အပိုင်း ၁၄၃
Viewers 17k

Chapter 143


စေ့စပ်ပွဲအခမ်းအနားမတိုင်မီက ယွမ်ရှင်းကျဲက ဂလင်းကိုဖြတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သော်လည်း လော့ဝမ်ချွမ်းအကြောင်းကို မတွေးပဲ မနေနိုင်ခဲ့ပေ။


သူ့ဂလင်းတွေကိုသာ ဖြတ်ပစ်လိုက်မယ်ဆိုရင် လော့ဝမ်ချွမ်းက ဝမ်းနည်းသွားမလားဆိုတဲ့မေးခွန်းကို အကြိမ်ပေါင်းများစွာ မေးနေခဲ့မိတယ်...


အဖြေက "ဝမ်းနည်းသွားမယ်" ဆိုတာကို သူသိနေခဲ့တယ်...


သို့သော်လည်း ဓားကိုင်ကာ သူ၏ ကိုယ်ပိုင်ကံတရားအတွက် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။


ယခုအခါတွင် ယွမ်ရှင်းကျဲက ဂလင်းကို ဆုံးရှုံး၍ ဘီတာဖြစ်သွားပြီဖြစ်ကာ ခန္ဓာကိုယ်တွင်လည်း ဖယ်ရိုမုန်းတစ်ခုမှ မရှိတော့သည့်အပြင် လော့ဝမ်ချွမ်းကလည်း တော်ဝင်မိသားစု၏ ဆက်ခံသူဖြစ်လာသည်။


ထိုအကြောင်းကို တွေးမိသည့်အခါ ယွမ်ရှင်းကျဲ၏ မျက်ဝန်းထဲတွင် အမှောင်ထုအနည်းငယ် ကြီးစိုးသွားသည်။


သူ ဘီတာတစ်ယောက် ဖြစ်လာသည့်အတွက်နှင့် လော့ဝမ်ချွမ်းက သူ့ကို စိမ်းကားသွားမည်မဟုတ်ကြောင်း ယွမ်ရှင်းကျဲသိသည်။


သို့ရာတွင် လော့ဝမ်ချွမ်းက သူ့ကိုယ်သူ ထိန်းချုပ်ထားကြောင်း တွေးမိသွားသည့်အခါ မျက်ဝန်းထဲတွင် စိုးရိမ်မှုများ ဖြတ်ပြေး သွားကာ ရင်ထဲတွင် တစ်ဆို့နေသည့် ခံစားချက်မျိုးဖြစ်လာသည်။


ယွမ်ရှင်းကျဲ ပန်းခြံသို့ ရောက်လာချိန်တွင် လော့ဝမ်ချွမ်းက ရောက်နှင့်နေပြီဖြစ်သည်။


လော့ဝမ်ချွမ်း၏လေယာဉ်က ပန်းခြံရှေ့တွင် ရပ်ထားသည်။ သူက ပေါ့ပေါ့ပါးပါး အနက်ရောင်အဝတ်အစားများကိုသာ ဝတ်ဆင်ထားသည်။  သူ၏ စိတ်နေစိတ်ထား တစ်ခုလုံးမှာလည်း ပို၍ ထင်ရှားလာသည်။


လေယာဉ်ကိုမှီထားကာ သူ့လက်ချောင်းများက တံခါးကို ခေါက်နေပြီး စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေပုံရသည်။


ခဏအကြာတွင် ယွမ်ရှင်းကျဲရောက်ရှိလာသည်ကို လော့ဝမ်ချွမ်း သတိပြုမိသွား၍ သူ့ကိုလှမ်းကြည့်လိုက်သည်။


သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသွားချိန်တွင် သူတို့နှစ်ယောက်အကြားမှလေထုက အနည်းငယ် အေးခဲသွားသည်ဟုပင် ထင်ရသည်။


လော့ဝမ်ချွမ်း၏ မျက်နှာအမူအရာက အေးစက်နေဆဲဖြစ်သော်လည်း ကိုယ်အလေးချိန်အနည်းငယ်ကျသွားကြောင်း ယွမ်ရှင်းကျဲ သတိပြုမိသည်။ 


သူ အခုနောက်ပိုင်း လေ့ကျင့်ရေးတွေ အရမ်းပြင်းပြင်းထန်ထန် လုပ်နေလို့များလား...


