Chapter 139
အရိပ်ထဲမှ လော့ဝမ်ချွမ်းက ဆက်ခံသူဖြစ်ရန် အဆင်သင့်ဖြစ်သွားသကဲ့သို့ မျက်ခုံးများပင့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် မှုန်ကုပ်ကုပ်အမူအရာတစ်မျိုး ဖြစ်သွားသော်လည်း ၎င်းကို အလျင်အမြန်ပင် ဖုံးကွယ်ထားလိုက်သည်။
လော့ဝမ်ချွမ်း၏ အကျင့်စရိုက်က ယွမ်ရှင်းကျဲနှင့် ဆုံတွေ့ပြီးသည့်နောက်တွင် များစွာပြောင်းလဲသွားကြောင်းကို ဘုရင်မကြီးလည်းသိသည်။
သူ ယခင်က ခံစားချက်များကို ဖုံးကွယ်၍နေရခြင်းကိုသာ အသားကျခဲ့သည်။ သို့ရာတွင် ယခုနောက်ပိုင်းတွင် စကားပြောရခြင်းနှင့် ရယ်မောခြင်းများကို သယတဖြည်းဖြည်း သဘောကျလာခဲ့ပြီး လူများကို မည်သို့ဂရုစိုက်ရမည်ကိုပါ သင်ယူတတ်လာသည်။
ယခုချိန်တွင် လော့ဝမ်ချွမ်း၏ပုံစံက ဘုရင်ကပင် ကြောက်လန့်ရသည့် ပုံပန်းသွင်ပြင်အဖြစ်သို့ ပြောင်းလဲသွားပြန်ပြီဖြစ်သည်။
လော့ဝမ်ချွမ်းက ကော်ရစ်ဒါတစ်ဖက်သို့ တည်ငြိမ်စွာပင် လျှောက်သွားသည်။ ဘုရင်မက သူ့နောက်မှ လျင်မြန်စွာလိုက်သွားသည်။
" ရှောင်ချွမ်း... မင်းမှာ လုပ်စရာတွေအများကြီး ရှိသေးတယ်..."
" အလျင်မလိုပါနဲ့... ကျွန်တော် လုပ်စရာရှိတာကို လုပ်မှာပါ..."
လော့ဝမ်ချွမ်း ဘုရင်မကို လှည့်ကြည့်လိုက်သည်။
သူ့နှုတ်ခမ်းထောင့်က ကွေးညွတ်နေသော်လည်း အပြုံးက မျက်ဝန်းနားအထိ မရောက်ပေ။ သူ၏ ရှည်လျားကျဉ်းမြောင်းသော မျက်ဝန်းများက ရေခဲတမျှ အေးစက်နေသည်။
ဘုရင်မက သူကိုယ်တိုင်ပင်မသိလိုက်ပဲ တံတွေးမျိုချလိုက်မိသည်။ လော့ဝမ်ချွမ်းကို ဤသို့သောပုံစံဖြင့် မြင်တွေ့ရသည်အတွက် ဝမ်းသာရမည်လား ဝမ်းနည်းရမည်လားပင် မသိတော့ပေ။
လော့ဝမ်ချွမ်းနှင့် ဘုရင်မတို့ ထွက်သွားပြီးသည့်အခါ ယွမ်ရှင်းကျဲကို ဂရုစိုက်ရန်အတွက် ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့ ကျန်နေခဲ့သည်။
ယွမ်ရှင်းကျဲ၏ဂလင်း ပြန်ကောင်းလာစေရန် ဥက္ကဌကိုယ်တိုင် ခွဲစိတ်မှု ပြုလုပ်ပေးခဲ့သော်လည်း အရာမရောက်ခဲ့ပေ။
အားလုံးက စိုးရိမ်တကြီးဖြစ်နေကြပြီး နည်းလမ်းများ အဆက်မပြတ်ရှာဖွေခြင်း၊ အချက်အလက်များရှာဖွေခြင်းနှင့် အစည်းအဝေးပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ဆေးရုံမှလူများက အလုပ်များစွာဖြင့် ပြေးလွှားနေကြစဉ်တွင် နိုအာကြယ်ပေါ်မှ အာကာသယာဉ်နှစ်စီးက အင်ပါယာမြို့တော်သို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာသည်။
