အပိုင်း ၁၇၀
Viewers 21k

Chapter 170


သို့ရာတွင် ရှယ်ယာရှင်များ၏ တုံ့ပြန်မှုကား

ဆန့်ကျင့်ဘက်သာဖြစ်နေလေသည်။ သူတို့ အလွန်ပျော်နေကြ၏။


"အိုခေ...ဘော့စ်ရှင်းကျဲက ခွင့်လွတ်ပေးပြီး ငါ့ကိုရှယ်ယာတချို့ထိန်းသိမ်းခွင့်ပေးနေသရွေ့  ငါလည်း အနာဂတ်မှာ  ရှင်းချွမ်းရဲ့ရှယ်ယာရှင်တစ်ဦး ဖြစ်လာမှာပါ"


"ကောင်းလိုက်တာ... ငါလည်း စတော့စျေးကွက် *စိမ်းစိမ်းသွားတာကို ကြည့်နေရတာ စိတ်ကုန်နေပြီ "

(E/T–အာရှစတော့စျေးကွက်မှာဆိုရင် နေ့တိုင်း  အစိမ်း=ကျ/အနီ=တက်ပါ)


"ချန်ရှန့်က ရှင်းချွမ်းရဲ့ကုမ္ပဏီခွဲဖြစ်လာမယ်ဆိုရင် ငါတို့မှာတောက်ပတဲ့အနာဂတ်ရှိနေပြီ"


ချန်ရှန့် မူးလဲတော့မတတ် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။


"မင်းတို့ မျက်လုံးဖြူဝံပုလွေတွေ...မင်း...မင်းတို့....."


ယွမ်ချန်ရှန့်မှလွဲ၍ တခြားရှယ်ယာရှင်တွေ အကုန်လုံးက ရှင်းချွမ်း၏ဝယ်ယူမှုကမ်းလှမ်းချက်ကို တညီတညွတ်တည်း သဘောတူခဲ့ကြ၏။


ချင်ရွှမ်းက  ယွမ်ချန်ရှန့်၏ရှေ့မှာပင် ယွမ်ရှင်းကျဲကို လက်မှတ်ထိုးရန်ဖိတ်ခေါ်လိုက်သည်။


သုံးရက်အကြာတွင် ချန်ရှန့်မက်ခါကုမ္ပဏီက ရှင်းချွမ်းမက်ခါကုမ္ပဏီ၏ လုပ်ငန်းခွဲအဖြစ်အောင်မြင်စွာ ဖြစ်လာခဲ့သည်။


ယခု ယွမ်ရှင်းကျဲ၏လက်ထဲမှာ ငွေအမြောက်အများရှိနေလေပြီ။ သူက ချန်ရှန့်၏ရှယ်ယာအကုန်လုံးနီးပါးကိုဝယ်ယူခဲ့ပြီး သေးငယ်သော တစ်စိတ်တစ်ပိုင်းကိုသာ ချန်ထားကာ အချို့သော ထူးချွန်ထက်မြက်သည့် ရှယ်ယာရှင်များကို

ရှယ်ယာအနည်းငယ် ဆက်ကိုင်ထားခွင့်ပေးခဲ့၏။ 


မှန်သည်ပင်၊ ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့၏ရှယ်ယာများကိုကား သူအကုန်လုံးသိမ်းယူပစ်လိုက်လေပြီ။


ယွမ်ချန်ရှန့်တစ်ယောက် ယွမ်ရှင်းကျဲ အနှီအရာများ လုပ်နေသည်ကို ကြည့်ပဲကြည့်နေရပြီး သူ့မှာ ဘာတစ်ခုမှလုပ်နိုင်စွမ်းမရှိတော့ပေ။


ယွမ်မိသားစုအတွက် ချန်ရှန့်အဆောက်အဦး ၏အစည်းအဝေးခန်းထဲမှာ  စုဝေးရှိနေ သည်ကား ရှားပါးလှသည်။ 


ယွမ်ဝူလည်း ဘာတွေဖြစ်ပျက်သွားမှန်း သိသော်ငြား သူ့ပုံစံက ယွမ်ချန်ရှန့်ထက် အများကြီးပိုတည်ငြိမ်၏။ မည်သို့ပင်ဖြစ်စေ ၊ ယွမ်ချန်ရှန့် လုပ်ထားသည့်အရာကို သူလည်းသိသဖြင့် 