ယွမ်ရှင်းကျဲကို တွေ့သည်နှင့် လော့ဝမ်ချွမ်းက ခြေတံရှည်ကြီးများဖြင့် အပြေးတစ်ပိုင်း လျှောက်လာတော့သည်။


ယွမ်ရှင်းကျဲ၏ ရင်ထဲတွင် အမျိုးအမည်မသိသော ခံစားချက်များ ဖြစ်ပေါ်လာကာ ပို၍ စိတ်လှုပ်ရှားလာသည်။


မကြာမီအချိန်တွင် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲ၏ရှေ့သို့ရောက်လာပြီး ယွမ်ရှင်းကျဲကို ငုံ့ကြည့်နေသော မျက်ဝန်းများက အရောင်တလက်‌လက်တောက်နေသည်။


ကျဉ်းမြောင်းရှည်လျားကာ လှပသည့် မျက်ဝန်းနက်များကြောင့် ယွမ်ရှင်းကျဲ၏ နှလုံးခုန်သံများက တဖြည်းဖြည်း မြန်ဆန်လာသညိ။


" ဟို... ကျွန်တော့်ကို ဘာလို့လာကြိုတာလဲ..."

ယွမ်ရှင်းကျဲ ဖြည်းညင်းစွာပြောလိုက်သည်။


သူတို့ကြားမှ အနေအထားက တစ်မျိုးဖြစ်နေသောကြောင့်သာ ထိုမေးခွန်းကို မေးလိုက်သော်လည်း မေးပြီးသည့်နောက်တွင်မှ အဓိပ္ပါယ်မဲ့သည့်စကားတစ်ခွန်းဖြစ်ကြောင်း သတိပြုမိ၍ နောင်တရသွားမိသည်။


လော့ဝမ်ချွမ်း၏ အကျင့်စရိုက်အရဆိုလျှင် "ကိုယ် အားနေလို့" ၊ "မင်း လမ်းပျောက်မှာစိုးလို့" တို့အပြင် " မင်းရဲ့ဒဏ်ရာကို စိတ်ပူလို့" ထို့သို့သာ ကျိန်းသေပေါက်ဖြေမည်ဖြစ်သည်။


စကားလုံး ငါးလုံးထက် မပိုနိုင်ဘူး...


လော့ဝမ်ချွမ်း ရုတ်တရက် ရှေ့သို့တစ်လှမ်းတိုးလာသည်။


ယွမ်ရှင်းကျဲ အနားသို့ကပ်လာသည်။ ခေါင်းကို ခပ်ဖြည်းဖြည်း ငြိမ့်လိုက်ပြီး သူတို့ကြားမှ အကွာအဝေးကို လျှော့ချလိုက်ကာ မျက်လုံးချင်းဆုံသည့် အနေအထားထိ ရောက်လာသည်။


ထို့နောက် ဆွဲဆောင်မှုရှိသော လေသံတိုးတိုးဖြင့် ပြောလိုက်သည်။


" ဘာလို့လဲဆိုတော့ ကိုယ်မင်းကို မြန်မြန်တွေ့ချင်လို့လေ..."


