အပိုင်း ၁၄၀
Viewers 21k

Chapter 140


ချန်းယွမ်က ချင်ရွှမ်းကိုကြည့်ပြီး တစ်ချက်ပြုံးပြကာ ပြောလိုက်သည်။


" တကယ်လို့ သူ့ဂလင်းတွေကိုသာ မဖြတ်ပစ်ခဲ့ဘူးဆိုရင် သူက ဒီနေ့ပဲ 'တရားဝင်' ဖြစ်ပြီ..."


ထို့နောက်တွင် သိပ္ပံသုတေသနဌာနမှလူများက ယွမ်မိသားစုကို လျစ်လျူရှု့ပြီး ဆေးရုံမှ ထွက်သွားကြသည်။


ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်း၏ နားထဲတွင်မူ ထိုစကားများက လှောင်ပြောင်ထေ့ငေါ့သော စကားများထက် မပိုခဲ့ပေ။


ထိုအချိန်တွင် ချင်ရွှမ်းက သူမကိုယ်တိုင် ယွမ်ရှင်းကျဲကို ပြောခဲ့သည့်စကားများကို သတိရသွားသည်။


" မင်း ချီယုထက်ပိုပြီး ကိုက်ညီမှုဒီဂရီမြင့်တဲ့သူကိုရှာရင်ရှာ မဟုတ်ရင် မက်ခါသုတေသနဌာနထဲဝင် ... အဲ့နှစ်ခုလုံး မလုပ်နိုင်ခဲ့ရင်တော့ ချီယုနဲ့ စေ့စပ်ရမယ်..."


အချိန်တိုအတွင်းမှာပင် ယွမ်ရှင်းကျဲက ကိစ္စနှစ်ခုလုံးကို လုပ်ဆောင်နိုင်ခဲ့သည်။


သို့သော်လည်း ယွမ်မိသားစု၏ ဖိအားပေးခံရ၍ ဂလင်းများကို ဖြတ်ပစ်ပြီး သတိမေ့မျောနေရသည်။


သူ့ထံတွင် တောက်ပသည့် အနာငတ်ရှိနေသော်လည်း ဤနည်းကိုရွေးချယ်ကာ ခုခံခဲ့သည်။


ရှင်းဟိုင်တက္ကသိုလ်အဖွဲ့၏ အာရုံစိုက်မှုနှင့် အင်ပါယာမက်ခါသုတေသနဌာနမှ ဌာနမှူးကိုယ်တိုင် ယွမ်ရှင်းကျဲထံသို့ ရောက်ရှိလာမှုများက အိုမီဂါများ၏တန်ဖိုးမှာ လက်ထပ်ခြင်းနှင့် မသက်ဆိုင်သည်ကို  ‌သက်သေပြနေသကဲ့သို့ပင်။ အနည်းဆုံး ယွမ်ရှင်းကျဲတစ်ယောက်၏ တန်ဖိုးကမူ လုံးဝနိမ့်ပါးမနေပေ။


ချင်ရွှမ်း၏မျက်ဝန်းထဲတွင် လိပ်ပြာမလုံမှု နောင်တရမှုတို့ ဖြစ်တည်လာသည်။ ယွမ်ရှင်းကျဲ၏စွမ်းရည်ကို စောစီးစွာ မသိခဲ့ရသည့်အတွက် နောင်တရနေခဲ့ပြီး ဤအမှန်တရားကို မည်သည့်အခါမှ သဘောမပေါက်နိုင်ခဲ့သည့်အတွက် ယူကျုံးမရဖြစ်နေခဲ့သည်။ ချင်ရွှမ်း၏ ‌ဝမ်းနည်းနေသည့်အမူအရာကြောင့် ယွမ်ချန်ရှန့်က နှစ်သိမ့်ပေးလိုက်သည်။


" စိတ်မပူပါနဲ့ ရှင်းကျဲ သေချာပေါက် သတိရလာမှာပါ... သူက သုတေသနဌာနမှာတောင် အလုပ်သင်ဖြစ်နေပြီဆိုတော့ ငါတို့ ယွမ်မိသားစုအတွက် မျှော်လင့်ချက် ရှိပါသေးတယ်..."


ချင်ရွှမ်း စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

" ရှင်ပဲ သူနဲ့ သံယောဇဉ်ဖြတ်မယ်လို့ ပြောခဲ့တယ်လေ..."

  

" အဲ့ဒါ ငါနောက်နေတာလေ... ရှင်းကျဲက အတည်မယူလောက်ပါဘူး..."


