အပိုင်း ၁၃၇
Viewers 17k

Chapter 137


ယွမ်ရှင်းကျဲ သူ၏ဂလင်းများကို ဖြတ်တောက်လိုက်သော လုပ်ရပ်ကြောင့် လက်ထပ်ထိမ်းမြားရေးဥပဒေအပေါ် လူတိုင်း၏ မကျေနပ်မှုကို နှိုးဆွနိုင်ခဲ့သည်။  ဥပဒေကြမ်းကို ပြင်ဆင်ရန်အတွက် နန်းတော်သို့  အသနားခံစာများ ပေးပို့တောင်းဆိုခဲ့ကြသည်။


ထို့အပြင် ဗီဒီယို၏ အဆုံးတွင် ကင်မရာထဲ၌ ပေါ်လာခဲ့သော လော့ဝမ်ချွမ်းကြောင့်လည်း လှုံ့ဆော်မှု ဖြစ်စေခဲ့သည်။


ထိုအခါမှသာ လော့ဝမ်ချွမ်းက သတင်းစာရှင်းလင်းပွဲနေရာမှ စိတ်ဆိုးမာန်ဆိုး ထွက်ခွာသွားခြင်းက ဥပဒေကို မကျေနပ်သောကြောင့် မဟုတ်ပဲ ပိုအရေးကြီးသည့် ယွမ်ရှင်းကျဲကို ကယ်ရန်အတွက်ကြောင့်ဖြစ်ကြောင်း အားလုံးသဘောပေါက်သွားကြသည်။


လော့ဝန်ချွမ်းနှင့် ယွမ်ရှင်းကျဲတို့အကြားမှ ဆက်ဆံရေးကြောင့် မရေမတွက်နိုင်သောထင်မြင်ချက်များ ထွက်ပေါ်လာခဲ့သည်။


အချိန်တစ်ခုအထိ သူတို့နှစ်ယောက်အကြောင်း ဆွေးနွေးမှုများက သတင်းခေါင်းစီးများတွင် ပါလာခဲ့သည်။


ရှင်းဟိုင်တက္ကသိုလ်အဖွဲ့မှလူများလည်း မကြာမီတွင် ထိုသတင်းများကို တွေ့မြင်သွားခဲ့ကြသည်။


ယွမ်ရှင်းကျဲက လူအများရှေ့မှာပင် ဂလင်းကိုဖြတ်တောက်လိုက်သဖြင့် အားလုံးက ထိတ်လန့်တုန်လှုပ်ကာ စိုးရိမ်နေကြသည်။


" နည်းပြ... အင်ပါယာကြယ်မြို့တော်ကိုသွားပြီး ရှင်းကျဲကို သွားရှာရအောင်... သူအခု အသက်အန္တရာယ်ရှိနေလားမသိဘူး..."


အော်ရီရယ်က လေ့ကျင့်နေခြင်းကို ရပ်တန့်လိုက်ပြီး ရစ်ချက်၏လက်မောင်းကိုဆွဲကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။


အခြားအဖွဲ့ဝင်များကလည်း သဘောတူကြသည်။ သူတို့အားလုံး ယွမ်ရှင်းကျဲ၏အခြေအနေကို စိတ်ပူနေကြသည်။


" ဂလင်းကိုဖြတ်ပစ်လိုက်တယ်ဆိုတာ တော်တော်လေးအန္တရာယ်များတယ်... ရှင်းကျဲ အသက်အန္တရာယ်ရှိမရှိ သေချာအောင် သွားကြည့်ရမယ်..."


" နည်းပြ ရှင်းကျဲကို အခုချိန်မှာ ဂရုစိုက်ဖို့လိုနေမှာ... ကျွန်တော်တို့ သူ့အနားသွားနေပေးချင်တယ်..."


" ရှင်းကျဲက ကျွန်တော်တို့အတွက် အများကြီးလုပ်ပေးခဲ့တာ... သူ့ကို လျစ်လျူရှု့ထားလို့ မဖြစ်ဘူး..."


