အပိုင်း ၁၃၆
Viewers 17k

Chapter 136


.


ဆရာဝန်၏ စကားများကို ကြားသည့်အခါ ယွမ်ချန်ရှန့်အလွန် ကြောက်လန့်သွား၍ သတိလစ်မတတ်ပင်ဖြစ်သွားသည်။ လဲမကျစေရန် မနည်းအားပြု၍ ရပ်နေရသည်။


သူ အစောပိုင်းကအထိ "ငါ့သားက တော်ဝင်မိသားစုဝင်တစ်ယောက်နဲ့ လက်ထပ်ရတော့မယ်" ဟု စိတ်ကူးယဉ်နေခဲ့သော်လည်း ယခုအခါတွင် ဆရာဝန်က ယွမ်ရှင်းကျဲ ဘီတာဖြစ်သွားကြောင်း ပြောနေသည်။


ပျက်စီးဆုံးရှုံးသွားသောအိမ်မက်နှင့် အမှန်တရားကြောင့် ကောင်းကင်ဘုံမှ ငရဲသို့ကျသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။


" ဆရာ ကျုပ် တောင်းပန်ပါတယ်... သူ့ကိုနည်းလမ်းရှာပြီး ကယ်ပေးပါဦး... သူက ကလေးဘဝတည်းက အိုမီဂါဖြစ်ခဲ့တဲ့သူပါ... တကယ်လို့ ဘီတာဖြစ်သွားမယ်ဆိုရင် သူသေသွားလိမ့်မယ်..."


ယွမ်ချန်ရှန့်က ဆရာဝန်၏လက်မောင်းကိုလှမ်းဆွဲလိုက်ပြီး အသံတုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။


ဆရာဝန်က ယွမ်ချန်ရှန့်ကို ကူကယ်ရာမဲ့စွာဖြင့်ကြည့်ပြီး ပြန်ပြောလိုက်သည်။


" လူကြီးမင်းရဲ့သားက လှုံ့ဆော်ခံရမှုများသွားတာပါ... ဂလင်းကို အားပါပါနဲ့ ဖြတ်ပစ်လိုက်တော့ ဖယ်ရိုမုန်းပေါင်းစပ်မှုဆဲလ်တွေသေဆုံးသွားတာပါ နဂိုအတိုင်းတော့ ပြန်မဖြစ်နိုင်တော့ဘူး..."


" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... လူတစ်ယောက်က ဂလင်းကိုဖြတ်ရင် ဘယ်လောက်အားပါပါနဲ့ ဖြတ်နိုင်မှာမို့လဲ ... ဆရာ ကျုပ် ဂရုမစိုက်ဘူး သူဂလင်းကိုဘယ်လိုပဲဖြစ်ဖြစ် ပြန်ကောင်းအောင်လုပ်ပေးပါ... သူက ဒုတိယမင်းသားသဘောကျတဲ့လူဆိုတာ သိတယ်မလား..."


ယွမ်ချန်ရှန့်က လက်မခံနိုင်သေးပေ။


ယွမ်ချန်ရှန့်၏စကားကို အလွန်စက်ဆုပ်ရွံရှာသွားသဖြင့် လော့ဝမ်ချွမ်း မျက်မှောင်ကြုတ်လိုက်သည်။


သူ့အတွက် ယွမ်ရှင်းကျဲ ဘီတာဖြစ်စေ အိုမီဂါဖြစ်စေ အရေးမကြီးပေ။


သို့သော်လည်း တစ်ရက်တည်းထိုသို့ပြောင်းလဲသွားခြင်းက ကာယကံရှင်အတွင် လက်မခံနိုင်ဖွယ် ဖြစ်သွားနိုင်သည်။


ယွမ်ရှင်းကျဲ သတိရလာပါက ဝမ်းနည်းသွားမည်ကို လော့ဝမ်ချွမ်း စိတ်ပူနေမိသည်။ သို့ဖြစ်၍ ဆရာဝန်ကို မေးလိုက်သည်။


" ပြန်ကောင်းလာဖို့ နည်းလမ်းမရှိတော့ဘူးလား..."


