အပိုင်း ၁၄၄
Viewers 17k

Chapter 144


" ကျွန်တော်လည်း ပြိုင်ချင်ပေမယ့် ကျွန်တော့်ခန္ဓာကိုယ် ပြန်ကောင်းမကောင်းပေါ် မူတည်သေးတယ်... စောင့်ကြည့်ကာလကို ကျော်သွားပြီး ပြိုင်ပွဲက မပြီးသေးဘူးဆိုရင်တော့ သေချာပေါက်ပြန်လာပြီး အကုန်လုံးနဲ့တူတူပြိုင်ပါ့မယ်..."


ယွမ်ရှင်းကျဲ ခေါင်းကုတ်ကာ ပြောလိုက်သည်။


အော်ရီရယ်က ငိုမိလုနီးပါးဖြစ်နေပြီး မျက်လုံးများနီရဲနေသည်။


" ရှင်းကျဲ ဗိုလ်လုပွဲမတိုင်ခင် ပြန်လာရမယ်နော်..."


အော်ရီရယ်၏ အလွန်ဝမ်းနည်းနေသည့်ပုံစံကြောင့် ယွမ်ရှင်းကျဲ၏စိတ်ထဲတွင် မသက်မသာဖြစ်သွားပြီး သူပါဝမ်းနည်းမိလာသည်။


" အော်ရီရယ် ငါမင်းကို စိုးရိမ်အောင်လုပ်မိပြီ..."


" မင်းနေရာ အစားဝင်ရပြီး ရှုံးသွားတာဆိုတော့ အရမ်း ခံရခက်တာပဲ... အဲ့ဒီပြိုင်ဘက်တွေက အရင်တစ်ခေါက်ထက်ပိုကြောက်စရာကောင်းတာ မင်းမသိလို့နော်... ငါ စိတ်ပိုင်းဆိုင်ရာအရတောင် မပြင်ဆင်ထားရသေးဘူး...."


အော်ရီရယ်က ငိုသံကြီးဖြင့် ပြောလိုက်သည်။


“…”  ယွမ်ရှင်းကျဲ၏ ဝမ်းနည်းမှုများ ချက်ချင်းလက်ငင်းပင် ပျောက်ကွယ်သွားသည်။

ဒီကောင်လေးက သူ့ဘာသူရှုံးလို့ ‌ငိုနေတာပေါ့လေ...


အော်ရီရယ်က ထပ်ပြောသည်။


" နိုင်ငံတော်အဆင့်မက်ခါပြိုင်ပွဲက ‌အရမ်းခက်တာပဲ မင်းလိုလူမျိုးအတွက်ဆိုရင်တောင် မလွယ်ဘူး..."


ထိုအချိန်တွင် ရှီးပေါ်လိုင်က ရှေ့ထွက်လာသည်။ ယွမ်ရှင်းကျဲ၏လည်ပင်းပေါ်မှ အမာရွတ်ကို မြင်သည့်အခါ မျက်ခုံးကို ထိလုမတတ်တွန့်ချိုးလိုက်သည်။


" ယွမ်ရှင်းကျဲ မင်း ဗိုလ်လုပွဲအထိ ရောက်မလာသေးဘူးဆိုရင် အဲ့ပွဲကို ငါလုံးဝမကြည့်တော့ဘူး ပြောတာကြားလား..."


" ငါအရင်တုန်းက အိုမီဂါတွေကို ပြောခဲ့တာကို ပြန်ရုတ်သိမ်းတယ်... မင်း ပြန်လာပြီး ဆက်တိုက်ရမယ်နော်..."


ရစ်ချက်က ယွမ်ရှင်းကျဲကို လေးနက်စွာကြည့်ပြီးနောက် ခိုင်ခိုင်မာမာဖြင့် ပြောလိုက်သည်။


" ငါတို့ မင်းကိုလိုအပ်တယ်..."