ယခုလိုအဆုံးသတ်သွားရခြင်းမှာ သူ့အပြစ်နှင့်သူဖြစ်လေသည်။


"ယွမ်ရှင်းကျဲ...မင်းက မင်းမိဘတွေကိုအိမ်အပြင်မောင်းထုတ်ဖို့စီစဥ်နေတာလား" 


ယွမ်ချန်ရှန့် ယွမ်ရှင်းကျဲကို မယုံကြည်နိုင်သော မျက်လုံးများဖြင့်ကြည့်လိုက်၏။


ထိုသို့ပြောပြီးနောက် သူက ချင်ရွှမ်းကို တဖန်ကြည့်လိုက်ပြန်သည်။


"ပြီးတော့ မင်း...မင်းက တချိန်လုံး ချန်ရှန့်ကုမ္ပဏီကိုသစ္စာဖောက်ဖို့အလုပ်ရှုပ်နေတာလား" 


ချင်ရွှမ်းက ဟင်းခနဲ မယုတ်မလွန်ခပ်တိုးတိုးညည်းလိုက်ပြီး ၎င်းနောက် ယွမ်ရှင်းကျဲ ကိုကြည့်ကာ ဖြည်းဖြည်းချင်း ဆိုလေ၏။


"ငါ့ရဲ့အတိတ်ကလုပ်ရပ်တွေက ပြန်ပြင်လို့မရတော့မှန်းသိပါတယ်...ဒီအရောင်းအဝယ်က မင်းအပေါ် ငါရဲ့တောင်းပန်မှုပါ..."


ချင်ရွှမ်း၏အကူအညီကြောင့် ရှင်းချွမ်းက ချန်ရှန့်ကို ချောချောမွေ့မွေ့ အကောင်းဆုံးစျေးနှုန်းဖြင့် 

ဝယ်ယူနိုင်ခဲ့သည်။


ရှင်းချွမ်းက မှတ်ပုံမတင်ရသေးပါဘဲ ချန်ရှန့်က မှတ်ပုံတင်ပြီးသားကုမ္ပဏီတစ်ခု့ဖြစ်လေရာ ယင်းက ယွမ်ရှင်းကျဲအတွက် အကျိုးရှိမည့်အရာဖြစ်သည်မှာ အသေအချာပင်။


"ကျွန်တော်သိပါတယ် "


ယွမ်ရှင်းကျဲ ချင်ရွှမ်းကိုလျှောက်သွားပြီ သူမကိုကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။


"ချင်ရွှမ်း...ခင်ဗျားရဲ့လုပ်နိုင်စွမ်းက အရမ်းသန်မာတယ်...ခင်ဗျားက ရှယ်ယာရှင်တစ်ယောက်မဟုတ်တော့ပေမဲ့လည်း ကျွန်တော် ခင်ဗျားကို ခင်ဗျားလုပ်ထားတဲ့အရာအတွက် ပြင်ဆင်ဖို့အခွင့်အရေးပေးချင်တယ်...ခင်ဗျားဒါကိုလုပ်နိုင်တာနဲ့ ခင်ဗျားရဲ့အားစိုက်မှုတွေကို ရှင်းချွမ်းထဲမှာထည့်ထားမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ရှယ်ယာတချို့ပြန်ပေးမယ်"


သူ့စကားများ ထွက်ကျလာသည်နှင့် ချင်ရွှမ်း၏မျက်လုံးများတွင့် အံ့အားသင့်မှုများနှင့်ပျော်ရွှင်မှုများ ပြသလာခဲ့သည်။


"မင်း...မင်းငါ့ကို ကူညီဖို့ဆန္ဒရှိနေသေးတယ်ပေါ့"

"ကျွန်တော် ခင်ဗျားကို ကူညီနေတာမဟုတ်ဘူး..."


ယွမ်ရှင်းကျဲ၏နှုတ်ခမ်းများ ကော့တက်လာပြီး သူ့မျက်လုံးများကမူ မတွေးတက်အောင်နက်နဲနေခဲ့၏။


"ကျွန်တော်က ကျွန်တော်ရဲ့စိတ်ဝင်စားမှုတွေကို များနိုင်သမျှများအောင်လုပ်နေရုံတင်ပဲ"


ပြောရမည်ဆိုပါက ချင်ရွှမ်းအတွက် ဤသည်က 

အတော်လေးကောင်းနေပြီဟုပြော၍ရပေသည်။ 


ယွမ်ချန်ရှန့်က အင်အားမဲ့နေပြီးသားဖြစ်လေရာ ကိုယ့်မာနကိုယ်လျော့ပြီး နှုတ်ခမ်းများကို တင်းတင်းစေ့ကာ ယွမ်ရှင်းကျဲကို ကသိကအောက်ဖြင့်မေးလိုက်၏။