ဆရာဝန်က ခဏတာတိတ်ဆိတ်နေပြီးနောက် ပြန်ဖြေလိုက်သည်။


" တောင်းပန်ပါတယ်အရှင့်သား... ကျွန်တော်တို့လည်း ကောင်းဆုံးကြိုးစားခဲ့ပါတယ်..."


လော့ဝမ်ချွမ်း အမူအရာမဲ့စွာဖြင့်သာ ရပ်နေသော်လည်း မသိစိတ်က သူ့လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။


သူ့ဘေးမှ ယွမ်ချန်ရှန့်မှာ အလွန်နောင်တရလွန်းနေ၍ ငိုတော့မည့်ဟန်ပြင်နေသည်။ သူ့မျက်နှာက ဖြူဆုတ်သွားပြီး သူ့ကိုယ်သူ ရေရွတ်နေသည်။


" သွားပြီ ... အဆုံးသတ်ပြီ..."


ဆရာဝန်လည်း တစ်ဖက်သို့လှည့်ကာ ထွက်သွားသည်။ လော့ဝမ်ချွမ်းမျက်လုံးမှိတ်ထားပြီး စိတ်ခံစားချက်များကို ထိန်းချုပ်ကာ လူနာဆောင်ဘက်သို့ တိတ်ဆိတ်စွာလျှောက်သွားသည်။ ထို့နောက် ယွမ်ချန်ရှန့်နှင့်ချင်ရွှမ်းတို့ မမြင်ရစေရန် အခန်းထဲဝင်ပြီးသည်နှင့် တံခါးပိတ်လိုက်သည်။


သူက အလွန်တည်ငြိမ် အေးချမ်းစွာပင် ပြုမူနေသည်။


တံခါးပိတ်သံမှ အားကိုမထိန်းချုပ်နိုင်ပုံကြောင့်သာ မဟုတ်လျှင် လေ့ာဝမ်ချွမ်းက ဝမ်းနည်းမည့်လူမဟုတ်ဟု ချင်ရွှမ်း အထင်မှားသွားနိုင်သည်။


ယခုအချိန်တွင် ဝမ်းအနည်းဆုံးလူက လော့ဝမ်ချွမ်းဖြစ်နေမည်ကို ချင်ရွှမ်းသိသည်။


ယွမ်ချန်ရှန့်နောင်တရစွာဖြင့် မျက်ရည်သုတ်နေသည်ကို မြင်သည့်အခါမှ ချင်ရွှမ်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


" ဘာပဲဖြစ်ဖြစ် ရှင်းကျဲ အဆင်ပြေနေတာပဲမလား... သူ ဘီတာဖြစ်သွားတော့ရောဘာဖြစ်လဲ... ဒါလည်း‌တစ်မျိုးကောင်းတာပဲလေ နိုင်ငံတော်အဆင့်မက်ခါပြိုင်ပွဲမှာ ပိုကောင်းကောင်းစွမ်းဆောင်နိုင်တော့မှာပေါ့..."


" ဒီမိန်းမတော့... မင်းဘာသိလို့လဲ..."


ယွမ်ချန်ရှန့် သူမကို စိုက်ကြည့်နေသည်။


" ဒုတိယမင်သားက ယွမ်ရှင်းကျဲကိုကြိုက်နေတာ မင်းမမြင်ဘူးလား... ငါတို့သားက အိမ်ရှေ့စံရဲ့ကြင်ယာတော်ဖြစ်တော့မှာကွ... အခု သူ ဘီတာဖြစ်သွားပြီဆိုရင် ဘယ်မိသားစုက သူ့ကိုလိုချင်တော့မှာလဲ..."


