Chapter 145
ယွမ်ရှင်းကျဲက ဂလင်းပျက်စီးသွားသောကြောင့် ဝမ်းန်းနေသည်ဟု လော့ဝမ်ချွမ်း ထင်လိုက်မိ၍ သူစကားစပြောတော့မည့်အချိန်တွင်မှ ယွမ်ရှင်းကျဲက ပြောလိုက်သည်။
" ကျွန်တော်အခု ဘီတာဖြစ်သွားပြီဆိုပေမယ့် အဲ့စကားကို ပြောချင်နေတုန်းပဲ... ကျွန်တော် စီနီယာလော့ဝမ်ချွမ်းကို ချစ်တယ်..."
ထိုစကားများကြောင့် လော့ဝမ်ချွမ်း၏ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားမိသည်။ အံ့အားသင့်မှုကြောင့် သူ့မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်လာသည်။
ယွမ်ရှင်းကျဲ ခေါင်းမော့ပြီး လော့ဝမ်ချွမ်းကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက ယခင်ကဲ့သို့ပင် သန့်စင်ကြည်လင်နေလျက်ဖြစ်ပြီး လူငယ်တစ်ယောက်၏ စိတ်အားထက်သန်မှုနှင့် ရိုးသားမှုများ ပါဝင်နေသည်။
ယွမ်ရှင်းကျဲ နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးပြလိုက်သည်။ ထိုအပြုံးက အလွန်လှပလွန်း၍ လော့ဝမ်ချွမ်း မှင်သက်မိန်းမောသွားရပြီး အသက်ရှုရန်ပင် မေ့လျော့သွားမိသည်။
" စီနီယာက အရင်လိုသာမန်လူမဟုတ်တော့လို့ ကျွန်တော်က ဘီတာလား အိုမီဂါလားဆိုတာ တော်ဝင်မိသားစုအတွက် အရေးကြီးသွားပြီဆိုတဲ့အကြောင်း ကျွန်တော်သိပါတယ် ဒါပေမဲ့..."
ယွမ်ရှင်းကျဲက အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။
" စီနီယာက ကျွန်တော် ပထမဆုံးသဘောကျဖူးတဲ့လူပဲ... အဲ့ဒါကြောင့် ဒီလိုဖွင့်ပြောဖို့ အခွင့်အရေးကို လက်မလွှတ်ချင်ဘူး..."
လူ၏ တည်ကြည်နေသောအသံက စိန်တစ်ပွင့်ကဲ့သို့ ခိုင်မာနေသည်။
ယွမ်ရှင်းကျဲ၏ ဖွင့်ဟဝန်ခံမှုထဲတွင် ရိုးသားပွင့်လင်းမှုများ ပါဝင်နေခြင်းကို လော့ဝမ်ချွမ်း သံသယမဝင်ပေ။
လော့ဝမ်ချွမ်း၏ လက်ချောင်းများက အနည်းငယ်တုန်ယင်လာပြီး လည်စေ့က အပေါ်တက်လိုက် အောက်ကျလိုက်ဖြစ်နေသည်။
အချိန်အနည်းငယ် ကြာပြီးသည့်နောက်တွင် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို ရင်ခွင်ထဲထည့်ပြီး တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
မမျှော်လင့်ပဲ ပွေ့ဖက်ခံလိုက်ရ၍ ယွမ်ရှင်းကျဲမျက်လုံးများ ပြူးကျယ်သွားမိသည်။
လော့ဝမ်ချွမ်း၏လေသံတွင် အပြစ်တင်သံအနည်းငယ်ပါဝင်နေသည်။
" မင်း ဘီတာတစ်ယောက် ဖြစ်သွားတယ်ဆိုတာနဲ့ပဲ မင်းအပေါ်ထားတဲ့ ကိုယ့်ခံစားချက်တွေ ပြောင်းလဲသွားမယ်ထင်နေလား..."