အားလုံး၏စကားများကြောင့် ယွမ်ရှင်းကျဲ၏နှလုံးသားထဲတွင် နွေးထွေးမှုတစ်မျိုး ဖြတ်သန်းစီးဆင်းသွားသည်။


မိမိကို အခြားလူများက လိုအပ်သည်ဟူသော ခံစားချက်ကြောင့် သူ့ကို ရှင်းဟိုင်စစ်တက္ကသိုလ်က ပိုင်ဆိုင်သည်ဟူသော ခံစားမှုက ပိုမိုပြင်းထန်လာသည်။


ဆေးရုံအပြင်ဘက်မှ အိုမီဂါများ၏ ကြွေးကြော်သံများကိုမြင်တွေ့ခဲ့ချိန်ကကဲ့သို့ပင်ဖြစ်သည်။


ဤကမ္ဘာတွင် ယခင်က သူနှင့် အကျွမ်းတဝင်မရှိခဲ့သည်များက ထူးခြားဆန်းကြယ်စွာဖြင့် ရင်းနှီးလာပြီး ချစ်ခင်နှစ်သက်ဖွယ် ကောင်းလာခဲ့သည်။


ရှင်းဟိုင်တက္ကသိုလ်မှ အဖွဲ့ဝင်များကိုကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။


" ကျွန်တော် ပြန်လာသည်ဖြစ်စေ မလာသည်ဖြစ်စေ အားလုံး အနိုင်ယူရမယ်နော်... ဘာလို့လဲဆိုတော့ အားလုံးက ရှင်းဟိုင်တက္ကသိုလ်ရဲ့ ဂုဏ်ကျက်သရေဖြစ်ပြီး ရှင်းဟိုင် ကျောင်းသားတွေရဲ့ မျှော်လင့်ချက်ကို ကိုယ်စားပြုကြလို့ပဲ..."


ထိုစကားကြောင့် လော့ဝမ်ချွမ်း အနည်းငယ်လန့်သွားမိသည်။


ရစ်ချက်လည်း အံ့အားသင့်သွားသည်။


အခြားလူများက ဤစကားကို အထွေအထူးမတွေးကြပေ။ သို့ရာတွင် ယွမ်ရှင်းကျဲက အနိုင်အရှုံးအပေါ် စိတ်အားထက်သန်မှုမရှိသည်ကို ရစ်ချက်နှင့် လော့ဝမ်ချွမ်းက ရှင်းရှင်းလင်းလင်းသိကြသည်။


ယခုအခါတွင်မူ ယွမ်ရှင်းကျဲ၏မျက်ဝန်းထဲတွင် အနိုင်ရချင်သောအရိပ်အမြွက်များကို မြင်တွေ့လိုက်ရသည်။


ယွမ်ရှင်းကျဲထံတွင် တစ်စုံတစ်ရာက အနည်းငယ်ပြောင်းလဲသွားသည်။


ကျောင်းလက်ရွေးစင်အဖွဲ့မှ လူများအပြင် ရှင်းဟိုင်တက္ကသိုလ်မှလူများကလည်း ယွမ်ရှင်းကျဲကို မြန်မြန်သက်သာလာ၍ နိုင်ငံတော်အဆင့် မက်ခါပြိုင်ပွဲတွင် ဝင်ပြိုင်နိုင်ရန် မက်ဆေ့များပို့ပြီး ဆုတောင်းပေးကြသည်။


လုရန်ရှုနှင့် အတန်းဖော်များကလည်း ယွမ်ရှင်းကျဲ သတိမေ့နေစဉ်တွင် ဆေးရုံသို့ အကြိမ်ပေါင်းများစွာလာခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင်ဘုရင်မက ယွမ်ရှင်းကျဲအနားသို့ အပြင်လူများ လာရောက်ခွင့်မပြုတော့၍ သူတို့အားလုံး ထပ်မံလာရောက်ခွင့် မရတော့ပေ။


လုရန်ရှုက ယွမ်ရှင်းကျဲထံသို့ ဗီဒီယိုမက်ဆေ့ပို့ပြီး မက်ခါမောင်းနှင်သောအိုမီဂါအဖွဲ့အစည်း၏ လက်ရှိအခြေအနေကို ပြောပြခဲ့သည်။


" မင်း မက်ခါပြိုင်ပွဲမှာ အစွမ်းပြခဲ့လို့ ကျောင်းကလူတွေက အိုမီဂါတွေကို အရင်လိုအထင်မသေးကြတော့ဘူး... ငါတို့အဖွဲ့အစည်းလည်း အရင်ကထက်ပိုပြီး အင်အားကြီးလာပြီ... မင်းလည်း ကျန်းမာအောင်နေနော် ငါတို့အားလုံး မင်းပြန်လာမှာကို စောင့်နေကြတယ်... အဆောင်မှာမင်းအတွက် မုန့်တွေဝယ်ထားပေးတယ် မမေ့နဲ့ဦး..."