ယွမ်ချန်ရှန့်၏အမြင်အရဆိုလျှင် ယွမ်ချန်ရှန့်ဘီတာဖြစ်သွားခြင်းက သုံးစားမရသောလူဖြစ်သွားသည်နှင့် ထူးမခြားနားပင်ဖြစ်သည်။


ချင်ရွှမ်းက ယွမ်ချန်ရှန့်နှင့် စကားထပ်မပြောချင်တော့ပေ။


ယွမ်ချန်ရှန့်က ယခုအချိန်အထိ ယွမ်ရှင်းကျဲကို အသုံးချစရာပစ္စည်းတစ်ခုကဲ့သို့ သဘောထားခဲ့ခြင်းဖြစ်သည်။


" အဲ့ဒါတင်မဟုတ်ဘူး... ချီမိသားစုကလည်း သူ့ကို မလိုချင်တော့ဘူးလေ... ငါတို့နောက်ဆိုရင် မက်ခါသုတေသနဌာနက သတင်းတွေကို ဘယ်လိုရတော့မှာလဲ... တကယ်ကို ဆုံးရှုံးသွားတာပဲ... ငါ့သားရော နည်းပညာတွေရော..."


ထိုအကြောင်းကိုတွေးလေ ယွမ်ချန်ရှန့်၏မျှော်လင့်ချက်များ ပျောက်ဆုံးလာလေဖြစ်၍ သေချင်စိတ်ပေါက်လာသည်။


လော့ဝမ်ချွမ်းက လူနာခန်းထဲတွင်ထိုင်နေသည်။


ဘေးရှိ ခုတင်ပေါ်မှလူက ဆက်လက်အိပ်မောကျနေဆဲဖြစ်သည်။


ယွမ်ရှင်းကျဲက ကောင်းကောင်းအိပ်နေရသည့်ပုံမပေါ်ပေ။ သူ့မျက်ခုံးနှစ်ဖက်ကို ထိလုမတတ်တွန့်ချိုးထားသည်။


လော့ဝမ်ချွမ်းက လက်ဆန့်ပြီး သူ့မျက်ခုံးနှစ်ခုကြားကိုဖိပေးလိုက်ပြီး သူ၏လက်ချောင်းထိပ်ဖြင့် ချောမွေ့သော အသားအ‌ရည်ကိုထိနေသည်မှာ တန်ဖိုးအကြီးဆုံး ရတနာတစ်မျိုးကို ထိနေသကဲ့သို့ပင် ထင်ရသည်။


လော့ဝမ်ချွမ်း၏ မှတ်ဉာဏ်တုထဲသို့ မက်ဆေ့ပေါင်းများစွာ ရောက်လာနေဆဲပင်ဖြစ်သည်။


တော်ဝင်မိသားစုမှလူများက လူသိရှင်ကြားကျင်းပသောသတင်းစာရှင်းလင်းပွဲမှ ထွက်သွားရခြင်းအကြောင်းကို မေးခွန်းထုတ်နေကြသည်။


အတန်းဖော်များကလည်း သူဒုတိယမင်းသားဖြစ်ကြောင်းကို ဖုံးကွယ်ထားသည့်အကြောင်းအရင်းအား မေးမြန်းနေကြသည်။


အသင်းဖော်များကမူ ထီးနန်းဆက်ခံသူဖြစ်သွားသည့်အတွက် ဂုဏ်ပြုနေကြသည်။


ယခုကဲ့သို့ အရေးကြီးသောအခိုက်အတန့်တွင် လော့ဝမ်ချွမ်းကို သိသမျှလူတိုင်းက မက်ဆေ့များပို့နေကြပုံပေါ်သည်။


သို့ရာတွင် လော့ဝမ်ချွမ်း၏မျက်ဝန်းများထဲတွင် သူ့ကို အချိန်တစ်ခုအထိ မတုံ့ပြန်နိုင်တော့မည့် ယွမ်ရှင်းကျဲကိုသာ ကြည့်နေမိသည်။


ထိုအချိန်တွင် ယွမ်ရှင်းကျဲက စေ့စပ်ပွဲမတိုင်မီ သူ့ကိုမက်ဆေ့အနည်းငယ်ပို့ထားသေးသည်ကို သတိရသွားမိသည်။ 