ယွမ်ရှင်းကျဲ အံ့အားသင့်သွားရပြန်သည်။
လော့ဝမ်ချွမ်း၏အသံက စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားရသကဲ့သို့ အနည်းငယ်တုန်ယင်နေသည်ကို သူခံစားမိသည်။
" တကယ်လို့ ကိုယ်သာ မင်းကိုအဲ့ဘူးမပေးခဲ့ဘူးဆိုရင် အခုလိုမျိုးဖြစ်သွားမှာမဟုတ်ဘူးလို့ ဒီရက်အတောအတွင်း တွေးနေခဲ့မိတာ..."
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲ၏ ပခုံးပေါ် မေးတင်ပြီးကိုယ့်ကိုကိုယ် အပြစ်တင်နေသကဲ့သို့ ပြောလိုက်သည်။
" တကယ်လို့ ကိုယ်သာ တော်ဝင်မိသားစုရဲ့ လှုပ်ရှားမှုတွေကို စောစောစီးစီး သိနိုင်ခဲ့မယ်ဆိုရင် ဒီအခြေအနေထိ ရောက်လာခဲ့မှာ မဟုတ်ဘူး..."
" မင်းကိုယ်တိုင် ဂလင်းတွေကို ဖြတ်လိုက်တဲ့အချိန်တုန်းက ကိုယ်အရမ်းကြောက်နေခဲ့တာ... မင်း တစ်ခုခုဖြစ်သွားမှာ ကိုယ်အရမ်းကြောက်နေခဲ့မိတာ..."
လော့ဝမ်ချွမ်းက သူတို့ ပထမဆုံးတွေ့ခဲ့စဉ်အချိန်တည်းက အမြဲတည်ငြိမ်ပြီး သိမ်မွေ့စွာနေထိုင်ခဲ့သူတစ်ယောက်ဖြစ်သည်။
အပြင်လူများရှေ့တွင်မူ အေးစက်၍ မြင့်မြတ်သောသွင်ပြင်ဖြင့်သာ နေလေ့ရှိသည်။
သို့သော်လည်း ယခုချိန်တွင် ယွမ်ရှင်းကျဲ၏ အစောပိုင်းမှ ဖွင့်ဟဝန်ခံချက်ကြောင့် လော့ဝမ်ချွမ်း၏မျက်နှာဖုံး ကွာကျသွားခဲ့ပြီး သူ၏အားနည်းချက်ကို ထုတ်ဖော်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
လော့ဝမ်ချွမ်း၏ ရင်ခွင်ထဲမှ ယွမ်ရှင်းကျဲမှာ သူ့ကိုပွေ့ဖက်ထားသောလက်များက ပို၍ တင်းကြပ်လာသည်ဟု ခံစားမိလာသည်။
သူတို့နှစ်ဦးကြားတွင် အဝတ်အစားများ ခြားထားသော်လည်း တစ်ဖက်လူ၏ နှလုံးခုန်သံက မြန်ဆန်နေပြီး ခန္ဓာကိုယ်အပူချိန်များ မြင့်တက်လာသည်ကို ယွမ်ရှင်းကျဲ ခံစားမိနေသည်။
လော့ဝမ်ချွမ်းက သူ့ဘဝတစ်လျှောက်လုံးတွင် "အရမ်းကြောက်နေခဲ့တာ" ဟူသော စကားကို အခြားလူများ၏ရှေ့တွင် မပြောခဲ့ဖူးပေ။
ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။
" ကိုယ် ကိစ္စတော်တော်များများကို တွေးဖြစ်သွားတယ်... အနာဂတ်မှာလည်း ကိုယ်မင်းကို ကာကွယ်ချင်တယ်... မင်းအတွက် ပြိုင်ပွဲမှာ အနိုင်ရချင်တယ်... မင်းကို အနိုင်ကျင့်တဲ့သူတွေကို အပြစ်ပေးချင်တယ်..."
လော့ဝမ်ချွမ်း၏ လေသံက အက်ရှရှဖြစ်လာသည်။
" ဒါပေမဲ့ မင်း ဘီတာဖြစ်သွားပြီဆိုရင်လည်း အရာအားလုံးက ပြောင်းလဲသွားမယ်လို့ ကိုယ်ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး... မင်းက မင်းပဲလေ... မင်းကိုကိုယ်သဘောကျတာက အိုမီဂါဖြစ်တာ မဖြစ်တာရယ် ဖယ်ရိုမုန်းတွေနဲ့ ဘာမှမဆိုင်ဘူး..."
