အပိုင်း ၁၇၁
Viewers 21k

Chapter 171


ချန်ရှန့်အား ရှင်းချွမ်းမှ ရယူလိုက်ပြီးနောက်တွင် စတော့စျေးနှုန်းမှာ ပထမဦးဆုံးနေ့တွင်ပင် ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့ပြီး ၎င်းမှာ ယွမ်ရှင်းကျဲ၏စွမ်းရည်အား လူတိုင်းမှ ယုံကြည်ကြကြောင်းကို ပြသနေခဲ့သည်။


ချန်ရှန့်ဒေါသအထွက်လွန်မှုကြောင့် သတိလစ်သွားပြီးနောက်တွင် အဆုံး၌ သူယွမ်ရှင်းကျဲအား မယှဉ်ပြိုင်နိုင်ကြောင်းနှင့် အဖြစ်မှန်အား မပြောင်းလဲနိုင်ကြောင်းကို သဘောပေါက်သွားရကာ ချင်ရွှမ်း၏ဘေးမှ အိမ်ထောင်ရှင်ထီးတစ်ဦးဖြစ်လာခဲ့လေသည်။


အရင်အချိန်များတွင် သူသည်အိုမီဂါများအား အထင်သေးကာ မောက်မာခဲ့သော်လည်း ယခုအခါ ရှင်သန်နိုင်ရန်အတွက် ချင်ရွှမ်း၏မျက်နှာကို ကြည့်ရှုရတော့မည်ဖြစ်သည် ။


၎င်းမှာ အလွန်ရှက်‌ဖွယ်ကောင်းသော ဘဝတစ်ခုဖြစ်သော်ငြားလည်း ကံကောင်းစွာဖြင့် ယွမ်ရှင်းကျဲ၏ နောက်ဆုံးသနားညှာတာမှုအဖြစ် သူ့ထံတွင် နေရာတစ်ခုကျန်ရှိနေသေးသည်။


ချင်ရွှမ်းမှာမူ ရှင်းချွမ်းကုမ္ပဏီအား ဝင်ရောက်ပြီးချိန်တွင် သူမ၏သန်မာသော မိန်းမသဘာဝကို ပြည့်ပြည့်ဝဝ ထုတ်လွှတ်နိုင်ပြီဖြစ်သည်။


ယွမ်ရှင်းကျဲပင်လျှင် ရှင်းချွမ်းကုမ္ပဏီယခုအနေအထားသို့ ကြီးထွားလာသည်မှာ ချင်ရွှမ်း၏စီမံခန့်ခွဲမှုများကြောင့်ဟု သက်ပြင်းချထားရပေမည်။


ယွမ်ဝူမှာမူ ယွမ်ရှင်းကျဲ၏လမ်းညွှန်ပြသပေးမှုကြောင့် ကောလိပ်နှင့် တက္ကသိုလ်များလျှောက်ထားရတွင် သူ၏ဆန္ဒများအား ပြန်ပြင်လိုက်ကာ ဗိသုကာဒီဇိုင်းဘက်သို့ ဦးတည်မည်ဟု တရားဝင်ဆုံးဖြတ်ချက်ချလိုက်သည်။


၎င်းမှာ ယွမ်မိသားစုအစဉ်အလာနှင့် လုံးလုံးကွဲပြားခြားနားနေသော်လည်း ထိုဆုံးဖြတ်ချက်မှာ ယွမ်ဝူလုပ်ခဲ့ဖူးသမျှထဲတွင် ဉာဏ်အရှိဆုံးအရာပင်ဖြစ်သည်။


ထိုအဖြစ်အပျက်အပြီးတွင် ယွမ်ဝူသည် ယွမ်ရှင်းကျဲအား ပို၍ပင် နှစ်သက်လာခဲ့ပြီး သူ့အစ်ကိုမှာ မည်မျှပင် အံဖွယ်ကောင်းကြောင်း သူ့အား မည်မျှကောင်းကြောင်းကို တွေ့သမျှလူတိုင်းအား ပြော‌ပြနေခဲ့လေသည်။


ယွမ်ဝူမှာ ယွမ်ချန်ရှန့်၏လွှမ်းမိုးအောက်တွင် မကျဆင်းသွားသည်ကို မြင်ရသောကြောင့် ယွမ်ရှင်းကျဲစိတ်သက်သာရာရသွားခဲ့သည်။


