အပိုင်း ၁၇၃
Viewers 17k

Chapter 173


" ဒါက အင်ပါယာမှာထက်ကိုကျော်လွန်နေပါသေးတယ်… ကြယ်စင်အစုအဝေးတစ်ခုလုံးမှာတောင် ဒီလိုလိုက်ဖက်ညီမှုမျိုး မရှိတော့ပါဘူး.." ကျိုးဖေးရွှယ် နောင်တရသည့်အသံဖြင့် ပြောလိုက်သည်။


 " အကယ်၍ ဘုရင်မကြီးကသာ သူတို့မတားခဲ့ဘူးဆိုရင် သူတို့နှစ်ဦးက လူတိုင်းအားကျမနာလိုရမဲ့စုံတွဲတစ်တွဲဖြစ်လာရမှာပါ…"


ဘုရင်မကြီးမှာမူ ခေါင်းကိုသာငုံ့ထားလိုက်ရသည်။ သူမ၏အပြစ်များမှာ အလွန်တရာလေးနက်ကြောင်းကို သိရှိနေသဖြင့် သူမည်သည့်စကားမှ မပြောရဲခဲ့ပေ။


လော့ဝမ်ချွမ်း ဘုရင့်လက်ထဲမှာ အဖြေလွှာကို လုယူလိုက်ပြီး သူ၏မျက်လုံးများမှာ အနည်းငယ် လှုပ်ရှားနေခဲ့သည်။


သူအနည်းငယ်အလောတကြီးဖြစ်နေခဲ့ရသော်လည်း ထိုအဖြေလွှာကို ရလိုက်ချိန်တွင် သူ၏စိတ်ထဲ၌ တုန့်ဆိုင်းနေခဲ့သည်။ ဆန့်ကျင်ဘက်ဖြစ်နေသော အမူအယာဖြင့် လော့ဝမ်ချွမ်း၏မျက်လုံးများမှာ အနည်းငယ်လှုပ်ရှားသွားကာ အ‌ဆုံးသတ်ရလဒ်အနေဖြင့် သူနံပါတ်များကို မြင်လိုက်ရသည်။


" 100.00% "


ပြီးပြည့်စုံနေမှုမှာ မယုံနိုင်လောက်သည့် အံ့ဩဖွယ်တစ်ခုလိုပင်။


ဘေးတွင်ရှိနေသော ယွမ်ရှင်းကျဲသည်လည်း သူ၏နှုတ်ခမ်းများမှာ အနည်းငယ်ပွင့်ဟနေပြီး မျက်လုံးများထဲတွင် အံ့ဩမှုအပြည့်ဖြစ်နေခဲ့သည်။


 " အဲ့ဒီနံပါတ်က တကယ်ကြီး 100ရာခိုင်နှုန်းအထိရောက်နိုင်တာလား…ကျွန်တော်တို့တကယ် 100ရာခိုင်နှုန်းတောင်လား .."


" အင်းးး " လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲကိုကြည့်ကာ ချောင်းဟန့်လိုက်ပြီး "ကိုယ်တို့က 100ရာခိုင်နှုန်းလိုက်ဖက်ညီတာ..ဒီစကြဝဠာတစ်ခုလုံးမှာ ပထမဆုံးပဲ…"


လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအား ဖွင့်ပြောပြီးနောက် ပြောလာခဲ့သည့် " ကိုယ်တို့က ပြီးပြည့်စုံတဲ့အတွဲပဲ " ဟူသော စကားလိုပင် ၊ သူတို့နှစ်ဦးသည် အမှန်တကယ်ပင် သဘာဝမှ တွဲဖက်ပေးသော သူများဖြစ်နေကြသည်။


ဝိဉာဉ်မှသည် ခန္ဓာကိုယ်အထိ ရာခိုင်နှုန်းပြည့် တူညီနေခဲ့သည်။


စာရွက်ပေါ်ရှိ နံပါတ်များမှာ သူတို့ချစ်ခြင်းစမ်းသပ်မှုရလဒ်များကဲ့သို့ပင်။


သူတို့ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည့်မျက်လုံးများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေခဲ့ကြသည်။


" အဲ့ဒါဆိုရင် ကျွန်တော်တို့နှစ်ယောက်က အရမ်းမိုက်တာပေါ့…" ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်းလက်ထဲမှ စာရွက်ကို ယူလိုက်ကာ အံ့ဩနေမှုများအားလုံးကို သူ၏မျက်နှာပေါ်တွင်ရေးထိုးထားသကဲ့သို့ ပြသနေခဲ့သည်။


 " 100% နော်.. ဒဿမတစ်မှတ်တောင် မလျော့ဘူး.."


