အပိုင်း ၁၄၇
Viewers 21k

Chapter 147


သို့ရာတွင် အတွေ့အကြုံမရှိခြင်းနှင့် သူတို့နှစ်ယောက်လုံးက နှာတံမြင့်မြင့်ဖြစ်နေသောကြောင့် ယွမ်ရှင်းကျဲ၏ နှာဖျားက လော့ဝမ်ချွမ်း၏နှာဖျားနှင့် ထိမိသွားသည်။


ထိုအခါမှသာ ယွမ်ရှင်းကျဲ ရပ်တန့်လိုက်မိသည်။ မျက်လုံးဖွင့်လျက်နှင့် ထိုနေရာတွင်ပင် အေးခဲနေမိပြီး လော့ဝမ်ချွမ်း၏ အပြုံးတစ်ဝက်ဖြစ်နေသောအမူအရာကို ရှက်ရွံ့စွာဖြင့် စိုက်ကြည့်နေလိုက်သည်။

" အမ်... ဟို ကျွန်တော်..."


စကားမဆုံးမီမှာပင် သူ့မျက်လုံးများပြူးကျယ်သွားသည်။


‌‌လော့ဝမ်ချွမ်း ခေါင်းငုံ့လိုက်ပြီး ခေါင်းကိုအနည်းငယ်စောင်းလိုက်ကာ ယွမ်ရှင်းကျဲ၏နှုတ်ခမ်းကို သူ့နှုတ်ခမ်းပါးတစ်စုံဖြင့် ထိကပ်လိုက်သည်။


လော့ဝမ်ချွမ်း၏ကိုယ်ပေါ်မှ ပူရှိန်းနံ့နှင့် ဘေးပတ်ပတ်လည်မှ ပန်းရနံ့များအပြင် နှုတ်ခမ်းပါးတစ်စုံ၏ အထိအတွေ့ကြောင့် ယွမ်ရှင်းကျဲ၏စိတ်ထဲ ဗလာကျင်းသွားပြီး တွေးခေါ်နိုင်စွမ်းပင် ဆုံးရှုံးသွားသည်။


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲ၏ခေါင်းကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားပြီး အခြားလက်တစ်ဖက်က နှင်းဆီပန်းကို ကိုင်ထားလျက်နှင့်ပင် ယွမ်ရှင်းကျဲ၏ပခုံးကိုကိုင်ထားသည်။


ဤအနမ်းက နှစ်ယောက်လုံးအတွက် ပထမဆုံးအကြိမ်ဖြစ်၍ အစိမ်းသက်သက်ဖြစ်နေသည်။ အမှန်တွင် လော့ဝမ်ချွမ်းက သူ့ထက်ပို၍ စိတ်လှုပ်ရှားနေသည်ကို ယွမ်ရှင်းကျဲ ခံစားမိသည်။ သူတို့လှုပ်ရှားလိုက်ချိန်တွင် လော့ဝမ်ချွမ်း၏မေးမှ မွေးညင်းနုများက သူ့အရေပြားနှင့် ပွတ်တိုက်နေသည်။


သူတို့နှစ်ယောက်လုံး၏ ရင်ခုန်သံများက မြန်ဆန်လာပြီး အသံကကျယ်လောင်လွန်းသည့်အတွက် နားစည်ကိုပင် ရိုက်ခတ်တော့မည်ဟု ထင်ရသည်။


ယွမ်ရှင်းကျဲ၏ ခံတွင်းထဲသို့ လော့ဝမ်ချွမ်း၏ လျှာကပါ ဝင်ရောက်ရစ်ပတ်လာသည့်အခါ လော့ဝမ်ချွမ်း၏ ရင်အုပ်ကျယ်ကျယ်ကြီးကို လက်ဖြင့်အလိုလိုဆွဲထားမိလိုက်သည်။


သူ့တစ်ကိုယ်လုံးမှ အားအင်များ စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ပြီး ခြေထောက်များကလည်း အားမရှိသကဲ့သို့ ပျော့ခွေလာသည်။