"ငါကရော ရှင်းကျဲ ...ငါ့ကိုဘယ်ရာထူးပေးချင်လဲ"


ယွမ်ရှင်းကျဲက ယွမ်ချန်ရှန့်ကို အေးစက်စက်အကြည့်များဖြင့် ကြည့်လိုက်ပြီး ရုတ်ချည်း သရော်လေသည်။


"ရှင်းကျဲက ခင်ဗျားအော်လို့ရတဲ့ဟာလား"

(ခေါ်လို့ရတဲ့နာမည်လား)


ယွမ်ချန်ရှန့်က သူ့စကားများထဲရှိအေးစက်မှုကို သတိမထားမိပါဘဲ တံတွေးမျိုချပြီး အပြုံးတစ်ခုညစ်ထုတ်လိုက်၏။


"ငါ့သားအလိမ္မာလေး...မင်း....."


စကားတစ်ဝက်တပျက်မှာ ယွမ်ရှင်းကျဲ ဥက္ကဋ္ဌထိုင်ခုံမှာ ခြေချင်းချိတ်ကာဝင်ထိုင်လိုက်ပြီး ယွမ်ချန်ရှန့်ကို ကြည့်ကာဖြင့်


"ကျွန်တော်က ခင်ဗျားရဲ့သူဌေး...ခင်ဗျားသားမဟုတ်ဘူး"


ယွမ်ချန်ရှန့်၏အမူအရာမှာ ယင်ကောင်စားမိလိုက်သကဲ့သို့ တန်းပြီး ပြောင်းလဲသွားလေသည်။ 

သို့ပေမဲ့ သူ့တစ်သက်တာလုံး ဂုဏ်သိက္ခာနှင့် စည်းစိမ်ဥစ္စာများကို ထိန်းသိမ်းနိုင်ရန်နှင့် သူနှင့်သူ့သားကြားရှိ ဆက်နွယ်မှုကို ထိန်းထားနိုင်ရန်အတွက် သူဆက်ပြီး အောက်ကျို့ အရှက်ခွဲခံနေရ၏။


"သူဌေးမှန်ပါတယ်...ကျွန်တော့်ကို မဆူတဲ့အတွက် ကျေးဇူးပါသူဌေး"


မာနကြီးသောပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် သူ့သားကို "သူဌေး"​ဟု ခေါ်နေရခြင်းက မည်မျှချဥ်တူးနေကြောင်း စိတ်ကူးကြည့်၍ရပေသည်။


ယွမ်ရှင်းကျဲ ယွမ်ချန်ရှန့်၏နဖူးပေါ်ကချွေးများကို မြင်ပြီးသားဖြစ်၏။


"အိုခေ...မနက်ဖြန် ရှင်းချွမ်းမှာအလုပ်လုပ်ဖို့လာခဲ့"

ယွမ်ရှင်းကျဲက လက်ကြီးကြီးဖြင့် ရက်ရက်ရောရောပြောလိုက်သည်။


ယွမ်ချန်ရှန့် ပျော်ပင်မပျော်နိုင်သေးခင်မှာ

ယွမ်ရှင်းကျဲ၏နောက်ဝါကျက သူ့ကို ကြက်သေသေသွားစေ၏။

"ကျွန်တော် အိမ်သာသန့်ရှင်းရေးလုပ်မဲ့လူလိုတယ်" 


ယွမ်ချန်ရှန့်၏မျက်နှာက  နီရဲသွားရာမှ ဖြူဖွေးသွားပြီး နောက်ဆုံးတွင်ပြာနှမ်းသွားလျက် မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ 


"မင်း...မင်းက ငါ့ကို အိမ်သာသန့်ရှင်းရေးလုပ်ဖို့ မင်းကုမ္ပဏီကို လာခိုင်းတာလား...ယွမ်ရှင်းကျဲ ငါကမင်းအဖေပါကွ..."


"မကြိုက်ရင်လည်း ထွက်သွားလိုက်..."


