အပိုင်း ၁၄၆
Viewers 17k

Chapter 146


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုကြည့်ကာ အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်သည်။


" ကိုယ့်ကောင်လေးရဲ့ ကုမ္ပဏီကို ထောက်ပံ့ပေးတာ ဘာများမှားလို့လဲ..."


" ကောင်လေး " ဟူသောစကားကို ယွမ်ရှင်း‌ကျဲ နားထောင်နေကျမဟုတ်၍ ထူးဆန်းသွားသော်လည်း ပြုံးလိုက်မိသည်။


လော့ဝမ်ချွမ်း၏စကားများက သူ့ကို စိတ်လုံခြုံမှု ပေးစွမ်းနိုင်ပေသည်။ သူ၏ရှည်လျားကျဉ်းမြောင်းသော မျက်ဝန်းများထဲတွင် မည်သူ့ကိုမှ မမြင်နိုင်တော့ပဲ ယွမ်ရှင်းကျဲတစ်ယောက်တည်းသာ ရှိနေသကဲ့သို့ ထင်ရသည်။


" ဒါဆိုရင်တော့ ကျွန်တော်သဘောတူပါတယ်... အချိန်တန်ရင် ရှယ်ယာတွေ ခွဲပေးမယ်လေ..."


" ကိုယ် ငွေမလိုပါဘူး... ကိုယ့်ကို ရှယ်ယာတွေပေးမယ်ဆိုတဲ့အတွေးတစ်ခုနဲ့တင် လုံလောက်ပါပြီ..."


လော့ဝမ်ချွမ်းက အေးအေးလူလူပင် ပြောလိုက်သည်။


ယွမ်ရှင်းကျဲ ရယ်လိုက်သည်။

" တာ့ချွမ်းက အင်ပါယာမြို့တော်ကနေ ထွက်ပြေးလာတဲ့ ချမ်းသာတဲ့မင်းသားလေးဆိုတာ ကျွန်တော် မေ့သွားတော့မလို့..."


လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲကိုကြည့်ပြီး မပြုံးပဲ မနေနိုင်တော့ပေ။

" ဒါဆိုရင်တော့ မင်းက ကြယ်တွေကိုပါ လှုပ်ခါသွားစေနိုင်တဲ့ သိပ္ပံသုတေသီလေးပေါ့..."


ထို့နောက်တွင် လော့ဝမ်ချွမ်း ခေါင်းငုံ့၍ ယွမ်ရှင်းကျဲ၏ပါးပြင်ကို နှုတ်ခမ်းများဖြင့် ငြင်သာစွာ ထိတွေ့လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" ကိုယ်တို့က တကယ်ကို လိုက်ဖက်တဲ့စုံတွဲပဲ..."


ထိုစကားများကိုကြားလိုက်ရသည့်အခါ လော့ဝမ်ချွမ်းက အနည်းငယ်ကလေးဆန်သည်ဟု ယွမ်ရှင်းကျဲ ထင်လိုက်မိသော်လည်း သူ့စိတ်ထဲ သဘောကျနေမိသည်။


" ဟုတ်တယ်... တကယ်ကို လိုက်ဖက်တဲ့စုံတွဲပဲ..."

ယွမ်ရှင်းကျဲက ပြုံးပြလိုက်သည်။


သူတို့နှစ်ယောက်လုံး ခေါင်မိုးထပ်တွင်ထိုင်နေပြီး ခဏတာ စကားစမြည်ပြောနေခဲ့ကြသည်။


သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးကိုအတည်ပြုပြီး နွေးထွေးသောခံစားချက်များကို တည်ငြိမ်‌သွားစေပြီးသည့်နောက်တွင် ရာသီဥတုပို၍ အေးလာသည်ကို ခံစားမိကြသည်။


" အပေါ်မှာ နည်းနည်းအေးတယ်နော်... အရင်ဆုံး အောက်ထပ်ကို ပြန်ဆင်းကြမလား..."

ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကိုကြည့်ပြီး နူးညံ့စွာပြောလိုက်သည်။


လော့ဝမ်ချွမ်း ခေါင်းငြိမ့်ပြလိုက်သည်။

" ကောင်းသားပဲ..."