ပထမတစ်စီးက ရှင်းဟိုင်းတက္ကသိုလ်အဖွဲ့မှဖြစ်သည်။ အာကာသယာဉ်ပေါ်မှ ဆင်းလာပြီးသည့်နောက်တွင် သူတို့အားအလုံး ဆေးရုံသို့ တတ်နိုင်သမျှမြန်မြန် အပြေးအလွှားသွားရောက်ကြတော့သည်။
မည်သူမျှ ညစာစားရန် သတိမရကြပဲ ယွမ်ရှင်းကျဲ၏ လုံခြုံရေးကိုသာ တွေးနေကြသည်။
ရစ်ချက်၊ တက္ကသိုလ်မှ ကျောင်းသားများနှင့် ရှင်းဟိုင်တက္ကသိုလ် ပါမောက္ခကိုယ်တိုင် ဆေးရုံသို့ အပြေးအလွှားရောက်လာကြသည်။
ဘုရင်မကိုပို့ဆောင်ပြီးသွား၍ ပြန်လာသော ယွမ်ချန်ရှန့်က လူအုပ်ကြီးကို မြင်တွေ့လိုက်ရ၍ လန့်သွားသည်။
" မင်း... မင်းတို့အားလုံး ရှင်းကျဲကို လာတွေ့ကြတာလား..."
ပါမောက္ခက ခေါင်းငြိမ့်ပြလိုက်သည်။
" ရှင်းကျဲမှာ ကိစ္စတစ်ခုခုဖြစ်တယ်လို့ကြားတာနဲ့ ကျွန်တော်တို့အားလုံး စိတ်ပူသွားကြလို့ပါ... သူက ရှင်းဟိုင်တက္ကသိုလ်အဖွဲ့ရဲ့ အတော်ဆုံးကျောင်းသားတွေထဲကတစ်ယောက်ပဲ သူ့ကို ဆုံးရှုံးလို့ မဖြစ်ဘူး..."
ပါမောက္ခ၏ ထိုစကားကို ကြားသည့်အခါ ယွမ်ချန်ရှန့် အံ့အားသင့်သွားသည်။
အားလုံး၏မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများပြည့်နေသော မျက်နှာနှင့် လူနာဆောင်ထဲဝင်ရန် မစောင့်ဆိုင်းနိုင်တော့သည့်ပုံများကြောင့် ယွမ်ချန်ရှန့် အံ့ဩတကြီးပြောလိုက်သည်။
" ဒါကတော့ အရမ်းချဲ့ကားလွန်းနေပါပြီ... တက္ကသိုလ်က ပါမောက္ခပါ ရောက်လာရလား..."
ယွမ်ရှင်းကျဲသတိမေ့နေသည်ကို မြင်သောအခါ ကျောင်းမှလူများက ယွမ်ချန်ရှန့်၏လုပ်ရပ်ကို ဒေါသထွက်ကုန်ကြသည်။ ချီယုကို ဤနေရာသို့ခေါ်ပြီး ရိုက်နှက်ပစ်ချင်စိတ်ကို မထိန်းနိုင်ကြတော့ပေ။
သို့ရာတွင် ဤနေရာက ဆေးရုံဖြစ်၍ သည်းခံနေကြရသည်။
" ရှင်းကျဲမှာ ဒီလိုမိဘမျိုးရှိတာ တကယ်ကံဆိုးတာပဲ..."
ခယ့်လိုင်က ယွမ်ရှင်းကျဲအတွက် မခံမရပ်နိုင်အောင်ဖြစ်နေသည်။
အော်ရီရယ်လည်း လက်သီးဆုပ်ထားသည်။
" ညီလေးယွမ်က ကျောင်းအတွက် ပြိုင်ပွဲပေါင်းများစွာ အနိုင်ယူပေးထားတာကို ယွမ်မိသားစုက ဒီလိုလုပ်ရက်တယ်ပေါ့..."