ယခုအချိန်များအတွင်း ယွမ်ရှင်းကျဲမှာ အလွန်အလုပ်ရှုပ်နေကော သူ့တွင် ပြီးပြည့်စုံသော ဘဝတစ်ခုရှိနေခဲ့ပြီဖြစ်သည်။ မက်ခါအသစ်အား ပို၍မြင့်မားသော နည်းပညာပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်အောင် ပြုလုပ်နေရပြီး ပထမအသုတ်ကို မကြာမီအချိန်တွင် ထုတ်လုပ်ရောင်းချတော့မည်ဖြစ်သည်။


ထိုနေ့တွင် ယွမ်ရှင်းကျဲအစည်းအဝေးအား အပြီးသတ်လိုက်ပြီးနောက် လော့ဝမ်ချွမ်းသူ့အားလာရှာသည်ကိုမြင်လိုက်ရချိန်တွင် တံခါးရှိရာသို့ လျှောက်လာခဲ့လေသည်။


လော့ဝမ်ချွမ်းမှာ ရှယ်ယာရှင်တစ်ဦးဖြစ်သော်လည်း သူ့ထံတွင် တော်ဝင်မိသားစု၏ကိစ္စအများအပြားကို လုပ်ဆောင်ရန် ရှိနေသေးသဖြင့် ကုမ္ပဏီတွင် ပေါ်လာခဲလှသည်။ အချိန်အများစုတွင် သူသည် ကုမ္ပဏီတွင်ရင်းနှီးမြုပ်နှံရန်နှင့် ကုမ္ပဏီမှရရှိသော ငွေကြေးအားလုံးကို ယွမ်ရှင်းကျဲအားပေးရန်အတွက်သာ တာဝန်ရှိလေသည်။


လော့ဝမ်ချွမ်းအား မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရသဖြင့် ယွမ်ရှင်းကျဲ မေးလာခဲ့သည်။


 " ဒီနေ့ဘာလို့ ကျွန်တော့ကိုလာတွေ့ဖို့ အချိန်ရှိနေရတာလဲ…"


" ကိုယ် မင်းကိုလွမ်းလို့…" သူ့ထံလျှောက်လာရင်းမှ လော့ဝမ်ချွမ်းလက်ဆန့်ကာ ယွမ်ရှင်းကျဲအား သူ၏လက်မောင်းအတွင်းသို့ ခေါ်ဆောင်လိုက်သည်။ သူ၏အသံမှာ ပြုံးယောင်သန်းနေပြီး " အဲ့ဒါကြောင့် မင်းကို တိတ်တိတ်ကလေးလာတွေ့တာလေ…"


ယွမ်ရှင်းကျဲ ရယ်လိုက်ကာ ချက်ချင်းဆိုသလို ပြန်ပြောလိုက်သည်။


 " ပြသနာရှာမနေနဲ့…ဒီရက်ပိုင်း တော်ဝင်မိသားစုက မိတ်ဖက်အဖွဲ့အစည်းနဲ့ ဆွေးနွေးပွဲအသစ်ကျင်းပနေရတာမဟုတ်ဘူးလား…ခင်ဗျားလစ်ထွက်လာခဲ့တာလား ဒါမှမဟုတ် တစ်ခုခုကြောင့်လား…"


" ကောင်းပြီလေ…" လော့ဝမ်ချွမ်း သူ၏ခေါင်းကိုငုံ့လျက် ယွမ်ရှင်းကျဲ၏နဖူးအား သူ၏နဖူးနှင့်ဖိကပ်လိုက်ပြီး ပြုံးလျက် " ကိုယ်က အပျော်မက်တဲ့မင်းသားတစ်ပါးပဲလေ.."


ယခုရက်ပိုင်းတွင် ယွမ်ရှင်းကျဲရှာဖွေတွေ့ရှိလာသည့် အရာမှာ လော့ဝမ်ချွမ်း၏စကားပိုများလာခြင်းပင်ဖြစ်၏။ ထို့အပြင် ပို၍ အစအနောက်သန်လာကာ တစ်ခါတစ်ရံတွင် သူ့အားရယ်မောစေပြီး တစ်ခါတရံတွင်တော့ သူစိတ်တိုလာသည်အထိ စနောက်နေတတ်သည်။