ယွမ်ချန်ရှန့်က အလျင်အမြန်ပင် ဖြေရှင်းလိုက်သည်။


ယွမ်ရှင်းကျဲ သုတေသနဌာနတွင် အလုပ်သင်ဖြစ်နေသည့်အကြောင်း တွေးမိရုံဖြင့် ယွမ်ချန်ရှန့်ရင်ထဲ သက်သာရာရသွားပြီး ဝမ်းမသာပဲ မနေနိုင်တော့ပေ။


အဘယ့်ကြောင့်ဆိုသော် သုတေသနဌာနထဲရောက်ပြီးသွားသည်နှင့် သတင်းအချက်အလက်များရရှိရန် လွယ်ကူသွားပြီဖြစ်သည်။


သို့ဖြစ်၍ ယွမ်ချန်ရှန့်က ပြုံးလျက်နှင့် စိတ်ကူးယဉ်နေသည်။


" တကယ်လို့ သူ အိုမီဂါပြန်ဖြစ်သွားမယ်ဆိုရင်တော့ တော်ဝင်မိသားစုနဲ့ လက်ထပ်လို့ရပြီ... မဖြစ်တော့ရင်လည်း သိပ္ပံသုတေသနဌာနမှာ အလုပ်ရသွားတယ်ဆိုရင် မဆိုးပါဘူး... စကားမစပ် ရှင်းရှင်းက တရားဝင်အဖွဲ့ဝင်ဖြစ်သွားရင် စိတ်စွမ်းအားတိုးစက်အကြောင်း သတင်းတွေအကြောင်း သူ့ဆီက ကြိုသိရမယ်ထင်လား..."


" ဒီကိစ္စက အဲ့လောက် မရိုးရှင်းဘူးထင်တယ်..."


ချင်ရွှမ်းက မျက်မှောင်ကြုတ်ထားပြီး ယွမ်ချန်ရှန့်၏စကားများကို သဘောမတူပေ။


" သူက ကလေးဘဝတည်းက မက်ခါကိုထိတယ်ဆိုတာ တော်တော်ရှားတယ်... ပြီးတော့ မက်ခါသုတေသနဌာနမှာ သူ့ရာထူးက ဘယ်နေရာဆိုတာ ကျွန်မတို့မသိဘူး... စိတ်စွမ်းအားတိုးစက်ရဲ့ လျှို့ဝှက်ချက်တွေကိုသိရဖို့ ခက်မယ်ထင်တယ်..."


ယွမ်ချန်ရှန့်က မျှော်လင့်တကြီးဖြင့် ပြောလိုက်သည်။


" ဘာပဲဖြစ်ဖြစ် ငါတို့က ချီမိသားစုထက်တော့သာသေးတယ်... ရှင်းကျဲ သတိရလာမယ့်အချိန်ကိုပင် စောင့်ကြတာပေါ့..."


–––


ယွမ်ရှင်ကျဲမှာ တစ်ပတ်လုံးလုံး သတိမေ့နေခဲ့သည်။


ဆရာဝန်များမှန်းဆထားသည်ထက် ကြာနေ၍ ပုံမှန်မဟုတ်သည့် အနေအထားတစ်ခုဖြစ်ရန် လုံလောက်နေပြီဖြစ်သည်။


သတိမေ့နေစဉ်အချိန်အတွင်း ယွမ်ရှင်းကျဲ၏ခေါင်းထဲတွင် အိမ်မက်ပေါင်းစုံ မက်နေခဲ့သည်။


သူ့အိမ်မက်အများစုမှာ ဝတ္ထု၏ဇာတ်ကွက်များနှင့် သက်ဆိုင်နေပြီး သူ့အိမ်မက်ထဲတွက် အတွေ့ရဆုံးလူမှာ...


လော့ဝမ်ချွမ်းဖြစ်သည်။


ယွမ်ရှင်းကျဲက သူ့ကိုယ်သူသတိလစ်နေသည်မှာ မည်မျှကြာပြီဖြစ်ကြောင်း မသိတော့ပေ။


သူ နိုးလာချိန်တွင် မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် မျက်နှာကြက်အဖြူရောင်ကို တွေ့လိုက်ရသည်။


လူနာဆောင်ပြတင်းပေါက်များကို မှန်အမည်းများဖြင့် ပြောင်းလဲတပ်ဆင်ထားသည်။ အခန်းက မှိန်ပြပြသာဖြစ်နေ၍ မနက်ပိုင်းဖြစ်ကြောင်း သတိထားမိရန် အတော် ကြိုးစားလိုက်ရသည်။