ဗီဒီယိုအဆုံးတွင် လုရန်ရှုက မျက်ရည်များဝဲလာသော်လည်း မငိုမိအောင် ထိန်းထားရသည့်ပုံဖြစ်သည်။


လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က ယွမ်ရှင်းကျဲမက်ခါပြိုင်ပွဲတွင် အနိုင်ရပြီးသည့်နောက်တွင် ရှင်းဟိုင်တက္ကသိုလ်မှ ပါမောက္ခက ဆုပေးပွဲအခမ်းအနားတွင် ဤသို့ပြောခဲ့သည်။


[ မင်းက ကျောင်းလက်ရွေးသင်အဖွဲ့ဝင်ဖြစ်လာတဲ့ ပထမဆုံးအိုမီဂါပဲ... ဒီတိုင်းပဲ ဆက်ကြိုးစားပါ တာဝန်ဝတ္တရားတွေကိုလည်း မမေ့ပါနဲ့...]


ထိုအချိန်ကပင် ယွမ်ရှင်းကျဲ၏ရင်ထဲတွင် ဤမျှ မခံစားခဲ့ရပေ။  သူက မက်ခါများကိုမွမ်းမံချင်ပြီး မက်ခါမောင်းနှင်ရသည့် အတွေ့အကြုံများကို သဘောကျနေရုံသာဖြစ်သည်။


သို့ရာတွင် ယခုချိန်ရောက်မှသာ ထိုစကားများ၏ အဓိပ္ပါယ်ကို သဘောပေါက်နားလည်လာသည်။


ယွမ်ရှင်းကျဲ သူ့း၏သုတေသနကို ထပ်မံ၍ အရှိန်အဟုန်မြှင့်ကာလုပ်ဆောင်ချင်စိတ်ပေါ်လာပြီး မက်ခါအသစ်နှင့် စိတ်စွမ်းအားတိုးတက်ကို အမြန်တီထွင်ကာ ပြိုင်ပွဲကွင်းထဲသို့ တတ်နိုင်သမျှမြန်မြန် ပြန်ဝင်ချင်လာသည်။


ဤကမ္ဘာနှင့် သက်ဆိုင်သည်ဟူသောခံစားချက်ကြောင့် ယွမ်ရှင်းကျဲ၏စိတ်ထဲတွင် တာဝန်ဝတ္တရားရှိခြင်းကိုပါ ခံစားလိုက်ရသည်။


အသင်းဖော်များကို နှုတ်ဆက်ပြီးသည့်နောက်တွင် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို ရုတ်တရက် ပြောလိုက်သည်။

" ကိုယ်နဲ့ တစ်နေရာကို ခဏလိုက်ခဲ့ဦး..."


ယွမ်ရှင်းကျဲ အံ့အားသင့်သွားသည်။ သို့သော်လည်း သူ မတုံ့ပြန်နိုင်မီမှာပင် လော့ဝမ်ချွမ်းက သူ့လက်ကိုဆွဲ၍ ဓာတ်လှေကားဆီသို့ ခေါ်သွားသည်။


အားလုံးက အလိုလို လမ်းဖယ်ပေးလိုက်ကြသည်။ သူတို့အားလုံး၏အမြင်တွင် ဤလူနှစ်ယောက်ကြားမှ ဆက်ဆံရေးက "မက်ခါတိုက်ခိုက်ရေးသမားနှင့် မက်ခါဆရာ" ဟူသောအဆင့်ကို ကျော်လွန်သွားပြီးပြီဖြစ်သည်။ သူတို့နှစ်ယောက်က တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြင်နာကာ အခြားလူများကို မနာလိုအောင်ပြုလုပ်နေသည့် စုံတွဲတစ်တွဲနှင့်တူသည်။

144.2


" အရမ်းချစ်ဖို့ကောင်းတာပဲ... ဒုတိယမင်းသားနဲ့ ကြင်ယာတော်ကြားက အချစ်တွေကို တွေ့နေရတယ်..."