ထိုစကားကိုကြားသည့်အခါ ယွမ်ရှင်းကျဲမှာ လော့ဝမ်ချွမ်း၏ မျက်ဝန်းနက်များထဲသို့ မစိုက်ကြည့်ပဲ မနေနိုင်တော့ပေ။ 


သူ့အမြင်တွင် လော့ဝမ်ချွမ်းက ထိုသို့သော တဲ့တိုးဆန်သည့် စကားများကို မည်သည့်အခါကမှ ပြောမည့်သူဟု မထင်ရပေ။ 


ယခုအချိန်တွင် သူ အလွန်အမင်း အံ့အားသင့်နေသောကြောင့်လည်းကောင်း လော့ဝမ်ချွမ်းကို မတွေ့ရသည်မှာ အလွန်ကြာပြီဖြစ်သောကြောင့်လည်းကောင်း လော့ဝမ်ချွမ်း၏လေသံက အနည်းငယ်ထူးဆန်းနေသည်ဟု ယွမ်ရှင်းကျဲ ထင်လိုက်မိသည်။


ယွမ်ရှင်းကျဲ၏ရင်ခုန်သံက အနည်းငယ်မြန်ဆန်သွားပြီးနောက် ‌တံတွေးမျိုမချပဲ မနေနိုင်တော့ပေ။ သူ့ထံတွင် ပြောစရာစကားပေါင်းများစွာရှိသော်လည်း ကျဉ်းမြောင်းရှည်လျားသည့် မျက်ဝန်းနက်များနှင့် ရင်ဆိုင်ရသည့်အခါ မည်သည့်နေရာမှ စပြောရမည်ကို မသိတော့ပေ။


ခဏကြာပြီးသည့်နောက်တွင်မှ ယွမ်ရှင်းကျဲက စိတ်နှင့်လူနှင့် ပြန်ကပ်သွားသည်။ ပြုံးပြလိုက်ပြီး လော့ဝမ်ချွမ်းကို ပြောလိုက်သည်။


" မတွေ့ရတာကြာပြီနော်..."


အမှန်တွင် ဤအတောအတွင်း၌ ‌လော့ဝမ်ချွမ်းက သူအချိန်ရတိုင်း ဆေးရုံမှ ယွမ်ရှင်းကျဲထံသို့ အလည်လာခဲ့ပြီး လာသည့်အချိန်တိုင်းတွင်လည်း လူနာဆောင်တွင် ကြာကြာနေခဲ့သည်။


သို့ရာတွင် သူတွေ့သည့်အချိန်များတွင် ယွမ်ရှင်းကျဲက သတိလစ်နေလျက်သာ ရှိသေးသည်။ သို့ဖြစ်၍ ယွမ်ရှင်းကျဲ၏အပြုံးကို မမြင်ရသည်မှာ အချိန်အတန်ကြာပြီဖြစ်သည်က မှန်ပေသည်။


လမ်းမီးတိုင်အောက်မှ နွေးထွေးသောအလင်းရောင်အောက်တွင် လူငယ်လေး၏ ဖြူဖြူဖွေးဖွေးအသားအရည်က အနည်းငယ်နွေးထွေးနေပြီး သူ့အပြုံးကလည်း ယခင်ကဲ့သို့လှပကာ မြူးတူးနေပုံရသည်။ သူ့နှုတ်ခမ်းများကွေးညွတ်ပြီး ပြုံးလိုက်သည့်ပုံစံလေးကပင် မြင်လိုက်ရသူတိုင်း အသက်ရှုမှားစေရန် လုံလောက်လှသည်။


" အမ်... အင်း... မတွေ့ရတာကြာပြီ..."

လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို ပြန်ကြည့်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။


အလွန်နီးကပ်နေသော လော့ဝမ်ချွမ်း၏မျက်နှာကြောင့် သူအလွန် ဝိတ်ကျသွားကြောင်းကို ယွမ်ရှင်းကျဲ သတိထားမိလိုက်သည်။ မေးရိုးပိုထင်းလာပြီး မျက်နှာအချိုးအစားကလည်း ပို၍ 3Dဆန်လာသည်

( T/N - မျက်နှာကောက်ကြောင်း၊ ‌လိုင်းနဲ့ အရိပ်တွေက ပိုပြီးထင်ရှားလာတယ်လို့ ပြောချင်တာပါ )