ယွမ်ရှင်းကျဲက မတ်တပ်ထရပ်ကာ တည်ငြိမ်ပြီး အထက်စီးဆန်သောအသံ​ဖြင့်ဆိုလိုက်၏။


"သတိရဦး...ခင်ဗျားမှာ ရှင်းချွမ်းကို အိမ်သာသန့်ရှင်းရေးလာလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး"


ယွမ်ချန်ရှန့်လည်း ယွမ်ရှင်းကျဲကလက်ရှိမှာ စင်ပေါ်ရောက်နေကြောင်း သိပ်ကိုကောင်းကောင်းသိပါ၏။ သူသာ အိမ်ကနေမောင်းအထုတ်ခံရပါက 

ပြန်လာရန်မဖြစ်နိုင်သလို တခြား ဘယ်သူကမှလည်း သူ့ကို ကူညီနိုင်မှာမဟုတ်ပေ။

170.2


ဤအရှက်တရားက ယွမ်ချန်ရှန့်၏နှုတ်ခမ်းများကို ဖြူဖွေးသွားစေပြီး မူးလဲလုမတတ်ပင်။


ယွမ်ချန်ရှန့်ကို ဆွပေးပြီးနောက် ယွမ်ရှင်းကျဲ  နှုတ်ခမ်းပင့်ကာဖြင့် အောင်နိုင်သူတစ်ယောက်၏ပုံစံဖြင့် သူ့ကို မတူမတန်ဟန် ကြည့်လိုက်သည်။


"ခင်ဗျား ကျွန်တော့်ကို စေ့စပ်ဖို့ဖိအားပေးတဲ့အချိန်တုန်းက ဒီနေ့လိုဖြစ်လာမယ်လို့ တွေးမိခဲ့ဖူးလား "


ထိုစကားများကို ကြားရာတွင် ယွမ်ချန်ရှန့် ကိုယ့်ကိုကိုယ် ဆက်ပြီးမထိန်းချုပ်နိုင်တော့ပါချေ။

သူ့ခြေထောက်များ ပျော့ခွေသွားပြီး ကြမ်းပြက်ပေါ် လဲကျလုမတတ်ပင်။


ကံကောင်းထောက်မစွာဖြင့် ယွမ်ဝူက သူ့ကိုအမြန်ထိန်းပေးလာ၏။ ယွမ်ချန်ရှန့်က နောက်ဆုံးသော ကောက်ရိုးမျှင်ကို ဆွဲထားဟန်ရှိပြီး  ယွမ်ဝူကိုပြောလိုက်သည်။


"ရှောင်ဝူ...သားကတော့ အဖေ့ကိုသစ္စာမဖောက်ဘူးမလား...သား စစ်တက္ကသိုလ်ကို သွားပြီး ကြိုးကြိုးစားစား သင်ယူသရွေ့ အနာဂတ်မှာ  အဖေသားကို ထောက်ပံ့ပေးမှာပါသားရယ်"


ယွမ်ရှင်းကျဲက ယွမ်ဝူကိုကြည့်လိုက်၏။ သူအနေဖြင့် အနှီညီငယ်လေးအပေါ် ရန်ငြိုးရန်စမရှိသည့်အတွက် မေးလိုက်သည်။ 


"ယွမ်ဝူ...မင်း အနာဂတ်မှာ မက်ခါမောင်းနှင်ချင်လား"


ယွမ်ဝူ ကြောင်အသွားလေ၏။ သူ့အစ်ကိုက သူ့ကို ဤမေးခွန်းမေးလာမည်ဟု သူမထင်ထားခဲ့ပေ။ 


ခဏမျှ စဥ်းစားပြီးနောက် ယွမ်ဝူက အဖြေပြန်ပေးလိုက်သည်။


"ဟင့်အင်း..."


ယွမ်ဝူ  အခိုင်အမာ ခေါင်းယမ်းလိုက်၏။

"ကျွန်တော် ကလေးဘဝကတည်းက အဖေက ကျွန်တော်ကို မက်ခါသင်ခိုင်းခဲ့တာ...ဒါပေမဲ့  ဒါက ကျွန်တော့်ဝါသနာမဟုတ်ဘူး...သူ ကျွန်တော့်ကို ကျွန်တော်ဘာကြိုက်သလဲလို့ တစ်ခါမှမမေးဖူးဘူး"


ယွမ်ချန်ရှန့် ယွမ်ဝူကိုကြည့်နေရင်း မယုံ​ကြည်နိုင်ဖြစ်နေသည်။


"မင်းရူးနေတာလား"


ယွမ်ရှင်းကျဲက တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်မေး၏။


"ဒါဆို မင်းဘာလုပ်ချင်လဲ"


"ကျွန်တော် ဗိသုကာဒီဇိုင်းနာတစ်ယောက်ဖြစ်ချင်တယ်"