ဥပမာအားဖြင့် လော့ဝမ်ချွမ်း ယခုပင် ယွမ်ရှင်းကျဲအား အနီးကပ်တိုက်ရိုက်ကြည့်နေပြီး ခါးတွင် သူ၏လက်များဖြင့် ရစ်ပတ်ထားကာ သူ၏ခန္ဓာကိုယ်အပူချိန်အား တိုးစေခဲ့သလိုမျိုးဖြစ်သည်။


အနီးအနားတွင် ဝန်ထမ်းများဖြတ်သန်းသွားလာနေကြကာ သူတို့အားလုံးမှာ ထိုမြင်ကွင်းအား မမြင်ချင်ယောင်ဆောင်လျက် သူတို့ဘေးမှ အလျင်အမြန်ဖြတ်သွားလိုက်ကြသည်။


တကယ်တမ်းမှာတော့ ထိုဝန်ထမ်းများမှာ မပြုံးဘဲမနေနိုင်ကြဘဲ " သူတို့ကနီးကပ်လွန်းတယ်…" " ငါ့ကိုသတ်နေတာပဲ…" " သူတို့ကတအားလိုက်ဖက်ညီတယ်…" ဟူသော စကားမျိုးကို တီးတိုးပြောနေကြခြင်းသာဖြစ်၏။


ယွမ်ရှင်းကျဲ ခေါင်းကိုကုတ်လျက် အနည်းငယ်သဘာဝမကျသည့်အသံဖြင့် ပြောလိုက်လေသည်။


 " နေရာပြောင်းရအောင်…"


လော့ဝမ်ချွမ်း သူ့အားကြည့်ရန် မျက်ခုံးပင့်လိုက်ကာ " နေရာပြောင်းမယ်… ဘယ်ကိုလဲ…"


" ဒီတိုင်း.. ဘယ်သူမှမရှိမဲ့နေရာတစ်ခုရှာလိုက်မယ်လေ…" ယွမ်ရှင်းကျဲ နမော်နမဲ့ဖြင့် ပြောလိုက်မိသည် " ခင်ဗျားအမြဲတမ်းအစည်းအဝေးခန်းမတံခါးမှာ ကျွန်တော့်ကိုပိတ်ရပ်နေလို့မရဘူးလေ..လူတွေမြင်သွားနိုင်တယ်…ဒါကဆိုးတာပဲ.. ပြီးတော့ ကျွန်တော် ဝန်ထမ်းတွေရှေ့ကျရင် သိက္ခာမရှိတော့ဘူးလေ…"


အစည်းအဝေးထဲတွင် လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သော ဥက္ကဌယွမ်မှာ လော့ဝမ်ချွမ်း၏ရှေ့၌ အနည်းငယ် ရှက်သွေးဖြာနေခဲ့သည်။


လော့ဝမ်ချွမ်း သူ၏သံလိုက်ကဲ့သို့ ဆွဲဆောင်မှုရှိသောအသံဖြင့် ရယ်မောလိုက်ကာ " ဘယ်သူမှမရှိတဲ့နေရာကိုလား… အဲ့မှာ မင်းကဘာလုပ်မလို့လဲ…"


" ကျွန်တော်…လုပ်ချင်တာ ဘာဖြစ်ဖြစ်ပေါ့…"


 ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်းအား ချက်ချင်းဆိုသလို အဝေးသို့တွန်းပို့လိုက်ကာ အနည်းငယ်မပျော်ရွှင်နေသောအသံဖြင့် " လော့ဝမ်ချွမ်း ခင်ဗျားက ကျွန်တော့်ကို စကားတွေနဲ့ ပိုပိုပြီးတောင်အသားယူလာတာပဲ..သတိထားနော် ကျွန်တော်လုံခြုံရေးခေါ်ပြီး ဆွဲထုတ်ခိုင်းလိုက်မှာ…"


လော့ဝမ်ချွမ်း၏ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးထဲတွင် အပြုံးတစ်ပွင့်ဖြစ်ပေါ်နေလျက် တဖြည်းဖြည်းချင်းပြောလာခဲ့သည်။


 " အဲ့ဒါဆို မင်းကဘာလို့ စိတ်လှုပ်ရှားနေပြီးတော့ အဲ့ဒါကိုစောင့်မျှော်နေတဲ့ပုံပေါ်နေတာလဲ…"


ယွမ်ရှင်းကျဲ သူ့အား တက်နင်းလိုက်သည်။


" ဘယ်သူစိတ်လှုပ်ရှားပြီး စောင့်မျှော်နေလို့လဲ .."