ရစ်ချက်သည်လည်း ယွမ်ရှင်းကျဲကို သတိရနေသည်။ သူ ချက်ချင်းပင် လော့ဝမ်ချွမ်းကိုဆက်သွယ်ပြီး ယွမ်ရှင်းကျဲ၏ လက်ရှိအခြေအနေကို မေးမြန်းနေသည်။


ယွမ်ရှင်းကျဲက သတိမေ့နေဆဲဖြစ်ပြီး ဂလင်းကလည်း လုံးဝပျက်စီးသွားကြောင်း သိလိုက်ရသည့်အခါ အားလုံးခဏတာ တိတ်ဆိတ်သွားသည်။ ဖုန်းချလိုက်ပြီးသည့်နောက်တွင် အက်ရှလေက အံကြိတ်ပြီး ဒေါသတကြီးပြောလိုက်သည်။


" ယုတ္တိမရှိလိုက်တဲ့ ဥပဒေကြီးပဲ... ပြီးတော့ ချီမိသားစုကလူတွေက ယွမ်ရှင်းကျဲကို မသေသေ‌အောင် ဖိအားပေးခဲ့တာလား... သူတို့က တော်တော်ယုတ်မာတာပဲ..."


" အရင်တုန်းကတော့ ရှင်းကျဲကို အမုန်းဆုံးလူကသူပဲ... ခုတော့ ဒီလိုနည်းလမ်းတွေနဲ့ တွန်းအားပေးတယ်တဲ့လား..."


ဟဲဟောင်မင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


ရစ်ချက် သက်ပြင်းချလိုက်ပြီး သူ့အသံထဲတွင် နောင်တနှင့် မိမိကိုယ်ကို အပြစ်တင်မှုတို့ဖြင့် ပြည့်နေသည်။


" ငါ တာဝန်ပျက်ကွက်ခဲ့တာပါ... ရှင်းကျဲနဲ့ ချီယုက ငါ့ကို ဟိုတစ်ခါထွက်သွားခိုင်းခဲ့တုန်းက သူတို့လက်ထပ်မယ့်ကိစ္စကို ဖြေရှင်းဖို့လို့ထင်ခဲ့တာ... အဲ့အချိန်တုန်းက   ရှင်းကျဲ ဒီကိစ္စကို မကိုင်တွယ်နိုင်မှာ နည်းနည်းစိတ်ပူခဲ့ပေမယ့် ငါ သဘောတူခဲ့မိတယ်... ချီမိသားစုက ညစ်ပတ်တဲ့နည်းလမ်းတွေသုံးပြီး အတင်းစေ့စပ်ခိုင်းမယ် မထင်ထားခဲ့ဘူး..."


ရစ်ချက်အတွက်မူ ယွမ်ရှင်းကျဲက ကျောင်းအဖွဲ့အတွက် ရှားပါးသော လူကောင်းတစ်ယောက်ပင်ဖြစ်သည်။ သူ၏ ဆွဲဆောင်မှုရှိသော အကျင့်စရိုက်နှင့် ဩဇာရှိမှုတို့အပြင် သူ့လုပ်ဆောင်ချက်များကြောင့် ရှင်းဟိုင်ကျောင်းအဖွဲ့မှလူများက လေးစားကြသည်။


အကယ်၍ သူတို့ယွမ်ရှင်းကျဲကိုဆုံးရှုံးခဲ့ပါက ရှင်းဟိုင်တက္ကသိုလ်အဖွဲ့မှာ အသက်ဝိညာဉ်ကို ဆုံးရှုံးလိုက်ရသည်နှင့် ထပ်တူကျသွားပေလိမ့်မည်။


သို့ဖြစ်၍ ရစ်ချက်က ရှင်းဟိုင်ကျောင်းအဖွဲ့မှ အဖွဲ့ဝင်အားလုံးကိုခေါ်၍ မြို့တော်မှ ယွမ်ရှင်းကျဲကို သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။


တစ်ချိန်တည်းမှာပင် မက်ခါသုတေသနအဖွဲ့ကလည်း ယွမ်ရှင်းကျဲ ဂလင်းကိုဖြတ်လိုက်သည့်သတင်းကို ကြားသိလိုက်ရသည်။


ဌာနမှူးချန်းယွမ်နှင့် ကျင်းရွှမ်တို့ကလည်း ယွမ်ရှင်းကျဲပြန်ရောက်လာပြီး စိတ်စွမ်းအားတိုးစက်ကို လေ့လာရန် စောင့်နေကြသော်လည်း မမျှော်လင့်ပဲ ထိုကဲ့သို့သော မတော်တဆမှုမျိုးနှင့် ကြုံတွေ့လိုက်ရသည်။ သုတေသနဌာနတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။