တည်နေရာပါဝင်သောမက်ဆေ့ကိုသာ ဖတ်ခဲ့မိ၍ အခြားကျန်ရှိနေသောမက်ဆေ့များကို မဖတ်မိခဲ့ပေ။


လော့ဝမ်ချွမ်း မှတ်ဉာဏ်တုကိုဖွင့်လိုက်ပြီး သူနှင့် ယွမ်ရှင်းကျဲအကြား စကားပြောထားသည့် မက်ဆေ့များကို ဖွင့်ကြည့်လိုက်သည်။


[ စီနီယာ ကျွန်တော် ဟိုတယ်ပရိုက်စ်မှာရောက်နေတယ်... ကိစ္စတွေပြီးသွားရင် နိုအာကြယ်ကို တူတူပြန်ရအောင် ...] စာပို့ချိန် ၄နာရီ ၄၀မိနစ်


[ စီနီယာ တာ့ချွမ်း... ကျွန်တော် ဒီည စီနီယာနဲ့ တူတူမပြန်နိုင်တော့ဘူးထင်တယ်... ] စာပို့ချိန် ၄နာရီ ၅၂မိနစ်


နိုအာကြယ်သို့ အတူပြန်မည်ဟု ပြောထားရာမှ ' စီနီယာနဲ့ တူတူမပြန်နိုင်‌တော့ဘူး' ဟူ၍ ဖြစ်သွားသည်။


ထိုအချိန်အတောအတွင်း မည်သည့်ကိစ္စများဖြစ်ခဲ့သည်ကို လော့ဝမ်ချွမ်း မသိခဲ့ရသော်လည်း ယွမ်ရှင်းကျဲက ထိုအချိန်တွင်းတွင် စေ့စပ်ပွဲအကြောင်း အမှန်တရားကို သိရှိသွားခဲ့လိမ့်မည်ဟု ‌ခန့်မှန်းမိလိုက်သည်။


ထိုမက်ဆေ့ကို ပို့လိုက်ချိန်တည်းက ယွမ်ရှင်းကျဲမှာ သူ့ဂလင်းကိုဖြတ်ပစ်ရန် စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်လိမ့်မည်။


အချိန် ၁၂မိနစ်အတွင်းမှာပင် ယွမ်ရှင်းကျဲက သူ့ဂလင်းကိုသူဖြတ်ပစ်ရန် စိတ်ပိုင်းဖြတ်လိုက်နိုင်ခြင်းကို ‌လော့ဝမ်ချွမ်း နားမလည်နိုင်ဖြစ်ခဲ့ရသည်။


နောက်ထပ်မြင်လိုက်ရသော စာကြောင်းနှစ်ကြောင်းက  လော့ဝမ်ချွမ်း၏မျက်ဝန်းထဲမှ မထွက်နိုင်အောင် ဖြစ်သွားခဲ့သည်။


[ နှင်းဆီရနံ့တွေကို...]


[ မမေ့လိုက်ပါနဲ့...]


နောက်ဆုံးမက်ဆေ့နှစ်စောင်ကို ၄နာရီ ၅၈မိနစ်တွင် ပို့ခဲ့ခြင်းဖြစ်သည်။

136.2


လော့ဝမ်ချွမ်း၏ မျက်လုံးသူငယ်အိမ်များ တဖြည်းဖြည်းကျုံ့လာပြီး သူ့လက်ချောင်းများလည်း အနည်းငယ်တုန်ယင်လာသည်။


ဂလင်းကိုမဖြတ်ပစ်မီအချိန်က လော့ဝမ်ချွမ်းက အနာဂတ်တွင် သူ့ဖယ်ရိုမုန်းအနံ့များကို မရ‌နိုင်တော့မည်ကိုသိ၍ ယွမ်ရှင်းကျဲက ထိုမက်ဆေ့ကိုပို့ပြီး သု့ဖယ်ရိုမုန်းအနံ့ကို မမေ့သွားရန် ပြောခဲ့သည်။


နှင်းဆီပန်းရနံ့...


