အပိုင်း ၁၆၇
Viewers 17k

Chapter 167


သူအနည်းငယ် မိန်းမောသွားစဥ်မှာပင် လော့ဝမ်ချွမ်းက သူဆီသို့ ရုတ်တရက် ကိုင်းညွှတ်လာပြီး ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ကာ အပြုံးတစ်ခု နှင့်အတူ ယွမ်ရှင်းကျဲ၏နှုတ်ခမ်းများထက်၌ အနမ်းတစ်ပွင့် ခြွေချလိုက်လေသည်။


ဤမြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့်မှုက အမိအရ ရိုက်ကူးထား၏။


ပရိသတ်များအနေဖြင့် သူတို့နှစ်ယောက်၏လှုပ်ရှားမှုများကို မျက်စိနှင့်တပ်အပ်မြင်လိုက်ရုံသာမက လော့ဝမ်ချွမ်းက ပြုံးကာဖြင့် 

ယွမ်ရှင်းကျဲကိုနမ်းနေသည်ကို တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်အကြီးကြီးပေါ်မှာလည်း မြင်လိုက်ကြရသည်။


(အား...အားး..အားးး...အရမ်း ကလူ၏သို့မြူ၏သို့ လုပ်တာပဲ)


(လော့ဝမ်ချွမ်း တကယ်ကြီးပြုံးလိုက်တယ်...သူတကယ်ကြီး ပြုံးလိုက်တာ...)


(အရမ်းချိုတာပဲ...အား...အား...ကျေးဇူးပြုပြီး ချက်ချင်းလက်ငင်းလက်ထပ်ကြပါ...ငါ နင်တို့ကို ဂုဏ်ပြုငွေတချို့ပေးမယ်လေးးး..)


အော်သံများ ပွက်ပွက်ဆူလာ၏။ ဘယ်သူမှ လော့ဝမ်ချွမ်းက ဤသို့ ညင်သာနူးညံ့ပြီး ဆန္ဒပြင်းပြနေသည်ကို မမြင်ဖူးကြသလို ယွမ်ရှင်းကျဲကိုလည်း ယင်းကဲ့သို့ ရှက်သွေးဖြာနေသောအမူအရာနှင့် တစ်ခါမှမမြင်ဖူးကြပါချေ။ အားကစားကွင်းတစ်ခုလုံးက ပန်ရောင် အချစ်ရိပ်အချစ်ငွေ့များဖြင့် ပြည့်နှက်နေဟန်ရှိလေသည်။


သူတို့ ချန်ပီယံစင်မြင့်ထက်မှာရပ်ကာ မိနစ်ဝက်မျှ အထိန်းအချုပ်မဲ့စွာအနမ်းပေးခဲ့ကြ၏။ 


ဘေးမှာရှိသည့် သူတို့၏အသင်းဖော်များလည်း မျက်လုံးပြူးသွားကြသည်။ ဤမမျှော်လင့်ထားသောမြင်ကွင်းက သူတို့အား ဆုဖလားကိုကိုင်ရမလား မကိုင်ရဘူးလားဆိုသည်ကို မသိတော့ လုနီးပါးပင်။ 


ထို့နောက်တွင် သူတို့၏အသင်းဖော်များအနေဖြင့် အောင်ပွဲခံသည့်အထဲမှာ ပူးပေါင်းပါဝင်လိုက်ကြပြီး သူတို့အတွက် ချီးကျူးဂုဏ်ပြုကာ ကောင်းချီးဩဘာပေးလိုက်ကြ၏။


ဂုဏ်ကျက်သရေနှင့်ချစ်ခြင်းမေတ္တာတို့က ဤအခိုက်အတန့်မှာ တစ်ခုနှင့်တစ်ခု ပနံသင့်နေခဲ့ကြလေသည်။


