အပိုင်း ၁၄၉
Viewers 17k

Chapter 149


ထိုမြင်ကွင်းကြောင့် ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့ အလွန်ဒေါသထွက်နေကြသည်။


" ဒီလူက ရှင်းရှင်း ဒုက္ခရောက်‌အောင်လုပ်လို့ ငါတို့သားက အကြာကြီး သတိမေ့နေခဲ့ရတာတောင် ဘာမှ မဖြစ်သလို ဟန်ဆောင်နေသေးတယ်... သူ့ကိုမြင်ရုံနဲ့ ငါဒေါသထွက်လာပြီ..."


ယွမ်ချန်ရှန့်က ချင်ရွှမ်းကို တီးတိုးပြောလိုက်သည်။


ချင်ရွှမ်းလည်း မျက်မှောင်ကြတ်လိုက်သည်။


" ဘာတွေဖြစ်ပျက်ခဲ့လည်းသိခဲ့တာတောင်မှ တော်ဝင်မိသားစုက သူ့ကို တာဝန်မခံခိုင်းဘူးပေါ့လေ..."


ယွမ်ချန်ရှန့် သက်ပြင်းချလိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။


" ရှင်းကျဲက နောက်ဆုံးတော့ ဘီတာဖြစ်သွားလို့ တော်ဝင်မိသားစုက သူ့ကို သားမက်လောင်းအဖြစ် သဘောမထားတော့တာများလား..."


" ဒုတိယမင်းသားက သူ့ကိုကြိုက်နေသရွေ့တော့ မျှော်လင့်ချက်ရှိပါသေးတယ်... "


ချင်ရွှမ်း ခဏတာ တွန့်ဆုတ်နေပြီးသည့်နောက်တွင် ဆက်ပြောလိုက်သည်။


" ပြီးတော့ သူ့ဂလင်းတွေက ပြန်မကောင်းလာနိုင်တာမှ မဟုတ်တာ..."


ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းကို ချီယင်တွေ့သည့်အခါ သူ့မျက်လုံးထဲတွင် အထင်သေးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းဟူသည့် သစ်ပင်ကြီးပေါ် တက်နိုင်ခဲ့သော်လည်း လူတိုင်းက သူတို့နှစ်ယောက်ကို အကောင်းမြင်ကြသည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် တော်ဝင်မိသားစုက ထီးနန်းဆက်ခံမည့်သူကို ဘီတာတစ်ယောက်နှင့် လက်ထပ်ပေးမည် မဟုတ်သောကြောင့်ပင်။


ဆန်းစစ်ကြည့်ရမည်ဆိုလျှင် ယွမ်မိသားစုက လက်ထပ်မည့် ပါတနာကို ပြောင်းလဲလိုက်ခြင်းသာဖြစ်သည်။ သို့ရာတွင် ဤလက်ထပ်ပွဲက အောင်မြင်မည့်ပုံ မပေါ်တော့သည့်အပြင် ယွမ်မိသားစုကလည်း အခြားလူများ၏ လက်ခုပ်ထဲသာ ရောက်နေဦးမည်ဖြစ်သည်။


ယွမ်မိသားစုက ပျော်နိုင်သရွေ့ ပျော်ပျော်နေထားသင့်သည်ဟု ချီယင်တွေးနေမိသည်။ ယွမ်ရှင်းကျဲ၏ ဂလင်းက ပြန်မကောင်းလာသရွေ့ လော့ဝမ်ချွမ်းက သူ့ကို စွန့်ပစ်လိုက်မည်မှာ အနှေးနှင့် အမြန်ဖြစ်သည်။


ထိုအချိန်ရောက်လာပါက ယွမ်မိသားစုပိုင် ချန်ရှန့်မက်ခါကုမ္ပဏီက လျှို့မိသားစုပိုင် ချီလင်ကုမ္ပဏီ၏ပြိုင်ဘက်ဖြစ်လာနိုင်မည် မဟုတ်တော့ပေ။


ထိုအတွေးကြောင့် ချီယင်က ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့ကို စာနာသနားသည့်ပုံဖြင့် ကြည့်လိုက်သည်။ လှောင်ပြုံးပြုံးလိုက်ပြီးသည့်နောက်တွင် တီးတိုးရေရွတ်လိုက်သည်။

" သနားစရာမိသားစုပါလား..."