သူ နိုးလာချိန်တွင် မသက်မသာဖြစ်နေမည်ဟု ယွမ်ရှင်းကျဲ မူလက ထင်ခဲ့သော်လည်း အံ့အားသင့်စရာကောင်းသည်မှာ သူ တစ်ရေးတစ်မောအိပ်လိုက်သကဲ့သို့သာ ခံစားလိုက်ရသည်။ အိပ်ရာမှ ထထိုင်လိုက်ချိန်တွင် ခြေလက်များတွင်ပါ အင်အားပြည့်နေသည်ကို ခံစားလိုက်ရသည်။


သူ၏ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များက ယခင်ထက်စာလျှင် ဘက်ပေါင်းစုံမှ သန်မာလာသည်ကို ခံစားရသည်။


ယွမ်ရှင်းကျဲ အမှတ်တမဲ့ဖြင့် ဂလင်းကို ထိကြည့်လိုက်သည်။ ထိုနေရာတွင် အမာရွတ်တစ်ခုရှိနေသည်ကို ခံစားရသော်လည်း မူလဂလင်း၏ အထိအတွေ့မျိုးကို မခံစားရတော့ပေ။


ကြည့်ရတာတော့...


သူ လုံးဝကို ဘီတာအဖြစ်ပြောင်းသွားတာပဲ...


ယွမ်ရှင်းကျဲသတိရလာသည်ကို ဆေးရုံ၏စနစ်က လျင်မြန်စွာ အာရုံခံမိသွားသည်။


အဖြူရောင်ကုတ်ဝတ်ထားသည့် ဆရာဝန်များစွာက စိတ်အားထက်သန်နေသည့်မျက်နှာများဖြင့် အပြေးတစ်ပိုင်းရောက်လာကြသည်။ ယွမ်ရှင်းကျဲကိုမြင်သည်နှင့် သူတို့မျက်နှာများက ဝမ်းသာနေသည့်ပုံစံဖြစ်သွားသည်။


" တော်ပါသေးရဲ့ နောက်ဆုံးတော့ သတိရလာခဲ့ပြီ..."


" မင်းသာ သတိရမလာရင် ဘုရင်မက ငါတို့ကို အရေခွံနွှာတော့မှာ..."


" ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်..."


အားလုံး၏ကြောက်လန့်နေသော အမူအရာများနှင့် စိတ်သက်သာရာရသွားပုံများကြောင့် ယွမ်ရှင်းကျဲစိတ်ထဲ ရှုပ်ထွေးသွားသည်။


ခေါင်းကုတ်လိုက်ပြီး မေးလိုက်သည်။

" ကျွန်တော်... အကြာကြီး သတိမေ့နေခဲ့တာလား...*


" တစ်ပတ်ရှိပြီ... တစ်ပတ်လုံးလုံးပဲ..."

ဆေးရုံအုပ်က အလွန်စိတ်လှုပ်ရှားလွန်းနေ၍ မျက်ရည်ဝဲလုနီးပါးပင်ဖြစ်နေသည်။


" မင်းရဲ့ ဂလင်းတွေကိုဖြတ်ပစ်လိုက်လို့ သတိမေ့နေတာကြာနေတာနဲ့ တော်ဝင်မိသားစုကလူတွေက ငါတို့ကိုနေ့တိုင်း မေးခွန်းထုတ်နေတာ...ဒါပေမဲ့ ငါတို့လည်း ဘာကြောင့် အဲ့လောက်ကြာနေရမှန်း မသိဘူး..."


ယွမ်ရှင်းကျဲလည်း အံ့ဩသွားသည်။

သူ အဲ့လောက်ကြာကြာ အိပ်နေခဲ့တာလား...


ဇာတ်ကွက်တွေ ပြောင်းသွားတာနဲ့ ဆိုင်မလားမသိဘူး...


ဆေးရုံအုပ်က တစ်ဖက်ကိုလှည့်ပြီး သူနာပြုများကို ပြောလိုက်သည်။


" ဒုတိယမင်းသားရဲ့ကြင်ယာတော်ကို မြန်မြန်စစ်ဆေးပေးကြစမ်း..."


ယွမ်ရှင်းကျဲ အထိတ်တလန့်ဖြစ်သွားပြီး သူတို့ကိုလှမ်းကြည့်လိုက်သည်။


" ဘာက ဒုတိယမင်းသားရဲ့ကြင်ယာတော်လဲ... ဘာတွေပြောနေကြတာလဲ..."