" သူတို့နှစ်ယောက်က အားကျစရာကြီး... ငါလည်း သူတို့လို ဖြစ်ချင်လိုက်တာ..."


" သူတို့နှစ်ယောက်က အရင်တိုင်း ဘာမှမပြောင်းလဲတာကိုတွေ့ရတာ ကြည်နူးစရာလေး..."


ထိုမြင်ကွင်းကြောင့် ထောင့်တစ်နေရာတွင်ရပ်နေသောချီယုမှာ စိတ်ပျက်မှုများပြည့်နေသောမျက်ဝန်းဖြင့်  အကြည့်လွှဲလိုက်သည်။


ချီမိသားစုက ယွမ်မိသားစုနှင့် ‌လက်ထပ်ရန်ဖျက်သိမ်းလိုက်ပြီး မကြာမီတွင် လျှို့မိသားစုပိုင်သော ချီလင်မက်ခါကုမ္ပဏီနှင့် လက်တွဲခဲ့သည်။ ထို့အပြင် ချီယုကို လျှို့မိသားစုမှသမီးဖြစ်သူနှင့် စေ့စပ်ပေးရန်လည်း စီစဉ်ထားကြသည်။


ချီမိသားစုအတွက် သူက အသုံးချခံနေရသည့်အရုပ်တစ်ရုပ်သာဖြစ်ကြောင်း ချီယု နောက်ဆုံးတွင် သဘောပေါက်သွားသည်။ သူ့အဖြစ်က ယခင်က ယွမ်ရှင်းကျဲနှင့် မကွာခြားပေ။


ချီယုက နည်းလမ်းကုန်သုံး၍ ငြင်းဆိုသော်လည်း ချီယင်က စိတ်မယိမ်းယိုင်ခဲ့ပေ။


မိမိ၏ကံကြမ္မာကို အခြားလူများကလက်ထဲတွင် ဆုပ်ကိုင်ထားသည်ဟူသော ခံစားချက်ကြောင့် ချီယု အလွန်ရှက်ရွံ့ပြီး ဒေါသထွက်နေမိသည်။


ထိုအခါမှသာ အတင်းအကြပ်စေ့စပ်ခိုင်းခဲ့စဉ်က ယွမ်ရှင်းကျဲ မည်သို့ခံစားခဲ့ရမည်ကို ချီယုနားလည်လာသည်။


ထိုမျှသာမက ချီယုက အားလုံး၏ မျက်လုံးထဲတွင် ဗီလိန်တစ်ယောက်ဖြစ်လာခဲ့သည်။ ကျောင်းလက်ရွေးစင်အဖွဲ့မှ အဖွဲ့ဝင်များကို အကြောင်းအရင်းမဲ့ အစားထိုး၍မရ‌ဟူသော အချက်ကြောင့်သာမဟုတ်ပါက သူ့ကိုကျောင်းအဖွဲ့က ထုတ်ပယ်လိုက်ပြီဖြစ်သည်။


ထို့အပြင် ယွမ်ရှင်းကျဲက သူ့ကိုတစ်ချက်မျှပင် လှည့်မကြည့်တော့ပေ။


–––


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို ဟိုတယ်၏ထိပ်ဆုံးထပ်သို့ ဆွဲခေါ်သွားသည်။


တံခါးဖွင့်ပြီးသည့်နောက်တွင် ခေါင်မိုးထပ်သို့ ရောက်လာကြသည်။


ခေါင်မိုးထပ်က ကျယ်ဝန်းလှပြီး အလွန်လှပသည့် နေရာဖြစ်သည်။ ‌ကြမ်းပြင်တွင်လည်း ဈေးကြီးသည့်မြက်ပင်များစိုက်ထားပြီး ပတ်ပတ်လည်တွင်လှပသောပန်းပွင့်လေးများရှိကာ စက်ရုပ်များကလည်း အလင်းရောင်ဖျော့ဖျော့လေးများ ထွန်းလင်းပေးထားသည်။


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကို မှင်သက်ငေးမောကြည့်နေပြီး မမေးပဲ မနေနိုင်တော့ပေ။

" ကျွန်တော့်ကို ဘာလို့ဒီကို ခေါ်လာတာလဲ...


