အပိုင်း ၁၆၃
Viewers 17k

Chapter 163


တောင်ဘက်ခြမ်းက ကြယ်တံခွန်နှင့်မုန်တိုင်းမက်ခါတို့ကလည်း ထွက်ခွာပြီး အမာခံနယ်မြေကိုသွားကူပေးရန် စီစဥ်သော်ငြား ခဲ့လိုင်က သူတို့ဆီကို အရှိန်လျော့လက်ပစ်ဗုံးတစ်ချို့ အကြမ်းပတမ်းပစ်ပေါက်လာသည်။ ထို့နောက် အက်ရှလေက သူတို့ရှေ့မှာပေါ်လာပြီး နှုတ်ခမ်းပင့်ကာ အသဲချဲ့စနစ်ကနေဆိုလေ၏။


"ကပ္ပတိန်နဲ့ရှင်းရှင်းတို့ရဲ့ နှစ်ယောက်တည်းကမ္ဘာကို နင်တို့နှောက်ယှက်လို့မရဘူး"


ပြိုင်ဘက်များ:"..."


ခဲ့လိုင်က ဆက်ပြီး အမြောက်မိုးတွေ ကျဲချနေသည်။


"ငါတို့တောင် သူတို့ကိုမနှောက်ယှက်ရဲဘူးကွ...မင်းတို့ကောင်တွေရိုးသားစမ်းပါ"


ပြိုင်ဘက်များ:"..."


သေစမ်း...ဒီလိုနာကျည်းမှုမျိုးကို အရင်ကတစ်ခါမှမခံစားဖူးဘူး...


ယွမ်ရှင်းကျဲနှင့်လော့ဝမ်ချွမ်းတို့ အမာခံနယ်မြေ၏ရှေ့မှာဆုံကြ၏။


အမာခံနယ်မြေက အလယ်ခေါင်တွင် စစ်မီးတိုင်ရှိသော လေးထောင့်ညီ စခန်းဖြစ်လေသည်။


လော့ဝမ်ချွမ်း မျက်နှာချင်းဆိုင်ရှိ ကောင်ငယ်လေးကိုကြည့်ပြီး နှုတ်ခမ်းစွန်းများကော့တက်လာ၏။


"မင်းကိုယ့်ထက် ငါးစက္ကန့်ပိုနောက်ကျတယ်..."


"ကျွန်တော် သူတို့ကို မက်ခါအသစ်ရဲ့ ဖန်ရှင်(လုပ်ဆောင်ချက်)တချို့ပြခဲ့သေးတယ်..."


ယွမ်ရှင်းကျဲက မကျေနပ်မှုတချို့ဖြင့်ဆိုလိုက်သည်။


"မဟုတ်ရင် ကျွန်တော် မင်းထက်အနည်းဆုံး ဆယ်စက္ကန့်ပိုစောမှာ..."


လော့ဝမ်ချွမ်းက သူနှင့်အငြင်းပွားမနေပါချေ။

"နိုရာရဲ့လူတွေ မကြာခင် ပြန်ကောင်းသွားပြီး ဒီကိုလိုက်လာမှာစိုးရတယ်...မီးတိုင်ကို သွားထွန်းကြစို့..."


ယွမ်ရှင်းကျဲက မက်ခါကို ထိန်းချုပ်ကာ အမာခံနယ်မြေထဲဝင်လိုက်ပြီး ရုတ်တရက် လော့ဝမ်ချွမ်းကို ကြည့်လေ၏။


"မင်း ထွန်းချင်လား ဒါမှမဟုတ် ကျွန်တော်ပဲထွန်းရမလား..."


လော့ဝမ်ချွမ်း ခဏမျှစဥ်းစားပြီးနောက် ယွမ်ရှင်းကျဲကို ပြောလိုက်သည်။

"ကျောက်တုံး စက္ကူ ကတ်ကြေးခွဲရအောင်"


ဤနည်းက အဆင်ပြေသည်ဟု ယွမ်ရှင်းကျဲထင်မိသဖြင့် သူခုဏလေးကတင် ထိုးခဲ့သည့်လက်သီးကို ဆန့်ထုတ်ကာ လော့ဝမ်ချွမ်းကို မျက်နှာချင်းဆိုင်လိုက်၏။


"ကျောက်တုံး စက္ကူ ကတ်ကြေး..."


"ခဏ...ဒီအလှည့်က ထည့်မတွက်ဘူး...သုံးပွဲ နှစ်ပွဲနိုင်နော် "


"…”


"မင်းနိုင်တယ်..."