ထိုသတင်းများ ဖတ်ပြီးသည့်နောက်တွင် ချန်းယွမ်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး ထိတ်လန့်သွားခဲ့သည်။


ဘေးတွင်ရပ်နေသော ကျင်းရွှမ်မှာလည်း သူမပါးစပ်ကို အုပ်ထားပြီး ကြောင်အနေသည်။


" ဘုရားရေ... ယွမ်ရှင်းကျဲလို ပါရမီရှင်မျိုးကို ယွမ်မိသားစုက ဒီလိုဆက်ဆံတာလား... သူတို့ ဘာတွေတွေးနေကြတာလဲ..."


အခြား သုတေသီများလည်းလည်း ယွမ်ရှင်းကျဲဘက်မှ စာ‌နာနေကြမိသည်။


" အရမ်းလွန်လွန်းတယ်... ငါကြားတာတော့ ရှင်းကျဲက သတိမေ့နေတုန်းဆို... အဲ့လောက်ပြဿနာကြီးမဖြစ် သွားသင့်ဘူး ဟုတ်တယ်မလား..."


" ယွမ်ရှင်းကျဲသာ တစ်ခုခုဖြစ်သွားရင် အဲ့ငတုံးတွေက အင်ပါယာတစ်ခုလုံးကို အပြစ်လုပ်မိသလိုဖြစ်သွားမှာ..."


" သိပ္ပံသုတေသနဌာနက ပါရမီရှင်တစ်ယောက်က  လက်ထပ်ဖို့ အတင်းအကြပ်ဖိအားပေးခံရလို့ ဂလင်းကို ဖြတ်ပစ်လိုက်ရတယ်ဆိုတာ အဓိပ္ပါယ်မရှိတာပဲ..."


" ချီယင်က သိပ္ပံသုတေသနဌာနက သတင်းအချက်အလက်တွေရပြီးတော့ ယွမ်မိသားစုနဲ့ အပေးအယူတွေလုပ်နေလို့ ဒီလိုမျိုးဖြစ်လာရတာပဲ..."


ထိုစကားများကြားသည့်အခါ ချန်းယွမ်မျက်လုံးများမှိတ်ထားပြီး သက်ပြင်းချလိုက်သည်။ သူ့လေသံထဲတွင် နောင်တရနေသည့်ပုံပေါ်သည်။


" အဲ့ဒီ ချီယင်ဆိုတဲ့လူက သိပ္ပံသုတေသနဌာနကကိစ္စတွေဆို အမြဲဝင်ပါတတ်ပေမဲ့ သူက စစ်တပ်ဘက်မှာအဆက်အသွယ်များတဲ့သူမို့ မသိကျိုးကျွန်ပြုနေခဲ့တာ... သူက နည်းပညာအကြောင်းတွေသိပြီးတာနဲ့ အဲ့လိုအပေးအယူတွေလုပ်နေမှတော့ ငါသူ့ကို ဘယ်လိုယုံကြည်ရတော့မှာလဲ..."


" လောလောဆယ် အရေးကြီးဆုံးကိစ္စက ယွမ်ရှင်းကျဲ ဘေးကင်းရဲ့လားဆိုတာ အတည်ပြုဖို့ပဲ... သူ တစ်ယောက်တည်းမဟုတ်ဘူး သူ့ရဲ့စိတ်စွမ်းအားကိုရောပဲ... သူသာ တစ်ခုခုဖြစ်သွားရင် အင်ပါယာတစ်ခုလုံးအတွက် ပြဿနာကြီးပဲ..."


ကျင်းရွှမ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။


ယူဂျင်းက သူ့လည်ပင်းကို ထိလိုက်ပြီး မျက်ဝန်းထဲတွင် နောင်တရသည့် အရိပ်အယောင်များဖြစ်ပေါ်လာသည်။


သူသာ ယွမ်ရှင်းကျဲကို ဒီအကြောင်းမပြောပြခဲ့မိရင် ဒီလိုလုပ်မှာမဟုတ်ဘူး...