ဆုချီးမြင့်ပြီးနောကိ ပွဲစီစဥ်သူများက MVPစတင်ရွေးချယ်ကြ၏။


ဤဂုဏ်ပုဒ်ကို လော်ဝမ်ချွမ်း သို့မဟုတ်ယွမ်ရှင်းကျဲကို ပေးအပ်လိမ့်မည်ဟု လူတိုင်းထင်ကြေးပေးနေကြသည်။


အနှီနှစ်ယောက်၏လုပ်ဆောင်ချက်က ကောင်းလွန်းနေ၍ဖြစ်လောက်ပေမည်။ အစဥ်အမြဲ အလွန်အမင်းလျှင်မြန်စွာရွေးချယ်လေ့ရှိသော  ပွဲဖြစ်မြောက်ရေးကော်မတီခမျာ ယခုအချိန်၌ ခက်ခဲသော ဦးနောက်စားသည့် ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရ၏။


သို့သော်လည်း အဆုံး၌ သူတို့အနေဖြင့် အဖြေတစ်ခုကိုပေးနိုင်ဆဲဖြစ်လေသည်။


အစီအစဥ်တင်ဆက်သူက အဖြေများကိုရပြီးနောက် မိုက်ခရိုဖုန်းကိုကိုင်ကာ ပရိသတ်များကို ကြေညာ၏။


"ပွဲဖြစ်မြောက်ရေးကော်မတီက ရွေးချယ်ပြီးတဲ့နောက်မှာ...ဒီနှစ် NCLMရဲ့MVPပြိုင်ပွဲဝင်ကတော့—"


ထိုစကားများကိုကြားရာတွင် လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲ၏လက်ကောက်ဝတ်လေးကို ဆုပ်ကိုင်လိုက်သည်။ သူက ခေါင်းလှည့်ကာ  စကားမဆိုပါဘဲ နှုတ်ခမ်းထောင့်စွန်းများကိုသာ ပင့်လျက် ကြင်နာယုယမှုများပြည့်နေသောမျက်လုံးများဖြင့် သူ့ကိုကြည့်လိုက်၏။ ယွမ်ရှင်းကျဲကလည်း သူ့ကို ထပ်တူညီသောနွေးထွေးမှုများဖြင့် ပြန်ကြည့်လာသည်။


နှစ်ဦးသား တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည့်အခိုက်မှာပင် အစီအစဥ်တင်ဆက်သူ၏အသံက ထွက်ပေါ်လာ၏။


"ယွမ်ရှင်းကျဲနဲ့လော့ဝမ်ချွမ်းးးး... ဟုတ်ပါတယ်...နှစ်ယောက်ပါခမျာ..."


လူတိုင်း ဘာတွေဖြစ်ပျက်သွားမှန်း နားလည်နိုင်ကြပေသည်။


NCLMပြိုင်ပွဲ၏သမိုင်းမှာ ပထမဆုံးအကြိမ် MVPကို ပြိုင်ပွဲဝင်နှစ်ဦးအား တပြိုင်တည်း ချီးမြင့်ခြင်းဖြစ်၏။


သို့ရာတွင် ဘယ်သူကမှ ယင်းက မသင့်လျော်ဟုမထင်ကြပါချေ။


"သူတို့ထဲက တစ်ယောက်ဟာ ကွင်းထဲမှာ တည်ငြိမ်စွာ စွမ်းဆောင်ခဲ့ပြီး ရှင်းဟိုင်ကို အခက်အခဲဆုံးအချိန်တွေမှာ ဦးဆောင် ဖြတ်ကျော်ခဲ့ကာ ရှေးအကျဆုံးအလင်းဓါးမက်ခါနဲ့အတူ ကြီးမားတဲ့လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းကို ပြသခဲ့ပါတယ်ခင်ဗျာ"