ယွမ်ဝူ နှုတ်ခမ်းကိုတင်းတင်းစေ့ကာဖြင့် အနည်းငယ်ရှက်ရွံ့စွာပြောလိုက်သည်။


"ကျွန်တော် အနာဂတ်ကျရင်  အစ်ကို့လိုမျိူး ဒီဇိုင်းလောကထဲက လူတစ်ယောက်ဖြစ်လာရင် သိပ်ကောင်းမှာပဲ"


ဤသည်က ယွမ်ဝူအတွက် ပထမဆုံးအကြိမ် သူ့စိတ်ကူးများကိုဖော်ပြခြင်းဖြစ်လေ၏။


ချင်ရွှမ်းနှင့် ယွမ်ချန်ရှန့်တို့ နှစ်ယောက်လုံး အနည်းငယ် အံအားသင့်သွားကြသည်။


ယွမ်ရှင်းကျဲက ယွမ်ဝူကိုပြောလိုက်၏။


"ကောင်းတယ်...မင်းမှာ ပန်းတိုင်ရှိနေသရွေ ငါမင်းကို ထောက်ပံ့ပေးပြီး အကောင်းဆုံးဗိသုကာကျောင်းကို တတ်ခိုင်းမှာပါ..."


ယွမ်ချန်ရှန့် ဒေါသတကြီး ပြောလိုက်သည်။


"ဒီဇိုင်းက ဘာလုပ်ငန်းနယ်ပယ်မျိူးလဲ...ရုပ်ပိုင်းဆိုင်ရာခွန်အားမရှိတဲ့သူတွေ အရည်အချင်းရှိတဲ့အိုမီဂါတွေအတွက်လေ...ယွမ်ဝူ မင်း.....


"ပါးစပ်ပိတ်ထားစမ်း ယွမ်ချန်ရှန့်... "


ယွမ်ရှင်းကျဲ သူ၏အပြုအမူကို ဆက်ကြည့်နေနိုင်ဖို့ရာ စိတ်မရှည်တော့သဖြင့် အေးစက်စွာ ဖြတ်ပြောလိုက်၏။


"အိမ်သာသန့်ရှင်းရေးလုပ်ဖို့အတွက် ခင်ဗျားအလှည့် မရောက်သေးဘူး...အနာဂတ်ကျရင် ကျေးဇူးပြုပြီး ဒီနေရာကထွက်သွားပေးပါ...ကျွန်တော် ခင်ဗျားကို မြို့တော်ကြယ်မှာ မမြင်ချင်ဘူး"


ယွမ်ချန်ရှန့် ယွမ်ရှင်းကျဲကို ဒေါသတကြီး  ကြည့်လိုက်သည်။


"ယွမ်ရှင်းကျဲ... မင်းဘာလိုဒီလောက်ရက်စက်ရတာလဲ... ချင်ရွှမ်းကို သုံးပြီး ကုမ္ပဏီကိုဝယ်တာက အဆင်ပြေပေမဲ့ မင်းက မင်းရဲ့ညီကိုတောင် အလားအလာမရှိတဲ့ဟာကို လုပ်ဖို့ တွန်းအားပေးနေတယ်"


"ခင်ဗျားကရော အလားအလာရှိရဲ့လား..."


ယွမ်ရှင်းကျဲက ထပြီးသရော်လေ၏။


"ယွမ်ချန်ရှန့် ခင်ဗျားသူများတကာရဲ့ဘဝတွေကို မထိန်းချုပ်ချင်ခင် ကိုယ့်ကိုကို​​ယ် အရင်ပြန်ကြည့်ပါဦး...ခင်ဗျားရဲ့ကံကြမ္မာက အခုကျွန်တော့်လက်ထဲမှာမဟုတ်ဘူးလား"


ဤစကားများက ယွမ်ချန်ရှန့်ကို မျှော်လင့်ချက်များပျက်သုဥ်းသွားစေသည်။


ကုမ္ပဏီက အသိမ်းခံလိုက်ရခြင်းနှင့် သူ့သွေးရင်းဆွေမျိုးများထံမှ သစ္စာအဖောက်ခံရခြင်းတိုး ပေါင်းစုကာ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်...


