အပိုင်း ၁၄၁
Viewers 17k

Chapter 141


ယွမ်ရှင်းကျဲ ဆေးရုံခုတင်ပေါ်ထိုင်နေပြီး နောက်ထပ်လုပ်ဆောင်ရမည့်ကိစ္စများကို စဉ်းစားနေသည်။


ဂလင်းကိုဖြတ်ပြီးသည့်နောက်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားက ‌ကျိန်းသေပေါက်မြင့်တက်သွားပြီး မက်ခါအသုံးပြုရာတွင် အကျိုးရှိလာစေသည်။


နေ့စွဲအရဆိုလျှင် နိုင်ငံတော်အဆင့်မက်ခါပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲက ပြီးဆုံးသွားပြီဖြစ်သည်။


ယွမ်ရှင်းကျဲ မှတ်ဉာဏ်တုကိုဖွင့်ပြီး ပြိုင်ပွဲသတင်းများအကြောင်း စုံစမ်းကြည့်လိုက်သည်။ ရှင်းဟိုင်တက္ကသိုလ်က အကြိုဗိုလ်လုပွဲတွင် အနိုင်ရသွားခဲ့ပြီး နှစ်ပေါင်းများစွာအတွင်း မှတ်တမ်းတစ်ခု ချန်ရစ်ထားနိုင်ခဲ့သည်ကိုတွေ့၍ စိတ်အေးသွားသည်။


သို့ရာတွင် ယွမ်ရှင်းကျဲမရှိ၍ အော်ရီရယ်ကို လူစားထိုးထည့်လိုက်ရကြောင်း သတင်းထဲတွင် ပြောထားသည်။ သို့ဖြစ်၍  ရှင်းဟိုင်တက္ကသိုလ်က နောက်ဆးတစ်ဆင့်ပြိုင်ပွဲတွင် အနိုင်ရရန် အလွန်ခက်ခဲနေသည်ကို သူသိလိုက်ရသည်။


သို့ဖြစ်၍ ယွမ်ရှင်းကျဲက ဘေးနားက ဆရာဝန်ကို မေးလိုက်သည်။

" ဆရာ ကျွန်တော် မက်ခါပြိုင်ကွင်းထဲ ပြန်သွားလို့ရသေးလား..."


" ပြိုင်ပွဲမှာတော့ ဝင်ပြိုင်ဖို့ အဆင်မပြေလောက်ဘူးထင်တယ်... ဒဏ်ရာက ကောင်းလာပြီဆိုပေမယ့် ကျွန်တော်တို့က မစ္စတာရှင်းကျဲရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ‌စောင့်ကြည့်ဖို့လိုပါသေးတယ်... ပြိုင်ပွဲစီစဉ်သူတွေကလည်း ဒီလောက်မြန်မြန်နဲ့ ပြိုင်ပွဲဝင်ခွင့် ပေးဦးမှာမဟုတ်ဘူး... နိုအာကြယ်ကိုမြန်မြန်ပြန်ဖို့ မတွေးပါနဲ့ဦး..."


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းနှင့် ဆက်သွယ်လိုသော်လည်း တစ်ဖက်လူက လေ့ကျင့်နေမည်စိုး၍ သူ့ကို မနှောင့်ယှက်တော့ပဲ မက်ဆေ့တစ်စောင်သာပို့ထားရန် ဆုံးဖြတ်လိုက်သည်။


လော့ဝမ်ချွမ်းနှင့် တွေ့ခွင့်မရနိုင်သေး၍ ယွမ်ရှင်းကျဲ၏မျက်ဝန်းထဲတွင် စိတ်ပျက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။


ဆေးရုံအုပ်က ယွမ်ရှင်းကျဲကိုပြောလိုက်သည်။

" ရှင်းကျဲရေ ဘုရင်မက ခဏနေရင်လာမယ်တဲ့... သူမပြောတာတော့ ရှင်းကျဲအတွက် အကောင်းဆုံး ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ ယူလာမေးပြီး ဂလင်းပြန်ကောင်းဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေပါ ယူလာမယ်တဲ့... ဒီအတောအတွင်းတော့ အေးအေးဆေးဆေးနေပြီး ဂလင်းကိုပဲ ဂရုစိုက်နေပါ..."


