လုပ်ဆောင်ခဲ့သည်။
အကယ်၍ လော့ဝမ်ချွမ်းက အဆုံးစွန်ထိ စုံစမ်းစစ်ဆေးမည်ဆိုပါက ချီမိသားစုမှာ ယခင်ကဲ့သို့ အနေအစားချောင်နိုင်မည်မဟုတ်တော့ပေ။
ချီယင်၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မျက်မှောင်ကြုတ်နေသည်။ ခဏတာတွေးပြီးသည့်နောက် ပြန်ဖြေလိုက်သည်။
" အဲ့လိုမဖြစ်နိုင်လောက်ပါဘူး... ယွမ်မိသားစုကလည်း ယွမ်ရှင်းကျဲကို အဲ့လိုဖြစ်စေခဲ့တဲ့ ကြံရာပါတွေပဲ... ယွမ်ရှင်းကျဲက သူတို့ကိုပိုတောင်မုန်းသေးတယ် ဘာကိစ္စ ယွမ်မိသားစုကို ကူညီမှာတဲ့လဲ..."
" ကျွန်မလည်း အဲ့လိုတွေးနေတာ... ဒါပေမဲ့ ကျွန်မ စိုးရိမ်နေသေးတယ်... ယွမ်ရှင်းကျဲသာ အိမ်ရှေ့စံမင်းသားကြင်ယာတော်ဖြစ်လာရင် ကျွန်မတို့ကို အနာဂတ်မှာ ပြဿနာရှာလာနိုင်တယ်..."
ယွီဝမ်က စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သော်လည်း သူမအမူအရာက တိုးတက်မလာပေ။
" အဲ့လိုဖြစ်စရာအကြောင်းမရှိဘူး... သူက ဂလင်းကို ဖြတ်ထုတ်လိုက်ပြီလေ... ပြန်မကောင်းလာသရွေ့တော့ တော်ဝင်မိသားစုက သူ့ကို ကြင်ယာတော်နေရာမထားလောက်ဘူး..."
ချီယင်က ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ ချီမိသားစုက ဤကိစ္စအတွက် အဆုံးမရှိ ပူပန်နေကြဆဲဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ယခုလော့ဝမ်ချွမ်း၏အမူအရာမှာ ဧကရာဇ်တစ်ပါး၏ သွင်ပြင်အတိုင်းပင်ဖြစ်သည်။
အေးစက်၍ ခံ့ညားထည်ဝါပြီး လူမဆန်ကာ သတ်ဖြတ်ချင်လိုစိတ် အနည်းငယ်ကိုပင် ခံစားလိုက်ကြရသည်။
" တကယ့်ကို ကံဆိုးတာပဲ... အဲ့ဒီ ယွမ်ရှင်းကျဲဆိုတဲ့ကောင်လေးက ရက်စက်ကြမ်းကြုတ်ပြီး အရှိန်အဝါရှိတဲ့သစ်ပင်ပေါ်ကို ဘယ်လိုများတက်နိုင်သွားရတာလဲ... သူ့ဂလင်း ပြန်ကောင်းလာလို့မဖြစ်ဘူး... သူသာ ဒုတိယမင်းသားရဲ့ ကြင်ယာတော်ဖြစ်သွားရင် ငါတို့တော့ အဆုံးသတ်ပြီပဲ..."
ချီယင်က နောင်တမရသေးသည့်ပုံဖြင့် ပြောလိုက်သည်။
ချီယင် မပြောပဲ မနေနိုင်တော့ပေ။
" အဖေ ဘာလို့ အဲ့လိုစကားမျိုးပြောရတာလဲ..."
" မင်း ပါးစပ်ပေါက် ပိတ်ထားစမ်း... အဲ့ဒါတွေအားလုံး မင်းအမှား မဟုတ်ဘူးလား... မင်းသာ ခေါင်းမာပြီး ယွမ်ရှင်းကျဲကို မရွေးခဲ့ရင် ဒီလိုကိစ္စမျိုးတွေ ဖြစ်လာမှာမဟုတ်ဘူး..."
ချီယင်က သူ့ကိုစိုက်ကြည့်နေသည်။
ချီယုက စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပြောသည်။
" ယွမ်မိသားစုရဲ့ မက်ခါရင်းမြစ်တွေရအောင်လို့ အဖေရော မကြံစည်ခဲ့ဘူးလား..."
ယွီဝမ်က သူတို့နှစ်ယောက်အား ကြားဝင်ဖြန်ဖြေရသည်။
" ကဲ ကဲ ရန်မဖြစ်ကြပါနဲ့တော့ ... အရင်ဆုံး အိမ်ပြန်ကြမယ်..."
