အပိုင်း ၁၄၂
Viewers 17k

Chapter 142


ချန်းယွမ်လည်း မနေနိုင်တော့ပဲ ကျင်းရွှမ်ကို တီးတိုးပြောလိုက်သည်။


" သူက ဂလင်းကို ဖြတ်လိုက်ပြီးတော့မှ အံ့ဩစရာရလဒ်တွေ ထွက်လာပါလား..."


ယွမ်ရှင်းကျဲက စစ်ဆေးချက်များပြီးဆုံးသွားသည့်အခါတွင် အချိန်ဖြုန်းမနေတော့ပဲ အာရုံကြောချိတ်ဆက်ကိရိယာ အမျိုးအစားသစ်တစ်မျိုးကို စတင် တီထွင်ရန်ပြင်နေသည်။


ကျင်းရွှမ်က မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။


" ဘောစ့် ဒီတစ်ခါရော စိတ်စွမ်းအားတိုးမြှင့်ကိန်းဂဏန်းကို ဘယ်အဆင့်လောက်ထိ ထားမှာလဲ..."


ယခင်တစ်ကြိမ်က၂.၆၁တွင်ထားခဲ့၍ လူအများစုကို ထိတ်လန့်သွားစေခဲ့သည်။


" အရင်တစ်ခေါက်ထပ် နည်းနည်းမြင့်မယ်..."

ယွမ်ရှင်းကျဲက အေးအေးဆေးဆေးပင် ဖြေလိုက်သည်။


" နည်းနည်းဆိုတာဘယ်လောက်လဲ... ၂.၇ လား ၂.၇၅ လောက်လား..."


မင်ရှောင်းက စပ်စပ်စုစုဖြင့် မေးလိုက်သည်။


မျှော်လင့်တကြီးကြည့်နေကြသောလူများ၏ရှေ့တွင် ယွမ်ရှင်းကျဲက ဦးနှောက်ထဲတွင် အကြမ်းဖျင်းတွက်ချက်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။


" ၄.၁ ဒါမှမဟုတ်ရင် အဲ့ထက် နည်းနည်းမြင့်မယ်..."


ထိုစကားကြောင့် ဓာတ်ခွဲခန်းကြီးတစ်ခုလုံး ငြိမ်ကျသွားသည်။


ခဏအကြာတွင် ကျင်းရွှမ်က အလုပ်များနေသော ယွမ်ရှင်းကျဲကိုကြည့်ပြီးနောက် ကျန်းယွမ်ကို ပြေညလိုက်သည်။


" အဲ့လောက်မြင့်တာ သူလုပ်နိုင်ပါ့မလား..."


ချန်းယွမ်က ကျင်းရွှမ်ကို ကြည့်လိုက်သည်။


ကျင်းရွှမ်က ဆက်ပြောသည်။


" ယွမ်ရှင်းကျဲက... သူ့ကိုယ်သူ လိမ်နေတာပဲ..."


ယခင်က ယွမ်ရှင်းကျဲ၏ အကူအညီကိုရယူပြီး မက်ခါ သုတေသနဌာနက စိတ်စွမ်းအားတိုးမြှင့်ကိန်းဂဏန်း ၁.၅ရှိသော ပထမမျိုးဆက် စိတ်စွမ်းအားတိုးစက်ကို တီထွင်ခဲ့သည်။ သို့သော်လည်း ထိုအချိန်မှစ၍ သူတို့၏ အခြေအနေက ပုလင်းဝတွင်သာ တစ်နေခဲ့သည်။


သို့ရာတွင် ယွမ်ရှင်းကျဲက စိတ်စွမ်းအားတိုးမြှင့်ကိန်းဂဏန်း ၂.၆၁ရှိသောစက်ကို တီထွင်ခဲ့သည်ကို မမျှော်လင့်ပဲ သူတို့တွေ့ရှိခဲ့ကြသည်။ ၎င်းက အတော်အသင့် ခေတ်နောက်ပြန်ဆွဲနေသော နည်းပညာဟုပင် အားလုံးကို အမှတ်တမဲ့ ပြောမိခဲ့သည်။