ယွမ်ရှင်းကျဲကလည်း မတ်တပ်ရပ်ပြီး ထွက်သွားရန်ပြင်လိုက်သည်။


ထိုအချိန်တွင် လော့ဝမ်ချွမ်းက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည့်ပုံဖြင့် ယွမ်ရှင်းကျဲ၏လက်မောင်းကို ဖမ်းဆွဲလိုက်သည်။

" ခဏလေး..."


ရုတ်တရက်ဆန်လွန်းသောကြောင့် ယွမ်ရှင်းကျဲ လန့်သွားမိပြီး တစ်ဖက်လူ၏ မျက်ဝန်းများကိုကြည့်လိုက်သောအခါ ပုံမှန်မဟုတ်သည့် အရိပ်အမြွက်များကို မြင်လိုက်ရသည်။


ယွမ်ရှင်းကျဲ  မေးလိုက်သည်။

" ဘာဖြစ်လို့လဲ..."


‌လော့ဝမ်ချွမ်းက တစ်ဖက်သို့လှည့်ပြီး ‌ချောင်းဟန့်ကာ  ခြံစည်းရိုးတစ်ဖက်မှ ပန်းပွင့်လေးများကို ပြောလိုက်သည်။


" ငါချစ်တဲ့လူက ယွမ်ရှင်းကျဲတစ်ယောက်တည်းပဲ ..."


သူ့လေသံက မျှော်လင့်ချက်များနှင့် တင်းမာမှုတို့ပေါင်းစပ်ထား၍ တောင့်တောင့်တင်းတင်းဖြစ်နေသည်။


ရုတ်တရက်ဆန်သော အပြုအမူကြောင့် ယွမ်ရှင်းကျဲ အံ့အားသင့်သွားသည်။

သူ ဘာလုပ်နေတာလဲ...


ခဏအကြာတွင် ပန်းပွင့်လေးများ လှုပ်ရှားလာသည်။


ထိုပန်းပွင့်များ တစ်ပွင့်ပြီးတစ်ပွင့် ပျံသန်းသွားသည်ကို မယုံကြည်နိုင်စွာဖြင့်ကြည့်ပြီး ယွမ်ရှင်းကျဲ ထိုနေရာတွင်ပင် ကြောင်အစွာ ရပ်နေမိသည်။


ပန်းပွင့်လေးများက ပန်းအိုးထဲမှတစ်ဆင့် လေပေါ်မြောက်တက်လာပြီး ယွမ်ရှင်းကျဲရှေ့တွင် စုဝေးလာပြီး ပန်းစည်းပုံစံဖြစ်သည့်အခါမှသာ အောက်ဘက်မှ စက်ရုပ်ငယ်လေးများကို ယွမ်ရှင်းကျဲ မြင်တွေ့လိုက်ရသည်။


စက်ရုပ်တစ်ရုပ်စီက လက်ထဲတွင် ပန်းပွင့်များကိုလေထီးသဖွယ်ကိုင်ထားပြီး လေထဲတွင် ရစ်ဝဲနေသည်။


ပန်းပွင့်များထံမှ ရနံ့က ယွမ်ရှင်းကျဲ၏ နှာသီးဖျားမှတစ်ဆင့် စိမ့်ဝင်လာ၍ ပန်းခြံထဲ ရောက်နေသကဲ့သို့ ခံစားရစေသည်။


မီးထွန်းပေးရသော စက်ရုပ်လေးများက နွေးထွေးသော လိမ္မော်ရောင်အလင်းများ ထွန်းလင်း‌ပေးနေသည်မှာ ခေါင်မိုးထပ်တွင် ကြယ်များကြွေလာသည်နှင့်ပင်တူသည်။


ခဏအကြာတွင် ပန်းပွင့်များကိုကိုင်ထားသည့် စက်ရုပ်တစ်ရုပ်က ယွမ်ရှင်းကျဲ၏ဘေးတွင် ဝဲပျံလာသည်။ စက်ရုပ်က တစ်ချက်လှုပ်ရှားသွားတိုင်း ပွင့်ဖတ်များက လေထဲတွင်ဝဲနေ၍ သာယာလှပသောမြင်ကွင်းလေးတစ်ခု ဖြစ်နေသည်။


လော့ဝမ်ချွမ်းက အပေါ်ယံတွင်သာတည်ငြိမ်နေသော်လည်း မျက်လုံးထောင့်မှတစ်ဆင့် ယွမ်ရှင်းကျဲ၏ အမူအရာကို ခိုးကြည့်နေသည်။


ယွမ်ရှင်းကျဲက အံ့ဩတကြီးဖြင့် လော့ဝမ်ချွမ်းဘက်သို့လှည့်လာကာ မေးလိုက်သည်။

" ဒါ ဘယ်လို မှော်ပညာမျိုးလဲ..."