အစီအစဥ်တင်ဆက်သူက MVP ရွေးချယ်ခြင်း၏အကြောင်းအရာများကို ဆက်လက်ဖတ်ပြလိုက်သည်။


"တခြားတစ်​ယောက်ကတော့ ပြိုင်ကွင်းထဲမှာ  အံအားသင့်စရာတွေ အဆက်မပြတ် ဖန်တီးပေးခဲ့တဲ့လျှို့ဝှက်နက်နဲလှတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့အပြင် ကျွန်တော်တို့အားလုံးကို အဆန်းကြယ်ဆုံး မွမ်းမံမှုတွေနဲ့ အခိုင်မာဆုံးစိတ်ဓာတ်ကို ပြသပေးခဲ့ပြီး အံဖွယ်ဖြစ်ရပ်တွေကို တစ်ခုပြီးတစ်ခုယူဆောင်လာပေးခဲ့တဲ့သူပါ"


"သူတို့ကို ဂုဏ်ပြုကြရအောင်လားခင်ဗျာ..."


ဤထူးခြားသောရလဒ်အတွက် ယွမ်ရှင်းကျဲကလည်း ထူးပြီး အံ့ဩမနေ ပါချေ။


အနှီဂုဏ်သရေက သူတို့ပိုင်ဆိုင်သင့်သည့်အရာဖြစ်နေ သကဲ့သို့ပင်။


ပွဲစီစဉ်သူက သူတို့နှစ်ယောက်ကို မက်ခါပုံစံ ရွှေသား ဆုဒိုင်းနှစ်ခုချီးမြင့်လေသည်။ အနှီဆုဒိုင်းက ချန်ပီယံဆုဖလားထက်များစွာ တန်ဖိုးပိုကြီးပြီး ယွမ်ရှင်းကျဲ၏လက်ထဲတွင် အတော် လေးသလိုခံစားရ၏။


ဆုချီးမြင့်ပွဲပြီးသည့်နောက် အစီအစဥ်တင်ဆက်သူက ယွမ်ရှင်းကျဲကို အထူးတလည် အင်တာဗျူးလာသည်။


"ရှင်းကျဲ... အခု မင်းကMVPဆိုတော့ ထူးရှယ်မက်ခါတစ်စီးယူလို့ရပြီ ...ဘယ်လိုမက်ခါမျိုးလိုချင်လဲ"


"မက်ခါအမျိူးအစားအသစ်တစ်ခုဖြစ်ဖို့ မျှော်လင့်ပါတယ်"


ယွမ်ရှင်းကျဲက တည်တည်ငြိမ်ငြိမ် ဆိုလိုက်၏။

"ကျွန်တော်ရဲ့လမ်းညွှန်မှု​အောက်မှာ လုပ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ"


[ကျွန်တော်ရဲ့လမ်းညွှန်မှုအောင်မှာလုပ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ]


ထိုစကားကို ကြားရသောအခါ ပွဲစီစဉ်သူခေါင်းဆောင်များ စက္ကန့်အနည်းငယ်ခန့် ငြိမ်သက်သွားသည်။ 


သမိုင်းတွင် ပြိုင်ပွဲဝင်တစ်ဦးက ဤသို့ပြောရဲသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေ၏။


သို့ပေမဲ့ ဘယ်သူမှ မငြင်းဆိုဝံ့ကြချေ။


သူတို့အနေဖြင့် ဒုတိယမက်ခါအသစ်မွေးဖွားခြင်းကို မြက်မြင်ကြုံတွေ့ရန်ပင် မျှော်လင့်နေကြသေးသည်။


စက္ကန့်အနည်းငယ်မျှ မည်သို့တုံ့ပြန်ရမှန်းမသိဖြစ်နေပြီးမှ အစီအစဥ်တင်ဆက်သူက မှတ်ချက်ပေးလာ၏။


"ရှင်းကျဲရေ သူတို့လည်း မင်းရဲ့လမ်းညွှန်မှုကို နားထောင်ရမှာ ပျော်နေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"