" ယွမ်ရှင်းကျဲ ကိုယ်လည်းမင်းကိုချစ်တယ်..."
" မင်း ဘီတာ ဖြစ်သွားရင်တောင်မှ ကိုယ်မင်းကို ချစ်နေတုန်းပဲ..."
လော့ဝမ်ချွမ်း၏အသံက နောက်ဆုံးတွင် တည်ငြိမ်သွားပြီးနောက် နူးညံ့ညင်သာကာ ဆုံးဖြတ်ချက်ခိုင်မာနေသည့်ပုံပေါ်သည်။
ယွမ်ရှင်းကျဲ၏ နှလုံးခုန်သံများ အရှိန်မြင့်သွားပြီး စည်းချက်မကျဖြစ်လာသည်။
" ကိုယ်မင်းကိုချစ်တယ် " ဟူသောစကားက လော့ဝမ်ချွမ်း၏နှုတ်မှ ထွက်လာခြင်းဖြစ်၍ သူ့ရင်ထဲတွင် ထူးဆန်းမှုအချို့ကို ခံစားလိုက်ရသည်။
ယွမ်ရှင်းကျဲက သူ့အပေါ် လော့ဝမ်ချွမ်း၏ခံစားချက်များကို မခံစားနိုင်သောကြောင့် မဟုတ်ပေ။
သို့သော်လည်း လော့ဝမ်ချွမ်း၏ ဖွင့်ပြောခြင်းခံလိုက်ရသည့်အခါ သူကိုယ်တိုင်ပင်မသိလိုက်ပဲ အလွန်အမင်း စိတ်လှုပ်ရှားလာခဲ့သည်။ အလွန်စိတ်လှုပ်ရှားသွားသည့်အတွက် နှုတ်ခမ်းများပင် ခြောက်သွေ့လာသည်။
ယွမ်ရှင်းကျဲ စိတ်တည်ငြိမ်အောင်ထားပြီး လော့ဝမ်ချွမ်း၏ အသံကိုသာ နားထောင်နေသည်။ သူ ခဏတာခန့် ဘာပြောရမည်မသိတော့ပေ။
ငယ်ရွယ်သူများ၏အချစ်များ ပွင့်အန်ထွက်လာသည့်အခါ ဒီရေများတက်လာခြင်း သို့မဟုတ် မီးတောက်ပေါက်ကွဲခြင်းတစ်မျိုးနှင့် အလားသဏ္ဍာန်တူနေတတ်သည်။
သူက ဘဝနှစ်ခုတွင် အသက်ရှင် နေထိုင်ခဲ့ရသူဖြစ်၍
လော့ဝမ်ချွမ်းထက်ပို၍ ရင့်ကျက်ပြီး ကိုယ့်ကိုကိုယ် ထိန်းသိမ်းနေသင့်သည်ကို ယွမ်ရှင်းကျဲသိသည်။
သို့သော်လည်း သူ့က တစ်ဖက်လူထံမှ အချစ်မီးတောက်များဖြင့် လွှမ်းခြုံခံလိုက်ရသည်။
" စီနီယာသာ့ချွမ်း..."
" ကိုယ့်ကို စီနီယာလို့ မခေါ်ပါနဲ့တော့..."
လော့ဝမ်ချွမ်းက ဖြတ်ပြောလိုက်သည်။ ဖက်ထားရာမှ ခွာလိုက်ပြီးနောက် ယွမ်ရှင်းကျဲကို အကြည့်ချင်းဆုံအောင် ကြည့်လိုက်သည်။
" ဘောစ့်လို့လည်း မခေါ်နဲ့..."
ယွမ်ရှင်းကျဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။
" တာ့ချွမ်းလို့ ခေါ်ရမလား..."
လော့ဝမ်ချွမ်းကို ကြည့်ရသည်မှာ ပျော်နေပုံရသည်။
သူတို့ အကြည့်ချင်းဆုံသွားခိုက်တွင် ယွမ်ရှင်းကျဲ၏လည်စေ့က အထက်အောင် လှုပ်ရှားသွားသည်။
" ကျွန်တော်ဘီတာဖြစ်သွားရင်တောင် တာ့ချွမ်းရဲ့ စိတ်ပြောင်းသွားမယ်လို့ တစ်ခါမှ မထင်ခဲ့ဖူးပါဘူး... ကျွန်တော်ကြောကနေမိရုံပါ..."