" ဒီတောအတွင်း ကိုယ်အိပ်မပျော်ရင် ဒီနေရာကို လာနေကျလေ..."


လော့ဝမ်ချွမ်း နူးညံ့ညင်သာစွာပြောလိုက်ပြီးနောက် အလည်မှ ခုံတန်းရှည်လေးဆီသို့ လျှောက်သွားလိုက်သည်။


ယွမ်ရှင်းကျဲလည်း သူ့နောက်မှလိုက်သွားကာ မေးလိုက်သည်။


" စီနီယာ တစ်ခါတစ်လေကျရင် အိပ်မပျော်ဘူးလား..."


"အင်း..."

လော့ဝမ်ချွမ်းက အသံတိုးတိုးဖြင့်သာ ပြန်ဖြေလိုက်သည်။ ယွမ်ရှင်းကျဲကို လှည့်ကြည့်လိုက်ပြီးနောက် သူ့လက်ကိုဆွဲ၍ ဘေးနားတွင် ထိုင်ခိုင်းလိုက်သည်။


လေထဲတွင် ပန်းရနံ့များ မွှေးပျံ့နေသည်။ ခုံတန်းရှည်တွင် ထိုင်ချလိုက်သည့်အခါ ကြယ်များဖြင့်ပြည့်နေသော ကောင်းကင်ကြီး၊ အဆောက်အဦးအမြင့်များ၏အရိပ်နှင့် ခြံစည်းရိုးနားတွင် ပွင့်လန်းနေသော ပန်းပွင့်ငယ်လေးများကိုပါ မြင်တွေ့နိုင်သည်။


နွေးထွေးသောအလင်းရောင်က သူတို့နှစ်ဦးအပေါ် ဖြာကျလာသည့်အခါ စိတ်ကူးယဉ်ဆန်သည့်နေရာတစ်ခုထဲတွင် နစ်မြုပ်သွားသည်ဟုပင် ခံစားရသည်။


ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်းဘက်သို့လှည့်ကြည့်လိုက်ပြီး စိတ်မကောင်းဖြစ်သွားပုံဖြင့် မေးလိုက်သည်။


" ဒါဆိုရင် စီနီယာက ဒီခုံပေါ်မှာပဲ လှဲအိပ်လိုက်တာလား..."


ယွမ်ရှင်းကျဲ၏မျက်ဝန်းများကို ကြည့်နေသော လော့ဝမ်ချွမ်း၏ မျက်ဝန်းများက အနည်းငယ် ‌နက်မှောင်သွားသည့်ပုံပေါ်သည်။


ခဏအကြာတွင် သူ ပြန်ဖြေလိုက်သည်။

" ကိုယ် အိပ်မပျော်ဘူး..."


‌စကားဆုံးသည်နှင့် လော့ဝမ်ချွမ်းက အဝေးတစ်နေရာကိုလှမ်းကြည့်ကာ ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်သည်။


" ကိုယ် အင်ပါယာမြို့တော်ကို မသွားနိုင်ခဲ့တဲ့အချိန်တုန်းက အဲ့နေရာကိုပဲ ကြည့်နေခဲ့တာ... အဲ့ဒီကြယ်က အင်ပါယာကြယ်လေ..."


ယွမ်ရှင်းကျဲ လန့်သွားမိသည်။


လော့ဝမ်ချွမ်းက သူ့ကို ကျိန်းသေပေါက်စိတ်ပူနေမည်ကို သိခဲ့သော်လည်း အလွန်စိတ်ပူလွန်း၍ ညမအိပ်နိုင်သည်အထိ ဖြစ်နေမည်ဟု မထင်မှတ်ထားခဲ့ပေ။ 


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို ချက်ချင်းပင်လှည့်ကြည့်လိုက်ပြီး မျက်လုံးများအနည်းငယ် အရောင်လဲ့လာသည်။


သူ့ မေးရိုးများကို တင်းထားပြီး လေးနက်စွာပြောလိုက်သည်။


" တောင်းပန်ပါတယ်... ကိုယ်မင်းကို မကာကွယ်‌နိုင်ခဲ့ဘူး..."