လော့ဝမ်ချွမ်း ဤအချိန်အတောအတွင်း မည်သို့ အချိန်ကုန်ဆုံးခဲ့သည်ကို သူ မသိပေ။


စေ့စပ်ပွဲအခမ်းအနားသို့ စိုးရိမ်တကြီးရောက်လာသော လော့ဝမ်ချွမ်းအကြောင်းတွေးလိုက်မိသည်နှင့် ယွမ်ရှင်းကျဲ အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။


ယွမ်ရှင်းကျဲက သူ့ကို အကြည့်အလွှဲပဲ ပြန်ကြည့်နေ၍ လော့ဝမ်ချွမ်းက ရှေ့တစ်လှမ်းထပ်တိုးကာ ယွမ်ရှင်းကျဲစ လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်သည်။


ယွမ်ရှင်းကျဲ အနည်းငယ်လန့်သွားမိသည်။


" ဗိုက်ဆာနေပြီလား... ဘာစားချင်လဲ..."


လော့ဝမ်ချွမ်းက သူ့ကို ငုံ့ကြည့်ပြီး နူးညံ့ငြင်သာသော အသံဖြင့် ပြောလိုက်သည်။


ယွမ်ရှင်းကျဲ၏မျက်ဝန်းထဲမှ လေးလံနေသောခံစားချက်များက အနည်းငယ် ပေါ့ပါးသွားသည်။ ခဏတာတွေးတောပြီးသည့်နောက်တွင် ပြန်ဖြေလိုက်သည်။


" ဒီနားမှာ မုန့်တွေရောင်းတဲ့လမ်းလေး ရှိတယ်ထင်တယ်..."


ထိုစကားကိုပြောလိုက်ပြီးမှ ‌လော့ဝမ်ချွမ်းက ယခုအခါတွင် ဒုတိယမင်းသားဖြစ်နေပြီး ဝတ္ထုနောက်ဆုံးပိုင်း၏ ဗီလိန်ဖြစ်နေသည်ကို ရုတ်ချည်း အမှတ်ရသွား၍ စကားကိုပြောင်းပြောလိုက်သည်။


" အမ်း... စီနီယာ သွားချင်တဲ့နေရာပဲရွေးလေ..."


လော့ဝမ်ချွမ်းက ယခုအခါတွင် မြင့်မြတ်သူတစ်ယောက်ဖြစ်သွားပြီဖြစ်၍ မုန့်ပဲသွားရည်စာများရောင်းချသောလမ်းများကို မသွားပါက ပိုကောင်းမည်ဟု တွေးလိုက်မိသည်။


" ဒါဆိုလည်း အဲ့ဒီကိုပဲသွားမယ်လေ..."

လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲလက်ကိုဆွဲပြီး လေယာဉ်ဆီသို့ လျှောက်သွားသည်။


" သွားရအောင်..."


ထိုသို့ ပြန်ဖြေမည်ဟု မမျှော်လင့်ထားမိ၍ ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်း၏ကျောပြင်ကို ငေးငိုင်ကာကြည့်နေသည်။


မကြာမီအချိန်မှာပင် လော့ဝမ်ချွမ်းက သူ၏ဈေးကြီးသောလေယာဉ်ကိုမောင်းပြီး သွားရည်စာမုန့်များရောင်းချသည့်လမ်းသို့ ယွမ်ရှင်းကျဲကို ခေါ်သွားသည်။

143.2


လေယာဉ်ပေါ်မှဆင်းလိုက်ချိန်တွင် ပျားပန်းခတ်မျှလှုပ်ရှားနေသော လူများနှင့် ဈေးဆိုင်များကို မြင်လိုက်ရ၍ လော့ဝမ်ချွမ်းဘက်သို့လှည့်ကာ မေးလိုက်သည်။


" စီနီယာ ဒီလိုနေရာမျိုးကိုလာရတာ အဆင်ပြေရဲ့လား..."