လော့ဝမ်ချွမ်း၏အသံ ထွက်ပေါ်ပြီး သူ့လေသံထဲမှာ အလိုလိုက်မှုများစွာပါရှိနေသည်။


"ငယ်လေး... မီးသွားထွန်းချေ"


အနှီစကားများကို ကြားလိုက်ရသော သူတို့၏အသင်းဖော်များခမျာ တပြုံလုံး ဆွံ့အကုန်ကြ၏။


ချဥ်စူးစူးအချစ်နံ့ကတော့ကွာ...


ကာလက် အံကြိတ်ကာ ပြောလိုက်သည်။


"ဟေး...မက်ခါတွေက ဖိုင်နယ်မှာ ကျောက်တုံးစက္ကူ ကတ်ကြေးကစားနေကြတယ်...သောက်ရစ်ရှည်နေကြတာလား..."


ယွမ်ရှင်းကျဲ နှုတ်ခမ်းပင့်ကာဖြင့် အမာခံနယ်မြေထဲကို ဝင်ပြီး မက်ခါ၏လက်ချောင်းများကို ထိန်းချုပ်ကာ ခလုပ်ကိုဖိလိုက်၏။


သူ မိနစ်ဝက်အကြာ ဆက်ဖိနိုင်သရွေ့ သူတို့ ပထမအမာခံနယ်မြေကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်မှာ ဖြစ်လေသည်။


ဤသည်က ယွမ်ရှင်းကျဲအတွက် တရားဝင် (6 vs 6) ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ယှဥ်ပြိုင်ခြင်းဖြစ်ကာ ပြိုင်ကွင်းထဲကို ပြန်လည်ရောက်ရှိပြီးနောက် သူ၏ပထမဆုံးပြိုင်ပွဲလည်း ဖြစ်သည့်အတွက် အနှီမီးထွန်းခြင်းလုပ်ဆောင်ချက်က သူ့အတွက် ထူးထူးခြားခြားကို အရေးကြီး၏။


သို့ပေမဲ့ နိုရာစစ်တက္ကသိုလ်ကလည်း ခေသူတွေမဟုတ်ကြပေ။ သူတို့၏အခြေအနေကို ချိန်ညှိပြီးသည်နှင့် မြောက်နှင့်တောင်ဘက်ခြမ်းမှ မက်ခါများက ယွမ်ရှင်းကျဲကို လာတားကြသည်။


သို့သော် နိုရာ၏ကပ္ပတိန် အမာခံနယ်မြေရှေ့ကို ရောက်ချိန်တွင် လော့ဝမ်ချွမ်းက သူ၏အလင်းဓားရှည်ကို ဦးစွာဆွဲထုတ်ပြီး သူတို့အား ခုခံနိုင်စွမ်းကင်းမဲ့သော အင်အားဖြင့် တိုက်ခိုက်လာသည်ကို မြင်လိုက်ရ၏။ 


အတုံ့အလှယ်များစွာပြီးနောက် မက်ခါနှစ်စီးသည် အမာခံနယ်မြေကနေ မလျော့တမ်း အပိတ်ဆို့ခံရပြီး ယွမ်ရှင်းကျဲ အလင်းရောင်များ ထွန်းညှိနေသည်ကို ဆက်ကြည့်နေရုံပဲတတ်နိုင်လေသည်။


"လော့ဝမ်ချွမ်း... ငါ့ကိုဝင်ခွင့်ပေးစမ်း...ငါယွမ်ချင်းကျဲနဲ့ PKချချင်တယ်..."


ယွမ်ရှင်းကျဲ၏ ရိုက်နှက်ခြင်းကိုခံခဲ့ရသော နိုရာ၏ကပ္ပတိန်က ဒေါသတကြီးပြောလိုက်၏။


"မင်းနဲ့တိုက်ချင်တာမဟုတ်ဘူး"


လော့ဝမ်ချွမ်းက ဓားရှည်နှင့် သူ့ဆီတည့်တည့်ချိန်ကာ အေးစက်စွာ ပြောလာသည်။


"သူ မီးထွန်းနေတယ်...သူ့ကိုမနှောက်ယှက်နဲ့"


သူလေသံကား "ငါ့မိန်းမအရုပ်တွေနဲ့ကစားနေတယ်...မနှောက်ယှက်နဲ့စမ်း"ဟုပြောနေသကဲ့သို့ပင်။


တစ်ဖက်ပြိုင်ဘက်က ဆွံ့အသွားပြီး နီရဲနေသောမျက်နှာဖြင့် အော်လေ၏။


"ဒါဆို ငါတို့ကဘာလုပ်ရမှာလဲ...သူ့ကို လက်ခုပ်လက်ဝါးတီးပြီး အားပေးရမှာလား..."


