အပိုင်း ၁၆၆
Viewers 17k

Chapter 166


မကြာမီ ရှင်းဟိုင်ကျောင်းအသင်းက တခြား အဖွဲ့ဝင်များစွာ ယင်းမက်ခါကိုသတိထားမိသွားကြသည်။


သူတို့က ချက်ချင်း သတိကြီးကြီးထားပြီး ရှေ့တက်တားဆီးရန်အဆင်သင့်ဖြစ်နေကြ၏။


သို့သော်လည်း ယွမ်ရှင်းကျဲက ဤသည်ကို အင်မတန်အထူးတလည်ကို သတိပြုမိလေသည်။


သူက မီးထွန်းနေသည်ကိုမရပ်ပါဘဲ လက်တစ်ဖက်ကို အသာဖြေကာ သာ၍သာ၍ ထိန်းမနိုင်သိမ်းမရဖြစ်လာသောမက်ခါရှိရာဆီသို့ တစ်စုံတစ်ခုကို ပစ်လွှင့်လိုက်၏။


အနက်ရောင်မက်ခါကုဗတုံးလေးက လေထဲမှာပျံတင်သွားခဲ့သည်။


မက်ခါတစ်ခုအဖြစ် လေထဲမှာပြောင်းလဲသွားပြီး လူတိုင်း၏မျက်လုံးများကို ပြူးကျယ်သွားစေ၏။


"အာ...မဟုတ်မှလွဲရော..."


"သေစမ်း...ငါမျက်လုံးတွေကန်းကုန်ပြီလား"


"ယွမ်ရှင်းကျဲရဲ့ကြောင်ရုပ်ဆိုး...ပြန်လာပြီ..."


ရှိနေသည့်လူတိုင်း၏ အံအားသင့်နေသောမျက်လုံးများထဲတွင် တစ်ချိန်က ပြိုင်ကွင်းကိုလွှမ်းမိုးခဲ့သော စက်ရုပ်သားရဲက ကောင်းကင်ထက်ကနေပြုတ်ကျလာပြီး အတိအကျကို...


နိုရာကပ္ပတိန်၏အလင်းဓါးမက်ခါ၏ ခေါင်းပေါ်မှာ ကျယ်လောင်သောဆူညံသံတစ်ခုနှင့်အတူ ထိုင်ချလိုက်လေသည်။


စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုကနေလွတ်မြောက်တော့မည့်ဆဲဆဲ အလင်းဓါးမက်ခါသည် ကောင်းကင်းထက်နေပြုတ်ကျလာသော စက်ရုပ်သားရဲ၏ဖိချေ ခြင်းကိုခံလိုက်ရပြီး ရုတ်ချည်းဟန်ချက်မညီဖြစ်သွားသည့်အတွက်  မြေကြီးပေါ်ကို တန်းပြီးပြုတ်ကျသွား၏။


ထို့နောက်တွင် အလင်းဓားမက်ခါပေါ်၌ထိုင်နေသော ကြောင်ရုပ်ဆိုးက ထုံးစုံအတိုင်း ၎င်း၏သန်မာသော ဖိနှိပ်မှုစွမ်းရည်ကိုပြသနေခဲ့သည်။


အခြေအနေကိုမြင်ပြီးနောက် လူတိုင်း မထိန်းချုပ်နိုင်အောင်ပင် စိတ်လှုပ်ရှားသွားခဲ့၏။


"သူ့ကြည့်ရတာ ဝိတ်တက်လာသလားလို့..."


"ဘယ်လိုလုပ် စက်ရုပ်သားရဲတစ်ကောင်က ဝိတ်တက်မှာလဲ...ယွမ်ရှင်းကျဲက သူ့ကိုမွမ်းမံထားလို့နေမှာပေါ့"


"ဒါပေမဲ့ အရင်လိုရုပ်ဆိုးနေတုန်းပဲ...ရုပ်ဆိုးပြီးချစ်စရာကောင်းတယ်"


"ကောင်းလိုက်တာ... ငါသူ့ကို မမြင်ရတော့ဘူးလို့ထင်နေတာ..."