အကယ်၍ အခြားလူသာ ထိုကဲ့သို့ သူ့ကိုတက်နင်းမည်ဆိုပါက ချက်ချင်းဆိုသလို လော့ဝမ်ချွမ်း၏ဒေါသအိုးပေါက်ကွဲသွားမည်ဖြစ်သည်။ အဆုံး၌ သူဝတ်ဆင်ထားသည်မှာ တော်ဝင်မိသားစုများသာ ဝတ်ဆင်၍ရသည့် အထူးချုပ်လက်လုပ်ဖိနပ်မျိုးဖြစ်သည်။

171.2


မည်သို့ပင်ဖြစ်စေ လော့ဝမ်ချွမ်း သူ၏ဖိနပ်အဖြူရောင်ပေါ်မှ ခြေရာအား ငုံ့ကြည့်လိုက်ကာ ကူကယ်ရာမဲ့နေသည့် အကြည့်မျိုးဖြင့် " မင်းကတကယ်ပဲ ခြေထောက်ကိုချလိုက်ဖို့ ရည်ရွယ်ထားတယ်ပေါ့…"


ယွမ်ရှင်းကျဲ နှုတ်ခမ်းကိုက်ကာ နေရခက်သည့်အမူအယာဖြင့် ခေါင်းယမ်းလိုက်ပြီး သူ၏အသံကိုနှိမ့်၍ပြောလာခဲ့သည်။


 " နာသွားလားဟင်…"


လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲ၏နို့နှစ်ရောင်မျက်နှာပေါ်မှ သံသယဖြစ်ဖွယ် နီမြန်းနေသည့်အမူအယာနှင့် တစ်စုံတစ်ခုအား အလိုမကျသဖြင့် မျက်ခုံးများ တွန့်ချိုးထားသည်ကို ကြည့်နေခဲ့ပြီး ၎င်းမှာ သူ့အားပို၍ပင် အနိုင်ကျင့်ချင်လာအောင် လှုံ့ဆော်ပေးနေခဲ့သည်။


" အဟမ်းး အဲ့လောက်မနာပါဘူး…" လော့ဝမ်ချွမ်း ‌ချောင်းအနည်းငယ်ဆိုးလိုက်ကာ သူ၏စိတ်ထဲရှိလှုံ့ဆော်နေမှုများအား ဖိနှိပ်လိုက်ပြီး မျက်နှာအမူအယာကိုတည်၍ ပြောလိုက်သည်။


" ကိုယ်မစပါဘူး…ဒီနေ့မင်းကို နန်းတော်ဆီခေါ်သွားဖို့လာခဲ့တာ…"


ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်းအား ကြည့်ကာ မျက်တောင်တဖြတ်ဖြတ်ခပ်၍ " ကျွန်တော့ကို ဘာလို့နန်းတော်ကိုခေါ်သွားမှာလဲ…"


" ကိုယ့်နောက်အရင်လိုက်ခဲ့…" လော့ဝမ်ချွမ်း သူ၏ခြေထောက်ရှည်များကို ဆန့်ထုတ်လိုက်ပြီးနောက် လှည့်ကြည့်လိုက်ကာ " လေယာဉ်ပေါ်တက်ရင်းနဲ့မှ ပြောပြမယ်…"


လေယာဉ်ပျံပေါ်သို့ရောက်သွားပြီးနောက်…


" ဘာဖြစ်လို့လဲ…" ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်း၏အမူအယာမှာ အနည်းငယ်လေးနက်နေသည်ကို သတိပြုမိခဲ့သည်။ 


" အင်ပါယာနဲ့မိတ်ဖက်အဖွဲ့အစည်းအကြား ညှိနှိုင်းမှုက ထပ်ပြီးတော့ ပျက်ပြယ်ပြန်ပြီလား…"


လော့ဝမ်ချွမ်း အထင်အမြင်သေးသည့်ပုံစံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး " မင်းသာ ဒီမှာရှိနေရင် မိတ်ဖက်အဖွဲ့မှာ သတ္တိရာထောင်ချီရှိရင်တောင်မှ သူတို့ ကိုယ်တို့ကို စကားလာပြောရဲမှာမဟုတ်ဘူး…"


" အဲ့ဒါကောင်းတာပေါ့.." ယွမ်ရှင်းကျဲ စိတ်သက်သာသွားသောကြောင့် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။