ထိုအချိန်တွင် ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့က တံခါးဝမှ ဝင်လာမည့်အချိန်ဖြစ်သည်။
ကျောင်းအဖွဲ့မှအဖွဲ့ဝင်ကျောင်းသားများက ငယ်ရွယ်သူများဖြစ်၍ ဒေါသမထိန်းနိုက်ကြပဲ သူတို့နှစ်ယောက်ကို စူးစူးရဲရဲစိုက်ကြည့်နေကြသည်။
ထိုလင်မယားနှစ်ယောက်မှာ ထိုအခါမှ ရိုက်နှက်ခံရတော့မည်ဟုထင်ကာ ကြောက်လန့်သွားကြသည်။
ယွမ်ချန်ရှန့်က စိတ်လှုပ်ရှားသွားပုံဖြင့် ပြောလိုက်သည်။
" မင်းတို့ ဘာလိုချင်လို့လဲ..."
ရစ်ချက်က ကျောင်းသားများကို တားလိုက်ပြီး ယွမ်ချန်ရှန့်ကိုပြောလိုက်သည်။
" မစ္စတာယွမ်ချန်ရှန့် ခင်ဗျား ယွမ်ရှင်းကျဲကို လုံးတဂရုမစိုက်ဘူးလား..."
ယွမ်ချန်ရှန့်က အနည်းငယ် ရှက်ရွံ့သွားပုံပေါ်သည်။
" ဒါ... မင်းက ဘာမို့လို့ ဒါမျိုးလာပြောတာလဲ..."
" ရှင်းကျဲက ရှင်းဟိုင်တက္ကသိုလ်မှာ ပြောစမှတ်တွင်ခဲ့တဲ့ အိုမီဂါတစ်ယောက်ဆိုတာ ခင်ဗျားသိရဲ့လား... သူ့စွမ်းရည်တွေက သူများထက်ထူးချွန်တယ်... သူ့ရဲ့ နိုင်ငံတော်အဆင့်မက်ခါပြိုင်ပွဲက လုပ်ဆောင်တွေဆို အားလုံးကို အံ့ဩတကြီးဖြစ်သွားစေခဲ့တာ... ဒါတောင်မှ ခင်ဗျားသူ့ကို အတင်းအကြပ်စေ့စပ်ခိုင်းခဲ့တယ်ပေါ့လေ..."
ရစ်ချက်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ထိုစကားများကြောင့် ချင်းရွှမ်ကရှက်ပြီး ခေါင်းငုံ့ထားသည်။
ယွမ်ချန်ရှန့်က မျက်နှာပြောင်စွာနှင့်ပင် ပြောလိုက်သည်။
" သူ ဘယ်လောက်တော်တော် လက်ထပ်ရမှာပဲမလား... သူက စစ်တပ်ထဲဝင်ဖို့ ဖြစ်မှ မဖြစ်နိုင်တာ..."
" ဟုတ်သားပဲ... ကြယ်အစုအဝေးအင်ပါယာ စစ်တပ်က ဗိုလ်ချုပ်တော်တော်များများက ကျွန်တော့်ကို ယွမ်ရှင်းကျဲရဲ့ ကိုယ်ရေးအချက်အလက်တွေတောင်းကြတယ်... သူသာ နိုင်ငံတော်အဆင့် မက်ခါပြိုင်ပွဲကို ပြီးအောင်ပြိုင်နိုင်ရင် တပ်ထဲရောက်ဖို့က အချိန်တစ်ခုပဲ လိုတာပါ..."
" ဒါ ... ဒါ တကယ်ပဲလား... သူ... သူက အိုမီဂါလေ... သူက ဗိုလ်ချုပ်တွေရဲ့ အာရုံစိုက်မှုကိုရတယ်ပေါ့ မဖြစ်နိုင်တာ..."