သို့ရာတွင် ယခုရက်ပိုင်းအတွင်းတွင် လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲက ဆက်ဆံရေးကောင်းမွန်နေပုံပေါ်သည်။ ချီယင်က ဒုတိယမင်းသားကို မစော်ကားရဲ၍သာ သူတို့ကို ပေါ်တင် ရန်မစခြင်းဖြစ်သည်။


ချီလင်ကုမ္ပဏီမှ ဥက္ကဌလျှို့က ချီယင်ထံသို့ မက်ဆေ့တစ်စောင်ပို့သည်။


" ဗိုလ်ချုပ်ချီ...ကျုပ်တို့ မိသားစုနှစ်စုရဲ့ ကံကြမ္မာက ခင်ဗျားလက်ထဲမှာနော်... စိတ်စွမ်းအားတိုးစက်ကို တီထွက်ခဲ့တဲ့သူနဲ့ အဆင်ပြေအောင်နေရလိမ့်မယ်..."


ချီယင်က ရယ်မောလျက်နှင့်ပင် စာပြန်လိုက်သည်။


" စိတ်ချပါ... အနာဂတ်မှာ ခင်ဗျားရဲ့ ချီလင်ကုမ္ပဏီက ဒီနယ်ပယ်မှာ ပထမဖြစ်နေရမယ်..."


စာပို့ပြီးချိန်တွင် သတင်းစာရှင်းလင်းပွဲခန်းမ၏ တံခါးပွင့်လာပြီး စက်ရုပ်များက လူအုပ်ကြီးကို အတွင်းသို့ ဦးဆောင်ခေါ်သွားသည်။


မက်ခါနယ်ပယ်ထဲမှ ထိပ်သီးပိုင်းများက ရှေ့ဆုံးသုံးတန်းတွင်ထိုင်ရပြီး အင်တာဗျူးအတွက် တာဝန်ယူထားရသည့် မီဒီယာများမှလူများနှင့် ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းယူရမည့်လူများက သူတို့နောက်တွင်ဖြစ်သည်။ နေရာယူပြီးသည့်အခါတွင် အားလုံးက စင်မြင့်ပေါ်တွင် သုတေသနဌာနမှ ရာထူးကြီးလူများ မည်သည့်အချိန်တွင် ပေါ်လာမည်ကို ခန့်မှန်းနေကြသည်။


မိနစ်အနည်းငယ်ကြာသည့်အခါတွင် ချန်းယွမ်က လူသိများသော ပရော်ဖက်ဆာကျင်းရွှမ်နှင့်အတူ စင်မြင့်ထက်တွင် ပေါ်လာသည်။


ဤသတင်းစာရှင်းလင်းပွဲတွင် ထိပ်တန်းမက်ခါမဂ္ဂဇင်းများပေါ်တွင် နေရာယူထားသည့် လူများစွာကို မြင်နိုင်သည်။


သတင်းထောက်များ၏ ကင်မရာများထံမှ မီးရောင်တဖျတ်ဖျတ်က ခန်းမဆောင်တစ်ခုလုံးတွင် ထွန်းလင်းနေသည်။


တစ်ချိန်တည်းမှာပင် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို တိုက်ရိုက်ကြည့်ရှု့သူ အရေအတွက်က ရုတ်တရက် တိုးလာ၍ အချိန်ခဏခန့်ပင် လိုင်း​​ကြပ် သွားသည်။


၎င်းက အလွန်မြန်ဆန်သောကွန်ယက်များရှိနေသည့်ခေတ်တွင် ဖြစ်လာမည်ဟု မထင်ထားသော အရာတစ်ခုပင်ဖြစ်သည်။


ချန်းယွမ် ထိုင်လိုက်ပြီးချိန်တွင် ပရိသတ်ထဲမှ ထိပ်သီးပိုင်းလူများက ထိုင်ခုံတွင် ခါးမတ်မတ်ထိုင်နေပြီး မျက်နှာထက်တွင် လေးနက်သောအမူအရာများရှိနေကာ မျက်ဝန်းထဲတွင်လည်း မျှော်လင့်ခြင်း အရိပ်အယောင်များကို မြင်နေရသည်။