ချီမိသားစုက ကမောက်ကမဖြစ်နေသော်လည်း ယွမ်မိသားစုကမူ ယခုချိန်တွင် အနည်းငယ်ပျော်ရွှင်နေသည်။
"ဟေး မင်းဘယ်လိုထင်လဲ... ဂုဏ်ကျက်သရေရှိတဲ့ ဒုတိယမင်းသားက ငါတို့သားကို တကယ်ကြိုက်တာလား..."
ယွမ်ချန်ရှန့်က ချင်ရွှမ်းအနားကပ်ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။ သူ့လေသံထဲတွင် စိတ်လှုပ်ရှားမှုများ မပါဝင်နေပေ။
" ဒါ တကယ့်ကို အံ့ဩစရာကြီး..."
ယွမ်ချန်ရှန့်က မနီးမဝေးမှ လူချောလေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မှတ်ဉာဏ်တုကိုဖွင့်ကာ သတင်းများကိုဆွဲကြည့်နေပြီး ဓာတ်ပုံထဲမှလူနှင့် သူ့ရှေ့မှလူ၏ ကွာခြားချက်ကို ကြည့်နေသည်။
တော်ဝင်မိသားစု၏ သတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဒုတိယမင်းသားက ပွဲမပြီးခင် တသ်ဝက်တစ်ပျက်တွင် ထွက်သွားသည့် ဗီဒီယို ပါဝင်နေသည်။
" ကြည့်လိုက်ဦး... ဥပဒေကို ပြဌာန်းလိုက်တဲ့အကြောင်း ကြားပြီးတာနဲ့ ဒုတိယမင်းသားက အမြန်ထွက်သွားတာပဲ... အဲ့ဒါဆို သူ ရှင်းကျဲကို တကယ်ဂရုစိုက်တာပေါ့... ပြီးတော့ သူထွက်သွားတာတောင်မှ ဘုရင်ကြီးက သူ့ကိုဆက်ခံသူဖြစ်ကြောင်း ကြေညာလိုက်တယ်ဆိုတော့ ဒုတိယမင်းသားကို တော်တော်တန်ဖိုးထားတဲ့ပုံပဲ..."
ယွမ်ချန်ရှန့်က သတင်းများကို ပြလိုက်သည်။
ချင်ရွှမ်းက ထိုသတင်းများကို ငေးငိုင်ကာ ကြည့်နေသည်။
သူမသည်လည်း အံ့အားသင့်သွားခဲ့ပေသည်။ သူတို့အမြဲ အထင်သေးခဲ့သည့် စွန့်ပစ်ကြယ်မှကောင်လေးက တော်ဝင်မိသားစုမှ ထီးနန်းဆက်ခံသူဖြစ်နေမည်ဟု မထင်မှတ်ထားခဲ့မိပေ။
135.2
သူက ယွမ်ရှင်းကျဲကို အလွန်နှစ်သက်လွန်း၍ ထီးနန်းကိုပင်လက်လျှော့ရန်အထိစွန့်စားကာ ဟိုတယ်သို့လာရောက်ပြီး သူ့ကို ကယ်တင်ပေးခဲ့သည်ပင်။
ယွမ်ချန်ရှန့်ကမူ လော့ဝမ်ချွမ်းကို သားမက်အဖြစ် သတ်မှတ်လိုက်ပြီးပြီဖြစ်သည်။ သူ သတင်းများကို ပို၍ ကြည့်မိလေ ပို၍ ကျေနပ်လာလေဖြစ်သည်။
ထို့နောက် မှတ်ဉာဏ်တုကို ပြန်သိမ်းထားလိုက်ကာ လော့ဝမ်ချွမ်းဆီသို့ လျှောက်သွားလိုက်ကာ လော်လံဖားသည့်လေသံဖြင့် ပြောလိုက်သည်။
" အဲ့ဒါ... ကျွန်တော်က... အဲ့ ကျွန်တော်မျိုးက ရှင်းကျဲရဲ့အဖေပါ... အရင်က အရှင့်သားကို မသိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါရစေ..."
လော့ဝမ်ချွမ်းက သူ့ကို အေးစက်စွာပြန်ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောပေ။
" ဒုတိယမင်းသား... ကျွန်တော်မျိုးတို့ရဲ့ရှင်းကျဲက အိုမီဂါကောင်းလေးတစ်ယောက်ဆိုတာ သိတယ်မလား... သူက ကြင်နာတတ်တယ်၊ အချက်အပြုတ် အလျှော်အဖွတ်လည်းတော်တယ် အရေးကြီးဆုံးကတော့ စိတ်ထားလေးက တော်တော်နူးညံ့ပါတယ်..."