လော့ဝမ်ချွမ်း၏အနမ်းက သူ့အတွက် သဘာဝကျကျသာဖြစ်သော်လည်း ယွမ်ရှင်းကျဲအတွက်မူ ကြမ်းတမ်းပြင်းရှသော အနမ်းမျိုးဖြစ်နေကာ ငယ်ရွယ်မှုခံစားချက်များပါဝင်နေ၍ မတုံ့ပြန်ပဲ မနေနိုင်အောင် ဖြစ်နေသည်။


ထိုအချိန်တွင်...


တစ်ယောက်ယောက်က လသာဆောင်တံခါးကို လာခေါက်သည်။


ယွမ်ရှင်းကျဲထိတ်လန့်သွား၍ မျက်လုံးများ ပြူးကျယ်သွားသည်။ 


ခဏအကြာတွင် ဟိုတယ်မှ စားပွဲထိုးတစ်ယောက်က တံခါးဖွင့်၍ လော့ဝမ်ချွမ်းကို မေးရိုးမေးစဉ်အတိုင်း လာမေးသည်။

" ဒုတိယမင်းသား... ဒီည ဒီမှာပဲ နေမလားမ..."


မေးခွန်းမ‌ဆုံးမီမှာပင်  ထိုနှစ်ယောက် အနမ်းခြွေနေသည်ကို စားပွဲထိုးလေးက မြင်သွားသည်။ သူ့ခြေထောက်များ တုန်ယင်သွားပြီး နေရာတွင်ပင်‌ ခွေကျမတတ်ဖြစ်သွားသည်။


ယွမ်ရှင်းကျဲက အသိစိတ်ပြန်ဝင်လာပြီး လော့ဝမ်ချွမ်း၏ရင်ခွင်ထဲမှထွက်ရန် ကြိုးစားသော်လည်း လော့ဝမ်ချွမ်းက မလွှတ်ပေးပေ။


ယွမ်ရှင်းကျဲ အလွန်ရှက်သွား၍ မျက်လုံးများသာ မှိတ်ထားလိုက်မိသည်။


လူငယ်လေး၏ ရှက်ရွံ့သွားသည့်ပုံစံကြောင့် လော့ဝမ်ချွမ်း၏ မျက်ဝန်းများက ပြုံးသွားသည်ဟုပင် ထင်ရသည်။


ခဏအကြာတွင် လော့ဝမ်ချွမ်းက အနမ်းကိုပြန်ဆက်လိုက်ပြီး မလှမ်းမကန်းမှ စားပွဲထိုးကို မျက်မှောင်ကြုတ်၍ အေးစက်စွာကြည့်လိုက်သည်။


သူ၏ကြောက်မက်ဖွယ်အကြည့်ကို ထိတ်လန့်သွားသော စားပွဲထိုးလေးမှာ စိတ်ငြိမ်ရန် အလွန်အားစိုက်လိုက်ရသည်။ စိတ်လှုပ်ရှားစွာဖြင့် တံတွေးမျိုချလိုက်ပြီးနောက် ခေါင်မိုးထပ်မှာ တုန်ယင်စွာထွက်ခွာသွားပြီး သူ့နောက်မှ တံခါးကိုပိတ်လိုက်သည်။


တံခါးပိတ်သံကို ကြားလိုက်သည့်အခါမှ  ယွမ်ရှင်းကျဲစိတ်အေးလက်အေးဖြင့် သက်ပြင်းချနိုင်ပြီး မျက်လုံးဖွင့်ကာ တံခါးဘက်သို့ ကြည့်လိုက်သည်။


ထိုအချိန်တွင် လော့ဝမ်ချွမ်းက လက်မြှောက်ပြီး ယွမ်ရှင်းကျဲ၏ပါးပြင်ကို ပွင့်ဖတ်တစ်ခုဖြင့် ထိလိုက်သည်။