နောက်ဆုံးအခိုက်အတန့်မှာ ယွမ်ရှင်းကျဲ၏ စက်ရုပ်သားရဲပေါ်လာခြင်းက လူတိုင်း၏နှလုံးသားထဲရှိ ဝမ်းနည်းမှုသေးသေးလေးများကို ပျောက်ပသွားစေ၏။ ဤNCLMကို

အပိတ်နိဂုံးအတွက် ပျော်ရွှင်ဖွယ်ပန်းချီကားတစ်ချပ်အဖြစ် မှတ်ယူ၍ရပေသည်။ 


ကြောင်ကိုမြင်ပြီးနောက် ရှင်းဟိုင်တက္ကသိုလ်ကလူတွေအကုန်လုံး လုံခြုံဘေးကင်းသွားသလိုခံစားလိုက်ရ၏။


ကာလက်က သရော်ရင်း ရယ်စရာပြောလိုက်သည်။


"ဒီကြောင်ကအများကြီးပြောင်းမသွားဘူးပဲ...ယွမ်ရှင်းကျဲက သူ့ကိုဘယ်လိုပြန်ပြင်လိုက်မှန်းဘယ်သူသိမှာလဲ....."


သူ့စကားမဆုံးခင်မှာ... 


တတိယမိ အပြာရောင်အလင်တန်းတစ်ခုက အထဲမှာ တောက်ပနေသော ကြယ်ပယ်လယ်ဒိုင်းအမှတ်အသားနှင့်အတူ အရှိန်တညီးညီး ထွန်းလင်းလာခဲ့၏။


ယွမ်ရှင်းကျဲ သူ့လက်ချောင်းများကို ဖြေလျော့လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားမိသည်။


စက်ရုပ်အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာခဲ့၏။


[ထိုးစစ်သမား– ရှင်းဟိုင်တက္ကသိုလ်အသင်းက တတိယအမာခံနယ်မြေကိုအောင်မြင်စွာ သိမ်းပိုက်ပြီးပါပြီ...7မိနစ်နဲ့15စက္ကန့်ကြာမြင့်ပါတယ် ]


ဤသည်က ရှင်းဟိုင်တက္ကသိုလ်အနေဖြင့် 6vs6ထိုးစစ်နှင့်ခံစစ်တိုက်ပွဲကို အနိုင်ရရှိခဲ့ပြီဟူသောအဓိပ္ပါယ်ပင်။


ရမှတ်က 2:5ကနေ 6:5ဆီသို့ ချက်ချင်းလက်ငင်းပြောင်းလဲသွားခဲ့လေသည်။ ရှင်းဟိုင်စစ်တက္ကသိုလ်က နိုရာစစ်တက္ကသိုလ်ကို တန်းပြီး အသာစီးယူနိုင်သွားပြီး ယခုနှစ်၏ NCLMချန်ပီယံဖြစ်လာခဲ့၏။


ထိုအချိန်၌ မှတ်ချက်ပေးသူအားလုံးက ၎င်းတို့၏အရိုးသားဆုံးဂုဏ်ပြုလွှာများကို ပေးပို့ခဲ့ပြီး

မနှစ်ကချန်ပီယံကို အနိုင်ယူကာ ယခုကဲ့သို့ အံဩမင်သက်ဖွယ်ပြိုင်ပွဲတစ်ခု ယူဆောင်လာပေးသည့်အတွက် အနှီအသစ်စက်စက်ထွက်ပေါ်လာသော မြင်းနက်(ဖျက်မြင်း)ကို ဂုဏ်ပြုခဲ့ကြသည်။


"ငါတို့...အနိုင်ရတယ်"


ခဲ့လိုင် အနှီရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်သော်လည်း ဤအခိုက်အတန့်တွင် ပြည့်လျှမ်းလာသော ကြည်နူးမှုအဟုန်က သူကိုပီတိဖြာစေနိုင်ဆဲပင်။


ဟဲဟောင်မင် ခေါင်းမော့ကာ မြင့်မားထည်ဝါသောအလင်းတန်းကြီးကို ဘဝင်ခိုက်စွာ တမေ့တမော ငေးကြည့်နေမိသည်။


"ငါတို့ကတကယ်ကြီး...ချန်ပီယံတွေလား"


မနှစ်က သူတို့အနေဖြင့် ပဲငံပြာရည်ပဲဖြစ်ခဲ့ကြပြီး 

အစောကြီး ရှုံးနိမ့်ပြီးကတည်းက ဘေးကနေပဲကြည့်နေခဲ့ရသော်လည်း ယခုနှစ်တွင်မူ သူတို့ အဆင့်မြင့်စစ်တက္ကသိုလ်များကိုအနိုင်ယူနိုင်ခဲ့ပြီး တစ်ရှိန်တည်းဖြင့် နိုရာစစ်တက္ကသိုလ်ကိုပါ ဖိချေနိုင်ခဲ့၏။


ပျော်ရွှင်မှုက မြန်ဆန်လွန်းစွာ ရောက်ရှိလာခဲ့ပြီး အံအားသင့်နေသော၊ စိတ်လှုပ်ရှားနေသောအသံများ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့လေသည်။


"ဒါပေါ့...ငါတို့ကချန်ပီယံတွေကွ..."