" ဆရာတို့ အပြင်ထွက်နေကြပါလား... ကျွန်တော်တစ်ယောက်တည်းနေချင်လို့..."


ဆရာဝန်နှင့် သူနာပြုများက ယွမ်ရှင်းကျဲကိုထားခဲ့ပြီး ထွက်သွားသည်။


ဆေးရုံခုတင်မှ ထလာသည့်အခါ အခန်းတစ်ခုလုံး ‌မှောင်မည်းပြီး အုံ့မှိုင်းမှိုင်းဖြစ်နေသည်ဟု ခံစားလိုက်ရ၍ ပြတင်းပေါက်ဆီသို့ လျှောက်လာပြီး မှန်အနက်ရောင်modeလုပ်ထားသည်ကို ပြန်ပိတ်လိုက်သည်။


နောက်အခိုက်အတန့်တွင် နေရောင်ခြည်က အပြင်ဘက်မှ အခန်းထဲသို့ ဖြာကျလာသည်။


ယွမ်ရှင်းကျဲ၏ မျက်လုံးများက ဆေးရုံအပြင်ဘက်လမ်းကိုကြည့်လိုက်မိချိန်တွင် အံ့အားသင့်သွားရသည်။


ဆေးရုံ အပြင်ဘက်လမ်းပေါ်တွင် လူပေါင်းများစွာက လမ်းမကြီးတစ်ဖက်မှ မြက်ခင်းပြင်များ လမ်းလေးများပေါ်တွင် ထိုင်နေသည်။


လူအများစုက အိုမီဂါများဖြစ်ပြီး ဆိုင်းဘုတ်များ၊ ဘန်နာများစွာကိုင်ထားတာ လက်ထပ်ထိမ်းမြားခြင်းဥပဒေကို ငြိမ်သက်စွာ ဆန္ဒပြနေသည်။


ထိုဘန်နာများပေါ်မှ စာများကိုကြည့်ပြီး ယွမ်ရှင်းကျဲ စိတ်မသက်မသာဖြစ်လာသည်။


[ လပ်ထပ်ဖို့ဆိုတာ ငါတို့ရဲ့ရွေးချယ်မှုပဲ တာဝန်ဝတ္တရားမဟုတ်ဘူး...]


[ ငါတို့ရဲ့ဂလင်းတွေက အယ်လ်ဖာတွေရဲ့ ကိုယ်ပိုင်စည်းစိမ်မဟုတ်ဘူး...]


[ လက်ထပ်တာကလွဲပြီး ငါတို့ လုပ်နိုင်တာတွေ အများကြီးရှိသေးတယ် ...]


[…]


အိုမီဂါများက ၎င်းတို့၏ သိမ်မွေ့သောပင်ကိုစရိုက်ကြောင့် လူသိများလှ၍ ဘန်နာပေါ်မှ သူတို့၏ကြွေးကြော်သံများ စကားလုံးကြမ်းကြမ်းများမပါဝင်ပဲ ငြိမ်းချမ်းစွာရေးထားသည့် စကားစုများသာဖြစ်သည်။


နေရောင်အောက်မှ ထိုဆိုင်းဘုတ်များကို စေ့စေ့စပ်စပ်ကြည့်ရန် ခက်ခဲလှသည်။


၎င်းတို့ကိုကြည့်ရသည်မှာ အမျိုးအမည်မသိ ပန်းပွင့်များက နွေရာသီနေရောင်အောက်တွင် ပွင့်လန်းနေသကဲ့သို့ ထင်ရသည်။


၎င်းတို့အားလုံးက နှလုံးသားထဲကို ဖောက်ထွင်းသွားစေနိုင်သည့် စွမ်းအားများရှိသည်။


ယွမ်ရှင်းကျဲ၏ ဆေးရုံအခန်းပြတင်းပေါက်ကို မကာဆီးထားတော့သည်ကို မြင်လိုက်ရ၍ အောက်ဘက်မှ လူများက ပျော်ရွှင်သွားကြပုံပေါ်သည်။ သို့ရာတွင် သူတို့အားလုံး အသံမထွက်ကြပဲ လက်ထဲမှ ဘန်နာများကိုသာ ဝှေ့ယမ်းပြကြသည်။