" အဟမ်း..."

လော့ဝမ်ချွမ်းက နေရခက်သွားသည့်ပုံဖြင့် အကြည့်လွှဲလိုက်သည်။


" ကိုယ်အစကတော့ ဒါတွေကို  ဖွင့်ပြောတဲ့အချိန်မှာသုံးမလို့ပဲ...ဒါပေမဲ့ မေ့တော့မလိုတောင်ဖြစ်သွားတယ်... ဒါက အသံနဲ့ခိုင်းလို့ရတဲ့ စက်ရုပ်တွေလေ..."


ကြည့်ရတာ " ငါချစ်တဲ့လူက ယွမ်ရှင်းကျဲတစ်ယောက်တည်းပဲ " ဆိုတာက အဲ့ဒီစက်ရုပ်တွေအတွက် စကားဝှက်ထင်တယ်...


ယွမ်ရှင်းကျဲကို ပန်းပွင့်အမျိုးအစားပေါင်းများစွာက ဝန်းရံထားသည်။ ထိုပန်းပွင့်များက လှပရုံသာမ အများစုမှာ အဖိုးတန်မျိုးစိတ်များဖြစ်သည်။ ရှေးဟောင်းကမ္ဘာပြတိုက်တွင်သာရှိသော ပန်းအမျိုးအစားများပင် ပါဝင်သည်။


ထို့အပြင် စက်ရုပ်လေးများကို အနီးကပ်ကြည့်လိုက်သည့်အခါ ယွမ်ရှင်းကျဲမက်ခါ၏ အသေးစားပုံစံငယ်လေးများဖြစ်နေသည်ကို တွေ့လိုက်ရသည်။


ယွမ်ရှင်းကျဲက သူ့ရှေ့မှ စက်ရုပ်ငယ်လေးကိုထိကာ ပြုံးလိုက်မိသည်။

" ကလေးဆန်လိုက်တာ..."


လော့ဝမ်ချွမ်းက အံဩသည့်ပုံစံဖြစ်သွားပြီး သူ့မျက်လုံးထဲတွင် ကူကယ်ရာမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့နှာခေါင်းကိုထိလိုက်ကာ ရေရွတ်လိုက်သည်။


" အမ် ကလေးဆန်သွားတာလား... ငါသေချာ နည်းဗျူဟာချထားတာကို..."


ထိုစကားများကို ကြားလိုက်ရသည့်အခါ ၎င်းက တစ်စုံတစ်ယောက်ကို ဖွင့်ဟဝန်ခံရန်အတွက် လော့ဝမ်ချွမ်း၏ ပထမဆုံးကြိုးပမ်းမှုဖြစ်ကြောင်း ယွမ်ရှင်းကျဲ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်းသိသွားသည်။


၎င်းက အနည်းငယ်မရင့်ကျက်သော်လည်း ပွင့်လင်းရိုးသားသည့်ပုံပေါ်သည်။


ထိုပန်းပွင့်လေးများ၏ လန်းဆန်းလှပနေမှုကြောင့် လော့ဝမ်ချွမ်းက သူတို့ကို အချိန်ကုန်ခံ၍ နေ့တိုင်းဂရုစိုက်ထားခြင်းဖြစ်ကြောင်း သိနိုင်သည်။

146.2


ထို့အပြင် စက်ရုပ်ငယ်လေးများကို ဖန်တီးရန်အတွင် ရှုပ်ထွေးသောအစီအစဉ်ချမှုနှင့် ပုံကြမ်းများဆွဲရန် လိုအပ်ပြီး ၎င်းတို့ကလည်း လွယ်ကူသောကိစ္စများမဟုတ်ပေ။


" ဒါပေမဲ့ ကျွန်တော်သဘောကျပါတယ်..."

လော့ဝမ်ချွမ်း၏ ဝမ်းနည်းသွားသော အမူအရာကြောင့် ယွမ်ရှင်းကျဲက ရယ်ချင်နေသည်ကို မနည်းထိန်းထားလိုက်ရသည်။


" ဘယ်အချိန်တည်းက ပြင်ထားခဲ့တာလဲ..."