ယွမ်ရှင်းကျဲ အံ့အားသင့်သွားမိသည်။ 


လော့ဝမ်ချွမ်း၏အသံက ခံစားချက်များကို ထိန်းချုပ်ထားရသကဲ့သို့ အက်ရှရှဖြစ်နေသည်။


သူ့ဘေးတွင်ထိုင်နေသူကိုကြည့်ကာ ယွမ်ရှင်းကျဲစိတ်ကို မထိန်းချုပ်ထားနိုင်တော့ပေ။ ခဏအကြာတွင် သူ့ခန္ဓာကိုယ်ကို ဘေးသို့စောင်းလိုက်ကာ အနည်းငယ်ကိုင်းညွတ်လိုက်ပြီး လော့ဝမ်ချွမ်း၏ပခုံးထက်သို့ လက်တင်လိုက်သည်။


‌လော့ဝမ်ချွမ်း၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။


ယွမ်ရှင်းကျဲက သူ့ပခုံးကိုပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။


" စီနီယာသာ့ချွမ်းရဲ့အမှား မဟုတ်ပါဘူး..."


ယွမ်ရှင်းကျဲ၏လက်မောင်းများက သူ့ပခုံးပေါ် ရစ်ပတ်လိုက်သည်ကို လော့ဝမ်ချွမ်း ခံစားလိုက်မိသည်။ ယွမ်ရှင်းကျဲက သူ့ကိုနှစ်သိမ့်ပေးလိုက်ခြင်းသာဖြစ်သော်လည်း လော့ဝမ်ချွမ်း၏ ရင်ခုန်သံများက  ရုတ်တရက် မြန်ဆန်လာခဲ့သည်။


လော့ဝမ်ချွမ်း၏ စိတ်လှုပ်ရှားမှုက သူ့အသက်ရှုသံများက်ုပါ မူမမှန်ဖြစ်လာစေသည်။


ခဏအကြာတွင် လော့ဝမ်ချွမ်းက အက်ရှရှအသံဖြင့် ပြောလိုက်သည်။

" ရှင်းကျဲ ကိုယ့်ကို "တွေ့ဆုံပွဲ"မတိုင်ခင်တုန်းက ပြောစရာရှိတယ်ဆိုတာ ဘာပြောမလို့လဲ..."

( T/N - ယွမ်ချန်ရှန့်က ရှင်းကျဲကို စေ့စပ်ပွဲလုပ်မယ့်နေရာကို ချီမိသားစုနဲ့ တွေ့ဆုံပွဲဆိုပြီး လိမ်ပြောခဲ့လို့ ရှင်းကျဲက လော့ဝမ်ချွမ်းကို "တွေ့ဆုံပွဲ" ပြီးရင် ပြောစရာရှိတယ်လို့ မက်ဆေ့ပို့ခဲ့တုန်းက အကြောင်းကို မေးနေတာပါ )


လော့ဝမ်ချွမ်းက သူ့ဘေးနားတွင်ထိုင်နေသော လူငယ်လေးကိုလှည့်ကြည့်လိုက်သည်။


မျက်လုံးချင်းဆုံသွားမိချိန်တွင် ယွမ်ရှင်းကျဲက စကားစပြောရန်ပင် စိတ်လှုပ်ရှားနေမိသည်။


မီးထွန်းပေးနေသော စက်ရုပ်ကသူတို့ကောင်းထက်တွင် ပျံဝဲနေ၍ နှစ်ယောက်လုံး၏ မျက်ဝန်းထဲတွင် တစ်ဦး၏ပုံရိပ်က ရောင်ပြန်ဟပ်နေသည်ကို တွေ့မြင်နိုင်သည်။


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏ပခုံးကိုဖက်ထားသောလက်ကို ပြန်ရုတ်လိုက်သည်။ သူ့လက်ချောင်းများက လည်ပင်းညာဘက်မှ အမာရွတ်ကို မတော်မဆထိမိသွားပြီးနောက် တဖြည်းဖြည်း မျက်လွှာချလိုက်သည်။


xxxxxxx