အံ့ဩမှုကြောင့် ယွမ်ချန်ရှန့်၏မျက်လုံးများ ပြူးကျယ်သွားသည်။
ကျောင်းအဖွဲ့ဝင်များက ဝင်မပြောပဲမနေနိင်တော့ပေ။
" အိုမီဂါက ဘာဖြစ်နေလို့လဲ... အိုမီဂါဖြစ်တာနဲ့ ခင်ဗျားသားမဟုတ်တော့ဘူးလား..."
" ရှင်းကျဲက လူတော်လေးပါ... ခင်ဗျား သူ့ရဲ့ ကောင်းကွက်တွေကိုကျ မမြင်ဘူး... အခုလည်း သူ့အသက်အန္တရာယ်ရှိသွားတာ ခင်ဗျားကြောင့်..."
" သူ့ကို အခုလို အထင်သေးနေမယ်တို သူစစ်တပ်ထဲရောက်သွားရင် မပက်သတ်နဲ့တော့..."
" ရှင်းဟိုင် တက္ကသိုလ်အဖွဲ့မှာ သူ့ရဲ့တည်ရှိမှုက လိင်ကွဲပြားမှုတွေနဲ့ ဘာမှ ဆိုင်မနေဘူး..."
အားလုံးက သူ့တို့ကိုယ်သူတို့ ထိန်းနေကြသော်လည်း ဒေါသထွက်နေသည့် ကာလက်က စိတ်မထိန်းနိုင်တော့ပဲ စတင်ဆဲရေးတော့သည်။
" ချီးပဲ ခင်ဗျားတို့က သူ့မိဘဖြစ်ဖို့ရော တန်ရဲ့လား... သူ မက်ခါမောင်းတာ ဒီလောက်တော်နေတော့ မိသားစုက သင်ပေးထားတယ်ထင်ခဲ့တာ... ကြည့်ရတာတော့ ခင်ဗျားတို့က သူ့ကို အမြဲတမ်း ဒီလိုဆက်ဆံတဲ့ပုံပဲ... ယွမ်ရှင်းကျဲကို သူ့မိဘတွေပြောင်းခိုင်းလိုက်ပါတော့ တော်တော်ဆိုးတဲ့ဟာတွေ..."
ရစ်ချက် ဝင်မတားပါက ကာလက်က ထိုနှစ်ယောက်ကို သွေးထွက်သံယိုဖြစ်သည်အထိ ပညာပြတော့မည်ဖြစ်သည်။
အားလုံးထံမှ ဆူပူကြိမ်းမောင်းခံနေရသော ယွမ်ချန်ရှန့်နှင့် ချက်ရွှမ်းတို့မှာ စိတ်ဓာတ်ကျနေပြီဖြစ်သည်။
ရစ်ချက်က ခုတင်ပေါ်တွင်လှဲနေသည့် ယွမ်ရှင်းကျဲကိုကြည့်ကာ နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်ပြီး မျက်မှောင်ကြုတ်နေသည်။
" ပြိုင်ပွဲက မပြီးသေးတာကို အခုလည်း ရှင်းကျဲ ဘယ်တော့မှ သတိရလာမယ်ဆိုတာ မသိတော့ဘူး... နောက်ပွဲစဉ်တွေက အလဲထိုးရမယ့်ပွဲတွေ... ငါတို့သာရှုံးသွားရင် အားလုံးပြီးပြီပဲ... ရှင်းကျဲနိုးလာတဲ့အချိန်ထိ ငါတို့ တောင့်ခံထားရမယ်..."
139.2
ထိုအချိန်တွင် အားလုံး၏စိတ်ထဲ၌ ရှိနေသည့်အရာတစ်ခုမှာ ယွမ်ရှင်းကျဲမရှိနေပဲ ရှင်းဟိုင်က ချန်ပီယံဆုကို ရသွားပါက အဓိပ္ပါယ်တစ်ဝက်ကို ဆုံးရှုံးသွားသည့်သဘောပင်။
အက်ရှလေက ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်။
" ဟုတ်တယ် ငါတို့ရှုံးလို့မဖြစ်ဘူး..."