" ဘာကိုမှ မကြောက်ပါနဲ့တော့... ကိုယ် မင်းနဲ့ပဲ အတူရှိနေချင်တယ်ဆိုတဲ့အကြောင်းကို ဘယ်သူမှ လာပြောင်းလဲပစ်လို့မရဘူး... ဥပဒေအရ ခွင့်မပြုဘူးဆိုရင်တောင် ကိုယ်အဲ့ဒီ ဥပဒေကို ပြောင်းပစ်မယ်..."
လော့ဝမ်ချွမ်းက နူးညံ့စွာပြောလိုက်သည်။
ယွမ်ရှင်းကျဲ အနည်းငယ်လန့်သွားမိသည်။
145.2
လော့ဝမ်ချွမ်း၏ရှေ့တွင်း သူ့စိတ်ရင်းအမှန်ကို အဘယ့်ကြောင့် ခိုင်ခိုင်မာမာ ဖွင့်ဟဝန်ခံနိုင်ရသည့်အကြောင်းကို ရုတ်ချည်းသဘောပေါက်သွားမိသည်။ အဘယ့်ကြောင့်ဆိုသော် လော့ဝမ်ချွမ်းက မည်သည့်အခြေအနေတွင်မဆို သူ့ဘက်မှ အမြဲတစေ ရပ်တည်ပေးခဲ့သောကြောင့်ဖြစ်သည်။
အခြားလူများထံမှ လှည့်စားခံရခြင်း၊ အခက်အခဲများနှင့် ရင်ဆိုင်ရခြင်း သို့မဟုတ် မက်ခါကို မွမ်းမံရာတွင် ပြဿနာများဖြင့် ကြုံရခြင်းတို့ ဖြစ်ခဲ့ပါကလည်း...
အစမှအဆုံးထိ လော့ဝမ်ချွမ်းက သူ့ဘေးတွင် အမြဲရပ်တည်ပေးခဲ့သည်။
ယွမ်ရှင်းကျဲ၏ ယုံကြည်ချက်ရှိမှုတစ်ဝက်ခန့်က လော့ဝမ်ချွမ်းကြောင့် ဖြစ်တည်လာခဲ့ရခြင်းဖြစ်ပြီး အခြားတစ်ဝက်မှာမူ သူ၏သန်မာသောနှလုံးသားကြောင့် ဖြစ်သည်။
လော့ဝမ်ချွမ်း၏အကြည့်က ယွမ်ရှင်းကျဲ၏ လည်ပင်းညာဘက်နေရာသို့ ရောက်သွားသည်။ အမာရွတ်များမှာ လွန်ခဲ့သည့် ရက်အနည်းငယ်ကခန့် မသိသာတော့သော်လည်း သူ့စိတ်မကောင်းဖြစ်နေမိဆဲဖြစ်သည်။
လော့ဝမ်ချွမ်းက သူ့လက်ချောင်းဆန့်ထုတ်ပြီး အမာရွတ်ကို ခပ်ဖွဖွထိလိုက်သည်။
" နာနေသေးလား..."
" စစချင်း ဖြတ်ပစ်လိုက်တုန်းကတော့ တော်တော်နာတယ်... အခုတော့ မနာတော့ပါဘူး..."
နောက်တစ်စက္ကန့်တွင် လော့ဝမ်ချွမ်းက ရုတ်တရက် ခေါင်းငုံ့လိုက်ပြီး ယွမ်ရှင်းကျဲ၏ လည်ပင်းအနားသို့ ကပ်လာသည်။
အဲ့ဒီညက ယာယီအမှတ်အသား ပေးခဲ့သလိုပဲ...