အက်ရှလေက PAစနစ်ကတစ်ဆင့် စိတ်လှုပ်ရှားစွာအော်ပြောလိုက်၏။


"ငါတို့တွေ ဒီည စားတော်ပွဲကြီးကြီးတည်ကြမယ်ဟေ့"


ကာလက်၏ရှားရှားပါးပါး ပျော်ရွှင်နေသောလေသံက ထွက်လာသည်။

"တစ်နပ်တည်းနဲ့ဘယ်ရမလဲ"


လော့ဝမ်ချွမ်းကမူ အလွန်မတုန်မလှုပ်ရှိနေ၏။ သူက သူ၏အလင်းဓါးမက်ခါကိုမောင်းနှင်ပြီး ယွမ်ရှင်းကျဲ၏မက်ခါအသစ်ဆီသို့ လျှောက်သွားလိုက်၏။


ယွမ်ရှင်းကျဲကလည်း သူဆီကိုလျှောက်လာနေလေသည်။


အမြင့်အတူတူခန့်ရှိသော မက်ခါနှစ်စီးက တစ်စီးနှင့်တစ်စီး မျက်နှာချင်းဆိုင်ကာ ရပ်လိုက်ကြ၏။

မည်သူကမှစကားမဆိုသော်လည်း သူတို့က

ထူးထူးခြားခြား လိုက်ဖက်နေကြသည်။


ရှင်းဟိုင်က လူတိုင်း ထိုအချင်းအရာကိုမြင်သွားကြပြီး သူတို့အကုန်လုံး ထိုမြင်ကွင်း၏ဆွဲဆောင်ခြင်းကို  ခံလိုက်ကြရ၏။


ချန်ပီယံဆုကို အနိုင်ရခြင်း၏ ဂုဏ်ဒြပ်အများစုမှာ ယွမ်ရှင်းကျဲနှင့်လော့ဝမ်ချွမ်းဆီဦးတည်သွားကြောင်း သူတို့သိကြပေသည်။


မက်ခါနှစ်စီးက သူတို့၏စက်ရုပ်လက်များကို တပြိုင်တည်း  ဆန့်ထုတ်ကာ လက်သီးချင်းတိုက်လိုက်၏။


အပြာရောင်အလင်းတန်းကို နောက်ခံအဖြစ်ထားလျက် သတ္ထုချင်းရိုက်ခတ်သံက လွင့်မျောနေသောဖုန်မှုန့်များကြားထဲ ပဲ့တင်ထပ်လာသည်။


ပြိုင်ကွင်း၏အပြင်ဘက်၌ ပရိတ်သတ်များက ယွမ်ရှင်းကျဲနှင့်လော့ဝမ်ချွမ်းတို့ကြားရှိ ဆက်ဆံရေးကြောင့်  ခိုက်(ရင်ဘက်ထဲထိ) ကုန်ကြရင်း ရှင်းဟိုင်၏အောင်ပွဲအတွက် ချီးကျူးဂုဏ်ပြုကာ အောင်ပွဲခံကြ၏။


"သမီးရည်းစားတွေ ဘေးချင်းယှဥ်တိုက်ခိုက်တာက အရမ်းမိုက်တာပဲ"


"မတွေ့ဘူးလား... နိုင်လဲနိုင်ရော နှစ်ယောက်သား

တစ်ယောက်ကိုတစ်ယောက် တန်း​ပြေးရှာတာလေ"


"အား...အားး..ဘယ်လို နတ်သမီးပုံပြင်အချစ်လေးလဲဟာ..."

–166.2


 

လုရန်ရှုနှင့်တခြားသူများက ရှင်းဟိုင်တက္ကသိုလ်ဝင်းအတွင်းမှာ ထိုင်နေရင်း ဘေးပတ်ပတ်လည်ကနေ ရိုက်ခတ်လာသော အသံလှိုင်းများကို နားထောင်နေကြသည်။


အချို့လူများက အောင်ပွဲခံနေကြကာ အချို့လူများက မီးရှူးမီးပန်းတွေပစ်နေကြပြီး အချို့လူများကမူ ပေါက်ပေါက်တွေ ပက်ကြဲနေကြလျက်...