ထိုအကြောင်းကိုတွေးလျက်နှင့်ပင် ယူဂျင်းက ကျင်းရွှမ်ကို ကြည့်လိုက်သည်။


" ပရော်ဖက်ဆာကျင်းရွှမ် ကျေးဇူးပြုပြီး အင်ပါယာမြို့တော်ကို အတူလိုက်ခွင့်ပြုပါ... ကျွန်တော်လည်း အရင်တုန်းက ဂလင်းကို ဖြတ်ခဲ့ဖူးတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး နည်းနည်းတော့သိပါတယ်..."


မင်ရှောင်းလည်း စိတ်အားထက်သန်စွာပြောလိုက်သည်။


" ကျွန်တော်လည်းလိုက်မယ်..."


အားလုံးက ယွမ်ရှင်းကျဲကို စိတ်ပူနေကြသည်။ အဆုံးတွင် ချန်းယွမ်နှင့် ကျင်းရွှမ်က အရေးကြီးသောအစည်းအဝေးအားလုံးကို ရွှေ့ဆိုင်းပြီး သုတေသီများကိုခေါ်ကာ မြို့တော်သို့ ထွက်ခွာသွားကြသည်။

––137.2


အင်ပါယာကြယ်မြို့တော် နန်းတော်အတွင်းတွင်...


ဘုရင်မကြီးက သတင်းစာရှင်းလင်းပွဲကျင်းပပြီးသည့်နောက် အခြားနောက်ဆက်တွဲကိစ္စများကို ဖြေရှင်းပြီးသည့်အခါ လော့ဝမ်ချွမ်းကို နောက်တစ်ကြိမ် ဆက်သွယ်သော်လည်း အဖြေမရပေ။


မည်သူမျှမရှိသော အိပ်ခန်းထဲတွင်ထိုင်ကာ သက်ပြင်းချလိုက်သည်။


ခဏအကြာတွင် သူ့အစေခံတစ်ယောက်ကိုခေါ်ကာ ပြောလိုက်သည်။


" ငါလုပ်တဲ့ကိစ္စတွေကို မှားတယ်လို့ထင်လား..."


အစေခံက ခေါင်းခါပြလိုက်ပြီး ရိုသေစွာဖြင့်ပင် ဖြေလိုက်သည်။


" အရှင်မက ချီယင်ကို သတင်းတွေပေးလိုက်ပြီး အလောတကြီးဖြစ်သွားအောင်ပဲ လုပ်လိုက်တာပါ... ယွမ်မိသားစုရဲ့ စေ့စပ်ပွဲမှာဖြစ်သွားတဲ့ကိစ္စက ချီယင်ရဲ့ တစ်ဇွတ်ထိုးဆန်မှုနဲ့ ယွမ်ရှင်းကျဲရဲ့ သတ္တိရှိလွန်းအကျင့်စရိုက်တွေကြောင့် ဒီလိုအခြေအနေထိ ရောက်လာရတာပါ..."


အပြင်ဘက်လောကကြီးတွင် တွေးတောနေသည်နှင့်ဆန့်ကျင်စွာ ဘုရင်မကြီးက လော့ဝမ်ချွမ်းအကြောင်းကိုသာ အမြဲတစေ စိုးရိမ်ပူပန်နေခဲ့ခြင်းဖြစ်သည်။


လော့ဝမ်ချွမ်းစွန့်ပစ်ခံရသောနှစ်က ဘုရင်မကြီးမှာ နေ့စဉ်နေ့တိုင်း ငိုကြွေးနေခဲ့ရပြီး စွန့်ပစ်ခံရသူမှာ လော့ဝမ်ချွမ်းမဟုတ်ပဲ သူမသာဖြစ်ရန် ဆုတောင်းနေခဲ့သည်။


အတိတ်က သူမ လော့ဝမ်ချွမ်းကိုပင်ရှာဖွေရန် အတွေးရှိခဲ့ဖူးသည်။ 


သို့‌ရာတွင် သူမက ဘုရင်မဖြစ်၍ ဘုရင်၏ နယ်ရုပ်သာဖြစ်သည်။ နေ့စဉ်နေ့တိုင်း မိသားစု၏ ဂုဏ်သိက္ခာ၊ အင်ပါယာ၏ ဘုန်းတန်ခိုးနှင့် ထီးနန်းတည်မြဲရေးကိုသာ တွေးတောနေရသည်။