ယခုအခါတွင် စိတ်စွမ်းအားတိုးမြှင့်ကိန်းဂဏန်း ၄.၁ သို့မဟုတ် ထိုထက်မြင့်သော စိတ်စွမ်းအားတိုးစက်ကို  တီထွင်ရန်ပြင်ဆင်နေသည်။ သုတေသနဌာနမှလူအားလုံးက ၎င်းကို စိတ်ကူးယဉ်မှုတစ်ခုဟုသာ ထင်နေကြသည်။


ထို့အပြင် တစ်ချိန်တည်းမှာပင် ယွမ်ရှင်းကျဲက မက်ခါအမျိုးအစားအသစ်တစ်မျိုးကို တီထွင်ရန် စီစဉ်နေသည်။


ထိတ်လန့်မှုတစ်ခုအပေါ် တစ်ခုဆင့်နေသော်လည်း မည်သူကမှ သူ၏စွမ်းရည်ကို သံသယမဝင်ရဲပေ။


" ဒါက သိပ္ပံနည်းမကျဘူးလေ..."

မင်ရှောင်းက ယွမ်ရှင်းကျဲ၏ကျောပြင်ကိုကြည့်ကာ ဝမ်းနည်းစွာဖြင့်ပြောလိုက်သည်။


"  ဒီမှာရှိတဲ့လူအားလုံးက စစ်တက္ကသိုလ်ကလေ ဘာလို့ ငါတစ်ယောက်တည်းပဲ လက်ထောက်အလုပ်သင် ဖြစ်နေရတာလဲ..."


မင်ရှောင်းက နိုအာစစ်တက္ကသိုလ်မှ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်သည်။ သူက သီအိုရီဆန်ဆန်မက်ခါသုတေသနပြုမှုနယ်ပယ်တွင် အောင်မြင်မှုများစွာ ရရှ်ိထားသူတစ်ယောက်ဖြစ်ပြီး တက္ကသိုလ်ပထမနှစ်ကပင် ဆောင်းပါးတစ်ပု‌ဒ် ထုတ်ဝေထားသည့်လူဖြစ်သည်။ သူက နိုအာစစ်တက္ကသိုလ်တွင်လည်း ခေါင်းဆောင်တစ်ယောက်ဟု ပြောနိုင်သည်။


သို့ရာတွင် ယွမ်ရှင်းကျဲနှင့်ယှဉ်လိုက်ပါက သူက ဘာမှမဟုတ်တော့ပေ။


" မင်ရှောင်း မင်းက တော်ပြီးသားပါ..."

ကျင်းယွမ်က မင်ရှောင်း၏ပခုံးကိုပုတ်ကာ အားပေးလိုက်သည်။


" ယွမ်ရှင်းကျဲနဲ့  မယှဉ်သရွေ့ပေါ့..."


" ဒါပေမဲ့ ငါသိချင်နေသေးတယ်... ယွမ်ရှင်းကျဲက ဒီလို ဗဟုသုတတွေကို ဘယ်က သင်လာတာများလဲ..."


ချန်းယွမ်က အနည်းငယ်မျက်မှောင်ကြုတ်နေပြီး သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုများ ရှိနေသည်။


ချန်းယွမ်၏မေးခွန်းကြောင့် အားလုံးပသေဠိဖြစ်ကုန်သည်။


ကျင်းရွှမ်က သိချင်၍ ယွမ်ရှင်းကျဲကို ထိုမေးခွန်းမေးစဉ်က ဤသို့ပြန်ဖြေခဲ့သည်။

( ကျွန်တော်က မက်ခါတွေကိုသဘောကျလို့ ငယ်ငယ်တည်းက မက်ခါနဲ့ ပတ်သက်တာတွေကို ဘယ်သူမှမသိအောင် ‌‌လေ့လာခဲ့တာ...)