အံ့ဩသွားသော ယွမ်ရှင်းကျဲ၏အာရုံက လော့ဝမ်ချွမ်းဆီသို့ ချက်ချင်းရောက်သွားသည်။ ကျဉ်းမြောင်းရှည်လျားသော မျက်ဝန်းများကို စိုက်ကြည့်နေလိုက်သည်။


လော့ဝမ်ချွမ်း၏ မျက်ဝန်းထဲမှ ခံစားချက်များက အားပြင်းလွန်းနေ၍ ယွမ်ရှင်းကျဲ အရည်ပျော်ကျမတတ်ပင် ဖြစ်သွားသည်။


" နမ်းနေရင် အာရုံစိုက်လေ..."

လော့ဝမ်ချွမ်းက နမ်းနေခြင်းကို မရပ်တန့်သွားပဲ နှုတ်ခမ်းများကြားမှ မပီမသအသံတစ်မျိုးဖြင့် ပြောလိုက်သည်။


စကားဆုံးသည်နှင့် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို လက်ကောက်ဝတ်မှဆွဲ၍ ခုံတန်းရှည်ဘက်သို့ ဦးတည်သွားပြန်သည်။


လော့ဝမ်ချွမ်းက ခုံတန်းရှည်ပေါ်တွင် ထိုင်လိုက်ပြီး ယွမ်ရှင်းကျဲကို သူ့ပေါင်ပေါ်ထိုင်ခိုင်းလိုက်ကာ သူနှင့် မျက်နှာချင်းဆိုင်စေပြီး ပြင်းရှရှ အနမ်းများကို ဆက်လိုက်သည်။


ကြယ်ရောင်စုံကောင်းကင်ကြီးနှင့် အရောင်အသွေးစုံလင်လှသော ပန်းပွင့်များအကြားတွင် ဤအနမ်းတစ်ပွင့်က အချိန်အလွန့်အလွန်ကြာခဲ့ပေသည်။


တစ်ဦးနှင့်တစ်ဦး ဖွင့်ဟဝန်ခံပြီးသည့်နောက်တွင် ယွမ်ရှင်းကျဲက ဟိုတယ်သို့ပြန်၍ နေ့တိုင်းညအိပ်လိုသော်လည်း သုတေသနပြုလုပ်ချိန်ကများပြီး သုတေသနဌာနက စည်းကမ်းတင်းကြပ်လွန်းသောကြောင့် သူနှင့် လော့ဝမ်ချွမ်း နှစ်ယောက်တည်းနေရချိန်က အလွန်မများတော့ပေ။


လော့ဝမ်ချွမ်း အနည်းငယ် စိတ်ပျက်သွားသော်လည်း သည်းခံခဲ့သည်။


အဘယ့်ကြောင့်ဆိုသော် နိုင်ငံတော်အဆင့်မက်ခါပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲက စတင်တော့မည်ဖြစ်သောကြောင့်ပင်။


တစ်ပတ်ခန့်ကြာသော်...


အကြိုဗိုလ်လုပွဲတွင် ရှင်းဟိုင်တက္ကသိုလ်က ယခင်နှစ်တွင် ဒုတိယနေရာရခဲ့သော ဖန်းယွင်စစ်တက္ကသိုလ်နှင့် ရင်ဆိုင်ခဲ့ရသည်။


မည်သူကမျှ ရှင်းဟိုင်တက္ကသိုလ်ကို အနိုင်ရမည်ဟု မထင်ခဲ့ပေ။ လော့ဝမ်ချွမ်းက အလွန်သန်မာ၍ ရှင်းဟိုင်တက္ကသိုလ်၏ ပင်မအူတိုင်ဖြစ်သော်လည်း ယွမ်ရှင်းကျဲက ထိုနေရာတွင် မရှိနေ၍ သူတို့၏ ဘက်စုံခွန်အားက သိသိသာသာ လျော့ကျသွားခဲ့သည်။