သူ့အနေဖြင့်  အရှက်ကွဲမှုကို လက်မခံနိုင်သည့်အတွက် မီးထွန်းနေသောယွမ်ရှင်းကျဲကိုသာ တိုက်ရိုက်တိုက်ခိုက်ပစ်ချင်ပေသည်။


နောက်တစ်စက္ကန့်တွင် ယွမ်ရှင်းကျဲက မီးတိုင်ကိုလက်တစ်ဖက်နှင့် ထွန်းညှိရင်း တခြားလက်က ဘေးကို သာမန်ကာလျှံကာ ယမ်းလိုက်ပြီး လိမ္မော်ရွှေရောင်လက်သီးမှုန်အမြောက်က ​ပြိုင်ဘက်ကိုထိမှန်သွား၏။


လော့ဝမ်ချွမ်းက ထိုအခွင့်အရေးကိုအသုံးချပြီး သူ့ကိုမြေကြီးပေါ် အလှဲသိပ်လိုက်သည်။


နှစ်ဦးသား ဟာကွက်မရှိ အတွဲညီညီ ပူပေါင်းဆောင်ရွက်နေကြ၏။


အမြောက်ပစ်ချက်ကိုမြင်ပြီးနောက် လော့ဝမ်ချွမ်း၏မျက်လုံးများတွင် သဘောကျမှုများပြသလာပြီး လှည့်ကာ ယွမ်ရှင်းကျဲကို ဆိုလိုက်သည်။


"မင်းရဲ့မက်ခါအသစ်က သိပ်အောင်မြင်သားပဲ"


"အဆင်ပြေပါတယ် "


ယွမ်ရှင်းကျဲ၏ မက်ခါကမြေကြီးပေါ်မှာ တင်ပျင်ခွေထိုင်ပြီး ထိုအမျိုးသားကို ယောဂကျင့်နေသည့် အသွင်အပြင် ပေးစွမ်းလိုက်ရင်း ခေါင်းမလှည့်ဘဲပြောလိုက်၏။


"ကျွန်တော် အစတုန်းက တဂ္ဂတလက်ဖဝါးနဲ့ပစ်ချင်တာ...နောက်တစ်ကြိမ်ထိစောင့်ရမှာပဲ"

(E/N–အားကောင်းတဲ့လက်ဖဝါးတိုက်ခိုက်မှုအဖြစ်မှတ်ယူလို့ရတဲ့ ရှန်းရှ/ဝူရှ)


နှစ်ယောက်သားက အိမ်မှာထိုင်ပြီး စကားစမြည်ပြောနေကြဟန်ဖြင့် နိုရာ၏ကပ္ပတိန်ကို မျက်လုံး ထဲလုံးဝပင်မထည့်ပါချေ။


နိုရာ၏ကပ္ပတိန်: "..."


သူရုန်းကန်ချင်ပါသေးသော်လည်း ခေါင်းလှည့်လိုက်သည်နှင့် ဘာမှလုပ်ချိန်မရလိုက်ပါဘဲ လွန်ခဲ့သော တစ်စက္ကန့်က ယွမ်ရှင်းကျဲနှင့်ပြုံးပြုံးရွှင်ရွှင် စကားပြောနေသည့် လော့ဝမ်ချွမ်းက

အလင်းဓါးမက်ခါကို တိုက်ခိုက်ရန် မောင်းနှင်ပြီးသားဖြစ်နေသည်။


"ဘန်း..."


လော့ဝမ်ချွမ်းက သူ့ကို တခဏအတွင်း  မြေကြီးပေါ်ကန်ထုတ်၏။

163.2


ထိုသို့လုပ်ပြီးနောက် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို ပြန်ကြည့်ကာ ခပ်သောသောရယ်မောလိုက်သည်။


"တဂ္ဂတလက်ဖဝါး...အဲ့ဒါကဘာလဲ...ကြားရတာတော့ အရမ်းစွမ်းအားကြီးမဲ့ပုံပဲ"


နိုရာ၏ကပ္ပတိန်: "..."