တော်ဝင်မိသားစုမှ ထီးနန်းဆက်ခံသူက ဤနေရာသို့ ရောက်လာာပါက နောက်တစ်နေ့တွင် သတင်းထဲ၌ ပါလာနိုင်သည်ကို သူသိသည်။


လော့ဝမ်ချွမ်းက သူ့ကို စိတ်ရှုပ်ထွေးသွားဟန်ဖြင့် အထူးအဆန်းသဖွယ်ကြည့်လိုက်သည်။


" ဘာလို့လဲ ကိုယ်တို့အရင်ကလည်း တစ်ခါရောက်ဖူးတယ်မလား..."


သူက ထီးနန်းဆက်ခံသူဖြစ်သွားသည်နှင့် အကျင့်စရိုက်များက မပြောင်းလဲသွားခဲ့ပေ။


ယခင်က ယွမ်ရှင်းကျဲသိသော စီနီယာသာ့ချွမ်း ဖြစ်နေဆဲသာဖြစ်သည်။


ယွမ်ရှင်းကျဲ စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်နေပြီးသည့်နောက်တွင် မပြုံးပဲ မနေနိုင်တော့ပေ။ သူ့ရင်ထဲမှ  စိုးရိမ်ပူပန်မှုများလည်း ပျောက်ကွယ်သွားသည်။


သူတို့နှစ်ယောက် ဈေးဆိုင်တန်းများအကြား ဟိုဟိုသည်သည် လျှောက်သွားနေစဉ်မှာပင် လူအများက လော့ဝမ်ချွမ်းကို လျင်မြန်စွာ မှတ်မိသွားကြသည်။ သတင်းထဲတွင် ပါခဲ့ဖူးသော ယွမ်ရှင်းကျဲကိုလည်း လွယ်လွယ် မှတ်မိသွားကြသည်။


ဈေးဆိုင်ပိုင်ရှင်များက အလွန် စိတ်အားထက်သန်သွားကြသည်။ အချို့ဆိုင်ရှင်များက သူတို့ကို ဈေးလျှော့ပေးကြပြီး အချို့ကလည်းသူတို့နှင့်အတူ ဓာတ်ပုံရိုက်ချင်ကြသည်။


ရုတ်ရုတ်သဲသဲအခြေအနေဖြစ်လာမည်စိုး၍ သူတို့နှစ်ယောက်လုံး စားစရာအချို့ဝယ်ကာ ထိုလမ်းမှ အမြန်ထွက်သွားကြသည်။


လေယာဉ်ပေါ် ပြန်ရောက်သည့်အခါမှသာ လော့ဝမ်ချွမ်း စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်ပြီး တီးတိုးပြောလိုက်သည်။


" အားလုံးက ကိုယ်ဘယ်သူလဲသိတယ်ဆိုတာတောင် မေ့လုနီးပါးဖြစ်သွားတယ်..."


ဤရက်များတွင် လော့ဝမ်ချွမ်းက ဆေးရုံတွင် ယွမ်ရှင်းကျဲကို သွားတွေ့ခြင်းနှင့် ကျောင်းအဖွဲ့တွင် လေ့ကျင့်ခြင်းတို့သာ ပြုလုပ်ခဲ့သည်။ သူက အလွန်ရိုးစင်းသောဘဝတွင် နေခဲ့ရသည်ဖြစ်၍ ဤကိစ္စကို မေ့လုဆဲဆဲ ဖြစ်သွားသည်။


ဤ မဝံ့မရဲဖြစ်နေသောလူမှာ အိမ်ရှေ့စံမင်းသားဖြစ်နေမည်ဟု ယွမ်ရှင်းကျဲ မမျှော်လင့်ခဲ့မိပေ။ သူက စွန့်ပစ်ကြယ်ပေါ်တွင် နေရသောဘဝကိုသာ အသားကျနေပုံပေါ်သည်။