အမှန်တွင် ၎င်းက ပြိုင်ပွဲပထမပိုင်းတွင်သာ ရှိသေးသည်။ ရှင်းဟိုင်တက္ကသိုလ်က ဖန်းယွင်တက္ကသိုလ်၏ ဖိနှိပ်ခြင်းခံရပြီး အခြေအနေက အလွန်ဆိုးရွားနေသည်။


အသင်းဖော်များ အသည်းအသန် ရုန်းကန်နေရပြီး အနိုင်ရရန် လမ်းစမမြင်ရသည့်အခါ ရစ်ချက်က ဤနေရာတွင် ယွမ်ရှင်းကျဲသာရှိခဲ့လျှင်ဟု မတွေးပဲမနေနိုင်တော့ပေ။


တစ်ဦးချင်းပွဲစဥ်များတွင် ရစ်ချက်က ယွမ်ရှင်းကျဲကို ဒုတိယပွဲစဉ်တွင် တိုက်ခိုင်းသည့် အကြိမ်တိုင်းတွင် ယွမ်ရှင်းကျဲက ပြိုင်ပွဲတွင် အံ့အားသင့်ဖွယ်ရာများဖြစ်သွားစေနိုင်မည်ဟု မျှော်လင့်၍ ရနိုင်သည်။


အကယ်၍ ပထမဆုံးတိုက်ခိုက်မှုက ဆိုးရွားနေခဲ့လျှင်ပင် ယွမ်ရှင်းကျဲက ပြိုင်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး ပရိသတ်များ၏ အားပေးမှုများကို ရရှိလာ၍ ရှင်းဟိုင်တက္ကသိုလ်အဖွဲ့မှ အဖွဲ့ဝင်များ စိတ်ဓာတ်တက်ကြွလာပြီး နောက်ပိုင်းပြိုင်ပွဲများတွင် ဆက်တိုက်အနိုင်ရလာနိုင်သည်။


အကယ်၍ ပထမပွဲစဉ်နှစ်ခုတွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပါက ယွမ်ရှင်းကျဲ၏အောင်မြင်မှုမှာ ရှင်းဟိုင်တက္ကသိုလ်အဖွဲ့အတွက် ကြိုတင်အုတ်မြစ်ချလိုက်သကဲ့သို့ဖြစ်ပြီး နောက်ပိုင်းတွင် ကြီးကြီးမားမား သည်းထိတ်ရင်ဖိုဖွယ်ရာ အခြေအနေများ မရှိတော့ပေ။

147.2


သို့ဖြစ်၍ ရစ်ချက်၏ရင်ထဲတွင် ယွမ်ရှင်းကျဲ၏ အရေးပါမှုက လော့ဝမ်ချွမ်း၏ SS+အဆင့်ခွန်အားထက် မနိမ့်ပေ။


ကံကောင်းသည်မှာ ရှင်းဟိုင်တက္ကသိုလ်၏ ဘက်စုံခွန်အားက ဖန်းယွင်တက္ကသိုလ်ထက် အနည်းငယ် နိမ့်နေခြင်းသာဖြစ်ပြီး အဖွဲ့က တိုက်ခိုက်ချင်စိတ်များ ဆုံးရှုံးသွားရမည့်အစား အစွမ်းကုန် တိုက်ခိုက်ရန်သာ ရွေးချယ်လိုက်သည်။


တစ်ဦးချင်း ဒုတိယပွဲစဉ် မစတင်မီ ခယ့်လိုင် ကွင်းထဲရောက်လာသည့်အခါ သူ့ပြိုင်ဘက်က မေးလာသည်။

" မင်းတို့ ဒီလောက် ရှုံးနေတာတောင်မှ ဆက်တိုက်ချင်သေးတာလား..."