လော့ဝမ်ချွမ်းထွက်သွားသည့်နေ့က ဘုရင်မကြီးမှာ သူ့နှလုံးသားတစ်ခုလုံးကို ပိတ်လှောင်ထားခဲ့သည်။


လော့ဝမ်ချွမ်း အင်ပါယာမြို့တော်သို့ ပြန်ရောက်လာချိန်တွင် သူမနှင့် မတွေ့ဆုံခဲ့ရသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သည်။ လော့ဝမ်ချွမ်းပျော်ရွှင်အောင် မည်သည့်ကိစ္စမဆို ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့သည်။


လော့ဝမ်ချွမ်း ပြန်လည်ရောက်ရှိလာသည်ကို ကြိုဆိုရန်အတွက် ဘုရင်မကြီးက ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့သည်။ သူ့ကို တိတ်တဆိတ်ကာကွယ်ပေးရန် လူတစ်ယောက်ကို သူ၏ကိုယ်ရေးအချက်အလက်များကိုလည်း ဖုံးကွယ်ပေးခဲ့ကာ သူနှင့် တော်ဝင်မိသားစုအကြား လျှို့ဝှက် အဆက်အသွယ်တစ်ခုကို စီစဉ်ပေးခဲ့သည်။


သို့ဖြစ်၍ ဘုရင်မကြီးက ‌လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲတို့၏ ဆက်ဆံရေးအကြောင်းကို အားလုံးထက်စောစီးစွာ သိရှိသွားခဲ့သည်။


အသေးစိတ်အချက်အလက်များကို သူမအား ကျိုးဖေးရွှယ်က ပြောပြပေးခဲ့ခြင်းဖြစ်သည်။


ကျိုးဖေးရွှယ်က စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ပင်စင်ယူပြီးသွားချိန်တွင် နန်းတော်၏အစောင့်ကိုယ်ရံတော်ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ရှင်းဟိုင်စစ်တက္ကသိုလ်မှ ဆရာတစ်ယောက်ဖြစ်လာခဲ့သည်။ ၎င်းက လော့ဝမ်ချွမ်းကို ကာကွယ်ရန်အတွက် ဘုရင်မကြီး၏ အစီအစဉ်များထဲမှ တစ်ခုဖြစ်သည်။


ကျိုးဖေးရွှယ်အပြင် ရှင်းဟိုင်တက္ကသိုလ်မှလည်း တးသတင်းအချက်အလက်အချို့ကို ဘုရင်မကြီးက ရရှိခဲ့သည်။


သို့ဖြစ်၍ လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲတို့၏ ဖယ်ရိုမုန်းများက ကိုက်ညီမှုမရှိနိုင်ကြောင်း ဘုရင်မကြီးက သိရှိထားခဲ့သည်။


အမှန်တွင် ဘုရင်မကြီးက ယွမ်ရှင်းကျဲကို သဘောကျနေဆဲဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မက်ခါကို ကောင်းစွာမောင်းနှင်တတ်ပြီး တည်ငြိမ်၍ သတ္တိရှိသောအကျင့်စရိုက်မျိုးက မည့်သည်လိင်အမျိုးအစားထဲတွင်မဆို ရှားပါးသောကြောင့်ဖြစ်သည်။


သို့ရာတွင် ကိုက်ညီမှုဒီဂရီနည်းသောအယ်လ်ဖာနှင့် အိုမီဂါများက အတူတကွ ပျော်ရွှင်စွာပေါင်းဖက်နေထိုင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ တော်ဝင်မိသားစုကလည်း သူတို့ကို ပေါင်းဖက်ခွင့်မပြုနိုင်ပေ။


သို့ဖြစ်၍ ဘုရင်မကြီးက ယွမ်မိသားစုနှင့် ချီမိသားစုတို့၏ လက်ထပ်ထိမ်းမြားမှုကို လွယ်ကူချောမွေ့အောင် ပြုလုပ်ပေးခဲ့သည်။


" အဲ့ကလေးက ဂလင်းကိုဖြတ်ပစ်လိုက်တော့ တော်တော်နာနေမှာပဲ..."