" အင်ပါယာမက်ခါသုတေသနဌနရဲ့ သတင်းစာရှင်းလင်းပွဲကနေ ကြိုဆိုပါတယ်...ဒီသတင်းစာရှင်းလင်းပွဲရဲ့ အကြောင်းအရာက အဓိကအားဖြင့်တော့ အောက်ပါနည်းပညာတွေရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တိုးတက်မှုလမ်းကြောင်းကို ကြေညာဖို့ပဲဖြစ်ပါတယ်…"


ချန်းယွမ်၏အသံက မက်ခရိုဖုန်းမှတစ်ဆင့် အားလုံး၏ နားထဲကို ရောက်သွားသည်။


ချန်းယွမ် စကားပြောနေစဉ်မှာပင် လေထုအခြေအနေက တဖြည်းဖြည်းပို၍ စိတ်လှုပ်ရှားဖွယ်ဖြစ်လာသည်။ အားလုံးက သမိုင်းမှတ်တိုင်တစ်ခုကို မြင်တွေ့ရန် မစောင့်နိုင်ကြတော့ပေ။


မကြာမီမှာပင် ချန်းယွမ်က သူ့လက်ထောက်ကိုblack boxတစ်ခု ယူလာခိုင်းလိုက်သည်။ စောင်းကြည့်နေကြသော ပရိသတ်များရှေ့တွင်ပင် သူကိုယ်တိုင် ကြေညာလိုက်သည်။


" ဒါက အခုလက်ရှိမှာ ကျွန်တော်တို့ရဲ့ အင်ပါယာမက်ခါသုတေသနဌာနက တီထွင်လိုက်တဲ့ စိတ်စွမ်းအားတိုးစက်ပဲဖြစ်ပါတယ်... ကျွန်တော်ကိုယ်တိုင် အားလုံးကို သရုပ်ပြပေးပါမယ်...


ချန်းယွမ်က ပရိသတ်များအကြားမှ လူငယ်တစ်ယောက်ကို ကျပန်းရွေးချယ်လိုက်ပြီး ကူညီပေးရန်အတွင် စင်ပေါ်သို့တက်လာပေးရန် တောင်းဆိုလိုက်သည်။


လူငယ်လေးက အလွန် စိတ်လှုပ်ရှားနေသည်။ စင်ပေါ်သို့ လျှောက်လာစဉ်မှာပင် သူ့အသံက အနည်းငယ်တုန်ယင်နေသည်။


" ကျွန်... ကျွန်တော် စိတ်စွမ်းအားတိုးစက်ကို တကယ်ဝတ်လို့ရလား..."


ခဏအကြာတွင် ဖြစ်လာမည်ကို မက်ခါဖွံ့ဖြိုးတိုးတက်မှုသမိုင်းတွင် မှတ်တမ်းတင်ထားမည်ကို သူသေချာသိသည်။ ၎င်းက အင်ပါယာ၏သမိုင်းတွင် မှတ်တိုင်တစ်ခု ဖြစ်လာလိမ့်မည်။


ချန်းယွမ် ပြုံးပြလိုက်ပြီးသည့်နောက် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက်တွင် သူ့လက်ထောက်ကို ထိုလူငယ်လေး၏ကိုယ်တွင် စိတ်စွမ်းအားတိုးစက်ကို ကူညီဝတ်ဆင်စေလိုက်သည်။


လူငယ်လေးက ခုံတွင်ထိုင်လိုက်ပြီး စမ်းသပ်မှု စတင်မည်ကို စောင့်ဆိုင်းနေသည်။


အားလုံး အသက်အောင့်ထားကြပြီး သူတို့၏အာရုံက လူငယ်လေး၏ စိတ်စွမ်းအားကိုပြသထားသည့် စင်မြင့်ပေါ်မှ ဖန်သားပြင်ပေါ်တွင်သာ ရှိနေသည်။


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှု့နေကြသူများမှာလည်း စမ်းသပ်ချက်ရလဒ်ကို မြင်တွေ့ရန် မစောင့်နိုင်ကြတော့ပေ။


(တကယ်ကြီး အောင်မြင်သွားမှာလား...)


(ဝိုး... ငါတော့ မျှော်လင့်နေမိပြီ...)


(မြန်မြန်လုပ်ကြပါ မြန်မြန်လေးပြ...)


(ဒီလူငယ်လေးရဲ့စိတ်စွမ်းအားက Bအဆင့် ၅၆%ပဲရှိတယ်... ဒီစိတ်စွမ်းအားတိုးစက်က ဘယ်လောက်များ တိုးပေးနိုင်မှာပါလိမ့်...)