ထိုအဖြေကြောင့် အားလုံးက ယွမ်ရှင်းကျဲကို ပို၍လေးစားသွားကြသည်။ သူ့ကို ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်သာမြင်တွေ့ရတတ်သော ပါရမီရှင်တစ်ယောက်ဟု ထင်သွားကြသည်။


အမှန်တွင် ထိုနည်းပညာများကို ယွမ်ရှင်းကျဲ၏ ယခင်ဘဝတွင် တီထွင်ခဲ့ခြင်းဖြစ်သည်။


ယခင်ကထက် ပိုမိုကောင်းမွန်အောင်ပြုလုပ်နည်းကို ရှာဖွေလျက် သူ၏ မူလနည်းပညာကို ပြန်လည်ဖန်တီးနေခြင်းဖြစ်သည်။


ယွမ်ရှင်းကျဲ၏ သုတေသနပြုမူလုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေ့စေရန် ချန်းယွမ်က သူ့ကို ဓာတ်ခွဲစမ်းသပ်ခန်းကြီးတစ်ခန်း ပေးခဲ့သည်။


" သုတေသနဌာနတစ်ခုလုံးက ရင်းမြစ်တွေနဲ့ သုတေသီတွေကို မင်းကြိုက်သလိုသုံးလို့ရတယ် အဲ့သုတေသီထဲမှာ ငါလည်းပါတယ်..."


ချန်းယွမ်က ယွမ်ရှင်းကျဲတန်ဖိုးကို ကောင်းစွာသဘောပေါက်နားလည်သူဖြစ်သည်။


ချန်းယွမ်၏ အကူအညီဖြင့် ယွမ်ရှင်းကျဲ၏သုတေသနက အဆင်ပြေချောမွေ့နေပြီး လျင်မြန်စွာ ရုပ်လုံးပေါ်လာသည်။


ယခင်က သူ စိတ်စွမ်းအားတိုးစက် တီထွင်စဉ်က ယူဂျင်းတစ်ယောက်ကသာ ကူညီပေးခဲ့သည်။ သို့သော် ယခုအခါတွင်အဖွဲ့တစ်ခုလုံးက ကူညီပေးနေ၍ အလုပ်လုပ်နိုင်စွမ်းက ယခင်နှင့် ကွဲပြားလာသည်။


သုတေသီများက သုတေသနလုပ်ငန်းစဉ်များနှင့် ရင်းနှီးနေပြီးဖြစ်သော်လည်း အချိန်အများစုတွင် အချို့နည်းပညာများအကြောင်း နားမလည်သည့်အတွက် ယွမ်ရှင်းကျဲ ပြောသည်ကိုသာ နားထောင်ရသည်။


ယွမ်ရှင်းကျဲ သူတို့ကို လုံးဝ မရှင်းပြပေ။ အဘယ့်ကြောင့်ဆိုသော် ရှင်းပြပါကလည်း သူ၏ယခင်ဘဝမှ နည်းပညာများအကြောင်းဖြစ်၍ မည်သူမျှ နားလည်မည်မဟုတ်ပေ။


စက်စွမ်းအား ၄.၁ဆ တိုးစက်နှင့် မက်ခါအသစ်အတွက် နည်းပညာကို ယွမ်ရှင်းကျဲက အချိန်တစ်ခုအထိ  ထုတ်ဖော်ပြောမည်မဟုတ်ပေ။


အဘယ့်ကြောင့်ဆိုသော် သူ၏အစီအစဉ်ပြီးမြောက်ရန်အတွက် ဤအရာနှစ်ခုကို အသုံးပြုလို၍ဖြစ်သည်။


သို့ရာတွင် ဌာနမှူချန်းယွမ်၏ အကူအညီကို သဘောတူညီသောအားဖြင့် စိတ်စွမ်းအားတိုးမြှင့်ကိန်းဂဏန်း ၂.၆၁ရှိသော စိတ်စွမ်းအားတိုးမြင့်စက်နည်းပညာကို သုတေသနဌာနသို့ လှူရန် ဆုံးဖြတ်လိုက်သည်။


" တကယ်လား... မင်း ဒီနည်းပညာကို ငါတို့ကို အလကားပေးမယ်ပေါ့လေ..."


ချန်းယွမ် မျက်လုံးများပြူးကျယ်သွားပြီး ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည့်လေသံဖြင့် ပြောလိုက်သည်။


ကျင်းရွှမ်က အလွန်ထိတ်လန့်သွား၍ သူမပါးစပ်ကို အုပ်ထားပြီး ယွမ်ရှင်းကျဲဆီသို့ ပြေးသွားသည်။


" တကယ့ ဝမ်းသာစရာကြီး... ရှင်းကျဲ မင်းက ငါတို့ သုတေသနဌာနရဲ့ နတ်သားလေးပါလား..."