ဤမြင်ကွင်းက ယွမ်ရှင်းကျဲ အိမ်မက်ထဲတွင် မြင်ခဲ့ရသော အဖြစ်အပျက်နှင့်တူသည်။
ရင်းနှီးသော ခံစားချက်နှင့် မရင်းနှီးသောခံစားချက်နှစ်ခုကြောင့် ယွမ်ရှင်းကျဲ အံ့အားသင့်သွားမိသည်။
သူ မိန်းမော မှင်သက်နေစဉ်မှာပင် နူးညံ့နွေးထွေးသော နှုတ်ခမ်းပါးတစ်စုံက သူ့လည်ပင်းညာဘက်နားသို့ ကျရောက်လာသည်။
လော့ဝမ်ချွမ်းက ယခင် သူ့ဂလင်းရှိခဲ့သည့်နေရာမှ အမာရွတ်ကို တဖြည်းဖြည်းနှင့် ခပ်ဖွဖွနမ်းလိုက်သည်။
ယခင်တစ်ကြိမ် ကိုက်ခဲ့စဉ်ကနှင့် နှိုင်းယှဉ်ပါက ယခုအကြိမ်တွင် အလွန်အင်မတန်ပင် နူးညံ့ငြင်သာလှသည်။
ယွမ်ရှင်းကျဲ၏ရင်ထဲတွင် တဒိန်းဒိန်းခုန်လာပြန်သည်။
စိတ်လှုပ်ရှားနေသည့် ခံစားချက်တစ်ခုအပြင် ယွမ်ရှင်းကျဲ တွေးမိလိုက်သည့်အရာတစ်ခုမှာ လော့ဝမ်ချွမ်းက အိမ်မက်ထဲတွင်ကဲ့သို့ စိတ်ကို အမှောင်မဖုံးသွားသည့်အပြင် လုံးဝ အကျင့်စရိုက်က ပြောင်းလဲသွားခြင်းလည်း မရှိပေ။
ဒါ ကောင်းတဲ့ ကိစ္စပဲ...
ထို့နောက်တွင် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို ရင်ခွင်ထဲသို့ရောက်အောင် ထပ်မံပွေ့ဖက်ထားလိုက်ပြီး ဝမ်းနည်းသွားပုံဖြင့် မေးလိုက်သည်။
" ဒါဆိုရင် အဲ့အချိန်တုန်းက ကြောက်နေခဲ့လား..."
ယွမ်ရှင်းကျဲ ခဏစဉ်းစားလိုက်ပြီးသည့်နောက်တွင် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" အင်း ... ကျွန်တော် ကြောက်နေခဲ့တာ..."
အလင်းဓားကို ကိုင်မြှောက်လိုက်ချိန်တွင် သူ့ရင်ထဲတွင် ဆုံးဖြတ်ချက်ပြတ်သားနေပြီးသား ဖြစ်ခဲ့သည်။
သို့သော်လည်း သူ့လက်ချောင်းများ အနည်းငယ် တုန်ယင်နေခဲ့သည်ကို မည်သူမှ မမြင်ခဲ့ပေ။
သို့သော်လည်း သူ မလုပ်၍ မဖြစ်တော့သည့် အခြေအနေ ဖြစ်နေခဲ့သည်။
" ဒီလိုကိစ္စမျိုး နောက်ဆိုရင် မဖြစ်တော့ပါဘူး... ကိုယ် ကတိပေးပါတယ်..."
လော့ဝမ်ချွမ်းက နူးညံ့သောလေသံဖြင့် ကတိပေးလိုက်သည်။ သူ၏ဝင်လေထွက်လေက ယွမ်ရှင်းကျဲ၏ လည်ပင်းပေါ်သို့ ရိုက်ခတ်နေသည်။
ယွမ်ရှင်းကျဲ မပြုံးပဲ မနေနိုင်တော့ပေ။
" အင်း... ကျွန်တော်ယုံပါတယ်..."
သူတို့နှစ်ယောက် အချိန်အတော်ကြာသည်အထိ ပွေ့ဖက်ထားခဲ့ကြပြီး တစ်ဦး၏ရင်ခုန်သံနှင့် ခန္ဓာကိုယ်အပူချိန်ကို ခံစားနေခဲ့ကြသည်။ ထို့နောက်တွင် လော့ဝမ်ချွမ်းက ခန္ဓာကိုယ်ကိုမတ်လိုက်ပြီး ယွမ်ရှင်းကျဲကို ကြည့်လိုက်သည်။
" နောက်ထပ် ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ..."