လော့ဝမ်ချွမ်း၏ စိတ်ရှုပ်ထွေးနေသော အမူအရာကြောင့် ယွမ်ရှင်းကျဲ မရယ်ပဲမနေနိုင်တော့ပေ။


ယွမ်ရှင်းကျဲ၏ရယ်သံကိုကြားလိုက်ရ၍ လော့ဝမ်ချွမ်း ခဏတာ အံ့အားသင့်သွားသည်။ ထို့နောက် သူ့ဘက်ကိုလှည့်လာကာ အသံခပ်အုပ်အုပ်ဖြင့် မေးလိုက်သည်။


" ကိုယ့်ကို ရယ်နေတာလား..."


" မဟုတ်ပါဘူး စီနီယာက ချစ်စရာကောင်းတယ်ထင်လို့ပါ..."


ယွမ်ရှင်းကျဲက ရင်ထဲမှအတိုင်းသာ ပြောလိုက်သည်။


လော့ဝမ်ချွမ်း မျက်မှောင်တင်းတင်းကြုတ်ပြီး သူကိုယ်တိုင်ပင်မသိပဲ ဆတ်ခနဲ ခွန်းတုံ့ပြန်လိုက်မိသည်။


" ဘယ်သူက ချစ်ဖို့ကောင်းတာလဲ..."


" စီနီယာလေ..."


ယွမ်ရှင်းကျဲက သူ့ကို လေးလေးနက်နက်ကြည့်လိုက်သည်။


" လော့ဝမ်ချွမ်းက ချစ်ဖို့ကောင်းတယ်... ဘာများမှားလို့လဲ... ချစ်ဖို့မကောင်းလို့လား..."


" မဟုတ်ဘူး... ကိုယ့်ကို အဲ့လိုမပြောနဲ့..."


လော့ဝမ်ချွမ်းက နှုတ်ခမ်းများတင်းတင်းစေ့ထားပြီး ရုပ်တည်ဖြင့် ပြောလိုက်သည်။


ယွမ်ရှင်းကျဲ၏အပြုံးက ပို၍အသက်ဝင်လာသည်။ ခဏအကြာတွင် မုန့်ကို လော့ဝမ်ချွမ်းဘက်ကို လှမ်းကျွေးလိုက်သည်။


လော့ဝမ်ချွမ်း၏မျက်နှာက သုံးစက္ကန့်ခန့်သာ တင်းမာနေပြီးနောက်တွင် ပုံမှန်အနေအထားအတိုင်း ပြန်ဖြစ်သွားသည်။


ခေါင်းငုံ့ပြီး ယွမ်ရှင်းကျဲကျွေးသည့်မုန့်ကို တစ်ကိုက်ကိုက်ပြီးသည့်နောက်တွင် တည်တည်ငြိမ်ငြိမ်ပုံစံဖြင့်သာ ထိုင်နေလိုက်သည်။


အရပ်ရှည်ရှည်နှင့် ချောမောခံ့ညားသူ၏ ကလေးဆန်သောအပြုအမူကြောင့် ယွမ်ရှင်းကျဲ၏စိတ်အခြေအနေက ပြောမပြနိုင်လောက်အောင်အထိ တိုးတက်လာသည်။


လော့ဝမ်ချွမ်း၏စိတ် အမှောင်ဖုံးသွားရန် မဖြစ်နိုင်ဟု တွေးတောနေမိသည်။


လိပ်ပြာအကျိုးသက်ရောက်မှုကြောင့်သာ လက်ရှိအခြေအနေက မူရင်းနှင့် ကွာခြားနေရခြင်းဖြစ်သည်။


သို့ရာတွင် ဤသို့ဖြစ်နေခြင်းကလည်း ကောင်းသောအရာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မူရင်းဝတ္ထုမှ လော့ဝမ်ချွမ်းက စိတ်ကိုအမှောင်ဖုံးသွားခဲ့၍ နာကျင်ခံစားရသည့်ဘဝကို ပိုင်ဆိုင်ခဲ့ရရုံသာမက ဝမ်းနည်းဖွယ်ရာအခြေအနေဖြင့် အဆုံးသတ်ခဲ့ရသည်။