ထိုစကားများကိုကြားသည့်အခါ ယွမ်ရှင်းကျဲက စစ်မြေပြင်တွင် ပြိုင်ဘက်များကို မည်သို့အနိုင်ယူသည်ကို လော့ဝမ်ချွမ်း သတိရသွားသည်။ ယွမ်ချန်ရှန့်ကို နက်နဲသည့် အကြည့်တစ်မျိုးဖြင့်သာ ကြည့်လိုက်သည်။
ဒုတိယမင်းသား၏အကြည့်ကြောင့် ယွမ်ချန်ရှန့်က လိပ်ပြာမလုံဖြစ်သွားသော်လည်း ဆက်ပြောနေလိုက်သည်။
" တကယ်တော့ ရှင်းကျဲက သူ့ကိုယ်ပိုင်ပျော်ရွှင်မှုနဲ့ အိမ်ထောင်ဖက်ကောင်းတစ်ယောက်နဲ့တွေ့ဖို့ ကျွန်တော်မျိုး အမြဲတမ်းမျှော်လင့်နေခဲ့တာပါ... တကယ်လို့ အရှင့်သားက ရှင်းကျဲကိုသဘောကျတယ်ဆိုရင် ကျွန်တော်မျိုးတို့ မိသားစုအတွက်တော့ ဂုဏ်ယူဝမ်းမြောက်စရာပါပဲ... အရှင့်သား
က မက်ခါတွေကို သဘောကျတယ်လို့ ကြားဖူးပါတယ် ကျွန်တော်မျိုးတို့ ကုမ္ပဏီမှာ မက်ခါတွေအများကြီးရှိပါတယ်..."
" ခင်ဗျား သူ့ဆီက မျှော်လင့်ခဲ့တဲ့ပျော်ရွှင်မှုက သူ့ဂလင်းကို ဖြတ်ထုတ်ပစ်ဖို့လား..."
လော့ဝမ်ချွမ်းက သူပြောနေသည်ကို ဖြတ်ပြောလိုက်ပြီး အေးစက်စွာမေးလိုက်သည်။
လော့ဝမ်ချွမ်း၏လေသံထဲမှ လူသတ်ချင်စိတ်ကို ခံစားမိ၍ ယွမ်ချန်ရှန့်အလွန်ကြောက်လန့်သွားပြီး ချီယင်ကဲ့သို့ ဒူးထောက်မတတ်ဖြစ်သွားသည်။
" ကျွန်... ကျွန်... ကျွန်တော်မျိုးမှားပါတယ်... အရှင့်သား ကျွန်တော်မျိုးလည်း ကိစ္စတွေက ဒီအထိဖြစ်ကုန်မယ် မထင်ခဲ့ပါဘူး... ရှင်းရှင်းရဲ့ ဂလင်းတွေ ပြန်ကောင်းလာဖို့ ကျွန်တော်မျိုးလည်း မျှော်လင့်မိတာပါ... ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို အပြစ်မတင်ပါနဲ့... ဒီကိစ္စကြောင့် ရှင်းကျဲကိုလည်း မမုန်းသွားပါနဲ့..."
လော့ဝမ်ချွမ်း မတ်တပ်ရပ်လိုက်ပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
" ကျုပ်ကို မနှောင့်ယှက်ပါနဲ့..."
သူက ယွမ်ချန်ရှန့်ကို လျစ်လျူရှု့ပြီး အဝေးတစ်နေရာမှ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
လော့ဝမ်ချွမ်း၏ ဂရုမစိုက်သော အပြုအမူကြောင့် ယွမ်ချန်ရှန့်က စိုးရိမ်ပူပန်စွာဖြင့် ချင်ရွှမ်းကို မေးလိုက်သည်။
" မိန်းမ ... ရှင်းကျဲ ဂလင်းကိုဖြတ်ထုတ်ပစ်လိုက်လို့ ဒုတိယမင်းသားက သူ့ကိုသဘောမကျတော့တာများလား..."
" ပြောဖို့ခက်တယ်..."
ယွမ်ချန်ရှန့်၏ရင်ထဲတွင် နောင်တများဖြင့် ပြည့်လာကာ သူ့ပေါင်ကိုသူ ရိုက်လိုက်သည်။
" ငါတို့ ရှင်းကျဲကို ဘာလို့ ချီယုနဲ့ လက်ထပ်ပေးချင်ခဲ့တာပါလိမ့်... ဒါက နှမ်းစေ့ကိုကောက်လိုက်ပြီး ဖရဲသီးကို လွှင့်ပစ်လိုက်သလိုပဲ... ချီယင်က ခုပဲ ငါတို့ကို စော်ကားသွားတယ် သူတို့က ဘာမို့လို့လဲ... ပြီးတော့ ရှင်းကျဲကလည်းဘာလို့ ဒီလို မိုက်မဲတဲ့ကိစ္စကို လုပ်ရတာပါလိမ့်..."