" တကယ်တော့ ကျွန်တော့်ရဲ့ လက်ရေးမူကြမ်းနဲ့ black boxကိုသုံးပြီး နည်းပညာအတိုင်း ဆက်လုပ်နိုင်မယ်လို့ ထင်ခဲ့မိတာ... ဒီနည်းပညာက သိပ်မခက်ပါဘူး... အရင်မော်ဒယ်ကတောင် ဒီထက် ခက်သေးတယ်..."


ယွမ်ရှင်းကျဲက ကျင်းရွှမ်ကိုကြည့်ကာ ရှက်သွားသည့်ပုံဖြင့် ပြောလိုက်သည်။


ဘေးမှလူအားလုံး ငြိမ်ကျသွားသည်။


ယူဂျင်းက ပါးစပ်အဟောင်းသားဖြင့် ယွမ်ရှင်းကျဲကို ကြည့်နေမိသော်လည်း အဆုံးတွင် ဘာမှ မပြောလိုက်ပေ။


သူတို့အားလုံးက အလုပ်မကြိုးစားတာမဟုတ်ဘူးလေ... သုတေသနဌာနက လူတော်တွေအားလုံးကို စုပြီး‌ အဖြေရှာတာတောင်မှ ဒီလက်ရေးမူကြမ်းတွေကို အဓိပ္ပါယ်ကောက်ဖို့ တော်တော်လက်ခဲ့တယ်ဆိုတာ ဒီဉာဏ်ကြီးရှင်လေးကို ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး...


ထိုလက်ရေးမူကြမ်းများက ခေတ်နောက်ပြန်ဆွဲနေသော နည်းပညာများဟု ယွမ်ရှင်းကျဲက ပြောခဲ့သော်လည်း ယူဂျင်းအတွက်မူ အမှတ်ခြစ်ထားသောနေရာမှလွဲ၍ အခြားအကြောင်းအရာများကို နားမလည်နိုင်ပေ။


" ရှင်းကျဲ မင်းရေးထားတဲ့ဟာတွေ နားလည်နိုင်အောင် ငါတို့ကြိုးစားပါ့မယ်..."


မင်ရှောင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။


ယွမ်ရှင်းကျဲက ယခင်အဆင့်မှ သုတေသနရလဒ်အားလုံးကို ကျင်းရွှမ်၏ မှတ်ဉာဏ်တုထဲသို့ ရက်ရောစွာဖြင့်ပို့ပေးလိုက်သည်။


ယွမ်ရှင်းကျဲအတွက်မူ ထိုအရာအားလုံးက သူ၏လေ့ကျင့်မှုရလဒ်များဖြစ်သော်လည်း သုတေသနဌာနမှ လူအားလုံးအတွက်မူ အဖိုးတန်ရတနာဖြစ်နေသည်။

142.2


ဖိုင်ကို ဖွင့်ပြီးသည့်နောက်တွင် ယွမ်ရှင်းကျဲရေးသားထားသော သုတေသန၏ အကြောင်းအရာနှင့် ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းများကို ကျင်းရွှမ်က အားတက်သရောဖြင့် ဖတ်ကြည့်လိုက်သည်။


တစ်မျက်နှာခန့် ဖတ်ကြည့်လိုက်ရုံဖြင့် သူမစိတ်ထဲ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။


" ဒါက ဒီလိုကိုး... အံ့ဩစရာကြီးတွေ..."


ကျင်းရွှမ်က မှတ်ဉာဏ်တုပေါ်မှ စာများကို ငေးငိုင်ကြည့်နေပြီး သူမဘဝက ဤလက်ရေးမူကြမ်းထဲမှ စာပိုဒ်များလောက်ပင် မကောင်းမွန်ခဲ့ဟု ခံစားလိုက်ရသည်။


ချန်းယွမ်က ဘေးနားတွင်ရပ်ကာ ခဏကြည့်နေပြီး နောက်ဆုံးတွင် ယွမ်ရှင်းကျဲ၏ နည်းပညာစနစ်အကြောင်းကို စွဲလန်းသွားမိသည်။ ယွမ်ရှင်းကျဲ၏ မက်ခါများအပေါ် အတွင်းကျကျ နားလည်သဘောပေါက်မှုက ဤခေတ်ထက်ပင် နှာတစ်ဖျားသာနေကြောင်းကိုပါ သဘောပေါက်သွားမိသည်။