ထို့နောက် အစီအစဥ်တင်ဆက်သူက လော့ဝမ်ချွမ်းကိုလည်း တူညီသောမေးခွန်းကိုမေးလိုက်ပြီး လော့ဝမ်ချွမ်း၏အဖြေသည်ကား:

"မက်ခါအမျိူးအစားက အရေးမကြီးပါဘူး...အဓိက ယွမ်ရှင်းကျဲရဲ့ဟာနဲ့ အရောင်အသွေးတူ အရွယ်အစားတူ ပစ္စည်းတူဖို့ပါပဲ"


"ကာပယ်(စုံတွဲ) မက်ခါကိုပြောနေတာလား"

အစီအစဥ်တင်ဆက်သူက မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။


"အားပါးပါး...မင်းက နောင်ကျရင်  မက်ခါကိုသုံးပြီး မင်းတို့ရဲ့အချစ်တွေကိုပြသမှာတော့မဟုတ်ပါဘူးနော်"


လော့ဝမ်ချွမ်း၏အောက်နှုတ်ခမ်းက ယောင်ယောင်လေး ကွေးတက်သွားပြီး နှုတ်ဆိတ်နေမြဲပင်။

ယွမ်ရှင်းကျဲက ခေါင်းညိတ်ကာ လော့ဝမ်ချွမ်း၏ဆုံးဖြတ်ချက်ကို သဘောတူလိုက်၏။


"ဘယ်သူက အခမဲ့ကာပယ်မက်ခါမလိုချင်မှာလဲ"


ပရိတ်သတ်များအနေဖြင့် ထိုနှစ်ယောက်ကို ခဏမျှ မနာလိုအားကျမိကုန်ကြသည်။


သူတို့က သမိုင်းမှာ ပထမဆုံး"ပူးတွဲMVP"တစ်စုံဖြစ်ရုံသာမက စုံတွဲမက်ခါတစ်စုံလည်းရဦးမည်ပင်။


ခဲ့လိုင် ဘေးကနေ   စိတ်ဆိုးမာန်ဆိုးဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။


"စင်ဂယ်ခွေးတွေအကုန်လုံးကို တော်ရုံပဲနှိပ်စက် ပါ အသေတော့ မသတ်နဲ့ဟေ့... ငါတို့ကို  ကျောင်းအသင်းထဲမှာ မင်းတို့ရဲ့အချစ်မက်ခါတွေကို နေ့တိုင်းကြည့်နေစေချင်တာလား "


"ဟုတ်တယ်...ဒါတော့များလွန်သွားပြီ.."


"ကာပယ်မက်ခါကိုဆန့်ကျင်ကြ...ကျေးဇူးပြုပြီး စင်ဂယ်ခွေးတစ်ကောင်ရဲ့ခံစားချက်တွေကို ထည့်သွင်းစဥ်းစားပေးပါ..."


"ကန့်ကွက်ပါတယ်... "


လော့ဝမ်ချွမ်းက သူ့အသင်းဖော်များကို တစ်ချက်ကြည့်ကာ သရော်လိုက်ရင်း စကားသုံးခွန်းကို တစ်လုံးချင်း ပြောလေသည်။

"ကန့်ကွက်နေလည်း အသုံးမဝင်ဘူး "


MVPကြေညာချက်အပြီးမှာ လူတိုင်းစင်ပေါ်က ဆင်းသွားသင့်ပေသည်။ သို့ပေမဲ့ ထိုအချိန်တွင် 

ယွမ်ရှင်းကျဲက အစီအစဥ်တင်ဆက်သူကို ရုတ်တရက် ထပြော၏။


"ကျွန်တော် ခင်ဗျားရဲ့ အသံချဲ့စက်ရုပ်ငှားလို့ရမလား"