ယွမ်ရှင်းကျဲ လူအုပ်ကြီးကို ကြည့်လိုက်သည်။ ထိုလူအုပ်ထဲမှ အသက်အငယ်ဆုံးအိုမီဂါလေးမှာ အလယ်တန်းသာ ရှိသေးသည်။ သို့ရာတွင် သူ့လက်ထဲတွင်ကိုင်ဆောင်ထားသည့် ကြွေးကြော်သံက ဝမ်းနည်းစရာပင်ဖြစ်သည်။


[ ကျွန်တော်အသက်ကြီးလာရင် ကိုယ်ချစ်တဲ့လူနဲ့ပဲ လက်ထပ်ချင်တယ်...]


အလယ်တန်းကျောင်းသားလေးက ယွမ်ရှင်းကျဲ ပြတင်းပေါက်နားတွင် ရပ်နေသည်ကို မြင်သည့်အခါ သူ့အရပ်က မရှည်သဖြင့် ခုန်ဆွခုန်ဆွနှင့် လက်ပြနေသည်။


ယွမ်ရှင်းကျဲ၏ နှုတ်ခမ်းများတွန့်ကွေးသွားသော်လည်း သူ့မျက်ဝန်းများက ခါးသက်နေသည်။


သူ့လိုအရွယ်လေးက စာသင်ခန်းထဲမှာပဲ ပျော်ပျော်ရွှင်ရွှင်နဲ အချိန်ကုန်ဆုံးသင့်တာလေ...


ငယ်ရွယ်သောအိုမီဂါလေးများအပြင် သူတို့အကြားတွင် သက်လတ်ပိုင်းအရွယ်အိုမီဂါများလည်း ပါဝင်သည်။ သူတို့၏ ကြွေးကြော်သံများကမူ လူငယ်လေးများထက် ဝမ်းနည်းစရာမကောင်းသော်လည်း သူတို့အားလုံးက အိုမီဂါများ၏အကျိုးအတွက်သာ ဆန္ဒပြနေကြခြင်းဖြစ်သည်။


အမှန်တွင် သက်လတ်ပိုင်းအရွယ်အိုမီဂါ အများစုက လက်ထပ်ပြီးသူများဖြစ်၍ ပြဌာန်းလိုက်သောဥပဒေက သူတို့အပေါ် သက်ရောက်မှု မရှိပေ။


သို့ရာတွင် သူတို့အားလုံးက အနာဂတ်မျိုးဆက်သစ်လေးများအတွက် ရပ်တည်ပေးရန် ရွေးချယ်ခဲ့သည်။


သူတို့အားလုံးက ယွမ်ရှင်းကျဲအတွက် ဘာမှမလုပ်ပေးနိုင်ကြပေ။ ဤနည်းဖြင့်သာ ယွမ်ရှင်းကျဲအပေါ်ထားသော သူတို့၏လေးစားမှုကို ပြသနိုင်ပြီး အင်ပါယာ၏ လက်ထပ်ထိမ်းမြားခြင်းဥပဒေအသစ်ကို တိုက်ခိုက်နိုင်ကြမည်ဖြစ်သည်။


ယွမ်ရှင်းကျဲ ဂလင်းကို ဖြတ်တောက်ပေးလိုက်ခြင်းက ဤဆန္ဒုပြမှုများ အစပျိုးလာရသည့်အကြောင်းအရင်းဟုပင် ပြောနိုင်သည်။


သူတို့၏ ဆန္ဒပြမှုများက မည်မျှကြာမြင့်နေပြီး မည်သည့်နေရာအထိ ပျံ့နှံ့နေမည်ကို ယွမ်ရှင်းကျဲမသိပေ။


သို့ရာတွင် ယခုအချိန်၌ သူ့ရင်ထဲတွင် တာဝန်ဝတ္တရားဟူသည့် ခံစားချက်တစ်မျိုးကို ရုတ်တရက် ခံစားလိုက်ရသည်။


ယွမ်ရှင်းကျဲ လက်သီးတင်းတင်းဆုပ်ထားပြီး အသက်ပြင်းပြင်းရှုလိုက်ကာ သူ့ရင်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။


ဤဆုံးဖြတ်ချက်က အလွန်ရဲတင်းလွန်း၍ သူ့ကိုယ်သူပင် ထိတ်လန့်မိသည်။


သို့ရာတွင် သူ့ထံတွင် အချိန်လုံလောက်စွာ မရှိတော့သည်ကို သူသိသည်။ အိုမီဂါများကို နစ်နာသူထပ်မဖြစ်ရန် ကာကွယ်ရမည်ဖြစ်သည်။


တစ်မိနစ်ခန့် ကြာပြီးနောက်တွင်...