အားလုံး၏ မျက်စိရှေ့၌ပင် စိတ်စွမ်းအားတိုးစက်က တဖြည်းဖြည်း စတင်အလုပ်လုပ်လာသည်။


သေးသယ်သော black boxငယ်လေးက မရေမတွက်နိုင်သော လူအားလုံး၏ မျှော်လင့်ချက်များကို သယ်ဆောင်ထားသည်။


စိတ်စွမ်းအားတိုးစက် စတင်အလုပ်လုပ်သောအခါတွင် ဖန်သားပြင်ပေါ်မှ လူငယ်လေး၏စိတ်စွမ်းအားတန်ဖိုးက တဖြည်းဖြည်းပြောင်းလဲလာသည်။


Bအဆင့် ၅၆%ကနေ Sအဆင့် ၉၀%အထိ ရောက်သွားတာလား...


တစ်နည်းဆိုရသော် ကိန်းဂဏန်းတန်ဖိုးအပေါ်အခြေခံ၍ ဤစိတ်စွမ်းအားတိုးစက်၏ တိုးမြှင့်မှု ပမာဏမှာ... 


အနည်းဆုံး ၂.၅ သို့မဟုတ် ထိုထက်မြင့်လိမ့်မည်။

149.2


ပရိသတ်များ အုတ်အော်သောင်းနင်းဖြစ်ကုန်သည်။


" သေစမ်း ... အရမ်းအံ့ဩစရာကောင်းတာပဲ..."


" Bအဆင့် မောင်းနှင်သူကနေ S+အဆင့်ထိ တန်းရောက်သွားတာလား..."


" ဒါ တကယ်ကြီးလား... ပထမဆုံးစိတ်စွမ်းအားတိုးစက်က အဲ့လောက် အားပြင်းနေပြီတဲ့လား..."


" မယုံနိုင်စရာကြီး... စိတ်စွမ်းအားကိန်းညွှန်း ၂.၅ထက် မြင့်တာကိုတောင် တီထွင်နိုင်နေပြီလား..."


" မြှောက်ဖော်ကိန်းကို အနည်းဆုံး ၂လောက်ပဲ ရှိမယ်ထင်ခဲ့တာ... ဒီပုံအတိုင်းဆိုရင်တော့ မက်ခါသုတေသနဌာနကို ငါအထင်သေးမိနေတာပဲ..."


" တကယ်အံ့ဩစရာကြီး အားလုံးမက်ခါမောင်းနိုင်တဲ့ခေတ်တစ်ခေတ်ကို ရောက်လာတော့မယ်..."


မက်ခါကုမ္ပဏီပိုင်ရှင်သူဌေးများက မတ်တပ်ပင် ထရပ်မိသည်အထိ အံ့ဩကုန်ကြသည်။ သူတို့၏ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ပဲ black boxကို ရတနာတစ်ခုကဲ့သို့ စိုက်ကြည့်နေပြီး စင်ပေါ်တက်သွားကာ လုယူလိုက်ချင်စိတ်များပင် ဖြစ်ပေါ်လာသည်။


ချန်းယွမ်က အားလုံးကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်ကွေးကာ ပြုံးလိုက်သည်။


" စမ်းကြည့်ချင်တဲ့သူတစ်ယောက်ယောက် ရှိသေးလား..."


စကားဆုံးသည်နှင့် အားလုံးက အရူးအမူး လက်ထောင်လိုက်ကြတော့သည်။


" ကျုပ် စမ်းကြည့်မယ်... ကျုပ် သုတေသနဌာနအတွက် ကြယ်ဒင်္ဂါးတစ်သန်းလှူမယ်..."


" ကျုပ် ဒီနည်းပညာကို ဈေးမြင့်မြင့်ပေးပြီးဝယ်မယ်... ဌာနမှူးချန်း ကျုပ်ကို တစ်ကြိမ်လောက် ဝတ်ခွင့်ပေးပါ..."


" မင်းရဲ့ ကုမ္ပဏီရောင်းအားက နည်းနည်းပဲရှိတာ သူတို့က မင်းကို နည်းပညာရောင်းမယ်တဲ့လား..."