အစီအစဥ်တင်ဆက်သူ အံအားသင့်သွားပြီး ယွမ်ရှင်းကျဲဘာလုပ်ချင်မှန်း နားမလည်သော်လည်း အလျင်အမြန် သူ့ကိုကမ်းပေးလိုက်သည်။

167.2


ထို့နောက်တွင်ကား ယွမ်ရှင်းကျဲ အသံချဲ့စက်ရုပ်မှတစ်ဆင့် လေထဲမှာပြောလိုက်လေ၏။


"ကျွန်တော် ဒီပလက်ဖောင်းကိုသုံးပြီး လူတိုင်းကိုပြောချင်ပါတယ်...ပြိုင်ပွဲထဲမှာကျွန်တော်မောင်းနှင်ခဲ့တဲ့ ဒီမက်ခါအသစ်ကို ရှင်းချွမ်းကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ အွန်လိုင်းကနေ လေလံတင်ရောင်းချမှာဖြစ်ပါတယ်...လူတိုင်း ကြေညာချက်ကို အာရုံစိုက်ပေးနိုင်ပါတယ်...ဟုတ်ပါတယ်ခင်ဗျာ ကြောင်တော့မပါဝင်ပါဘူး..."


ဤမက်ခါအသစ်က ယွမ်ရှင်းကျဲ မွမ်းမံ တည်ဆောက်ထားခြင်းဖြစ်ပေသည်။ သူ့မျက်လုံးထဲတွင် ၎င်း၏စွမ်းဆောင်ရည်က သာမန်မျှသာဖြစ်သဖြင့် ယွမ်ရှင်းကျဲ၏ မူလအစီအစဥ်ကိုက ၎င်း၏စွမ်းဆောင်ရည်ကို ပြိုင်ပွဲထဲမှာ ပြသပြီး 

ပြိုင်ပွဲအပြီးမှာ ရောင်းချရန်ဖြစ်၏။


ရရှိလာသောရန်ပုံငွေများက ရှင်းချွမ်းမက်ခါကုမ္ပဏီ၏ ပထမဆုံးဝင်ငွေအဖြစ် ထမ်းဆောင်ပေးမည်ဖြစ်ပြီး ကုမ္ပဏီ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးအခန်းကဏ္ဍမှပါဝင်မှာဖြစ်လေသည်။


အစီအစဥ်တင်ဆက်သူ အတန်ကြာအောင် ဆွံ့အသွားခဲ့ပြီး တုံ့ပြန်နိုင်ဖို့ရာ အချိန်အတော်ယူလိုက်ရ၏။


"NCLMမှာ ကြော်ငြာဖို့ ရောက်လာတာလားဗျာ"


ယွမ်ရှင်းကျဲ၏မက်ခါက ပြိုင်ပွဲထဲမှာ လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး ယခုတွင် လေလံတင်ရောင်းချမည့်သတင်းထွက်ပေါ်လာခဲ့သည်။ ဤသည်က အာရုံစိုက်မှုအများအပြားကိုဆွဲဆောင်နိုင်ခဲ့၏။


ထိုမှသာ ယွမ်ရှင်းကျဲက ပြိုင်ပွဲအတွက်တင်လာခဲ့ခြင်းမဟုတ်ဘဲ အခမဲ့ကြော်ငြာခွင့်ကို အရယူရန်အတွက်ပါ ရောက်လာခြင်းဖြစ်ကြောင်း လူတိုင်းနားလည်သွားတော့သည်။


ကြော်ငြာ၏အကျိုးသက်ရောက်မှုက အရှင်းကြီးကို အမြင့်ဆုံးမှာပင်။


ပွဲခင်းထဲတွင် ပြိုင်ပွဲ ကျင်းပရာနေရာမှ ထွက်ခွာတော့မည့် လူထုကြီးဟာ ချက်ချင်းတန်းပြီး ဆူညံပွက်လောရိုက်လာ၏။


"သေစမ်း...ဒီမက်ခါကို တကယ်ရောင်းမှာပေါ့...."