အလူးအလဲအရှက်ကွဲခဲ့ရပြီး သည်းမခံနိုင်တော့ဘဲ သူမေ့လဲသွားတော့၏။


ချင်ရွှမ်း အသိကင်းမဲ့နေသော ယွမ်ချန်ရှန့်ကို သနားမှုအရိပ်အယောင် နည်းနည်းမှမရှိသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။


ယွမ်ဝူက အနည်းငယ်စိုးရိမ်သွားပြီး ယွမ်ရှင်းကျဲကိုမေးလိုက်၏။


"သူတစ်ခုခုဖြစ်မှာလား...နောက်ပြီး အနာဂတ်မှာ သူဘာလုပ်ရမှာလဲ"


"သွားတောင်းပန်တာ ဒါမှမဟုတ် မင်းရှေ့မှာ ဆန်ပျော့စားပြီးနေတာ...အကုန်လုံးက မင်းအတွေးတွေပေါ်မှာ မူတည်တယ်..."


ယွမ်ရှင်းကျဲက တည်ငြိမ်စွာ ဆိုလိုက်သည်။


"ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို သိက္ခာမရှိဘဲ ရှင်သန်ခိုင်းလိုက်...ဒါပေါ့ ငါသူ့ကိုထပ်ပြီးမမြင်ချင်ဘူး...မင်းသူ့အတွက် လူနာတင်ယာဥ်စက်ရုပ်ခေါ်လို့ရတယ်"


ထိုသို့ပြောပြီးနောက် ယွမ်ရှင်းကျဲ အစည်းအဝေးခန်းထဲကနေ တစ်ချက်မှလှည့်မကြည့်ဘဲ ထွက်လာခဲ့၏။


သူက အနှီလက်တုံ့ပြန်မှုကို တစ်ဆင့်ချင်း အစီအစဥ်ချခဲ့ပြီး နောက်ဆုံးတွင် နိုင်ပွဲကြီးတစ်ခု ရရှိခဲ့ပ ယွမ်ချန်ရှန့်ကို အလုံးစုံ အဆုံးသတ်နိုင်ခဲ့သည်။


ချင်ရွှမ်း ယွမ်ရှင်းကျဲ၏နောက်ကျကို ကြည့်ပြီး နင့်နက့်နဲနဲသက်ပြင်းချလိုက်၏။


"ငါ့မှာသာ သူ့ရဲ့ဆယ်ပုံတစ်ပုံလောက်သတ္တိရှိခဲ့မယ်ဆိုရင် ငါ ယွမ်ချန်ရှန့် ရဲ့စကားတွေကို နာခံစရာလိုဦးပါ့မလား"


ယွမ်ဝူက ဘေးကနေ ချင်ရွှမ်း၏အဝတ်အစားများကို ဆွဲပြီး...

"အမေ...အဖေက သတိလစ်နေတုန်းပဲ"


မျက်လုံးလှန်လိုက်ရင်း ချင်ရွှမ်း ဆောင့်ကြောင့်ထိုင်ကာ ယွမ်ချန်ရှန့် ၏ဝင်လေထွက်လေ စစ်ဆေးကြည့်ပြီး စိတ်မရှည်စွာပြောလိုက်သည်။


"သူအသက်ရှိသေးတယ်...ရှင်းကျဲ သူ့ဂလင်းတွေကို လှီးထုတ်လိုက်တာထက်ကောင်းတယ်...ဒါနဲ့ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ"


ထိုသို့ပြောပြီးနောက် သူမက မတ်တပ်ရပ်ကာ ယွမ်ဝူကို့ကြည့်ကာ ဆိုလေ၏။


"ညနေကျရင်  ဝယ်ယူမှုအောင်မြင်တဲ့အတွက် မင်းအစ်ကိုကို ဂုဏ်ပြုဖို့ မိသားစုညစာစားပွဲတစ်ခုပြင်ဆင်ထားလိုက်"


ယွမ်ဝူ ခေါင်းညိတ်လိုက်ရင်း သူ၏လောကအမြင်က ထိခိုက်သွားသလိုခံစားလိုက်ရသည်။


 ဤသည်က ယွမ်ဝူပထမဆုံးအကြိမ် အကြွင်းမဲ့ဂုဏ်သိက္ခာကို ကိုယ်စားပြုသည့် "ဖခင်"ဖြစ်သူက

သူ့ရှေမှာ ပြိုလဲကျနေသည်ကိုမြင်ဖူးခြင်းဖြစ်ပြီး

ယွမ်ရှင်းကျဲ၏လက်ထဲမှာ တူမကြီးဖြင့် အမှုန့်ချေခံလိုက်ရ၏။ 


သူ အလွန်အမင်း ရှက်သွားခဲ့သည်။


xxxxxxxx