အချိန်အတန်ကြာပြီးသည့်နောက်တွင်...


မက်ဆေ့များ ဆက်တိုက်ဝင်လာနေဆဲဖြစ်သော မှတ်ဉာဏ်တုကို ပိတ်လိုက်သည်။


ထို့နောက်တွင်မူ ကြာရှည်စွာတိတ်ဆိတ်နေခဲ့သည်။


ယွမ်ရှင်းကျဲ ထိုမက်ဆေ့နှစ်စောင်ကို မည်သို့သော စိတ်အခြေအနေဖြင့် ပို့ခဲ့သည်ကို သူမသိနိုင်ဖြစ်နေသည်။


ယွမ်ရှင်းကျဲ၏ အိပ်မောကျနေသော မျက်နှာလေးကိုမြင်သည့်အခါ သူ့နှုတ်ခမ်းများ တင်းတင်းစေ့ထားမိပြီး မျက်လုံးများ နီရဲလာသည်။


အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ ‌လူနာခန်းတွင်  ဆေးရုံမှ စက်ပစ္စည်းများ၏အသံနှင့်အတူ လော့ဝမ်ချွမ်း၏ အပြစ်မကင်းမှုများပြည့်နေသည့် အသံဩဩကိုသာ ကြားလိုက်ရသည်။


" ကိုယ်တောင်းပန်ပါတယ် ရှင်းကျဲ..."


လော့ဝမ်ချွမ်း၏ လည်စလုတ်က အထက်အောက် ရွေ့လျားသွားပြီး သူ့ရင်ထဲတွင် နောက်တများဖြင့်သာ ပြည့်နှက်နေတော့သည်။


တကယ်လို့ သူသာ တော်ဝင်မိသားစုရဲ့ လှုပ်ရှားမှုတွေကို ကြိုသိခဲ့မယ်ဆိုရင်...


တကယ်လို့ သူသာ ယွမ်ရှင်းကျဲရဲ့ဘေးမှာ တစ်ချိန်လုံး နေပေးနိုင်ခဲ့မယ်ဆိုရင်... 


တကယ်လို့ ယွမ်ရှင်းကျဲ သူ့ကိုယ်သူကာကွယ်ဖို့အတွက် အဲ့ဘူးကိုသာ မပေးထားခဲ့ဘူးဆိုရင်...


ယွမ်ရှင်းကျဲက ဒါတွေအားလုံးကို ခံစားနေရမှာ မဟုတ်ဘူး...


ထိုအကြောင်းများကို တွေးမိပြီးသည့်နောက်တွင် လော့ဝမ်ချွမ်း သတ္တိပြန်မွေးလိုက်ပြီးနောက် ယွမ်ရှင်းကျဲ၏ ညာဘက်လည်ပင်းမှ ဂလင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။


ဒဏ်ရာကို ပတ်တီးစည်းထားသော်လည်း ဓားဖြင့်ထိုးလိုက်သည့်မြင်ကွင်းကို လော့ဝမ်ချွမ်မျက်လုံးထဲမှ မထွက်နိုင်သေးပေ။


အကောင်းပကတိ ပြန်မဖြစ်နိုင်တော့ဘူးတဲ့လား...


လော့ဝမ်ချွမ်း လက်ဆန့်ထုတ်ပြီး ယွမ်ရှင်းကျဲ၏ပါးပြင်ကို ထိချင်သော်လည်း လမ်းတစ်ဝက်တွင် ရပ်သွားသည်။


အဆုံးတွင် နူးညံ့ညင်သာသော အသံဖြင့်ပြောလိုက်သည်။


" မင်းရဲ့ နှင်းဆီပန်းနံ့လို ဖယ်ရိုမုန်းတွေကို ကိုယ်အမြဲသတိရနေပါ့မယ်..."