ထိုအခါမှသာ ယွမ်ရှင်းကျဲတီထွင်ခဲ့သောblack box အသေးစားလေးတွင် ဤမျှစွမ်းအားကြီးသည့် လုပ်ဆောင်ချက်များ ပါဝင်ကြောင်း နားလည်သွားကြသည်။


ဤတစ်ရက်တည်းဖြင့် မက်ခါသုတေသနဌာနမှာ သမိုင်းမှတ်တမ်းတွင် အောက်သို့ကျဆင်းသွားရန် လုံလောက်ပေသည်။

[T/N - ယွမ်ရှင်းကျဲဆီက နည်းပညာတွေက အရမ်းအဆင့်မြင့်လွန်းလို့ သူတို့ရဲ့ သုတေသနဌာနက ဒီအဆင့်ရောက်လာအောင် တော်တော်လိုသေးတယ်လို့တွေးမိပြီး စိတ်ပျက်သွားတယ် ဆိုတဲ့သဘောပါ ]


စိတ်ကူးယဉ်နေကြသော ချန်းယွမ်၊ ကျင်းရွှမ်နှင့် အခြားလူများဖြင့်ယှဉ်ပါက ယွမ်ရှင်းကျဲမှာ အလွန်တည်ငြိမ်နေသည်။


သူ့အတွက် သုတေသနာတစ်ခု စီစဉ်ထားပြီးဖြစ်၍ နိုင်ငံတော်အဆင့်မက်ခါပြိုင်ပွဲ၏ ဗိုလ်လုပွဲမတိုင်မီ မက်ခါအမျိုးအစားသစ်ကို ထုတ်လုပ်နိုင်လိမ့်မည်ဖြစ်သည်။


၎င်းက မည်သူမျှ မတွေးထားသည့် အရှိန်မျိုးဖြစ်သည်။


ယွမ်ရှင်းကျဲ ပဏာမအစီအစဉ်ကို ရေးဆွဲထားပြီးသည့်နောက်တွင် နောက်ကျနေပြီဖြစ်၍ စမ်းသပ်ချက်အတွက် အသုံးပြုသော မှတ်ဉာဏ်တုကို သိမ်းလိုက်ပြီးနောက် အညောင်းဆန့်လိုက်ကာ ကျောင်းအဖွဲ့ကတည်းသည့် ဟိုတယ်သို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။


သူ့ကိုယ်ပိုင်မှတ်ဉာဏ်တုကို ဖွင့်လိုက်သည့်အခါ ကျောင်းအဖွဲ့ဝင်များက မက်ဆေ့များစွာပို့ထားသည်ကို မြင်လိုက်ရသည်။


ယွမ်ရှင်းကျဲ နိုအာကြယ်သို့ ပြန်ရောက်ရှိလာသည့်သတင်းကို ဆေးရုံမှတစ်ဆင့် ရှင်းဟိုင်အဖွဲ့သို့ ပေးပို့လိုက်သည့်ပုံပင်။


ထိုမက်ဆေ့များအကြားတွင် လော့ဝမ်ချွမ်း ပေးပို့ထားသည့် မက်ဆေ့က အများဆုံးဖြစ်သည်။


၎င်းက သူ၏အေးစက်သောအပြုအမူနှင့်သာမက ဝတ္ထုထဲတွင် ‌ဖော်ပြထားသောကြောက်စရာဗီလိန်နှင့်လည်း အနည်းငယ် မအပ်စပ်သကဲ့သို့ဖြစ်နေသည်။


[ ယွမ်ရှင်းကျဲ : ကျွန်တော် သတိရလာလာချင်း နိုအာကြယ်ကိုပြန်ဖို့ တွေးလိုက်မိတယ် ]


[ လော့ဝမ်ချွမ်း : နေလို့ထိုင်လို့ကောင်းရဲ့လား ခန္ဓာကိုယ်ရော ဘယ်လိုနေသေးလဲ ]


[ လော့ဝမ်ချွမ်း : ဘယ်အချိန်ပြန်လာမှာလဲ ]


[ လော့ဝမ်ချွမ်း : မင်းအခု ဘယ်မှာလဲ ]


[ ... ]


မက်ဆေ့ပေါင်းများစွာပို့ထားသော်လည်း လော့ဝမ်ချွမ်း၏ အကျင့်စရိုက်နှင့်ကိုက်ညီစွာ စာရိုက်သည့်ပုံစံက တိုတောင်း ပြတ်သားပြီး မက်ဆေ့တစ်ခုတွင် စကားစု ၅စုထက် ပိုမရေးထားပေ။


တစ်ချက်တည်းကြည့်ရုံနဲ့...