"ဘာလို့ကြောင်မပါရတာလဲ...ငါ ကြောင်တစ်ကောင်လိုချင်တယ်လေလို့..."


"လာစမ်းပါ...ရရင်တောင် နင်အဲ့ကြောင်ကိုထိန်းချုပ်နိုင်မှာမဟုတ်ဘူး...ယွမ်ရှင်းကျဲ တစ်ယောက်ပဲ အဲ့ဒီစက်ရုပ်သားရဲကို ထိန်းချုပ်နိုင်တယ်"


"ဘယ်လောက်နဲ့ရောင်းမှာလဲ...ငါ့မှာ ဝယ်ဖို့အခွင့်အရေးရှိရဲ့လား"


ယွမ်ရှင်းကျဲက ဆက်ပြောသည်။


"ရောင်းချငွေရဲ့တစ်စိတ်တစ်ပိုင်းကို ရှင်းချွမ်းက  မက်ခါအမျိုးအစား အသစ်တွေ ဆက်လက် သုတေသနပြုပြီး တီထွင်ထုတ်လုပ်ဖို့ အသုံးပြုသွားမှာပါ...ကျန်ငွေတွေကိုတော့ မက်ခါလုပ်ငန်းနယ်ပယ်မှာ အိုမီဂါတွေရဲ့တက်လမ်းကို တိုးမြှင့်ရေးအတွက်   ကြယ်အစုအဝေး အင်ပါယာအိုမီဂါမက်ခါအသင်း တည်ထောင်ဖို့အသုံးပြုသွားမှာပါ...ရှင်းချွမ်းမက်ခါကုမ္ပဏီက အရည်အချင်းရှိတဲ့လူတိုင်းကို အလုပ်လုပ်ဖို့ကြိုဆိုပါတယ်..."


သူ့စကားများက ရိုးရိုးစင်းစင်းနှင့် ရှင်းလင်း ပြတ်သားနေပြီး လူတိုင်းကို ဤလေလံပွဲက အကျိုးအမြတ် သက်သက်အတွက် မဟုတ်ဘဲ 

မက်ခါလုပ်ငန်းနယ်ပယ်အတွင်းရှိ အိုမီဂါများ၏ သုခနှင့် အဆင့်အတန်းကို မြင့်တင်ရန်အတွက်ပါဖြစ်ကြောင်း ​ပြောပြနေခဲ့သည်။ 


 

အချိန်အတိုင်းအတာတစ်ခုအထိ လူတိုင်းသည် ဤလေလံပွဲကိုစိတ်လှုပ်ရှားစွာ စောင့်မျှော်ခဲ့ကြသည်။


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင်တွင် ဖန်သားပြင်သည် ဖတ်၍မရသော မှတ်ချက်ဘားတန်းများဖြင့် ပြည့်နေပြီး အကုန်လုံးက သူတို့ ဘယ်အချိန် လေလံပွဲမှာ ပါဝင်နိုင်မလဲဆိုသည်ကို မေးထားခြင်းများဖြစ်၏။


အဆင့်မြင်မက်ခါကုမ္ပဏီများ၏ အကြီးအကဲများကလည်း ရှင်းချွမ်းမက်ခါကုမ္ပဏီ၏ဝက်ဘ်ဆိုဒ်ကို တိတ်တိတ်လေး followလုပ်ထားကြပြီး လေလံပွဲမှာ အချိန်မရွေးပါဝင်ရန် အဆင်သင့်ဖြစ်နေကြသည်။


ပြိုင်ပွဲအပြီးမှာ ရှင်းဟိုင် ချန်ပီယံဖြစ်သွားသည့် သတင်းက သဘာဝအတိုင်း လူထု၏အမြင်လှိုင်းလုံးကြီးကို ဖြစ်ပေါ်စေပြီး ပူးတွဲMVP မွေးဖွားလာခြင်းကလည်း အင်တာနက်သုံးစွဲသူများအတွက် 