" ဘာက ဒုတိယမင်းသားရဲ့ကြင်ယာတော်လဲတဲ့လား..."

ဆေးရုံအုပ်က "သဘောပေါက်ပြီ" ဟူသောပုံစံဖြင့် ပြုံးပြလိုက်သည်။


" မစေ့စပ်ရသေးလို့မလား...အဆင်ပြေပါတယ် အချိန်တစ်ခုပဲ လိုတော့တာပါ..."


ယွမ်ရှင်းကျဲ နေရထိုင်ရခက်သွား၍ ရှင်းပြလိုသော်လည်း ဘာပြောရမည်မသိဖြစ်နေသည်။


သူ ရှင်းပြလိုက်လျှင်လည်း ဆေးရုံအုပ်က ဟာသတစ်ခုဟုသာ ထင်နေမည်ဖြစ်သည်။

140.2


ဘုရင်မက ယွမ်ရှင်းကျဲရဲ့ အခြေအနေကို နေ့တိုင်းမေးနေမှာတော့ သူက ဒုတိယမင်းသားရဲ့ အနာဂတ်ကြင်ယာတော်မဟုတ်ဘူးလို့ပြောရင်လည်း ဘယ်သူက ယုံတော့မှာလဲ...


" အားလုံး ပုံမှန်ပါပဲ..."

သူနာပြုက စစ်ဆေးပြီးသည့်နောက်တွင် ပြောလိုက်သည်။


ထိုအခါမှ အားလုံးစိတ်အေးသွား၍ သက်ပြင်းချလိုက်ပြီး နောက်ဆက်တွဲ ကုသမှုအစီအစဉ်များကို ဆွေးနွေးနေကြသည်။ သူတို့ပြောနေသည့်အကြောင်းအရာများတွင် အဓိကအချက်မှာ "ယွမ်ရှင်းကျဲရဲ့ဂလင်းကို ဘယ်လိုပြန်ကောင်းအောင်လုပ်ကြမလဲ"ဟူ၍ဖြစ်သည်။


" ရှင် နေကောင်းတာတော်ပါသေးရဲ့ ကျွန်မတော်တော် ဝမ်းသာတယ်... "


ယွမ်ရှင်းကျဲ၏ဘေးမှ သူနာပြုက ပြောလိုက်သည်။ သူမလေသံကို နားထောင်ကြည့်ရုံဖြင့် သူ့အတွက် အမှန်တကယ်ပင် ဝမ်းသာ‌ပေးနေကြောင်းသိနိုင်သည်။


" ရှင် ဂလင်းကိုဖြတ်ပစ်လိုက်တာက သတင်းကွန်ယက်တွေမှာ hot searchထဲတောင် ပါသွားတာ... မဟာမိတ်တွေဘက်ကတောင် ဒီကိစ္စကို ပြောနေကြတာ...ရှင်က အိုမီဂါတွေအားလုံးရဲ့ သူရဲကောင်းလို့ အားလုံးကပြောနေကြတယ်..."


ယွမ်ရှင်းကျဲ အံ့အားသင့်သွားမိသည်။ သူ့နှလုံးသားထဲတွင် အမျိုးအမည်မသိရသော ခံစားချက်တစ်မျိုးပင် ဖြစ်ပေါ်သွားသည်။


သူ့ဂလင်းကို သူဖြတ်ပစ်ရခြင်း၏ မူလရည်ရွယ်ချက်မှာ သူ့ကိုယ်သူ ကာကွယ်ရန်သာဖြစ်ပြီး တစ်ချိန်တည်းမှာပင် အတင်းအကြပ်လက်ထပ်ခိုင်းခြင်းအပေါ်  မကျေနပ်မှုအား ပြသရန် ဖြစ်သည်။


လက်ထပ်ခြင်းကို အတင်းအကြပ် တွန်းအားပေးတတ်သူများမှာ ယွမ်နှင့် ချီမိသားစုသာမကပဲ လူအဖွဲ့အစည်းမှ အုပ်ချုပ်သူများ ဥပဒေရေးဆွဲသူများလည်း ပါဝင်သည်။


ယွမ်ရှင်းကျဲ ဤကမ္ဘာသို့ ရောက်လာပြီးသည့်နောက်ပိုင်းတွင် လော့ဝမ်ချွမ်းမှလွဲ၍ သူ့ကို မည်သည့်အရာနှင့် မည်သူ့ကမှ ပိုင်ဆိုင်သည်ဟု မခံစားပေ။