ယွမ်ရှင်းကျဲက ဆေးရုံအဝတ်အစားများကို လဲလိုက်ပြီးနောက် လူနာဆောင်တံခါးကိုဖွင့်ကာ အပြင်သို့ထွက်လာသည်။


အပြင်ဘက်မှ ဆရာဝန်နှင့် သူနာပြုများစွာက လန့်သွားပြီး သူ မည်သည့်နေရာသွားမည်ကို မေးလိုက်ကြသည်။


" နိုအာကြယ်ကို..."

ယွမ်ရှင်းကျဲက တည်ငြိမ်စွာပြောလိုက်သည်။


" ယွမ်ရှင်းကျဲ ဘုရင်မက ရောက်လာတော့မှာလေ... ပြဿနာမရှာပါနဲ့ လူနာဆောင်ထဲမှာပဲနေပြီး ဂလင်းကို ဂရုစိုက်နေလိုက်ပါ..."


ဆေးရုံအုပ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။


" ဒါဆိုလည်း အဲ့ဒီ ကျန်းမာရေးအထောက်အကူပစ္စည်းတွေ ကိုယ့်ဘာသာယူထားဖို့ သူမကိုပြောလိုက်... ကျွန်တော့်ဂလင်းတွေက ပျက်စီးသွားပြီ နောက်တစ်ခုလည်း ထပ်ပေါ်လာတော့မှာမဟုတ်လို့ စိတ်မကောင်းပါဘူး..."


ယွမ်ရှင်းကျဲက နောက်သို့ တစ်ချက်မှ လှည့်မကြည့်ပဲ ပြောလိုက်သည်။


အားလုံး၏ ထိတ်လန့်အံ့ဩနေသည့် မျက်လုံးများအောက်တွင် ယွမ်ရှင်းကျဲက ဓာတ်လှေကားထဲ ဝင်သွားပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဌာနမှူချန်းယွမ်ကိုဆက်သွယ်လိုက်ပြီး သူ့ကို နိုအာကြယ်သို့ လိုက်ပို့ရန် လေယာဉ်တစ်စင်းပို့ခိုင်းလိုက်

141.2


ချန်းယွမ်က ယွမ်ရှင်းကျဲကို တွေ့ရတော့မည်ဖြစ်၍ ဝမ်းသာသွားသည်။

" မပူပါနဲ့ လေယာဉ်က တံခါးဝမှာ စောင့်နေပြီးသား မင်းသတိရလာမယ့်အချိန်ကို စောင့်နေတာ..."


မကြာမီတွင် ယွမ်ရှင်းကျဲက ချန်းယွမ် သူ့အတွက် ပြင်ပေးထားသည့် လေယာဉ်ပေါ် ရောက်လာသည်။ သူအင်ပါယာကြယ်မြိုတော်မှ ထွက်ခွာပြီး မက်ခါသုတေသနဌာနသို့ ဦးတည်လာခဲ့သည်။


ယွမ်ရှင်းကျဲ သုတေသနဌာနသို့ရောက်သည်နှင့် သူ့ကိုအားလုံးက နွေးထွေးစွာကြိုဆိုကြသည်။


ချန်းယွမ်က သူ့ကို ပန်းစည်းကြီးတစီးပေးကာ ပွေ့ဖက်လိုက်သည်။


" မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့..."


ကျင်းရွှမ်မှာ အလွန်ပျော်ရွှင်နေသည့်အတွက် ငိုချမိမတတ်ဖြစ်နေသည်။

" မင်း အဆင်ပြေတာတော်သေးတယ်... ငါတို့အားလုံး အကြာကြီးစောင့်နေခဲ့တာ..."