ဘုရင်မကြီးက သနားကရုဏာသက်သွားသည့်လေသံဖြင့် ပြောလိုက်သည်။


" ငါလည်း ဒီလိုဖြစ်လာမယ်လို့မှ မထင်ခဲ့တာ ဒါပေမဲ့ သူတို့အတူတူရှိမယ်ဆို ရှောင်ချွမ်းပဲပိုပြီး နာကျင်ရမှာ... ပြီးတော့ သူတို့တွေက ကလေးလည်း မရနိုင်တော့ဘူးလေ... သူတို့ဘဝက စည်းချက်ကျနေမှာမဟုတ်ဘူး..."


ထိုစကားများပြောလျက်နှင့် ဘုရင်မကြီးက သက်ပြင်းချလိုက်ပြန်သည်။


" အချိန်ကြာကြာ နာကျင်နေရမှာထက်စာရင် အချိန်တိုအတွင်း ကိစ္စပြတ်သွားတာ ကောင်းပါတယ်... ယွမ်ရှင်းကျဲက တော်ဝင်မိသားစုဝင်နဲ့ လက်ထပ်လို့မရတာ သိသာသွားပြီလေ..."


" အရှင်မ ပြောတာ မှန်ပါတယ်..."


အစေခံက သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


ထိုအချိန်တွင် အစေခံက ကျိုးဖေးရွှယ်ထံမှ သတင်းများ ရရှိလိုက်သည်။


" အရှင်မ ... ဗိုလ်ချုပ်ကျိုးက သတင်းစကားပါးစရာရှိလို့ပါတဲ့... အခု ပြောချင်စိတ်ရှိလားမသိဘူး..."


ဘုရင်မက ကိုယ်နေဟန်ထားကိုပြင်လိုက်ပြီး ပြောလိုက်သည်။


" ဘာကိစ္စတဲ့လဲ..."


" ရက်အနည်းငယ်လောက်က ဒုတိယမင်းသားက ဖယ်ရိုမုန်းကိုက်ညီမှုစစ်ပေးတဲ့စင်တာက ရလဒ်တွေက သုံးစားမရဘူးလို့ထင်တာနဲ့ ဓာတ်ခွဲခန်းကို ဒုတိယမင်းသားရဲ ဖယ်ရိုမုန်းနဲ့ ယွမ်ရှင်းကျဲရဲ့ ဖယ်ရိုမုန်းတွေကို စစ်ဆေးဖို့ ပို့ပေးခဲ့ပါတယ်တဲ့ အခုတော့ရလဒ်တွေထွက်လာပါပြီ..."


" နောက်တစ်ခါ ထပ်စစ်လည်း တူတူပဲနေမှာ... ကိုက်ညီမှုရှာမတွေ့မှတော့ သူတို့ရဲ့ ကိုက်ညီမှုအဆင့်က ၅၀အောက် လျှော့နေမှာပဲ... ပြီးတော့ ယွမ်ရှင်းကျဲက ဂလင်းတွေဖြတ်လိုက်ပြီဆိုတော့ အနာဂတ်မှာ ဖယ်ရိုမုန်း ထပ်မထုတ်နိုင်တော့ဘူးလေ..."


ဘုရင်မကြီးက ဖြည်းညင်းစွာပြောလိုက်သည်။


အစေခံက ခေါင်းငြိမ့်ပြကာပြောလိုက်သည်။

" ဒါဆိုရင်လည်း ကျွန်တော်မျိုး ရလဒ်တွေကို ဖျက်ပစ်လိုက်ပါ့မယ်..."


သို့ရာတွင် အစေခံ၏လက်ချောင်းများက ဖျက်သည့်ခလုတ်ကိုနှိပ်တော့မည့်အချိန်မှာပင် သူ့လက်က အစီရင်ခံစာကို ထိလိုက်မိသည်။


နောက်တစ်စက္ကန့်တွင် အစေခံ၏မျက်လုံးများက အစီရင်ခံစာ၏ နောက်ဆုံးစစ်ဆေးချက်ပေါ် ရောက်သွားသည်။


သူ့‌လက်ချောင်းများ ရုတ်တရက် ရပ်တန့်သွားပြီး မျက်လုံးများ ပြူးကျယ်လာသည်။


သူ၏ မူမမှန်သောပုံစံကြောင့် ဘုရင်မက မျက်မှောင်ကြုတ်လိုက်သည်။


" ဘာဖြစ်လို့လဲ..."