သူတို့နှစ်ယောက် လေယာဉ်ပေါ်တွင် ခဏထိုင်နေပြီး စားသောက်ပြီးသည့်အခါ လော့ဝမ်ချွမ်းက လေယာဉ်ကိုစက်နှိုးလိုက်ပြီး ယွမ်ရှင်းကျဲကို ဟိုတယ်သို့ပြန်ပို့ပေးလိုက်သည်။


ဟိုတယ် ဧည့်ကြိုခန်းမတွင် ယွမ်ရှင်းကျဲပြန်အလာကို လူအတော်များများက စောင့်ဆိုင်းနေသည်။


ရှင်းဟိုင်တက္ကသိုလ်အဖွဲ့မှ ကျောင်းသားများအပြင် အခြားစစ်တက္ကသိုလ်မှ ကျောင်းသားများဖြစ်သော ပိုင်ကျားရှီ၊ ချန်ကျွင်းနှင့် ရှီးပေါ်လိုင်တို့လည်း ပါဝင်သည်။


သူတို့က ယွမ်ရှင်းကျဲ၏ တိုက်ခိုက်ရေးကွင်းပြင်ပေါ်မှခွန်အားကို လေးစားအားကျရုံသာမက ဂလင်းများကိုဖြတ်တောက်လိုက်သည့်ကိစ္စအပေါ်တွင်လည်း အလွန်ထိတ်လန့်ကာ သူ့လုပ်ရပ်ကို လေးစားနေမိကြသည်။


ယွမ်ရှင်းကျဲ လေယာဉ်ပေါ်မှဆင်းပြီး ဟိုတယ်ထဲဝင်လာသောအခါ မျက်လုံးပေါင်းများစွာက သူ့အပေါ် ကျရောက်လာသည်။


ယွမ်ရှင်းကျဲ စက္ကန့်အနည်းငယ်ခန့် အံ့အားသင့်သွားမိသည်။


ရစ်ချက်က ချက်ချင်းပင်ရှေ့တိုးလာပြီး ယွမ်ရှင်းကျဲကို ခပ်တင်းတင်းဖက်လိုက်ကာ သူ့အသံကလည်း တုန်ယင်နေသည်။


" မင်း အဆင်ပြေသားပဲ... တကယ်အဆင်ပြေတာပဲ..."


ကျောင်းမှအဖွဲ့ဝင်များအားလုံးလည်း သူ့ဘေးနားတွင် စုဝေးလာပြီး စိုးရိမ်တကြီးဖြင့် ယွမ်ရှင်းကျဲ၏ ကျန်းမာရေးအခြေအနေကို မေးမြန်းနေကြသည်။


" ရှင်းကျဲ မင်းအခုလာလောဆယ် ပြိုင်ပွဲမဝင်နိုင်သေးဘူးမလား... ဒီအတောအတွင်း ကောင်းကောင်းအနားယူပြီး ပြိုင်ပွဲကို ငါတို့နဲ့ အပ်ထားလိုက်လေ..."


ခယ့်လိုင် ပြောလိုက်သည်


အက်ရှလေကလည်း ခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ်တယ် ငါတို့သေချာပေါက် အနိုင်ယူခဲ့မယ်..."


‌အခြားအဖွဲ့ဝင်များ၏ မျက်ဝန်းများထဲတွင်လည်း ထိုသို့သောယုံကြည်မှုများဖြင့် ပြည့်နေသည်။ သူတို့အတွက်မူ အနိုင်ရခြင်းက သူတို့နှင့် ကျောင်းအတွက်သာမက ယွမ်ရှင်းကျဲအတွက်လည်းဖြစ်သည်။


xxxxxxx