" ငါ ရှင်းကျဲဆီကနေ မက်ခါဘယ်လိုသုံးရတယ်ဆိုတာ သင်ချင်သေးတယ်... ငါ သူ့ဆီက အများကြီး သင်ယူရဦးမှာ..."
အော်ရီရယ်ကလည်း လေးနက်စွာပြောလိုက်သည်။
" သူ့ကြောင့်သာမဟုတ်ရင် ငါတို့အရည်အချင်းပြည့်ဖို့တောင် တော်တော်ခက်ခဲခဲ့မှာ... သူ့ကို လက်လျှော့လို့မဖြစ်ဘူး..."
ဟဲဟောင်မင် မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက်တွင် အားလုံးက ချီယုကို ဖုန်းခေါ်လိုက်ကြသည်။
အားလုံးက ပထမဦးစွာ သူ့ကိုဆူပူကြိမ်းမောင်းပြီးနောက်တွင် နောက်ပြိုင်ပွဲ၌ရှုံးခဲ့ပါက သူ့ကိုခွင့်လွှတ်ပေးမည်မဟုတ်ကြောင်း ခြိမ်းခြောက်ကြသည်။
ချီယု ဘာမှပြန်မပြောရဲပေ။ သူ့တစ်ကိုယ်လုံးတုန်ယင်နေပြီး ခေါင်းငြိမ့်ကာ သဘောတူလိုက်ရသည်။
" ရှင်းကျဲကို တစ်ချက်လောက် ကြည့်ခွင့်ရမလား..."
" သွားစမ်းပါ... ငါ့ရုပ်က ရှင်းကျဲနဲ့တူနေလို့လား..."
ကာလက်က မျက်နှာပြင်ရှေ့တွင် လက်သီးကို ဝှေ့ယမ်းပြလိုက်သည်။
ချီယု အလွန်ကြောက်လန့်သွား၍ ချက်ချင်းပါးစပ်ပိတ်သွားသည်။
ရှင်းဟိုင်တက္ကသိုလ်အဖွဲ့ အခန်းထဲမှထွက်သွားပြီးသည့်နောက်တွင် မက်ခါသုတေသနအဖွဲ့မှလူအချို့က ဆေးရုံထဲသို့ သိုသိုသိပ်သိပ်ဖြင့် ဝင်လာကြသည်။
ရှင်းဟိုင်မှ လူအုပ်ကြီးနှင့် နှိုင်းယှဥ်ပါက ထိုအုပ်စုမှ လေးငါးယောက်သာရှိသော်လည်း အားလုံးက တစ်မျိုးတစ်ဖုံစီ ထူးခြားနေကြသည်။ သူတို့က သာမန်အဝတ်အစားများသာ ဝတ်ဆင်ထားကြသော်လည်း အားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိလိုက်သည်။
ထိုလူများကို မြင်သည့်အခါ ရစ်ချက်အလွန်အံ့အားသင့်သွားခဲ့သည်။ သူ့မျက်လုံးများကို အလွန်အကျွံပွတ်လိုက်ပြီး ပါမောက္ခကြီးဘက်သို့လှည့်မေးလိုက်သည်။
" ကျွန်တော့်မျက်စိများ ကန်းသွားတာလား... မက်ခါသုတေသနဌာနက ဌာနမှူးချန်းယွမ်က ဘာလို့ ဒီနေရာရောက်နေတာလဲ... သူ့ဘေးက လူက စိတ်စွမ်းအားနယ်ပယ်မှာ ဆရာတစ်ဆူဖြစ်တဲ့ ကျင်းရွှမ်မလား..."
" ငါလည်းမသိဘူး... အဲ့ဒါသူလား... သူကအမြဲအလုပ်ပ်ရှုပ်နေတော့ မတွေ့ရတာ နှစ်ပေါင်းများစွာကြာပြီ... သူလည်း ရှင်းကျဲကို လာကြည့်တာများလား..."