သူ့လေသံထဲတွင် ရှုပ်ထွေးမှုများ ပါဝင်နေသည်။


ခယ့်လိုင်က ပြိုင်ဘက်ကို အေးစက်စွာကြည့်လိုက်ပြီးနောက်တွင် တစ်လုံးချင်းပြောလိုက်သည်။

" ဘာပဲဖြစ်ဖြစ်... ငါတို့ရှုံးမှာ မဟုတ်ဘူး..."


သူ့အသံက အံအားသင့်စရာကောင်းစွာ ခိုင်မာနေသည်။


ပြိုင်ဘက်က မျက်မှောင်ကြုတ်လိုက်သည်။

" အဲ့လိုလုပ်ဖို့ လိုသေးလို့လား... မင်းတို့အသင်းက ယွမ်ချင်းကျဲက လာမပြိုင်နိုင်တော့ဘူးလေ... မင်းတို့ရှုံးသွားရင်လည်း ရှက်စရာမဟုတ်ပါဘူး..."


" သူအခု ဒီမှာမရှိလို့ပဲ ငါတို့က သူပြန်လာတဲ့အထိ တောင့်ခံထားမှာပေါ့..."


ဤလူအုပ်စုက ယွမ်ရှင်းကျဲတစ်ယောက်အတွက်နှင့် ဤမျှ အရူးအမူးတိုက်ခိုက်လိမ့်မည်ဟု ပြိုင်ဘက်က မမျှော်လင့်ထားခဲ့ပေ။


ထို့အပြင် ဤပြိုင်ပွဲက ရှင်းဟိုင်စစ်တက္ကသိုလ်နှင့် ဖန်းယွင်စစ်တက္ကသိုလ်တို့အတွက် အချိုးအကွေ့တစ်ခုဖြစ်နေလာခဲ့သည်။


ခယ့်လိုင်က သူ့ပြိုင်ဘက်ကိုချေမှူန်းနိုင်ခဲ့ပြီး ပြိုင်ပွဲကို အနိုင်ရသွားသည်။


ဖန်းယွင်စစ်တက္ကသိုလ်အသင်း၏ အရှိန်အဟုန်ပျက်သွားသည့်အခါ ပရိသတ်များထံမှ အော်ဟစ်အားပေးသံများ ပေါက်ကွဲထွက်လာသည်။


ရှင်းဟိုင်အသင်းက အောင်ပွဲခံရန် ရည်မှန်းထားပြီးဖြစ်၍ မာနကြီးခြင်း ဘဝင်လေဟပ်နေခြင်းလည်း မရှိခဲ့ပေ။


မကြာမီတွင် ရှင်းဟိုင်အသင်းက ဒုတိယမြောက်အသင်းလိုက်ပြိုင်ပွဲကို အနိုင်ရခဲ့သည်။


ပရိသတ်များအားလုံး သိချင်နေကြသည်။

ရှင်းဟိုင်ကျောင်းက သုံးမှတ်ကနေ လေးမှတ်ရအောင်ယူပြီး ပြိုင်ပွဲအလှည့်အပြောင်းကို စိတ်ကူးယဉ်ဆန်ဆန် ဖြစ်အောင်လုပ်လိုက်နိုင်မှာလား...


ယွမ်ရှင်းကျဲ အပါအဝင် မက်ခါသုတေသနဌာနမှလူအားလုံးကလည်း သိချင်နေကြသည်။


ယွမ်ရှင်းကျဲ သုတေသန၏ လက်ရှိအဆင့်က ပြီးဆုံးသွားပြီဖြစ်သည်။ ပြိုင်ပွဲတွင် လူကိုယ်တိုင် မပါဝင်နိုင်ခဲ့သည့်အတွက် သုတေသနဌာနတွင်သာနေ၍ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေရသည်။


ယွမ်ရှင်းကျဲက ရှင်းဟိုင်မှအဖွဲ့ဝင်တစ်ယောက်ဖြစ်၍ အားလုံးက ရှင်းဟိုင်စစ်တက္ကသိုလ်၏ ကံကြမ္မာကို စိုးရိမ်ပူပန်နေကြသည်။