ယွမ်ရှင်းကျဲ၏အမေးကြောင့် ‌လော့ဝမ်ချွမ်းပြုံးလိုက်ပြီး နက်မှောင်နေသော မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်လာသည်။


" မင်း မတော်တဆမဖြစ်ခင်တည်းက အဆင်သင့်‌ဖြစ်နေတာ... ဒါပေမဲ့ ပြောဖို့ အခွင့်အရေးမရတာနဲ့..."


သူက ယွမ်ရှင်းကျဲအတွင် အံ့အားသင့်ဖွယ်ရာများ ပြင်ဆင်ထားခဲ့သည်ပင်။


သို့သော်လည်း သူ့ကိုစောင့်မျှော်နေသည်က ယွမ်ရှင်းကျဲ ဂလင်းများဖြတ်ပစ်လိုက်သော မြင်ကွင်းဖြစ်နေခဲ့သည်။


ထိုအဖြစ်အပျက် ပြီးသွားသည့်နောက်တွင်ပင် လော့ဝမ်ချွမ်းက ပန်းပွင့်များကို စနစ်တကျ ဂရုစိုက်ထားခဲ့ပြီး သူ့ကောင်လေးကို စောင့်ဆိုင်းနေခဲ့သည်။


သူစောင့်နေခဲ့သည်မှာ ကံကောင်းသွားသည်။


လော့ဝမ်ချွမ်းက ထိုပန်းပွင့်များကိုကြည့်ပြီးနောက် ယွမ်ရှင်းကျဲကို ကြည့်လိုက်သည်။

" ဘယ်ပန်း အကြိုက်ဆုံးလဲ... ကိုယ့်ဘာသာခူးလိုက်လည်းရတယ်နော်..."


ယွမ်ရှင်းကျဲ ပန်းပွင့်များကိုကြည့်လိုက်သော်လည်း အနီရောင်ပန်းပွင့်၏ အရိပ်အယောင်ကို ရှာမတွေ့ပေ။ 


ယွမ်ရှင်းကျဲ စိတ်ရှုပ်ထွေးနေစဉ်မှာပင်  သူ့မျက်လုံးများက ထောင့်တစ်ထောင့်မှ ပန်းအိုးလေးကို လှမ်းကြည့်လိုက်မိသည်။


ထိုပန်းအိုးထဲတွင်  နှင်းဆီပန်းမျိုးစုံ ဖူးပွင့်နေပြီး ၎င်းတို့အားလုံးက ညမီးရောင်အောက်တွင် မြင့်မြတ်ကာ လှပနေပုံပေါ်သည်။


စက်ရုပ်လေးတစ်ရုပ်က‌ ပန်းအိုးအစွန်းတွင် ထိုင်နေသော်လည်း ၎င်း၏စက်ကို မဖွင့်ထားချေ။


ယွမ်ရှင်းကျဲ၏အကြည့်ကို သတိပြုမိ၍ လော့ဝမ်ချွမ်း၏ မျက်လုံးက အရောင်မှိန်သွားသည်။သူ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

" တောင်းပန်ပါတယ်... ကိုယ် အဲ့ဒါကို လွင့်ပစ်လိုက်ရမှာ..."


နှင်းဆီပန်းများကိုမြင်ပါက ယွမ်ရှင်းကျဲဝမ်းနည်းသွားမည်စိုး၍ နှင်းဆီပန်းများကိုင်ရမည့် စက်ရုပ်ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ထိုပန်းအိုးကိုဖယ်ရန် အချိန်မရ‌ခဲ့ပေ။


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကို တစ်ချက်ကြည့်ကာ ပြုံးပြလိုက်သည်။


ခဏအကြာတွင် ယွမ်ရှင်းကျဲက လက်ဦးမှုယူ၍ နှင်းဆီပန်းအိုးဆီသို့ လျှောက်သွားလိုက်သည်။ သူ့ရှေ့တွင် ပိတ်နေသော ပန်းများက သူရှေ့တိုးလာသည့်အခါ လမ်းဖယ်ပေးကြသည်။


လော့ဝမ်ချွမ်း ထိုနေရာတွင်ပင် အေးခဲသွားမိသည်။


ယွမ်ရှင်းကျဲ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး နှင်းဆီတစ်ပွင့်ကို ခူးလိုက်ကာ လော့ဝမ်ချွမ်းကို မော့ကြည့်လိုက်သည်။

" တကယ်တော့ ကျွန်တော်အကြိုက်ဆုံးပန်းက နှင်းဆီပန်းပဲ..."