ရေပန်းစားနေသာ ခေါင်းစဥ်တစ်ခုဖြစ်လာခဲ့၏။


သို့ရာတွင် အာရုံစိုက်မှုအများဆုံးရရှိသည်က ယွမ်ရှင်းကျဲပြောခဲ့သော မိန့်ခွန်းဖြစ်လေသည်။


အင်တာနက်သုံးစွဲသူများက ယွမ်ရှင်းကျဲကို သူ၏ခွန်အားနှင့်အိုင်ကျူ(ဉာဏ်ရည်) ကြောင့်တင်သာမက သာမန်စွန့်ဦးတီထွင်သူများတွင်မရှိသည့် တာဝန်သိစိတ် သူ့မှာရှိနေခြင်းအတွက်ပါ ချီးကျူးကြ၏။


အနှီအရှေ့လေကို အသုံးချ၍ ရှင်းချွမ်းမက်ခါကုမ္ပဏီက ကွန်ယက်တခွင် ရှာဖွေမှုအမြင့်ဆုံးစာရင်းသို့ တိုက်ရိုက်ရောက်ရှိသွားပြီး အနာဂတ်မက်ခါလောက၏မျှော်လင့်ချက်ဟု ခေါ်စမှတ်အတွင်ခံခဲ့ရသည်။


မည့်သည့်ကုမ္ပဏီအသစ်ကမှ အချိန်တိုလေးအတွင်းမှာ ဤသို့ လူများစွာ၏အာရုံစိုက်မှုကို မဆွဲဆောင်နိုင်ခဲ့ဖူးပေ။


ယွမ်မိသားစုလည်း သဘာဝအတိုင်း ဤအချင်းအရာကို သတိထားမိလေသည်။


ယွမ်ချန်ရှန့်အနေဖြင့် ဤရက်ပိုင်းတွင် စတော့စျေးနှုန်းများ သိသိသာကျဆင်းသွားခြင်းကြောင့် ဒုက္ခရောက်နေခဲ့၏။


သူ ယွမ်ရှင်းကျဲနှင့် ပြန်လည်သင့်မြတ်ချင်ပါသော်လည်း အခွင့်အရေးလုံးဝရှာမတွေ့ပေ။ ချန်ရှန့်မက်ခါကုမ္ပဏီ၏အတွင်းပိုင်းသည်လည်း ပြိုလဲပျက်စီးသွားခဲ့သည်။


စာရင်းပင်မသွင်းထားရသေးသည့် ရှင်းချွမ်းမက်ခါကုမ္ပဏီနှင့် ယှဥ်ပါက ချန်ရှန့်မက်ခါကုမ္ပဏီက 

ဝင်ခါနီးနေတစ်စင်းကဲ့သို့ဖြစ်နေ၏။


ယွမ်ရှင်းကျဲ ချန်ပီယံဆုကိုအနိုင်ရသွားသည့် သတင်းထွက်လာသည်နှင့် ချန်ရှန့်၏ရှယ်ယာစျေးနှုန်းက ထပ်မံကျဆင်းသွားခဲ့သည်။


ယွမ်ရှင်းကျဲက သူမက်ခါကိုလေလံတင်တော့မည်ဟု ကြေညာပြီးနောက်တွင်ကား ချန်ရှန့်၏ရှယ်ယာစျေးက မကြုံစဖူးအနိမ့်ဆုံးအဆင့်ထိ ကျဆင်းသွားခဲ့၏။


ယွမ်ရှင်းကျဲ၏ခွန်အားကို ထုတ်ဖော်ပြသသည့်အခါတိုင်း ယွမ်ချန်ရှန့်၏ အရည်အချင်းမရှိမှုနှင့် အမြင်မရှိမှုတို့က ပိုပို၍ သက်သေအပြခံနေရသလိုပင်။


xxxxxxxx