ချင်ရွှမ်းက သူ့ကို အေးစက်စွာကြည့်လိုက်သည်။
" အဲ့ဒါဘာလို့လဲဆိုတော့ ရှင် စေ့စပ်ပွဲလုပ်တဲ့နေရာမှာ သူ့ကို ဆိုးဆိုးဝါးဝါးတွေ ပြောလိုက်လို့ မဟုတ်ဘူးလား..."
သူမစကားများကြောင့် ယွမ်ချန်ရှန့် ပို၍ နောင်တရလာသည်။ သူ့မျက်နှာကိုသူ အကြိမ်အနည်းငယ် ရိုက်နေလိုက်သည်။
" ငါ့ပါးစပ်က မကောင်းတာပါ ... ငါ့ပါးစပ်ကိုက မကောင်းတာ..."
သူက ထိုသို့လုပ်နေရခြင်းမှာ နောင်တရသောကြောင့်တစ်ဝက် လော့ဝမ်ချွမ်းကို မြင်စေလိုသောကြောင့်တစ်ဝက်ဖြစ်သည်။
သူ့မျက်နှာကိုသူ ရိုက်၍ ဝသွားသောအခါ ခွဲစိတ်ခန်းတံခါးနားသွားရပ်ကာ လက်များကိုဆုပ်၍ ဆုတောင်းနေပြန်သည်။
" ဘုရားသခင် ရှင်းရှင်းရဲ့ဂလင်းတွေ ဘာမှမဖြစ်အောင် ကာကွယ်ပေးပါ... သူ့ကို ဘီတာမဖြစ်သွားအောင် ကောင်းချီးပေးတော်မူပါ..."
ထိုအချိန်တွင် ခွဲစိတ်ခန်းတံခါးက ရုတ်တရက်ပွင့်လာသည်။
ခေါင်းဆောင် ခွဲစိတ်ဆရာဝန်က အခန်းထဲမှ ထွက်လာသည်။
ချင်ရွှမ်းနှင့် ယွမ်ချန်ရှန့်တို့နှစ်ယောက်လုံး အံ့ဩသွားပြီး ရှေ့တိုးလာကြသည်။
ချင်ရွှမ်းက မေးလိုက်သည်။
" ဆရာ... ရှင်းကျဲ အသက်အန္တရာယ်ရှိနေသေးလား..."
" သူ အသက်အန္တရာယ်မရှိတော့ပါဘူး ဒါပေမဲ့ သတိလစ်နေတုန်းပါပဲ..."
" သူ့ဂလင်းကရော ဆရာ... ဂလင်းတွေ ပြန်ကောင်းလာနိုင်မှာလား..."
ယွမ်ချန်ရှန့်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
ဆရာဝန်က ငြိမ်ကျသွားသည်။
ထိုအချိန်တွင် မလှမ်းမကမ်းမှ လော့ဝမ်ချွမ်းကလည်း အမြန်လျှောက်လာပြီး မျက်မှောင်ကြုတ်လျက်ဖြင့် ဆရာဝန်ကို မေးလိုက်သည်။
" သူ ဘယ်လိုနေသေးလဲ..."
" လူနာရဲ့ဒဏ်ရာကို အချိန်မီဆေးထည့်ပြီး ပတ်တီးစည်းပေးနိုင်ခဲ့လို့ သွေးထွက်မလွန်တော့ပဖြ တခြားကြီးကြီးမားမားလည်း မဖြစ်သွားပါဘူး..."
ဆရာဝန်က လော့ဝမ်ချွမ်းကိုကြည့်ကာ တဖြည်းဖြည်းပြောလိုက်သည်။
" ဒါပေမဲ့ သူ့ဂလင်းတွေကတော့ တော်တော် ပြင်းပြင်းထန်ထန်ထိခိုက်သွားတယ်... ဖယ်ရိုမုန်းတွေပေါင်းစပ်ပေးတဲ့ လုပ်ဆောင်ချက်က လုံးဝ ကုန်ဆုံးသွားပါတယ်..."
ဆရာဝန်က ခဏရပ်လိုက်ပြီးမှ ထိုသုံးယောက်၏ အံ့အားသင့်နေသောမျက်လုံးများကိုကြည့်ကာ ဆက်ပြောလိုက်သည်။
" လူနာက ... ဘီတာ ဖြစ်သွားပါပြီ..."
xxxxxxxx