သူတကယ်ကို မေးချင်မိ၏။

ငါရှိနေတာက မင်းတို့စကားဝိုင်းကို သက်ရောက်မှုရှိရဲ့လားကွာ...


ထိုအချိန်၌ နှင်းဆီနီရောင်အလင်းတန်းက ငြိမ်းသွားပြီး အပြာရောင်အလင်းတန်းဖြင့်အစားထိုးခံလိုက်ရသည်။


အလင်းတန်းထဲတွင် ကြယ်ပင်လယ်တစ်ခုနှင့်အတူ ဒိုင်းကာအမှတ်အသားတစ်ခုက လင်းလက်လာခဲ့၏။


အပြာရောင်အလင်းက ကောင်းကင်ထက်ကို တန်းတန်းမတ်မတ် ထိုးဖောက်ဝင်ရောက်ကာဖြင့်

ပထမအမာခံနယ်မြေ သိမ်းပိုက်ခံလိုက်ရပြီဖြစ်ကြောင်းညွှန်ပြနေသည်။ 


အေးစက်စက်အမျိုးသမီးစက်ရုပ်အသံက ထွက်ပေါ်လာ၏။ 


[ထိုးစစ်သမား–ရှင်းဟိုင်စစ်တက္ကသိုလ်အသင်း–ပထမအမာခံနယ်မြေကိုအောင်မြင်စွာ သိမ်းယူခဲ့ပါတယ်...13မိနစ်နဲ့21စက္ကန့်ကြာမြင့်ပြီးတော့ လက်ကျန်အချိန်ကို နောက်တစ်ချီထဲအလိုအလျောက်ပေါင်းထည့်လိုက်ပါပြီ ]


[ပြိုင်ပွဲဝင်များ ကျေးဇူးပြုပြီး စုဝေးရပ်ကိုသွားပေးပါ...နောက်တစ်ချီထိုးစစ်နဲ့ခံစစ်က ဆယ်မိနစ်အကြာမှာ စတင်ပါလိမ့်မယ်]


ယွမ်ရှင်းကျဲ ထရပ်လိုက်ပြီး သူ၏မက်ခါအသစ်က လော့ဝမ်ချွမ်းဆီသို့လျှောက်သွားကာ လက်သီးဆုပ်တစ်ခု ဆန့်ထုတ်လိုက်သည်။


မြေကြီးပေါ်လဲလျောင်းနေသော နိုရာ၏ကပ္ပတိန် မသိလိုက်ဘာသာဖြင့် တုန်ရီသွားခဲ့၏။


လော့ဝမ်ချွမ်းက နှုတ်ခမ်းများကွေးညွတ်ရင်း သူ၏အလင်းဓားရှည်ကို သိမ်းကာ သူ့မက်ခါ၏လက်သီးကို ဆန့်ထုတ်ပြီး အသာအယာတိုက်လိုက်သည်။  


နိုရာ၏ကပ္ပတိန်: "... "


သူဘာသာသူ ပြန်တွေးမိ၏။: သူငါ့ကိုထိုးတော့မယ်လို့ထင်လိုက်တာကွ...

 


ပထမအကျော့ပြိုင်ပွဲပြီးဆုံးသွားသည်နှင့် ရှင်းဟိုင်တက္ကသိုလ်ထဲက ကျောင်းအားကစားကွင်းမှာ ပြိုင်ပွဲကိုကြည့်နေကြသော ကျောင်သားများ အလွန်အမင်းစိတ်လှုပ်ရှားသွားကြသည်။ လူတိုင်းနီးပါး "ရှင်းဟိုင်က အရမ်းမိုက်တယ်"ဟုလွတ်ခနဲ အော်ဟစ်မိကြ၏။


တစ်ချိန်တည်း၌ ရှီးပေါ်လိုင် ကြိုတင် ခန့်မှန်းထားသကဲ့သို့ပင် ယွမ်ရှင်းကျဲနှင့်သူ့မက်ခါတို့ ရှာဖွေမှုထိပ်ဆုံးစာရင်းကို ဝင်သွားခဲ့သည်။


လူတိုင်း၏မျက်လုံးများအနေဖြင့် ယွမ်ရှင်းကျဲမက်ခါအသစ်၏ ဆွဲဆောင်ခြင်းကိုခံလိုက်ကြရ၏။


ဒုတိယအကျော့ကိုကြည့်ရှုရန် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းသို့ဝင်ရောက်လာသော လူဦးရေမှာ မြင့်မြင့်မားမားကို စံချိန်ချိူးသွားခဲ့သည်။


ဘေးဘက်မဟာမိတ်အဖွဲ့အစည်းကပင် ပထမအဆုံးကြိမ်အဖြစ် ပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့၏၊ 


လိုင်စင်မဲ့ဖြစ်နေသော်ငြားလည်း....