"ငါတိုက ပထမကွ..."


"ရှင်းဟိုင် နိုင်ပြီ"


"တို့တွေနောက်ဆုံးတော့ ချန်ပီယံဆုကို အနိုင်ရပြီဟေ့..."


လုရန်ရှု ဆူညံသံများကြားမှ တိုက်ရိုက်ထုတ်လွှင့် အစီရင်ခံချက်ကိုနားထောင်လိုက်၏။


အစီရင်ခံချက်A:[ မြင်ရတဲ့အတိုင်းပါပဲ...ပြိုင်ပွဲအပြီးမှာ လော့ဝမ်ချွမ်းနဲ့ယွမ်ရှင်းကျဲတို့က အနိုင်ရပြီးတာနဲ့ တန်းပြီး ပြေးတွေ့ကြတာပါပဲခင်ဗျာ...ကြည့်ရှုသူအများအပြားက ဒီမြင်ကွင်းကြောင့် စိတ်လှုပ်ရှားကုန်ကြပါတယ်...အဲ့ဒါက သူတို့ရဲ့ အကျော်ဇေယျအချစ်ရဲ့သင်ကေတလားဆိုတာ ကျွန်တော်သိချင်မိပါရဲ့...]


အစီရင်ခံချက်B:[တကယ်တော့ ကျွန်တော့်အမြင်မှာ ဒီနှစ်ယောက်ကြားက ဆက်ဆံရေးထက်ပို တန်ဖိုးရှိတာက အလင်းဓါးမက်ခါက မက်ခါလောကရဲ့မူလရည်ရွယ်ချက်ကို ကိုယ်စားပြုနေတဲ့ အင်ပါယာရဲ့ပထမဆုံးမက်ခါပါ...ပြီးတော့ ယွမ်ရှင်းကျဲရဲ့မက်ခါအသစ်က အခုလေးတင် အရမ်းအံဩစရာကောင်းတဲ့ စွမ်းဆောင်မှုများစွာကို ထုတ်ဖော်ပြသခဲ့ပါတယ်...ဒါက ကြည့်ရှုနေတဲ့ကျွန်တော်တို့အားလုံးကို အံအားသင့်သွားစေခဲ့ပါတယ်...ဒီစုံတွဲက မက်ခါလောကရဲ့ ခေတ်သစ်ကိုကိုယ်စားပြုလိုက်တာပါပဲခင်ဗျာ]


သူတို့နှစ်ဦးတွင် တစ်ဦးက အတိတ်ကအင်ပါယာ၏ ဘုန်းကျက်သရေကို ကိုယ်စားပြုနေပြီး 

တခြားတစ်ဦးက အနာဂတ်၏မျှော်လင့်ချက်ကိုကိုယ်စားပြုနေပေသည်။


မက်ခါနှစ်ခုကြားက လက်သီးချင်းတိုက်မှုက လူတိုင်းကို မက်ခါလောကကြီးက အတိတ်အမွေနှင့် အနာဂတ်ဂုဏ်ကျက်သရေကို သယ်ဆောင်ရင်း  ရှေ့ဆက်သွားနေကြောင်း ပြောပြနေသကဲ့သို့ပင်။


ထိုအခိုက်အတန့်တွင် လုရန်ရှု၏မျက်လုံးများ ရုတ်ချည်း ကျိန်းစပ်လာခဲ့၏။


ယွမ်ရှင်းကျဲ မက်ခါပြိုင်ပွဲအတွက်စာရင်းပေးစဥ်က ယွမ်ရှင်းကျဲက မကြာမီလက်လျော့အရှုံးပေးလိမ့်မည်ဟု သူထင်ခဲ့သည်။ 


မမျှော်လင့်စွာဖြင့် ယွမ်ရှင်းကျဲက ကြီးမားလှစွာသော အံဖွယ်ဖြစ်ရပ်ကြီးတစ်ခုကိုဖန်တီးခဲ့၏။


"နောက်နှစ်ကျရင် ငါလည်း ကျောင်းအသင်းထဲကိုဝင်မယ်"

အားတက်သွားသော လုရန်ရှု လက်သီးဆုပ်ကာ တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။