ဤအစေခံမှာ အချိန်အတော်ကြာသည်အထိ ဘုရင်မ ပြောသမျှသာ တစ်သွေမသိမ်းလိုက်လုပ်ခဲ့ပြီး စကားများများ ပြောလေ့မရှိပေ။


သို့ရာတွင် ဤတစ်ကြိမ်တွင် သူ စောင့်ထိန်းပြီး မနေနိုင်တော့ပေ။ မျက်လုံးများကိုပွတ်၍ ဘုရင်မကိုကြည့်လိုက်ကာ တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။


" အရှင်မ အရှင်မ... တစ်ချက်လောက်ကြည့်ကြည့်ပါဦး..."


ဘုရင်မက သူမ၏ မှတ်ဉာဏ်တုတွင် ဖိုင်တစ်ခု လက်ခံရရှိလိုက်၍ စိတ်ရှုပ်ထွေးစွာဖြင့် ဖွင့်လိုက်သည်။ 


စစ်ဆေးချက်ရလဒ်များကို မြင်လိုက်သည့်အခါ သူမ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။


စက္ကန့်အနည်းငယ်အကြာတွင် သူမ အော်မပြောပဲ မနေနိုင်တော့ပေ။


" တစ်ရာ ရာခိုင်နှုန်းတောင်လား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


" ကျွန်တော်မျိုး ကျိုးဖေးရွှယ်ကိုမေးပြီး ချက်ချင်းအတည်ပြုလိုက်ပါ့မယ်..."

.

အစေခံက သူမကို လျစ်လျူမရှု့ရဲ၍ ကျိုးဖေးရွှယ်ကို ချက်ချင်းဆက်သွယ်လိုက်သည်။


ထိတ်လန့်နေရာမှာ ပြန်ကောင်းသွားသည့်အခါ ဘုရင်မကြီးက အစေခံကို ဘေးသို့တွန်းဖယ်လိုက်သည်။


" ဖယ်စမ်း ... ငါကိုယ်တိုင်ပဲ မေးတော့မယ်..."


ကျိုးဖေးရွှယ်က တစ်ဖက်မှ မျက်နှာပြင်တွင် ပေါ်လာသည်နှင့် ဘုရင်မကြီးက မစောင့်ဆိုင်းနိုင်တော့ပေ။


" မင်း ငါ့ကိုပေးလိုက်တဲ့ ကိုက်ညီမှု စစ်ဆေးချက်က အမှန်ပဲလား..."


" အမှန်ပါပဲ အရှင်မ..."


ကျိုးဖေးရွှယ်သည်လည်း ထိတ်လန့်နေရာမှ စိတ်နှင့်လူ ပြန်ကပ်သွားရုံသာရှိနေရုံဖြစ်ပြီး သူ့မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများရှိနေသည်။


" ဒါတကယ် အံ့အားသင့်စရာကြီးပါပဲ... မသေချာလို့ အကြိမ်ပေါင်းများစွာ စစ်ဆေးလိုက်တာတောင်မှ စစ်လိုက်တိုင်း ၁၀၀%လို့ပဲ ပြနေပါတယ် ... အဲ့တော့မှ ကျွန်တော်မျိုး ပြောပြရဲတော့‌တာပါ..."


ဘုရင်မကြီး၏ မျက်လုံးများက အစီရင်ခံစာပေါ် ရောက်သွားသည်။ အမြဲတစေ ဂုဏ်သိက္ခာအပြည့်နှင့်သာ နေခဲ့သောသူမက ပထမဆုံးအနေဖြင့် အယောင်ယောင် အမှားမှားလုပ်မိခြင်းပင်။


၁၀၀% ဟူသောနံပါတ်က သူမကို အပျော်လွန်သွားစေနိုင်သည်။


ဒါဆိုရင် ရှောင်ချွမ်းနဲ့ ယွမ်ရှင်းကျဲသာ အတူတူပေါင်းဖက်လိုက်မယ်ဆိုရင် သေချာပေါက် ပျော်ရွှင်ရမယ်ဆိုတဲ့သဘောပေါ့..."


အချိန်အတော်ကြာပြီးသည့်နောက်တွင် ဘုရင်မကြီးက အသိစိတ်ပြန်ဝင်လာသည်။


xxxxxx