သို့ဖြစ်၍ ယခင်ဘဝရှိ သန့်စင်သောယောက်ျားအဖြစ်မှ အိုမီဂါတစ်ယောက်ဖြစ်လာခဲ့သော်လည်း ယွမ်ရှင်းကျဲက သူ့ဖယ်ရိုမုန်းများကို မငြင်းပယ်ခဲ့ခြင်းဖြစ်သည်။


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို အံ့ဩတကြီးပုံဖြင့် ကြည့်လိုက်သည်။ ခဏတာကြောင်အနေပြီးသည့်နောက် သူ့ နှုတ်ခမ်းပါးများလှုပ်ရှားကာ မေးလိုက်သည်။

" တ... တကယ် စိတ်မဆိုးဘူးလား..."


ယွမ်ရှင်းကျဲက နှင်းဆီပန်းများ၏အနံ့ကို ရှုနေလျက် ပြောလိုက်သည်။

" စိတ်မဆိုးပါဘူး..."


လော့ဝမ်ချွမ်း စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏ရှေ့သို့ နှင်းဆီတစ်ပွင့်ဖြင့် လျှောက်လာသည်။ ပန်းရနံ့က လော့ဝမ်ချွမ်း၏ နှာသီးဖျားထဲ စိမ့်ဝင်သွားသည်။ ရင်းနှီးနေပုံရသော်လည်း မရင်းနှီးသည့် ရနံ့မျိုးကြောင့် တွေဝေသွားမိသည်။


ယွမ်ရှင်းကျဲက ရှေ့သို့လျှောက်လာပြီး လော့ဝမ်ချွမ်းကို နှင်းဆီပန်းတစ်ပွင့် ပေးလိုက်သည်။

" တာ့ချွမ်းအတွက်..."


လော့ဝမ်ချွမ်း ခေါင်းငုံ့ကာ နှင်းဆီပန်း ရနံ့ကို ရှုရှိုက်လိုက်သည်။ ပွင့်ဖတ်များအကြားမှ သူ၏ခံ့ညားသောမျက်နှာမှာ အနည်းငယ် နူးညံ့ပျော့ပျောင်းနေသယောင်ထင်ရသည်။


" အဲ့အနံ့က ကျွန်တော့်ရဲ့ ဖယ်ရိုမုန်းနံ့နဲ့တူလား..."

ယွမ်ရှင်းကျဲ သိချင်စိတ်ဖြင့် မေးလိုက်သည်။


သူ့ရနံ့ကို အခြားလူများ အနံ့ခံမိပါက သူကိုယ်တိုင်ရသောအနံ့နှင့် ကွဲပြားသွားသည်ဟု အမြဲတစေ တွေးနေခဲ့မိသည်။


လော့ဝမ်ချွမ်းက တွန့်ဆုတ်ခြင်းမရှိပဲ ခေါင်းခါလိုက်သည်။

" ဒီလို အနံ့မျိုးမဟုတ်ပါဘူး..."


ထိန်လန့်သွားသော ယွမ်ရှင်းကျဲ သူ့လည်ပင်းကိုသူထိလိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

" ကျွန်တော့်ရဲ့ဖယ်ရိုမုန်းက နှင်းဆီနံ့မဟုတ်ဘူးလား..."


သူ့စကားဆုံးသည်နှင့် လော့ဝမ်ချွမ်း၏ လက်တစ်ဖကိက သူ့လက်ကောက်ဝတ်ကိုကိုင်ပြီး နှင်းဆီပန်းကို အခြားလက်တစ်ဖက်ဖြင့်ကိုင်စေလိုက်ကာ သူ့ကိုဆွဲဖက်လိုက်သည်။


ယွမ်ရှင်းကျဲက သူ့ကို တအံ့တဩဖြင့် ကြည့်နေလိုက်သည်။ ခဏအကြာတွင် သူ့ခါးနှစ်ဖက်လုံးကို တင်းတင်းကြပ်ကြပ် အဖက်ခံလိုက်ရသည်။


လော့ဝမ်ချွမ်း သူ့နားကပ်လာပြီး အက်ရှရှလေသံဖြင့် ပြောလိုက်သည်။


" ဒီအနံ့က မင်းရဲ့ဖယ်ရိုမုန်းလောက် စွမ်းအင်တွေနဲ့ ပြည့်မနေဘူး... ကိုယ့်ကို တုံ့ပြန်အောင် နည်းနည်းပဲလုပ်နိုင်တယ်..."