ဤသို့ဖြစ်ရခြင်း၏ အကြောင်းအရာတစ်စိတ်တစ်ပိုင်းမှာ ယွမ်မိသားစု၏ သူ့အပေါ် အေးစက်စက်ဆက်ဆံမှုနှင့် သူက ဤနေရာမှလူ မဟုတ်သောကြောင့်လည်းဖြစ်နိုင်သည်။


သို့ဖြစ်၍ သူက မည်သည့်အခါကမှ အိုမီဂါသူရဲကောင်းမဖြစ်ချင်ခဲ့ပေ။


ဤမတော်တဆဖြစ်ရပ်တစ်ခုက ကြီးမားသောရိုက်ခတ်မှုကြီးဖြစ်သွားမည်ဟုလည်း မထင်ခဲ့မိပေ။


ယွမ်ရှင်းကျဲ သတိရလာကြောင်း သတင်းကြားသည့်အခါ ယွမ်မိသားစုက အရင်‌ဦးဆုံးရောက်လာခဲ့သည်။


" ရှင်းရှင်း... သား နောက်ဆုံးတော့ သတိရလာပြီပေါ့... ဒီရက်တွေထဲမှာ အဖေတို့ ဘယ်လောက်စိတ်ပူနေခဲ့ရလဲဆိုတာ သိရဲ့လား..."


ယွမ်ချန်ရှန့် လူနာဆောင်ထဲ အပြေးတစ်ပိုင်းဝင်လာပြီး ယွမ်ရှင်းကျဲ၏ဘေးသို့ ရောက်လာကာ သူ့လက်ကို ကိုင်ထားလိုက်သည်။


ချင်ရွှမ်းကလည်း ယွမ်ရှင်းကျဲကိုကြည့်လျက် အလွန်စိုးရိမ်နေ‌သည်။


" ဘယ်လိုနေသေးလဲ... နေလို့ထိုင်လို့ ကောင်းရဲ့လား..."


ထိုနှစ်ယောက်က ထူးဆန်းစွာပြုမူနေသည်ဟု ယွမ်ရှင်းကျဲ ခံစားလိုက်ရသည်။


ဂလင်းကို ဖြတ်‌ပြီးပြီဆိုမှတော့ ယွမ်မိသားစုက သူ့ကို လက်လျှော့လိုက်ရမှာ မဟုတ်ဘူးလား...


ဘာလို့ အရမ်းတွေ စိတ်အားထက်သန်နေတာလဲ...


ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့၏ အပြုအမူကြောင့် ယွမ်ရှင်းကျဲ စိတ်မသက်မသာဖြစ်နေသည်။


" အစ်ကိုကြီးက အရမ်းတော်တာပဲ..."

ယွမ်ဝူက ပန်းသီးတစ်စိတ်ခွာပြီး ယွမ်ရှင်းကျဲကို လှမ်းပေးကာ ပြောလိုက်သည်။


" ကျွန်တော်အဖေ့ဆီက ကြားတာတော့ အစ်ကိုကြီးက မက်ခါသုတေသနဌာနမှာ အလုပ်သင် လုပ်နေပြီဆို... ဌာနမှူးချန်းတောင်မှ လာတွေ့သွားသေးတယ်..."


ယွမ်ချန်ရှန့်က ယွမ်ဝူကို တစ်ချက်ကြည့်ကာ အသံတိုးတိုးဖြင့် ဆူလိုက်သည်။


" မင်း ငတုံးလား... ‌ဒီလိုကိစ္စမျိုးကို လက်လွတ်စပယ် ပြောရလား... မင်းအစ်ကိုဆီကနေ တည်တည်ငြိမ်ငြိမ်နေတတ်အောင် သင်ထားဦး..."


ယွမ်ရှင်းကျဲက အလုပ်သင်သာ ဖြစ်သော်လည်း ယွမ်မိသားစုအတွက် ဝမ်းသာစရာကိစ္စတစ်ခု ဖြစ်နေသည်။


သူ့မိသားစု၏ တုံ့ပြန်မှုကြောင့် အင်ပါယာမက်ခါသုတေသနဌာနနှင့် ဆက်နွယ်မှုများကို သိရှိသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။


ဒါပေမဲ့ ကြည့်ရတာတော့ ချန်းယွမ်က စိတ်စွမ်းအားတိုးစက်အကြောင်း မပြောထားဘူးထင်တယ်...