လော့ဝမ်ချွမ်းမှာမူ လေယာဉ်ပျံအား စတင်မောင်းနှင်နေပြီဖြစ်သည်။


လေယာဉ်ပျံသည် အလိုလျောက်မောင်းနှင်သည့် လမ်းကြောင်းအားဝင်ရောက်သွားပြီးနောက် လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲကို ကြည့်ကာ ပြောလာခဲ့သည် " ဘုရင်ကြီးပြောလိုက်တာက ချီယင်နဲ့ သူ့ဇနီးတို့က စစ်ကြောရေး ကာလအတွင်းမှာ အရာအားလုံးကို ဝန်ခံလိုက်ပြီတဲ့.. ပြီးတော့ သူတို့အတွက် ဇာတ်သိမ်းကောင်းရှိမှာမဟုတ်ဘူးလို့ ခန့်မှန်းရတာပဲ…"


ယွမ်ရှင်းကျဲ အချိန်ခဏတာ ကြောင်အသွားရပြီးနောက် ပြောလိုက်လေသည်။


 " အဲ့ဒါကကောင်းတာပဲကို…"


" စစ်ကြောရေး ကာလအတွင်း ချီယင်က တစ်စုံတစ်ခုကို ဖော်ထုတ်လာခဲ့တယ်…" 


လော့ဝမ်ချွမ်း လေယာဉ်ပျံ၏အရှေ့သို့ကြည့်ကာ ရပ်တန့်လိုက်ပြီးနောက် တဖြည်းဖြည်းချင်းပြောလာခဲ့သည် " ဖိအားပေးလက်ထပ်တဲ့ကိစ္စကို တကယ်တော့ ဘုရင်မကြီးက ထောက်ပံ့ပေးထားတာ…"


ယွမ်ရှင်းကျဲ၏မျက်လုံးများမှာ အံ့ဩထိတ်လန့်နေမှုများအပြည့်ဖြင့် ပြူးကျယ်သွားပြီး " ဘုရင်မကလား.. သူကဘာလို့လုပ်တာလဲ…"


" မင်းနဲ့ကိုယ့်ရဲ့ ဖယ်ရိုမုန်းတွေက လိုက်ဖက်မညီနိုင်လို့လေ…" လော့ဝမ်ချွမ်း သူ၏ခံစားချက်များကို ထိန်းချုပ်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး " အဲ့ဒါကြောင့် သူက ချီယင်နဲ့ပူးပေါင်းပြီးတော့ ထိမ်းမြားလက်ထပ်ခြင်းဥပဒေ ပြန်လည်ပြင်‌ဆင်တော့မဲ့အကြောင်းကို ပြောပြလိုက်တာ…ပြီးတော့ မင်းနဲ့ချီယုကို အတင်းအကြပ်စေ့စပ်ခိုင်းဖို့ စေခိုင်းခဲ့တယ်…"


ထိုစကားအား ကြားလိုက်ရချိန်တွင် ယွမ်ရှင်းကျဲသည် ကျောရိုးအောက်ဘက်၌ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။


ထိုကိစ္စတွင် ဘုရင်မကြီးလည်း ပါဝင်ပြီး သူမသည် အလွန်အရေးကြီးသော နေရာတွင်ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။


" တကယ်တော့ သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင်.. ချီယင်ဘယ်လောက်အားကြီးကြီး သူကခင်ဗျားတောင်မသိနိုင်တဲ့အရာတစ်ခုကို ဘယ်လိုလုပ်ပြီး သိနေနိုင်မှာလဲ…" 


ယွမ်ရှင်းကျဲ ဖြည်းဖြည်းချင်းပြောကာ မေးမြန်းလိုက်သည်။


 " အဲ့ဒါဆိုရင် ဘုရင်မကြီးရဲ့ကိစ္စက ဘယ်လိုဖြစ်သွားမှာလဲ…"


ခဏကြာတိတ်ဆိတ်ပြီးနောက် လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအား ပြောလိုက်လေသည်။


 " တကယ်တော့ မင်းရဲ့မတော်တဆမှုပြီးထဲက အဲ့ဒီလက်ထပ်ပွဲမှာ ဘုရင်မကြီးပါနေတယ်ဆိုတာ ကိုယ်သိနေခဲ့တာ…ဒါပေမယ့် အဲ့အတွက် ခိုင်ခိုင်မာမာသက်သေပြစရာမရှိဘူးလေ…ဘုရင်မင်းမြတ်ကလည်း အဲ့ဒီကိစ္စအကြောင်း အနည်းငယ်တော့ ကြားထားပေမယ့် သူကမျက်လုံးတစ်ဖက်ကိုပိတ်ပြီး တစ်ဖက်ကိုပိတ်ထားဖို့ရွေးချယ်ခဲ့တယ်… အခု စပြီးဝန်ခံလိုက်တယ်ဆိုတော့ သဘာဝကျကျပဲ မှတ်တမ်းတင်ထားမှာမလို့ ဘုရင်ကြီးဘက်ကလည်း ဖြေရှင်းရတော့မယ်လေ…"