စကားကို အေးစက်စက်ပြောတတ်တဲ့သူဆို သိသာနေတယ်...


ဖော်ညွှန်းလိုက်သည့်ပုံစံက ထူးဆန်းနေသော်လည်း ယွမ်ရှင်းကျဲ ထိုသို့သာ တွေးမိနေသည်။


သုတေသနဌာနမှ ပြင်ဆင်ပေးထားသည့် လေယာဉ်ပေါ် တက်လိုက်ပြီးသည့်နောက်တွင် ယွမ်ရှင်းကျဲ နှုတ်ခမ်းများ ကွေးညွတ်လိုက်ပြီး လော့ဝမ်ချွမ်းကို စာပြန်လိုက်သည်။

[ ကျွန်တော်အခု နိုအာကြယ်ကို ပြန်ရောက်နေပြီ... အခု ဟိုတယ်ကို ပြန်နေတာ ]


ထိုစာကို ပို့ပြီး နောက်တစ်စက္ကန့်တွင်ပင် လော့ဝမ်ချွမ်းထံမှ စာကိုလက်ခံရရှ်ိလိုက်သည်။

[ ကိုယ်လာကြိုမယ် ]


[ ငြင်းလို့မရဘူး ]


ယွမ်ရှင်းကျဲမှာ မူလက လေယာဉ်ကို ဟိုတယ်သို့သာ တိုက်ရိုက်ပြန်မောင်းပို့ခိုင်းမည်ဟု တွေးထားသောလည်း လော့ဝမ်ချွမ်းပို့လိုက်သည့်မက်ဆေ့ကြောင့်  ပြိုင်ပွဲပြီးဆုံးသည့်နေ့က သူ့ကိုအဆောင်တွင် လာခေါ်ခဲ့သည့်ရက်ကို သတိရသွားသည်။


သို့ဖြစ်၍ လေယာဉ်မောင်းကို ဟိုတယ်အနီးမှ ပန်းခြံတစ်ခုသို့သာ ပို့ပေးရန် ပြောလိုက်တော့သည်။


ထို့နောက် ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းဆီသို့ စာတစ်စောင်ပို့လိုက်သည်။

[ ဒါဆိုရင် ကျွန်တော့်ကို XXပန်းခြံမှာ လာခေါ်ပါလား ]


လော့ဝမ်ချွမ်းက ချက်ချင်းစာပြန်သည်။

[ ကိုယ့်ကို စောင့်နေနော် ]


[ ရောက်ခါနီးပြီ ]


ယွမ်ရှင်းကျဲ၏ ရင်ထဲတွင် မျှော်လင့်မှု မီးတောက်ငယ်လေးတစ်ခု တောက်လောက်လာခဲ့သည်။ ပြတင်းပေါက်မှတစ်ဆင့် ညရှု့ခင်းကို ကြည့်နေသော်လည်း သူ့စိတ်က တခြားနေရာသို့သာ ပျံ့လွင့်နေခဲ့သည်။


သူ လော့ဝမ်ချွမ်းကို မြန်မြန်တွေ့ချင်နေပြီဖြစ်သည်။


သို့ရာတွင် လေယာဉ်က ပန်းခြံအနားသို့ တဖြည်းဖြည်းနီးကပ်လာသည့်အခါ ယွမ်ရှင်းကျဲ၏ရင်ထဲမှ မီးတောက်ငယ်လေးက တဖြည်းဖြည်းအားနည်းလာသည်။


မီးတောက်ငယ်လေးက လောင်ကျွမ်းနေဆဲဖြစ်သော်လည်း  ၎င်းကို အခြားသောခံစားချက်များက ငြိမ်းသတ်နေခြင်းဖြစ်သည်။


ယွမ်ရှင်းကျဲ သူ့လည်ပင်းညာဘက်မှ အမာရွတ်ကို မတော်တဆ ထိလိုက်မိသည်။


xxxxxxxx