ဤအ​ကြောင်းကြောင့် မဟာမိတ်အဖွဲ့အစည်းကလူများ မကျေမနပ် ​ပြောဆိုညည်းညူနေကြသည်။


"ဘာလို့NCLMရဲ့မူပိုင်ခွင့်ကိုမဝယ်ရတာလဲ...ဒါက လွန်လွန်းတယ်..."


"ငါ့မှာ အင်ပါယာကသူငယ်ချင်းတွေရှိတယ်...ပြိုင်ပွဲရဲ့မှတ်တမ်းကိုရပြီးနေပြီ...လိုချင်တဲ့လူရှိလား"


"အပေါ်ထပ်ရေးးး...ငါဝယ်ချင်တယ်လို့...အခုလေးတင် ရှင်းကျဲရဲ့ပြိုင်ပွဲကိုကြည့်နေရင်း တအား စွဲသွားပြီ"


"ငါလည်း ကြည့်ချင်တယ်လေလို့..."


လူတိုင်း မက်ခါအသစ်၏ အပြတ်မိမိုက်နေသောအထူးပြုလုပ်ချက်အသစ်များကြောင့် ကြိမ်ဖန်များစွာ ကြည့်ရန်အတွက် မစောင့်နိုင်အောင်ဖြစ်နေကြ၏။


ဒုတိယအကျော့ ထိုးစစ်နှင့်ခံစစ်တိုက်ပွဲတွင်မူ မြေပြင်အနေအထားက ရှုပ်ထွေးနေဆဲဖြစ်သော်လည်း ဘယ်သူမှ နိုရာစစ်တက္ကသိုလ်မှာ အားသာချက်ရှိသည်ဟု မခံစားရကြတော့ပေ။


ပရိတ်သတ်များ၏အာရုံက ယွမ်ရှင်းကျဲ၏အပေါ်၌ အလုံးစုံတည်ရှိနေ၏။ နိုရာကျောင်းအသင်းကို အားပေးသူများပင်လျှင် ယခုတွင် မက်ခါအသစ်ကြောင့် အာရုံပြောင်းသွားကြသည်။


မင်ရှောင်းက တခြားသုတေသီများနှင့်အတူ မျှော်လင့်စောင့်စားမှုနှင့်နာကျင်မှုများဖြင့် နားနေခန်းထဲမှာထိုင်နေ၏။


"ငါတကယ်ကို ငါရဲ့မိခင်တက္ကသိုလ်ဖြစ်တဲ့နိုရာ နိုင်ဖို့မျှော်လင့်ပေမဲ့...ဒါက ရှင်းကျဲမက်ခါအသစ်ရဲ့ပထမဆုံးပြကွက်လေ...ငါအရမ်းစိတ်တွေရှုပ်ထွေးနေပြီ..."


"အဲ့ဒါနဲ့ပတ်သတ်ပြီး မပူနဲ့... "


ယူဂျင်းက မင်ရှောင်း၏ပခုံးကို နှစ်သိမ့်လိုသော သဘောဖြင့် ပုတ်ပေးလိုက်၏။


"ဌာနမှူးချန်နဲ့ပါမောက္ခကျင်းရွှမ်က ရှင်းကိုအားပေးဖို့ 'ရှင်းကျဲနိုင်ရမယ်'bannerနဲ့ ကွင်းကိုသွားကြပြီလေကွာ...ငါတို့တခြားဘာမှလုပ်စရာမလိုဘူး"


သူ့မိခင်တက္ကသိုလ်ကို သစ္စာဖောက်ခြင်း၏အပြစ်ရှိစိတ်ကိုသယ်ဆောင်ထားရင်း မင်ရှောင်းက မျက်ရည်တစမ်းစမ်းဖြင့်ပြောလေသည်။


"အမှန်တော့...ယုတ္တိတန်တဲ့ရှုထောင့်ကနေဆိုရင် 

နိုရာအတွက် နိုင်ဖို့ရာမဖြစ်နိုင်ဘူး..."