"ငါလည်း NCLMမှာဝင်ပြိုင်ချင်တယ်"


စုကျိနန်က ခပ်ဖွဖွရယ်ပြီး ဟာသလုပ်လာ၏။


"ဒါဆို မင်းပိုပြီး ခပ်သွက်သွက်လုပ်မှရမယ်...တကယ်တမ်းကျ မင်းကအခု ငါ့ကိုတောင်မနိုင်ဘူးလေ... "


ဤအတောအတွင်းမှာ စုကျိနန်က အိုမီဂါမက်ခါအသင်းကို လည်ပတ်ရန်ကူညီပေးနေခဲ့သလို လုရန်ရှု၏လေ့ကျင့်ရေးကိုလည်း ကူညီပေးနေခဲ့သဖြင့် လုရန်ရှု၏ခွန်အားကို အတော်လေး ကောင်းကောင်းသိလေသည်။


လုရန်ရှု တန်းပြီး ရှက်သွေးဖြာသွားကာ သူ့ကိုလှည့်၍ စိုက်ကြည့်လာ၏။


"ကိုယ့်ကိုကိုယ် အဟုတ်ထင်မနေနဲ့...ငါ မင်းကို အနှေးနဲ့အမြန် ရိုက်ချပစ်မှာ"


မတွေးတတ်လောက်အောင်ပင် စုကျိနန်  ယခင်ယွမ်ရှင်းကျဲ၏အရိပ်ကို လုရန်ရှု၏ကိုယ်ပေါ်မှာမြင်လိုက်ရသည်။


စုကျီနန် စက္ကန့်အနည်းငယ်ခန့် ကြက်သေသေသွားပြီး သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးနေသော စိတ်ခံစားချက်တချို့ ဖြတ်ပြေးသွားခဲ့၏။


ထို့နောက်တွင်မူ သူ၏နှုတ်ခမ်းထောင့်စွန်းများ ရုတ်ချည်းကွေးညွှတ်လာပြီး လုရန်ရှုကို ဖြည်းညင်းစွာ ပြောလိုက်လေသည်။

"အိုခေ...ငါအဲဒီနေ့ကိုစောင့်မျှော်နေပါ့မယ်"


 အတိတ်တုန်းက စုကျီနန်အနေဖြင့် လုရန်ရှုလိုမျိုး အိုမီဂါများအပေါ် အထင်သေးခဲ့၏။ သို့ပေမဲ့ ယခုမူ လုရန်ရှု ကြီးပြင်းလာပြီး ကွင်းပြင်ထဲမှာ သူ၏တောက်ပမှုကို ပြသမည်ကို သူတကယ် စောင့်မျှော်နေမိသည်။


6vs6ပွဲစဥ်ပြီးနောက် ပြိုင်ပွဲဝင်များ ကြီးမားလှသော ထိုးစစ်နှင့်ခံစစ် ပြိုင်ကွင်းထံမှ ထွက်လာပြီး

အဓိကကွင်းသို့ပြန်လာခဲ့ကြသည်။


ကွင်၏အလယ်ဗဟို၌ အင်ပါယာမှ နာမည်ကြီးတီးဝိုင်းတစ်ခုက ပြိုင်ပွဲဝင်များအတွက် သွေးဆူစေသော သီချင်းများကို သီဆိုနေ၏။


အသင်းနှစ်သင်း ကွင်းထဲပြန်ရောက်လာသောအခါ ပရိတ်သတ်များက သူတို့ကို နွေးထွေးစွာလက်ခုပ်ဩဘာပေးခဲ့ကြသည်။


အနှီလူများထဲတွင် သဘာဝအတိုင်း ယွမ်ရှင်းကျဲက မျက်စိအဖမ်းစားခံရဆုံးဖြစ်လေ၏။


ပွဲကြည့်ပရိတ်သတ်များစွာက သူဆီကို အော်ဟစ်ကြသည်မှာ "ဘော့ရှင်းကျဲက အရမ်းမိုက်တာပဲ"၊

"ယွမ်ရှင်းကျဲ နင်ကအရမ်းချောတယ်"၊"ယွမ်ရှင်းကျဲ မင်းရဲ့မက်ခါက ဘယ်လောက်ကျလဲ"၊"ယွမ်ရှင်းကျဲ မင်းရဲ့ကြောင်ကိုထိခွင့်ပေးပါ့လား"စသဖြင့်ပင်။