" မင်းက ဟာသတွေလာပြောနေတာပဲ... ဈေးကွက်နဲ့ဆိုင်လာရင် မင်းကုမ္ပဏီကရော ရောင်းအား ဘယ်လောက် ကောင်းနေလို့လဲ..."


" ငါ့ကို ရန်လာမစနဲ့နော် ...  သေချင်လို့လား..."


သာမန်နေ့ရက်များတွင် အေးဆေးတည်ငြိမ်စွာသာနေကြသည့် ကုမ္ပဏီပိုင်ရှင်သူဌေးများမှာ ယခုချိန်တွင်မူ အလွန်ရိုင်းပြကုန်ကြသည်။


ချီယင်က စိတ်စွမ်းအားတိုးစက်ကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်နေသည်။ ဤနည်းပညာကို ရနိုင်သရွေ့ အနာဂတ်‌တွင် အင်ပါယာတစ်ခုလုံးနှင့် ရင်ဘောင်တန်းကာ လျှောက်လှမ်းနိုင်ပြီဖြစ်ကြောင်းကိုလည်း သိသည်။


ယွမ်ချန်ရှန့်မှာ စိတ်လှုပ်ရှားနေသော လူအုပ်စုကြီးကြောင့် နောက်ဘက်သို့ အတွန်းခံလိုက်ရသည်။ သူ အလွန် ဒေါသထွက်သွားသော်လည်း ခြေဖျားထောက်၍ ကြည့်နေရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။


ချင်ရွှမ်းက သူ့ကိုတီးတိုးပြောလိုက်သည်။

" သာမန်အချိန်ဆိုရင် သူတို့က တည်ကြည်ပြီး ထိန်းထိန်းသိမ်းသိမ်း နေတတ်ကြတဲ့သူတွေပါ... အခုတော့ သူတို့အကုန်လုံး ရူးသွားသလိုပဲ..."


ယွမ်ချန်ရှန့် မျက်မှောင်ကြုတ်ပြီး ချင်ရွှမ်းကိုပြောလိုက်သည်။


" မရူးပဲနေနိုင်ပါ့မလား... သုတေသနဌာနက ငါတို့ကို ဒီနည်းပညာနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားစေချင်နေတာ ရှင်းနေတာပဲကို မဟုတ်ရင် ကြေညာချက်ကို ဒီလောက် တခမ်းတနားလုပ်ပါ့မလား..."


သူတို့ရှေ့မှမြင်ကွင်းက ပို၍ ပရမ်းပတာဖြစ်လာသောကြောင့် ချန်းယွမ်က အစောင့်များကိုခေါ်ကာ ထိန်းသိမ်းပေးလိုက်ရသည်။ ထို့နောက်တွင် ယွမ်ချန်ရှန့်၏နာမည်ကို ခေါ်လိုက်သည်။


" ချန်ရှန့်ကုမ္ပဏီက ဥက္ကဌကြီး ကျေးဇူးပြုပြီး စင်ပေါ်ကိုလာပြီး စမ်းသပ်ကြည့်ပေးလို့ရမလား..."


ယွမ်ချန်ရှန့် အပျော်လွန်သွားသည်။ သူ အလွန်စိတ်လှုပ်ရှားသွား၍ ခြေချော်လဲကျမတတ်ပင် ဖြစ်သွားသည်။ စင်မြင့်ပေါ်ရောက်သော်လည်း သူ့ခြေထောက်များ တုန်နေဆဲပင်ဖြစ်သည်။


" ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် ဌာနမှူးချန်း..."


စိတ်စွမ်းအားတိုးစက်၏ လုပ်ဆောင်ချက်အောက်တွင်ယွမ်ချန်ရှန့်၏ စိတ်စွမ်းအားက B- မှ S+ အဆင့်ထိ တိုးသွားသည်။


ထို့နောက် ချန်းယွမ်က စိတ်စွမ်းအားတိုးစက်ကို S+အဆင့်မက်ခါစက်အတု၏ မောင်းနှင်ခန်းနှင့် ချိတ်ဆက်ပြလိုက်သည်။


ယခင်က B- မက်ခါများကိုသာ မောင်းနှင်နိုင်ခဲ့သော ယွမ်ချန်ရှန့်က အားလုံး၏ မျက်စိရှေ့မှောက်မှာပင် S+အဆင့်မက်ခါကို အားစိုက်ထုတ်မှုမရှိပဲ ထိန်းချုပ်နိုင်ခဲ့သည်။


အံ့အားသင့်သွားကြသော လူအုပ်ကြီးကြောင့် ချန်းယွမ်က ဖြည်းဖြည်းပြောလိုက်သည်။


" စိတ်စွမ်းအားတိုးစက်ရဲ့ လက်ရှိနည်းပညာက မက်ခါထုတ်လုပ်ရေးလိုင်းနဲ့ တိုက်ရိုက်ချိတ်ဆက်လို့ ရတဲ့အထိ တိုးတက်နေပါပြီ..."