ယင်းက သူက အဆိုးမြင်သူဖြစ်နေခြင်းကြောင့်မဟုတ်ပါဘဲ ယွမ်ရှင်းကျဲ၏မက်ခါအသစ်မှာ ဖုံးကွယ်ထားသော ပို၍ပင်ကြောက်စရာကောင်းသည့် စွမ်းရည်များရှိနေသေးသည်ကို သူသိသောကြောင့်ပင်။


ပထမအချီတွင် အရှုံးကြီးရှုံးနိမ့်ပြီးနေုက် နိုရာက သူတို့၏ဗျူဟာကို အလျင်အမြန်ချိန်ညှိလိုက်ပြီး လူတိုင်းကို မည်သည့်တိုက်ခိုက်မှုကိုမဆို လိုက်လျော်ညီထွေစွာ တုန့်ပြန်စေနိုင်ကာ လော့ဝမ်ချွမ်းနှင့်ယွမ်ရှင်းကျဲကို တတ်နိုင်သမျှ ပစ်မှတ်ထားရန်ကြိုးစားထား၏။


ဤတစ်ကြိမ်၌ ချောင်းမြောင်းတိုက်ခိုက်ရန် အဝေးကြီးကို ဖြန့်ခွဲမည့်အစား သူတို​အသင်းဖော်အချင်းချင်းကြားတွင် သင့်တော်သောအကွာအဝေးကိုထိန်းထားခဲ့သည့်အတွက် သူတို့အနေဖြင့်  တစ်ယောက်နှင့်တစ်ယောက် မြန်ဆန်စွာ အထောက်အကူပေးနိုင်ကြလေသည်။


ယွမ်ရှင်းကျဲ သူ့အသင်းဖော်တွေအတွက် တာဝန်များကိုစီစဥ်ပေးပြီးနောက် မကြာမီ ပြိုင်ဘက်၏ဖွဲ့စည်းပုံက ပြောင်းနေကြောင်းသတိထားမိသွား၏။


သူတို့က သူ့လှုပ်ရှားမှုများကို ပိုပြီးအာရုံစိုက်နေပုံရသည်။


ဤသည်ကို ယွမ်ရှင်းကျဲ မျှော်လင့်ထားပြီးဖြစ်၏။


"ကျွန်တော်ထင်တာမှန်မယ်ဆိုရင်..."


ယွမ်ရှင်းကျဲက နှုတ်ခမ်းပင့်ကာဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။


"အဲ့ဒီစွမ်းအားအပြည့်နဲ့ကြယ်ပျံမက်ခါနှစ်စီးက ကျွန်တော့်ကို ဝိုင်းဖို့လွှတ်ထားတာပဲဖြစ်ရမယ်"


ယွမ်ရှင်းကျဲ၏ "အမြောက်လက်သီး"ကို ရင်ဆိုင်ရန်အလို့ငှာ နိုရာက ၎င်းကိုဖြေရှင်းနိုင်မည့်နည်းလမ်းတစ်ခုကိုတီထွင်ခဲ့၏။ ဆိုရပါလျှင် မုန်တိုင်းမက်ခါကိုသုံး၍ ထိခိုက်အားကို ပိတ်ဆို့ကာကွယ်ပြီးကြယ်ပျံမက်ခါနှစ်စီးကိုသုံး၍ တန်ပြန်တိုက်ခိုက်မှာဖြစ်ပေသည်။


ခဲ့လိုင်က စိုးရိမ်စွာမေးလိုက်၏။

"ရှင်းကျဲ မင်းကိုင်တွယ်နိုင်ရဲ့လား"


တခြားရှင်းဟိုင်ပြိုင်ပွဲဝင်များအနေဖြင့် ယွမ်ရှင်းကျဲ၏ အစောပိုင်းတိုက်ပွဲကိုမမြင်ခဲ့ကြရသည့်အတွက် သူတို့စိတ်ပူသည်မှာ သဘာဝကျလေသည်။


"ပြဿနာ မရှိဘူး "


ယွမ်ရှင်းကျဲက ပေါ့ပေါ့ပါးပါး ​ပြောလိုက်၏။

"ကျွန်တော်အဆင်သင့်ဖြစ်နေပြီ...မင်းလုပ်ချင်တာလုပ်လို့ရတယ်"


အသင်းဖော်များ:"..."


လော့ဝမ်ချွမ်း:"ကိုယ်မင်းကို base(အခြေစိုက်စခန်း) မှာစောင့်နေမယ်"


xxxxxxxx