ဆေးရုံခန်းထဲမှ ဝမ်းနည်းမှုနှင့် တိတ်ဆိတ်ငြိမ်သက်မှုများဖြင့် နှိုင်းစာပါက အွန်လိုင်း ဖိုရမ်ပေါ်တွင်မူ အုတ်အော်သောင်းနင်း ဖြစ်နေပြီဖြစ်သည်။


ပထမဆုံးသတင်းမှာ အကြီးဆုံးဖိုရမ်ကိုပင် ဆယ်စက္ကန့်ခန့်ရပ်တန့်သွားစေသည့် ဆက်ခံသူ၏သတင်းဖြစ်သည်။


စွန့်ပစ်ကြယ်မှပြန်ရောက်လာခဲ့သော ဒုတိယမင်းသားက သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ် ထွက်သွားခဲ့သော်လည်း ဘုရင်က သူ့ကို ဆက်ခံသူဖြစ်ကြောင်း ကြေညာခဲ့သည်။


ဤသတင်းမှ စကားလုံးတိုင်းက လူတို့၏ သိလိုစိတ်ကို နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။


ဒုတိယတစ်ခုမှ လက်ထပ်ထိမ်းမြားမှုဥပဒေကို ပြင်ဆင်ခြင်းဖြစ်သည်။ " ကိုက်ညီမှုရာခိုင်နှုန်းမြင့်သော အယ်လ်ဖာနှင့် အိုမီဂါများ မဖြစ်မနေ ပေါင်းစည်းရမည်" ဟူသော ဥပဒေကက စွန့်ပစ်ကြယ်ပေါ်တွင်သာမက နိုင်ငံတစ်ခုလုံးတွင်ပါ အကျုံးဝင်သွားပြီဖြစ်သည်။


ယခင်က ဤဥပဒေမူကြမ်းကို လူအများအပြားက ဝေဖန်ခဲ့ကြသော်လည်း ၎င်းက စွန့်ပစ်ကြယ်ပေါ်တွင်သာ သက်ရောက်သောကြောင့် လူအများစုမှာ ၎င်းတို့နှင့် မသက်ဆိုင်ဟု သဘောထားခဲ့ကြသည်။


သို့ရာတွင် အသစ်ပြင်ဆင်လိုက်သည့်ဥပဒေကြောင့် ဆွေးနွေးမှုကြီးများကို ဖြစ်ပေါ်စေခဲ့ပြီး လူအများစုက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်။


ဤသတင်းနှစ်ရပ်က အင်ပါယာတစ်ခုလုံးသာမက ဖက်ဒရေးရှင်းအထိပါရောက်သွားခဲ့သည်။ ထိုအချိန်တွင် တတိယမြောက် နာမည်အကြီးဆုံးဖြစ်သည့် သတင်းတစ်ခု တက်လာခဲ့သည်။


ယွမ်ရှင်းကျဲက စေ့စပ်ပွဲကျင်းပသည့်နေရာ လူအများရှေ့၌ပင် ဂလင်းကို ဖြတ်ပစ်ခဲ့သော သတင်းဖြစ်သည်။


အကယ်၍ သာမန်အိုမီဂါတစ်ယောက်ဆိုပါက ဤသတင်းမှာ လူမှုကွန်ယက်ပေါ်တွင် အတော်အသင့်သာ နာမည်ကြီးမည့်သတင်းတစ်ခုဖြစ်သည်။


သို့ရာတွင် ယွမ်ရှင်းကျဲက နိုင်ငံတော်အဆင့်မက်ခါပြိုင်ပွဲတွင် လုပ်ဆောင်ချက်ကောင်းများကြောင့် လူသိများလာခဲ့သူဖြစ်သည်။ ထို့အပြင် သူနှင့် စေ့စပ်မည့်သူက ဗိုလ်ချုပ်ကြီးချီယင်၏သား ချီယုဖြစ်နေပြီး ဤကိစ္စတွင် တော်ဝင်မိသားစုမှ ထီးနန်းဆက်ခံသူအသစ်ဖြစ်သည့် လော့ဝမ်ချွမ်းကပါ ပါဝင်ပတ်သက်နေခဲ့သည်။