ရမှတ်များက ၃ : ၃ ဖြစ်လာသည့်အခါ ဓာတ်ခွဲခန်းထဲတွင် အော်ဟစ်အားပေးသံများ တစ်ဟုန်ထိုး ထွက် ပေါ်လာသည်။


ယွမ်ရှင်းကျဲနှင့်အတူ လူအများစုက အကြိုဗိုလ်လုပွဲကို စောင့်ကြည့်နေကြသည်။ ချန်းယွမ်၊ ကျင်းရွှမ်ပင် လာရောက်ကြည့်ရှု့နေသည်။


ဤအတောအတွင်းတွင် သိပ္ပံသုတေသနဌာနမှ လူအားလုံးက ယွမ်ရှင်းကျဲ၏ သုတေသနပြုမှုများတွင် ကူညီပေးခဲ့သည်။ သူတို့က ယွမ်ရှင်းကျဲ၏စွမ်းရည်ကို လေးစားကြ၍ ပြိုင်ပွဲသို့ မကြာမီပြန်သွားနိုင်ရန် မျှော်လင့်နေကြသည်။


သူ့အသင်းဖော်များ၏ အောင်မြင်မှုကို ပရိသတ်များက အားပေးနေသည်ကို တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် တွေ့မြင်ရသောကြောင့် ယွမ်ရှင်းကျဲ ပျော်ရွှင်နေမိသည်။


နောက်ပြိုင်ပွဲက တစ်ဦးချင်းပြိုင်ပွဲ၏ တတိယမြောက်ပွဲစဉ်ဖြစ်ပြီး လော့ဝမ်ချွမ်း၏ပွဲဖြစ်သည်။


ပြိုင်ပွဲကို အခြားတစ်နေရာမှ တိုက်ရိုက်ကြည့်ရှု့ရခြင်းက လူကိုယ်တိုင်ပါဝင်ရခြင်းထက် ရင်တုန်ပန်းတုန်ဖြစ်ရသည်ကို ယွမ်ရှင်းကျဲပထမဆုံးအကြိမ်သတိပြုမိသွားသည်။


သို့ရာတွင် လော့ဝမ်ချွမ်းက အားလုံးကိုစိတ်ပျက်စေမည်မဟုတ်ပေ။


နောက်ဆုံးပြိုင်ပွဲတွင် လော့ဝမ်ချွမ်းက SSအဆင့် အရိပ်မက်ခါဖြင့် တိုက်ခိုက်ခဲ့ရသော်လည်း ပြိုင်ပွဲတွင် အနိုင်ရခဲ့သည်။


အဆုံးတွင် လော့ဝမ်ချွမ်းက ပြိုင်ပွဲကို ဆယ်မိနစ်အတွင်းအပြီးသတ်နိုင်ခဲ့ပြီး ရှင်းဟိုင်စစ်တက္ကသိုလ်ကို ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ရန် လက်မှတ်တစ်ခုကို ယူဆောင်ပေးနိုင်ခဲ့သည်။


ပရိသတ်များက နားကွဲလုမတတ်လက်ခုပ်သံများနှင့် အော်ဟစ်အားပေးကြသည်။


ဓာတ်ခွဲခန်းထဲမှ လူအားလုံးမှာ ယွမ်ရှင်းကျဲအတွက် စိတ်ရင်းအမှန်ဖြင့် ဝမ်းသာပေးနေကြသည်။


ရှင်းဟိုင်တက္ကသိုလ်မှအသင်းသားများအားလုံး အလွန်စိတ်လှုပ်ရှားနေကြပြီး ခက်ခက်ခဲခဲနှင့် အနိုင်ရရှိခဲ့သည့်အတွက် ဝမ်းသာပျော်ရွှင်လွန်းနေပြီး တစ်ယောက်နှင့်တစ်ယောက် ဖက်ထားကြသည်။