လော့ဝမ်ချွမ်း၏ ဝင်လေထွက်လေက ယွမ်ရှင်းကျဲ၏ နားရွက်ပေါ် ရိုက်ခတ်နေ၍ ထုံကျဥ်သွားသော ခံစားချက်က ယွမ်ရှင်းကျဲကို အနည်းငယ် တုန်သွားစေသည်။


အေးစက်၍ သိုသိပ်စွာနေတတ်သော လော့ဝမ်ချွမ်းက ထိုသို့သော အရှက်မဲ့သည့်စကားများကို ပြောလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။


ထိုအချိန်တွင် ချယ်ရီပင်အောက်မှမြင်ကွင်းကို ယွမ်ရှင်းကျဲစိတ်ထဲဝင် ပြန်မြင်ယောင်လာမိသည်။


ထိုနေ့က  လော့ဝမ်ချွမ်းက သူ့ကို ဖယ်ရိုမုန်းထိန်းချုပ်ဆေး ထိုးပေးခဲ့သော်လည်း သူ၏အပြုအမူများက တစ်စုံတစ်ခုက တင်းခံနေရသကဲ့သို့ဖြစ်နေပြီး လက်ချောင်းများလည်း အဆက်မပြတ်တုန်ယင်နေသည်။


လော့ဝမ်ချွမ်းက အိုမီဂါများကိုကြောက်ရွံ့ခြင်းကြောင့်သာ စိတ်မသက်မသာဖြစ်နေခဲ့သည်ဟု ယွမ်ရှင်းကျဲ ထင်နေခဲ့သည်။ သို့ရာတွင် မမျှော်လင့်စွာဖြင့် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲ၏ဖယ်ရိုမုန်းများကြောင့် ဖြစ်ပေါ်လာခဲ့သည့် ဇီဝကမ္မတုံ့ပြန်မှုတစ်ခုကြောင့်သာဖြစ်နေခဲ့သည်။


အခုတော့ သူ့မှာဖယ်ရိုမုန်းတွေ မရှိတော့တာ နှမြောစရာပဲ...


ထိုသို့တွေးမိသည်နှင့် ယွမ်ရှင်းကျဲ အနည်းငယ်နောင်တရမိသွားသည်။


ထိုအချိန်တွင် လော့ဝမ်ချွမ်းက လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး ယွမ်ရှင်းကျဲ၏ပါးပြင်ကို ငြင်သာစွာပွတ်လိုက်သည်။


ပန်းပွင့်များအကြားတွင် အရပ်ရှည်ရှည်ကောင်လေးက ခေါင်းတဖြည်းဖြည်းငုံ့ပြီး ယွမ်ရှင်းကျဲဆီသို့ ချဉ်းကပ်လာသည်။


လော့ဝမ်ချွမ်း၏ နှာတံရှည်ရှည်က သူ့နှင့် တဖြည်းဖြည်းနီးကပ်လာသည်ကို ယွမ်ရှင်းကျဲစောင့်ကြည့်နေသည်။ မသိမသာဖြင့် တံတွေးမျိုချလိုက်မိပြီး အနောက်ဆုတ်လိုက်မိသည်။ သူ့ပုံစံက သဘာဝရန်သူနှင့် ရင်ဆိုင်နေရသည့် ကြောင်ပေါက်လေးကဲ့သို့ဖြစ်နေကာ ကျောပြင်ကလည်း တောင့်တောင့်တင်းတင်းဖြစ်သွားသည်။


လော့ဝမ်ချွမ်းက အားရပါးရရယ်ချလိုက်သည်။

" မင်းက စိတ်လှုပ်ရှားလွယ်လိုက်တာ..."


ထိုစကားကိုကြားပြီးသည့်နောက်တွင် ယွမ်ရှင်းကျဲ၏ရင်ထဲတွင် အနိုင်ယူလိုစိတ်ဖြစ်ပေါ်လာသည်။ သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။


" ဘာများ စိတ်လှုပ်ရှားစရာရှိလို့လဲ..."


စကားဆုံးသည်နှင့် ယွမ်ရှင်းကျဲ သတ္တိမွေးလိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ လော့ဝမ်ချွမ်းကို လက်ဦးမှုယူ၍ နမ်းရန်ပြင်လိုက်သည်။


xxxxxxx