ပါမောက္ခက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
ရစ်ချက်ကလည်း အံ့ဩတကြီးပြောလိုက်သည်။
" ချန်းယွမ်က မက်ခါလောကရဲ့ နတ်ဘုရားပဲ... သူက သုတေသနမှာပဲ စိတ်နှစ်ထားတဲ့သူလေ ရှင်းကျဲကို သိပါ့မလား..."
" ဟုတ်တော့ဟုတ်သားပဲ... တော်ဝင်မိသားစုက ဂလင်းပြန်ကောင်းအောင် လေ့လာခိုင်းမလို့ သူတို့ကိုဆက်သွယ်ထားတာဖြစ်မှာပေါ့..."
ပါမောက္ခက မျက်မှောင်ကြုတ်လိုက်ပြီးနောက် စိတ်ရှုပ်ထွေးနေသည့်အသံဖြင့် ပြောလိုက်သည်။
ရစ်ချက်ခေါင်းခါလိုက်သည်။
" မက်ခါသုတေသနဌာနရဲ့ ဦးတည်ချက်က မက်ခါတွေပဲ... ဂလင်းတွေနဲ့ဆိုင်တာ ဘာတစ်ခုမှ သူတို့မတွေ့ထားသေးဘူး.. ဂလင်းနဲ့ဆိုင်တာဆို ဇီဝသိပ္ပံဌာနကိုပဲ မှီခိုရမှာ... ဒါပေမဲ့ သူသာ ဘီတာတစ်ယောက်ဖြစ်သွားရင်တော့ ဒါတွေက အရေးမကြီးတော့ပါဘူး..."
ရှင်းဟိုင်တက္ကသိုလ်အဖွဲ့မှလူများက ရစ်ချက်၏စကားကို သဘောတူကြသည်။
ရောက်လာသည်နှင့် ချန်းယွမ်က ဆေးရုံမှဥက္ကဌနှင့်သွားတွေ့ကာ ယွမ်ရှင်းကျဲ၏အခြေအနေကို အတည်ပြုပြီးသည့်နောက်တွင် လူနာဆောင်ထဲ ဝင်သွားသည်။
ဆေးရုံဥက္ကဌက သုတေသနအဖွဲ့မှလူများကိုကြည့်ကာ ရေရွတ်လိုက်သည်။
" အဲ့ဒီ ယွမ်ရှင်းကျဲ ဂလင်းကိုဖြတ်လိုက်တာကို အင်ပါယာတစ်ခုလုံး နှောင့်ယှက်ခံလိုက်ရသလို ဘာလို့ခံစားနေမိပါလိမ့်..."
ချန်းယွမ်က တံခါးဆီသို့လျှောက်လာသည့်အခါ ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့ကို မြင်လိုက်သည်။
ထိုလူများ၏ အငွေ့အသက်က တခြားလူများနှင့် ကွဲပြားနေသဖြင့် ယွမ်ချန်ရှန့် မတ်တပ်ရပ်ကာမေးလိုက်သည်။
" ဘယ်သူများလဲမသိဘူး..."
" ကျုပ်တို့တွေ ရှင်းကျဲကိုလာတွေ့တာပါ... ကျုပ်နာမည်က ချန်းယွမ်..."
ချန်းယွမ်က တည်ငြိမ်အေးဆေးစွာပင် ပြောလိုက်သည်။
ချန်းယွမ်ဟူသောနာမည်နှင့် ရင်းနှီးနေသည်ဟု ခံစားရသော်လည်း ထိုလူက မည်သူဖြစ်ကြောင်း ယွမ်ချန်ရှန့်စဉ်းစားမရ ဖြစ်နေသည်။
ချန်းယွမ်နှင့် အခြားလူများ လူနာဆောင်ထဲ ဝင်သွားသည့်အခါမှ ယွမ်ချန်ရှန့်က ရုတ်တရက် တုံ့ပြန်လိုက်ပြီး ချင်ရွှမ်းကို ပြောလိုက်သည်။
" ငါ သူ့ကို မဂ္ဂဇင်းတွေထဲ မြင်ဖူးသလိုပဲ ပြီးတော့ သူ့ဘေးက အမျိုးသမီးကိုရော..."