ဤမြင်ကွင်းကို ဖန်သားပြင်မှတစ်ဆင့် မြင်လိုက်ရသည့်အခါမှ ယွမ်ရှင်းကျဲ သက်ပြင်းချနိုင်ပြီး စိတ်အေးသွားသည့်ပုံဖြင့် ပြုံးပြလိုက်သည်။


သူ့မျက်လုံးထဲတွင် ရှင်းဟိုင်တက္ကသိုလ်မှလူတိုင်းက ဤအချိန်အတောအတွင်းတွင် ရင့်ကျက်လာကြသည်။ အဘယ့်ကြောင့်ဆိုသော် ယခင်နှစ်က ဒုတိယနေရာရခဲ့သော ဖန်းယွင်တက္ကသိုလ်ကို အနိုင်ယူနိုင်သည်ဟူသော ၎င်းတို့၏ရင်ထဲမှ မချိုးဖျက်နိုင်သော ယုံကြည်ချက်ကြောင့်ဖြစ်သည်။


ပြိုင်ပွဲပြီးဆုံးပြီးနောက် အင်တာဗျူးတွင် သတင်းထောက်က လော့ဝမ်ချွမ်းကို မည်သို့ခံစားရကြောင်း မေးခဲ့ပြီး ဗိုလ်လုပွဲသို့ ရောက်သွားသည့်အတွက် မည်သည့်အရာများကို မျှော်လင့်ထားကြောင်း မေးမြန်းခဲ့သည်။ 


လော့ဝမ်ချွမ်းက ကင်မရာရှေ့တွင် မြင်ရခဲသောအပြုံးတစ်ခုကို ဆင်မြန်းထားပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။

" တစ်စုံတစ်ယောက်က ပြိုင်ပွဲကို ပြန်လာနိုင်မယ်လို့ပဲ ကျွန်တော်မျှော်လင့်ထားတာပါ..."


သတင်းထောက်က လော့ဝမ်ချွမ်းပြောသည့်လူကိုသိသော်လည်း အလိုက်အထိုက်ဖြစ်အောင် ထပ်မေးလိုက်သည်။


" တစ်စုံတစ်ယောက်ဆိုတာ ဘယ်သူပါလိမ့်..."


" ယွမ်ရှင်းကျဲပါ... သူက ရှင်းဟိုင်တက္ကသိုလ်အဖွဲ့ရဲ့ အဓိက အင်အားပါ... ကျွန်တော့်မျက်လုံးထဲမှာတော့ သူက အသန်မာဆုံးမက်ခါပြင်တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ပြီး အကျွမ်းကျင်ဆုံး မက်ခါဆရာတစ်ယောက်ပါပဲ... ဗိုလ်လုပွဲတက်သွားရင်တော့ သူရောက်လာသင့်တယ်..."


‌လော့ဝမ်ချွမ်းက တည်ငြိမ်စွာဖြင့် ဖြေကြားလိုက်သည်။


"ကျွန်တော့်ချစ်သူ ယွမ်ရှင်းကျဲ" ဟု လော့ဝမ်ချွမ်းက ဖြေလိုက်မည်ဟု သတင်းထောက်က ထင်လိုက်သော်လည်း ဤနည်းဖြင့် ပြန်ဖြေမည်ဟု  မထင်မှတ်လိုက်ပေ။


သူ့အမြင်တွင် ယွမ်ရှင်းကျဲ၏ ကိုယ်ပိုင်စွမ်းရည်များက သူ့"ချစ်သူ"ဟူသော ဂုဏ်ပုဒ်ထက် များစွာအရေးကြီးသည့်ပုံပေါ်သည်။


ဖြေပြီးသည်နှင့် လော့ဝမ်ချွမ်းက သတင်းထောက်ကို ယဉ်ကျေးစွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဖန်သားပြင်ကို တစ်ချက်စိုက်ကြည့်ကာ ထွက်သွားသည်။


xxxxxx