၎င်းက မည်သူမှ မမျှော်လင့်ထားခဲ့သော တစ်စုံတစ်ရာဖြစ်သည်။


စိတ်စွမ်းအားတိုးမြှင့်ပေးသော နည်းပညာကို သုံးပြီးသည့်နောက်တွင် မက်ခါနှင့် လိုက်လျောညီထွေဖြစ်ရန် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များရှိသေးသည်ဟု အားလုံး ထင်ခဲ့မိကြသည်။ ၎င်းကို မက်ခါနှင့် တိုက်ရိုက်ချိတ်ဆက်၍ သုံးနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။


သို့ဖြစ်၍ ဤနည်းပညာ၏ အသုံးပြုနည်းကို ချက်ချင်းသဘောပေါက်သွားကြသည်။


" ဘုရားသခင်... အင်ပါယာမပြောနဲ့ မဟာမိတ်တွေ ဘက်ကတောင် ဒီနည်းပညာကို အခုမြင်ရင် ရူးသွားနိုင်တယ်..."


ချင်ရွှမ်း၏မျက်လုံးများ ပြူးကျယ်သွားကာ တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။


လွန်ခဲ့သောအချိန်တစ်ခုက မဟာမိတ်နှင့် အင်ပါယာအကြားမှ စေ့စပ်ဆွေးနွေးမှုက ရှေ့မတိုး နောက်မဆုတ်သာသည့်  အနေအထားသို့ရောက်သွားခဲ့၍ အချိန်မရွေး စစ်ပွဲတစ်ခု ဖြစ်သွားနိုင်သည်။


စင်မြင့်ပေါ်ရှိ ဤမြင်ကွင်းကိုကြည့်ရုံဖြင့် နိုင်ငံမှ အကြီးအကဲများအား တစ်ညလုံး အိပ်မပျော်စေမည်ဟု ခန့်မှန်းသိရှိနိုင်သည်။


ယွမ်ချန်ရှန့်က S+အဆင့်မက်ခါကို ‌အောင်အောင်မြင်မြင်ထိန်းချုပ်နိုင်၍ အလွန်ပျော်ရွှင်နေသည်။ ဤ black boxကို သူ့မက်ခါထဲထည့်ပြီး စစ်ဆေးကြည့်ရန် မစောင့်နိုင်တော့ပေ။


သရုပ်ပြသမှုပြီးဆုံးသွားချိန်တွင် ယွမ်ချန်ရှန့်၏ခေါင်းပေါ်မှခေါင်းဆောင်းကို ချွတ်ပေးရန် ချန်းယွမ်က တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်သည်။ ယွမ်ချန်ရှန့်ကိုboxကိုကိုင်ကြည့်ပြီး တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။


" ဌာနမှူးချန်း... ဒီနည်းပညာကို ဘယ်သူတီထွင်ခဲ့တာလဲ..."


ပရိသတ်အားလုံးကလည်း သိချင်နေသည့်အမူအရာမျိုး ဖြစ်သွားသည်။


ဒဏ္ဍာရီလာ "လူတော်"က ဤနေရာတွင် ပေါ်လာမည့်ပုံ မဟုတ်ပေယ


ချန်းယွမ်က ယွမ်ချန်ရှန့်ကို အဓိပ္ပါယ်ပါပါဖြင့် တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် အားလုံးဘက်ကို လှည့်လိုက်သည်။


" အဲ့ဒီလူက ... တော်တော်လေး ထူးခြားတဲ့လူတစ်ယောက်ပဲ..."


ချန်းယွမ်က စိတ်စွမ်းအားတိုးစက်ကို တီထွင်သူအား မိတ်ဆက်ပေးနေ၍ ချီယင်နှင့် အခြားလူများ အသက်အောင့်ထားကြသည်။


xxxxxx