" ကျွန်တော် မပြောပြရသေးတဲ့ ကိစ္စတစ်ခု ရှိတယ်... ကျွန်တော် ဒီကြားထဲမှာ အင်ပါယာမက်ခါသုတေသနဌာနကို ဝင်လိုက်ပြီ..."
ယွမ်ရှင်းကျဲက နေရခက်ဟန်ဖြင့် ခေါင်းငုံ့လိုက်သည်။
လော့ဝမ်ချွမ်း အံ့အားသင့်သွားပြီး မျက်ဝန်းထဲတွင် တအံ့တဩဖြစ်သွားသည့် အရိပ်အယောင်မျိုး မြင်တွေ့လိုက်ရသည်။
သို့ရာတွင် ခဏတာ ဂရုတစိုက် တွေးတောလိုက်ပြီးသည့်နောက်တွင် ဤကိစ္စက အလွန်ထူးခြားမေနဟု ထင်လိုက်သည်။
ပြိုင်ပွဲတွင် ပြသခဲ့သော ယွမ်ရှင်းကျဲ၏ခွန်အားနှင့် လုပ်ဆောင်ချက်ကို အခြေခံကြည့်ပါက သုတေသနဌာနက သူ့စွမ်းရည်ကို တွေ့မြင်သွားရန် အချိန်တစ်ခုသာ လိုအပ်သည်။
သို့ဖြစ်၍ လော့ဝမ်ချွမ်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
" သူတို့ပြောပြောနေတဲ့ စိတ်စွမ်းအားကို ကောင်းကောင်းထိန်းချုပ်တတ်တယ်ဆိုတဲ့ လူတော်လေးက မင်းပေါ့လေ..."
ယွမ်ရှင်းကျဲ ခေါင်းငြိမ့်ပြလိုက်သည်။
" ကျွန်တော် အဆင့်မြင့် စိတ်စွမ်းအားတိုးစက်တစ်ခု တီထွင်နေတာ... ဒီခေတ်ရဲ့ နည်းပညာတွေကို ကျွန်တော်ပြောင်းပစ်လိုက်ချင်တယ် အဲ့ဒါမှ အိုမီဂါတွေအားလုံး မက်ခါမောင်းဖို့ အခွင့်အရေးရမှာ... ပြီးတော့ ကျွန်တော် ဒီနည်းပညာကိုသုံးပြီး ငွေများများရှာရမယ် နောက်ပိုင်းကျရင် အဲ့ဒီငွေတွေနဲ့ ကုမ္ပဏီတစ်ခုထောင်မယ်..."
ယွမ်ရှင်းကျဲ၏ ရဲတင်းသောအကြံဉာဏ်ကြောင့် လော့ဝမ်ချွမ်း ထိတ်လန့်သွားသည်။
ထိုအကြံက မည်မျှပင် ရူးနှမ်းသည်ဖြစ်စေ ယွမ်ရှင်းကျဲက ဖြစ်ချင်စိတ်ရှိနေသရွေ့ လော့ဝမ်ချွမ်းက သေချာပေါက် ထောက်ပံ့မည်သာဖြစ်သည်။
" ကုမ္ပဏီထောင်ဖို့ တစ်ခုခုလိုမယ်ဆိုရင် ကိုယ့်ဆီလာခဲ့လေ... ကိုယ်က မြို့တော်ကို ပြန်ရောက်ပြီးတည်းက အဆက်အသွယ်တွေများလာတာဆိုတော့ မင်းကိုကူညီနိုင်လောက်တယ်..."
ယွမ်ရှင်းကျဲက အနည်းငယ်ရှုပ်ထွေးသွားပုံရပြီး ရှက်ရွှံ့စွာဖြင့် ပြောလိုက်သည်။
" ဒါ... ကျွန်တော် အဲ့လောက်ကြီးထိ ဒုက္ခမပေးချင်ပါဘူး... တာ့ချွမ်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် အဲ့လိုလုပ်တာ မကောင်းလောက်ပါဘူး..."
xxxxxxxx