နိုရာအသင်းအနေဖြင့် ယွမ်ရှင်းကျဲဆီကနေ ဆိုးဆိုးရွားရွား ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး ထိခိုက်မှုမရှိတော့သော်လည်း 6vs6တွင် ပါဝင်ယှဥ်ပြိုင်ခဲ့သော နိုရာမှ ထိပ်တန်းကစားသမားများအတွက် ဥပစာ အဓိကဗိုလ်ချုပ်ဖြစ်သူများက လက်ရှိတွင် အကုန်လုံး ယိုးတိုးယိုင်တိုင်ဖြင့် လမ်းလျှောက်နေကြသည်။


သူတို့ ဘဲလေးကနေ သလိုမျိူး ခံစားနေရဆဲပင်။ 


သို့ရာတွင် နိုရာက 6vs6မှာ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဆုကို ဆုံးရှုံးခဲ့သော်ငြားပင် သူတို့အနေဖြင့် ပြိုင်ကွင်းမှထွက်လာပြီးနောက် ယွမ်ရှင်းကျဲ၏မက်ခါအသစ်ကို အလွန်စိတ်ဝင်စားနေကြပြီး ယင်းက မည်သို့သော ကြောက်စရာကောင်းသည့်မက်ခါလဲဆိုသည်ကို သိချင်နေကြသည်။


ထို့နောက်တွင် လူတိုင်း ဆုလက်ခံရယူရန် စင်မြင့်ထက်သို့တက်သွားကြ၏။ ဤသည်က နှစ်ပေါင်းများစွာကြာပြီးနောက် ရှင်းဟိုင်စစ်တက္ကသိုလ်၏ပထမဆုံး ခက်ခက်ခဲခဲအနိုင်ရခဲ့သည့် ချန်ပီယံဆုဖလားဖြစ်ပေသည်။


ယွမ်ရှင်းကျဲ ဆီးနှင်းပွင်များ၊ဖဲကြိုးများ ကျဆင်းနေသည့်ကြားတွငိ ဆုဖလားကို ကောက်ယူလိုက်ပြီး ယင်းက သူ့အား အစစ်အမှန်မဟုတ်သလိုမျိုး ခံစားချက်ကိုပေးစွမ်းနေ၏။


ဆုဖလားငယ်လေးက ဤကာလအတွင်း သူဖြတ်သန်းခဲ့ရသော လမ်းကိုကိုယ်စားပြုလေသည်။


နောက်တစ်စက္ကန့်တွင် လေ့ာဝမ်ချွမ်း၏အသံက သူ့နားထဲတွင် တီးတိုးထွက်ပေါ်လာ၏။


"ပျော်ရဲ့လား "


ယွမ်ရှင်းကျဲ   ငယ်ရွယ်ချောမောသော အမျိုးသားကို လှည့်ကြည့်လိုက်ရာ ခေါင်းထက်တွင် ရောင်စုံစက္ကူစတချို့ကပ်နေသည်ကိုသာ မြင်လိုက်ရသော်လည်း ယင်းက သူ၏ချောမောခန့်ညားမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။


"ပျော်တယ်"


ယွမ်ရှင်းကျဲ နှုတ်ခမ်းပင့်ကာဖြင့် ပြန်ဖြေလိုက်၏။

"ပြိုင်ပွဲနိုင်တဲ့အတွက် ကျွန်တော် အရမ်းပျော်တယ်... မင်းကကျွန်တော့်ဘေးမှာရှိနေတဲ့အတွက်လည်း ကျွန်တော်ပျော်တယ်...ဆိုတော့ နှစ်ဆပျော်တာပေါ့"


လော့ဝမ်ချွမ်း ကြောင်အသွားခဲ့ပြီး ၎င်းနောက် သူ့နှုတ်ခမ်းထောင့်စွန်းများက ခပ်တိပ်တိပ်မျဥ်းကွေးအပိုင်းလေးများအဖြစ်သို့ ကွေးတက်သွားကာ သူ့မျက်လူံးများကမူ ယွမ်ရှင်းကျဲကို တန်းတန်းမတ်မတ် ငေးစိုက်ကြည့်နေခဲ့သည်။


ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်း၏ကျဥ်းမြောင်း လှပသော မျက်ဝန်းများထံတွင် တဖန်ထပ်မံပြီး နစ်မြုပ်သွားခဲ့ပြန်၏။


xxxxxxx