ယွမ်ရှင်းကျဲက သူမကို ပြန်နောက်လိုက်သည်။

" အရမ်း ပုံကြီးချဲ့လွန်းသွားပြီထင်တယ်..."


" မင်းရဲ့ black boxနဲ့ လက်ရေးစာမူအပြုံလိုက်ကြီးကို ငါတို့ ဘယ်လောက်ကြာကြာလေ့လာလိုက်ရလဲသိလား ဒါပေမဲ့ တစ်လုံးမှ နားမလည်လို့ ဒီထက်ပိုပြီး မတိုးတက်လာသေးတာ တော်တော်ကြာပြီ..."


မင်ရှောင်းက ခါးသီးစွာပြောလိုက်သည်။


ချန်းယွမ်က ယွမ်ရှင်းကျဲကိုမေးလိုက်သည်။

" မင်းရဲ့ နောက်အစီအစဉ်ကဘာလဲ..."


" ကျွန်တော့် ခန္ဓာကိုယ်အခြေအနေကို စောင့်ကြည့်ရဦးမယ်လို့ပြောတယ်... အဲ့ဒါကြောင့်မို့  အချိန်တစ်ခုအထိတော့ ပြိုင်ပွဲဝင်လို့ မရသေးဘူး... အဲ့ဒါကြောင့်မို့  ကျွန်တော့်ရဲ့ နောက်အစီအစဉ်က မက်ခါအမျိုးအစားသစ်တစ်မျိုး ဖန်တီးဖို့ပဲ..."


ထိုစကားကြောင့် အားလုံးအံ့အားသင့်သွားကြသည်။


အဘယ့်ကြောင့်ဆိုသော် ချန်းယွမ်က မက်ခါအမျိုးအစားသစ်များ၏ ဖခင်ဖြစ်ကာ နည်းပညာအသစ်အဆန်းများကို ဖန်တီးခဲ့ခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် ယွမ်ရှင်းကျဲက ထိုလူရှေ့တွင် စိတ်ကြီးဝင်စွာဖြင့် မက်ခါအမျိုးအစားသစ်အကြောင်းကို ပြောလိုက်သည်။


ယွမ်ရှင်းကျဲ၏စွမ်းရည်ကို နားမလည်နိုင်ကြသူအချို့မှာ စိတ်ကြီးဝင်နေသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း အံ့အားသင့်ရုံသာ ဖြစ်သွားသူများကမူ သံသယ မဝင်ကြပေ။


" စိတ်စွမ်းအားတိုးစက်နဲ့ပေါင်းဖို့ မက်ခါအမျိုးအစားအသစ်တစ်မျိုးလား..."

ချန်းယွမ် မေးလိုက်သည်။


" ဟုတ်ပါတယ်... ကျွန်တော်အခုဖန်တီးမယ့်မက်ခါကို လူအားလုံးမောင်းနှင်နိုင်တဲ့ မက်ခါမျိုး ဖြစ်စေချင်တယ်... အဲ့လိုနည်းနဲ့ပဲ မက်ခါနယ်ပယ်ကို အယ်လ်ဖာတွေက လက်ဝါးကြီးအုပ်နိုင်တော့မှာ မဟုတ်ဘူး..."


ယွမ်ရှင်းကျဲ ဖြည်းညင်းစွာ ပြောလိုက်သည်။


အားလုံးက ယွမ်ရှင်းကျဲကို ချက်ချင်းပင် လေးစားသွားကြသည်။


ယူဂျင်းက သူ့ကိုငေးမောကြည့်နေကြသည်။ ခဿအကြာတွင် မျက်ဝန်းများက စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်လာသည်။


" ကောင်းလိုက်တာ... ငါ အရင်တည်းက အဲ့လိုမက်ခါမျိုးကို မောင်းကြည့်ချင်နေခဲ့တာ..."