ချင်ရွှမ်းကလည်း မှတ်ဉာဏ်တုထဲတွင် စစ်ဆေးနေဆဲဖြစ်ပြီးနောက် သူတို့နှင့် ဆက်စပ်နေသည့် မဂ္ဂဇင်းများကို ရှာတွေ့သွားသည်။
ကာဗာတွင် ချန်းယွမ်ပါဝင်သောမဂ္ဂဇင်းအစောင် ၂၀ထက် ပိုရှိပြီး ကျန်ရှိနေသည့် မဂ္ဂဇင်း ၇ခု ၈ခုကလည်း ကျင်းရွှမ်၏ပုံဖြင့်သာဖြစ်သည်။
ထိုမဂ္ဂဇင်းများ၏နာမည်မှာ...
"အပတ်စဉ်ထုတ် အင်ပါယာမက်ခါ "
" လစဉ်ထုတ် ကြယ်အစုအဝေးမက်ခါ"
" အင်ပါယာထဲမှ ထူးချွန်သူများ"
" သူ...သူ...သူ...သူ..."
ချင်ရွှမ်းက အံ့ဩတကြီးဖြစ်ကာ သူမပါးစပ်ကိုအုပ်ထားသည်။
" သုက မက်ခါသုတေသနဌာနက ဌာနမှူးပဲ..."
ထိုမဂ္ဂဇင်းများကိုတွေ့သည့်အခါ ယွမ်ချန်ရှန့်မှာ ကမ္ဘာပေါ်တွင် မဖြစ်နိုင်ဆုံးအရာများကို တွေ့မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
အချိန်ခဏကြာပြီးနောက် သူသည်လည်း ထိတ်လန့်သွား၍ ချင်ရွှမ်းနှင့်အလားတူ အမူအရာမျိုးဖြစ်သွားသည်။
" ယွမ်ရှင်းကျဲက မက်ခါသုတေသနဌာနကလူတွေကို ဘယ်တုန်းကသိတာလဲ... ဌာနမှူးလို လူမျိုးနဲ့တောင် ရင်းနှီးနေသေးတာလား..."
ချင်ရွှမ်းက ငေးငိုင်နေလျက်နှင့် ပြောလိုက်သည်။
" ရှင်းကျဲက မက်ခါသုတေသနအဖွဲ့ကို ဝင်ထားတာများလား..."
ချင်ရွှမ်း၏စကားများကြောင့် ယွမ်ချန်ရှန့် အံ့အားသင့်သွားမိသည်။
သူ့အတွက် ယွမ်ရှင်းကျဲက ယနေ့ယူဆောင်လာခဲ့သော ထိတ်လန့်မှုများမှာ အလွန်ကြီးမားလွန်းလှသဖြင့် အိမ်မက်မက်နေသည်ဟုပင် ထင်ယောင်ထင်မှားဖြစ်လာသည်။
ပထမဦးစွာ ယွမ်ရှင်းကျဲကို ကြိုက်နေသည့်လူက ဆက်ခံသူဖြစ်လာခဲ့ပြီးနောက် ဘုရင်မကိုယ်တိုင်ကလည်း ဆေးရုံကို လာကြည့်ခဲ့သည့်အပြင် ယခုအခါတွင် မက်ခါသုတေသနဌာနမှ ဌာနမှူးလည်း ရောက်လာပြန်ပြီဖြစ်သည်။
ယွမ်ချန်ရှန့် တံခါးကိုဂရုတစိုက်ဖွင့်ပြီး အတွင်းသို့လှမ်းကြည့်လိုက်သည့်အခါ ထိုလူအုပ်စုက ဆေးရုံခုတင်အနားတွင် စုဝေးပြီး ဂလင်းများပြန်လည်ကောင်းမွန်အောင်ပြုလုပ်ရန် ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။
ယူဂျင်း မျက်မှောင်ကြုတ်ပြီး လေးနက်စွာပြောလိုက်သည်။
"ကျွန်တော်အရင်က ဂလင်းကိုဖြတ်လိုက်တုန်းက ဒီလောက် မဆိုးဘူး... ရှင်းကျဲရဲ့ဒဏ်ရာက အရမ်းနက်လွန်းတော့ ပြန်သက်သာလာဖို့ အချိန်တော့ယူရမယ်..."