ဤသတင်းကို စိတ်ဝင်စားကြသူများမှာ ထီးနန်းဆက်ခံသူနှင့် လက်ထပ်ထိမ်းမြားခြင်းဥပဒေကို အာရုံစိုက်ကြသူများထက် မနည်းပေ။


စေ့စပ်ပွဲတွင် ရှိနေခဲ့သူတစ်ယောက်က ထိုဖြစ်စဉ်အစအဆုံးကို ဗီဒီယိုရိုက်ပြီး အင်ပါယာ၏အကြီးဆုံးသတင်းကွန်ယက်ပေါ် တင်ခဲ့သည်။


စေ့စပ်ပွဲ၌ ယွမ်ရှင်းကျဲ ပြောခဲ့သောစကားတိုင်းမှာ ယွမ်နှင့် ချီမိသားစုများကို သရော်ပြီး အုပ်ချုပ်သူများ၏ အိုမီဂါများအပေါ် ဖိနှိပ်မှုကို ဝေဖန်ခဲ့သည်။  စကားလုံးတိုင်းတွင် သွေးစွန်းနေကာ ခန်းမအတွင်း၌ ပဲ့တင်ထပ်နေသော သူ၏ ငြိမ်သက်သော လေသံက ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့သည်။


ဂလင်းကို သူပြန်လိုက်ချိန်တွင် အိုမီဂါအားလုံးမှာ အံ့အားသင့်စရာကောင်းစွာ လန်းဆန်းလာခဲ့ပြီး နှလုံးသားထဲ၌ နာကျင်ခြင်းကို ခံစားခဲ့ရသည်။


(ဘုရားရေ အဲ့ဒါ တော်တော်နာမယ့်ပုံပဲ... ငါတော့ ယွမ်ရှင်းကျဲရဲ့ သတ္တိကို တကယ်လေးစားတယ်...)


( ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို ငါသာဆိုရင်တော့ ဂလင်းကို မဖြတ်ရဲဘူး... ငါမကြိုက်တဲ့လူတစ်ယောက်ကို စေ့စပ်ရတာထက် ဂလင်းကိုဖြတ်ပစ်ရတာ ပိုနာမယ့်ပုံပဲ...)


(သူ့ကိုအတင်းအကြပ်လက်ထပ်ခိုင်းတဲ့ မိသားစုနှစ်စုကိုမြင်ပြီးလိုက်တော့ သူတို့အဲ့လိုဖြစ်ဖို့ တန်တယ်လို့ပဲထင်တယ်... ယွမ်ရှင်းကျဲအတွက် စိတ်မကောင်းပေမယ့် သူက တကယ်မိုက်တာပဲ... အိုမီဂါတွေရဲ့တန်ဖိုးကို ဂလင်းနဲ့ ဆုံးဖြတ်လို့မှမရတာ...)


(အဲ့တော့ နောက်ဆုံးမှာ ဒီဥပဒေမူကြမ်းက အလကားပါပဲ...)


(အရင်တည်းက လူတွေက ဒီဥပဒေကို ဆန့်ကျင်ခဲ့ကြတာပဲကို... အဲ့အချိန်တုန်း‌ကတော့ စွန့်ပစ်ကြယ်တစ်ခုတည်းပေါ် သက်ရောက်လို့ လူအများစုက မဆိုင်သလိုနေခဲ့ကြတာ... အခုတော့ ငါတို့အလှည့်ရောက်လာပြီ...)


(ယွမ်ရှင်းကျဲက တော်တယ် သတ္တိလည်းရှိပြီး လုပ်ရဲကိုင်ရဲတယ်... အိုမီဂါအများစုကတော့ ဒီလို ဥပဒေမူကြမ်းကို သည်းညည်းခံလိုက်ဖို့များတယ်...)


(ကြောက်စရာအကောင်းဆုံးကတော့ တချို့လူတွေက ဘာမှန်းမသိပဲနဲ့ ငြိမ်ခံနေလိုက်ရတာပဲ...)


xxxxxxxx