အကယ်၍ မက်ခါအမျိုးအစားသစ်တစ်မျိုးကို ဖန်တီးနိုင်ခဲ့ပါက ကြယ်အစုအဝေး အင်ပါယာတစ်ခုလုံးတွင် ၎င်းက ခုနစ်ခုမြောက်မက်ခါ ဖြစ်လာတော့မည်ဖြစ်သည်။


သို့ရာတွင် ၎င်းက ယွမ်ရှင်းကျဲ၏ ပထမဆုံးခြေလှမ်းသာ ရှိသေးသည်။


" ဒါဆိုရင်လည်း စမ်းသပ်ချက်တွေ စကြတာပေါ့... ငါတို့ မင်းကိူကူညီဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်... စကားမစပ် ငါတို့ မင်းကို တရားဝင်ရာထူးတစ်ခု အရင်ဆုံးပေးသင့်လား..."


ချန်းယွမ်က ယွမ်ရှင်းကျဲကို ပြောလိုက်သည်။


" မလိုသေးပါဘူး... ကျွန်တော့်မှာ နောက်ထပ် ကိုယ်ပိုင်အစီအစဉ်တွေရှိသေးတယ်..."


ယွမ်ရှင်းကျဲ၏အသံက ဆုံးဖြတ်ချက်ခိုင်မာနေပြံရပြီး မျက်ဝန်းများကလည်း တည်ကြည်နေ၍ ချန်းယွမ်က သူ့ကို မစည်းရုံးတော့ပေ။


" ဒါဆိုရင်လည်း စိတ်စွမ်းအားစစ်ဆေးချက် အရင်လုပ်ကြတာပေါ့... မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေက အရင်နဲ့ မတူတော့ဘူးဆိုတော့ သက်မှတ်ချက်ဘောင်နဲ့ ‌စမ်းသပ်ချက်လုပ်မယ့်ကိရိယာတွေကိုပါ ပြန်ညှိဖို့လိုသွားပြီ..."

ကျင်းရွှမ်က ပြောလိုက်သည်။


ယွမ်ရှင်းကျဲက သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


အချိန်အတော်ကြာ အိပ်မောကျနေခဲ့ရသည့်အတွက် သူ၏စိတ်ခွန်အားက အတော်အသင့်တိုးလာခဲ့သည်။


မိနစ်အနည်းငယ်ခန့် စစ်ဆေးပြီးသည့်အခါ ယွမ်ရှင်းကျဲ၏ စိတ်စွမ်းအားမှာ...


Sအဆင့်ထိ ရောက်သွားပြီဖြစ်ပြီး ၉၀%အထိ တိုးတသွားသည်ကို မြင်လိုက်ရသည်။


အားလုံး အံ့အားသင့်သွားကြသည်။


တစ်ပတ်အတွင်းမှာကို ယွမ်ရှင်းကျဲရဲ့ စိတ်စွမ်းအားက A+အဆင့်ကနေ S+အဆင့်ထိ ရောက်သွားတာလား...


ဂလင်းကိုဖြတ်ပစ်လိုက်တဲ့ အကျိုးသက်ရောက်မှုက အရမ်းကို ချဲ့ကားလွန်းသလိုပဲ...


" ဒါ... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ငါ့ဂလင်းကို ဖြတ်ပစ်လိုက်တုန်းက ခွန်အားတွေတိုးလာတယ်ဆိုပေမယ့် အဲ့လောက်မြန်မြန် မတိုးလာခဲ့ဘူးလေ..."


ယူဂျင်း အံ့ဩတကြီးဖြစ်နေသည်။


ထို့နောက်တွင် ယွမ်ရှင်းကျဲက သိချင်စိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာခွန်အားကို စစ်ဆေးကြည့်လိုက်ကြသည့်အခါတွင်လည်း S+အဆင့်သို့ ရောက်နေသည်ကို တွေ့လိုက်ကြသည်။


ဒါဆိုရင် သူက S+အဆင့် မက်ခါတိုက်ခိုက်ရေးသမား ဖြစ်သွားတာလား...


" ဘုရားရေ ... မင်းရဲ့ တိုးတက်ချက်ကြီးက ကြောက်ဖို့တောင်ကောင်းတယ်... အခုနေ မက်ခါတိုက်ခိုက်ရေးကွင်းထဲ ပြန်ဝင်မယ်ဆို မင်း လူဘယ်နှယောက်လောက်ကို အနိုင်ယူမလဲမသိဘူး..."


မင်ရှောင်းလည်း မယုံကြည်နိုင်ဖြစ်နေသည်။


xxxxxxx