ယွမ်ရှင်းကျဲ နှုတ်ခမ်းကိုကိုက်လျှက် စကားမပြောခင် ခဏအကြာ တုန့်ဆိုင်းနေပြီးမှ " ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် အဆုံးမှာတော့ သူက လူထောင်သောင်းပေါင်းများစွာထက် မြင့်မြတ်တဲ့ဘုရင်မတစ်ပါးပဲလေ…တကယ်ကြီး ဘုရင်မင်းမြတ်က သူ့ကိုတစ်ခုခုလုပ်မှာတဲ့လား…"


" ငါတို့အခု ဘုရင်နဲ့ဘုရင်မတို့ကို တွေ့ဖို့သွားကြမှာ…" လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအား ကြည့်ကာ ချော့မော့လိုက်ပြီး " ကိုယ် သူနဲ့ထိုက်တန်တဲ့ အပြစ်ကို ခံစားရသည်အထိ အစွမ်းကုန်ကြိုးစားသွားမှာပါ…"


လော့ဝမ်ချွမ်းမှာ တုန့်ဆုတ်နေခြင်းပင်မရှိဘဲ သူ၏ဘက်၌ ရပ်တည်ပေးမည်ဟု ယွမ်ရှင်းကျဲ ထင်မထားခဲ့မိချေ။


သေချာသည်မှာ လော့ဝမ်ချွမ်းသည် ငယ်ရွယ်စဉ်ကလေးဘဝထဲက စွန့်ပစ်ကြယ်စုသို့ အပို့ခံရခြင်းကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်မည်ဖြစ်ပြီး ထို့အတွက်ကြောင့် သူ့ထံတွင် ဘုရင်မကြီးအပေါ်သို့ ခံစားချက်ဟူ၍ များများစားစားရှိမနေခဲ့ပေ။


သို့တိုင်အောင် ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်း၏စကားများကြောင့် ခံစားသွားရကာ မနေနိုင်တော့ဘဲ ပြောလိုက်မိသည် " သာ့ချွမ်း ကျေးဇူးတင်ပါတယ်…"


" ကိုယ်ကသာ မင်းကိုတောင်းပန်ရမှာပါ.." ယွမ်ရှင်းကျဲ၏လက်များကို ညင်သာစွာ ဆုပ်ကိုင်လိုက်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလာခဲ့သည် " ကိုယ်မင်းကို ကာကွယ်ဖို့ ရှုံးနိမ့်ခဲ့တယ်…"


ယွမ်ရှင်းကျဲ ခေါင်းယမ်းလိုက်ပြီး " အစကနေ အဆုံးအထိ ကျွန်တော့်ကို ကာကွယ်ပေးချင်ခဲ့တဲ့သူက သာ့ချွမ်းတစ်ဦးထဲပါပဲ…"


လော့ဝမ်ချွမ်းမှာ ကြောင်အသွားခဲ့ရသည်။ ထို့နောက် ခဏအကြာတွင် ပြုံးနေခဲ့ပြီး နောက်ဆုံး၌ ပြောလိုက်လေသည်။


 " အဲ့ဒါဆိုရင်လည်း ကိုယ်မင်းကိုထာဝရကာကွယ်သွားပါရစေ…"


ထိုစကားအား ကြားလိုက်ချိန်တွင် ယွမ်ရှင်းကျဲ ရယ်မောနေခဲ့သည်။


လေယာဉ်ပျံပေါ်သို့ နေရောင်ကျဆင်းနေပြီး ထိုချောမောလှပသည့်မျက်နှာနှစ်ခုအား ရောင်ပြန်ဟပ်နေကာ လော့ဝမ်ချွမ်း၏ရေခဲကဲ့သို့တင်းမာနေတတ်သောမျက်နှာမှာ နွေးထွေးသည့်နေရောင်အောက်တွင် အတော်အတန် နူးညံ့နေခဲ့သည်။


xxxxxxxx