ယွမ်ရှင်းကျဲက ပန်းသီးကို တစ်ကိုက်ကိုက်လိုက်ပြီး ယွမ်တူကို "ကျေးဇူးပဲ" ဟု ပြောလိုက်သည်။


" အဖေ ခုမှ ပြန်စဉ်းစားကြည့်တော့လေ... အရင်တုန်းက အဖေမှားခဲ့တယ်ဆိုတာ ဝန်ခံပါတယ်... ရှင်းရှင်း သားအနာဂတ်မှာ ဘာလုပ်လုပ် အဖေထောက်ပံ့ပေးပါ့မယ်..."


ယွမ်ချန်ရှန့်၏အသံတွင် ယခင်က တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးသည့် ပူပန်မှုများ ပါဝင်နေသည်။


" ခင်ဗျားရဲ့ အထောက်အပံ့ကို ကျုပ်က လိုမယ်တဲ့လား... ကျုပ်တို့ သားအဖသံယောဇဉ်ကိုဖြတ်ပစ်မယ်လို့ ခင်ဗျားပဲပြောခဲ့တာမလား ယွမ်ချန်ရှန့်..."


ယွမ်ရှင်းကျဲက သူ့ကိုကြည့်ပြီး သရော်လိုက်သည်။


ယခင်က ယွမ်ချန်ရှန့်ကို ထိုသို့သောပုံစံဖြင့် စကားပြောခဲ့ပါက ယွမ်ရှင်းကျဲ ကျိန်းသေပေါက် အဆူခံရမည်ဖြစ်သည်။


သို့သော် ယခုချိန်တွင်မူ ယွမ်ချန်ရှန့်က သူ့ကိုဘာမှ မပြောရဲတော့ပေ။ ခြောက်ကပ်စွာရယ်လိုက်ပြီး ပြောလိုက်သည်။


" ရှင်းရှင်း... အဖေ အဲ့အချိန်ကပြောခဲ့တာ စိတ်ဆိုးနေတုန်းမို့ပါ... သားနဲ့ ဘာလို့ သံယောဇဉ်ဖြတ်ရမှာလဲ... အဖေတို့က သားအဖတွေလေ... အဖေ သားကိုဂရုစိုက်ပါတယ်..."


ယွမ်ရှင်းကျဲ မျက်ခုံးပင့်ပြီး ရန်စလိုက်သည်။

" ခင်ဗျား ကျွန်တော့်ကို ဘယ်တုန်းက ဂရုစိုက်လို့လဲ..."


ယွမ်ချန်ရှန့်က ချက်လက်မှတ်တစ်စောင်ထုတ်ပြီး ယွမ်ရှင်းကျဲကို ပေးလိုက်သည်။


" သားစိတ်ဆိုးနေတာ အဖေသိပါတယ်... ဒီ ချက်လက်မှတ်က သားဖို့လျော်ကြေးပေးတာ လက်ခံပေးနော်..."


ချက်လက်မှတ်ထဲတွင် သုညပေါင်းများစွာ ရေးထားသည်။


" ယူလိုက်ပါ ရှင်းရှင်းရယ်..."

ယွမ်ချန်ရှန့်က ယွမ်ရှင်းကျဲ၏လက်ထဲ အတင်းထိုးထည့်ပေးလိုက်သည်။


ယွမ်ရှင်းကျဲက ချက်လက်မှတ်ကို ဘေးနားကိုပစ်လိုက်ပြီး ခေါင်းမော့ကာ ဆေးရုံအုပ်ကို ပြောလိုက်သည်။ 


" ကျွန်တော် နည်းနည်းပင်ပန်းနေပြီ သူတို့ကို အပြင်ထွက်ခိုင်းလိုက်တော့..."


ယွမ်ရှင်းကျဲပြောသည်ကို ဆေးရုံအုပ်က မငြင်းဆန်ရဲ၍ ယွမ်ချန်ရှန့်တို့ကို အပြင်ထွက်ခိုင်းလိုက်သည်။ ယွမ်ချန်ရှန့်က အခန်းပြင်မထွက်မီ အော်ပြောသွားသေးသည်။


" ချက်လက်မှတ်ထဲက ပမာဏကို စိတ်တိုင်းမကျရင် သားဘာသာကြိုက်သလောက်ဖြည့်လိုက်နော်..."


ဆေးရုံအုပ် မျက်ဆံလှန်လိုက်သည်။

ဒုတိယမင်းသားရဲ့ အနာဂတ်ကြင်ယာတော်ပါဆိုမှ သူက အဲ့လောက် ငွေကြေးချို့တဲ့နေပါ့မလား...


Xxxxxxx