မင်ရှောင်း သက်ပြင်းချလိုက်သည်။
" နှမြောစရာကြီး... သုတေသနဌာနကို သူမြန်မြန် ပြန်လာနိုင်မယ်ထင်ခဲ့တာ..."
ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
ယွမ်ရှင်းကျဲက အင်ပါယာမက်ခါသုတေသနဌာနကို တကယ်ဝင်ထားတာပဲ...
" ရှင်းကျဲပြန်ကောင်းလာအောင်လို့ နည်းလမ်းမြန်မြန်ရှာမှဖြစ်မယ်... ကျွန်မက သူ သုတေသနအဖွဲ့ရဲ့ တရားဝင်အဖွဲ့ဝင်ဖြစ်လာဖို့ စောင့်နေတုန်းပဲ..."
ကျင်းရွှမ်က စိတ်ဓာတ်ကျနေသောမျက်လုံးများဖြင့် ယွမ်ရှင်းကျဲကို ကြည့်လိုက်သည်။
ယွမ်ရှင်းကျဲက သူတို့ဓာတ်ခွဲခန်းကိုသုံး၍ သုတေသနလုပ်နေသော်လည်း တရားဝင် သိပ္ပံသုတေသီ မဖြစ်လာသေးပေ။ ယွမ်ရှင်းကျဲက စိတ်စွမ်းအားတိုးစက်နည်းပညာတွင် ဆရာတစ်ဆူဖြစ်နေကြောင်း သိလိုက်ချိန်မှစတင်ကာ ကျင်းရွှမ်က သူ့ကို တရားဝင်ရာထူးတစ်ခု ပေးချင်ခဲ့သည်။
ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့ ထိုစကားများကို ကြားသည့်အခါ ယွမ်ရှင်းကျဲက မက်ခါသုတေသနဌာနသို့ဝင်ခါစ အလုပ်သင်တစ်ယောက်သာဖြစ်ပြီး ပုံမှန်အဖွဲ့ဝင်တစ်ယောက် မဟုတ်သေးကြောင်း သဘောပေါက်သွားကြသည်။
" ဇီဝသိပ္ပံဌာနက ဌာနမှူးနဲ့ ငါနဲ့ ရင်းနှီးတယ်... သူ့ကို မက်ဆေ့ပို့ထားပြီးပြီ... သူက ငါတို့ကို ကူညီပြီး ဂလင်းပြန်ကောင်းဖို့ သုတေသနလုပ်တာကို ကူညီမယ်တဲ့... ရှင်းကျဲ သေချာပေါက် ပြန်ကောင်းလာမှာပါ..."
ထိုအချိန်တွင် ချန်းယွမ်က ပြောလိုက်သည်။
ထိုစကားများကိုကြား၍ တံခါးအပြင်ဘက်မှ လူနှစ်ယောက်မှာ ချန်းယွမ်က ပေါ့သေးသေးလူမဟုတ်ကြောင်းသိသွားသည့်အပြင် ယွမ်ရှင်းကျဲကလည်း ထူးချွန်သူတစ်ယောက်ဖြစ်ကြောင်း ခံစားလိုက်ရသည်။
အဲ့လိုမှမဟုတ်ရင် မက်ခါသုတေသနဌာနရဲ့ ဌာနမှူးကိုယ်တိုင်က အလုပ်သင်တစ်ယောက်ကို အဲ့လောက်ဂရုစိုက်နေပါ့မလား...
ချန်းယွမ်နှင့် အခြားလူများက ယွမ်ချန်ရှန့်ကို သတိပြုမိသွားသည်။ သူတို့က ဒေါသမထွက်အောင် ချုပ်တည်းထားကြသော်လည်း ဤမိဘနှစ်ယောက်ကိုလည်း လျစ်လျူရှုထားကြသည်။
xxxxxxx