အချိန်ခဏအကြာတွင် ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်းကိုကြည့်ကာ ပြုံးလိုက်ပြီး " ခင်ဗျားပြောတာအမှန်ပဲ…ကျွန်တော်တို့က ဒီစကြာဝဠာထဲမှာ အလိုက်ဖက်ဆုံးအတွဲတွေ…"


လော့ဝမ်ချွမ်းနှင့် ‌ယွမ်ရှင်းကျဲတို့၏ ပျော်ရွှင်မှုများပြည့်နှက်နေသော မျက်လုံးများနှင့် နှိုင်းယှဉ်ပါက ဘုရင်ကြီးမှာမူ နောင်တနှင့်အပြစ်ရှိသည့်စိတ်များဖြင့် ပြည့်နှက်နေသည်။


အဆုံး၌ 100% အပြည့်လိုက်ဖက်ညီမှုမှာ တော်ဝင်မိသားစုအတွက် အလွန်တန်ဖိုးရှိနေပြီး ၎င်းမှာ တော်ဝင်မိသားစု၏မျိုးရိုးဗီဇနှင့် သွေးမျိုးဆက်ကို အကြီးမြတ်ဆုံးသော အတိုင်းအတာထိရောက်‌အောင် ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။


သို့သော်လည်း ယခုအချိန်တွင် ယွမ်ရှင်းကျဲမှာ သူ၏ဂလင်းများကို ဖြတ်တောက်ပစ်ခဲ့ရသည်။


ရုတ်တရက်ဆိုသလို ဘုရင်ကြီးထရပ်လိုက်ပြီး ဘုရင်မအား ဒေါသတကြီးပြောလိုက်လေသည် " ဒီနေ့ကစပြီးတော့ ဘုရင်မကို သူမရဲ့အိပ်ခန်းထဲမှာ အကျယ်ချုပ်ထားပြီးတော့ ဘယ်တော့မှအပြင်ထွက်ခွင့်မပေးတော့ဘူး…"


ထိုအကျဉ်းချခြင်းမျိုးမှာ ဘုရင်မကြီးအတွက် သံသယဝင်စရာပင်မလိုအောင် ရက်စက်လှပြီး ၎င်းမှာ သူမ၏လွတ်လပ်မှုနှင့်ဂုဏ်သိက္ခာကို လုယူနေခြင်းမျိုးပင်ဖြစ်သည်။


အစောင့်များမှ ဘုရင်မကို လာရောက်ခေါ်ဆောင်သွားသည့်အချိန်တွင် သူမသည်ဖြူဖျော့နေကာ မျက်ရည်များဖြင့်ပြည့်နှက်နေခဲ့သည်။


သူမ လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲတို့၏ ပျော်ရွှင်မှုအား ဖျက်ဆီးမိခဲ့ကြောင်းကို သိရှိခဲ့ပြီဖြစ်သောကြောင့် မည်သည့်လျှောက်လဲချက်မျှ ပေးမနေတော့ဘဲ အပြစ်ဒဏ်ကိုသာ လက်ခံခဲ့လေသည်။


" ချီယင်ကိုလည်းပဲ ချက်ချင်း ကြယ်သားရဲတွေကို စောင့်ရှောက်ဖို့အတွက် ခရိကြယ်ခါးပတ်စီကို စေလွှတ်လိုက်..ယွီဝမ်ကတော့ သူမတစ်ဘဝလုံးစာ အကျဉ်းချခံရလိမ့်မယ်…" ဘုရင်ကြီးမှာ သူ၏ဒေါသများကို ချီယင်နှင့်သူ့ဇနီးထံသို့ လောင်းချနေကာ ထိုဖိအားပေးလက်ထပ်ပွဲကိစ္စအား အဆုံးသတ်ပြီဖြစ်ကြောင်းကိုလည်း ကြေညာလိုက်လေသည်။


ချီယင်မှာ သေသည်အထိ ချုပ်နှောင်ခံရမည်ဖြစ်ပြီး ယွီဝမ်သည်လည်း သူမဘဝတစ်လျှောက်လုံးတွင် နေရောင်အား ထပ်မံမြင်တွေ့နိုင်လိမ့်မည် မဟုတ်ပေ။


ချီမိသားစုမှာ လုံးလုံးကျဆင်းသွားရပြီဖြစ်သည်။


ကျိုးဖေးရွှယ်မှာမူ စာမေးပွဲတွင်အမှတ်ပြည့်ရသော ကျောင်းသားနှစ်ဦးကဲ့သို့ ပျော်ရွှင်နေကြသည့် လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲကို ကြည့်နေခဲ့သည်။ လူအိုကြီးမှာ ထိုသူနှစ်ဦးကြောင့် ခံစားသွားရကာ မျက်ရည်များပင် ရစ်ဝဲလာခဲ့ရသည်။


စတင်ချိန်မှ ယခုအထိ ကျိုးဖေးရွှယ်သည် ထိုသူနှစ်ဦး၏ ဆက်ဆံရေးမှာ နှစ်ဖက်စလုံးတွင် တဖြည်းဖြည်းတိုးတက်လာပုံအဆင့်ဆင့်ကို မြင်တွေ့ခဲ့ရသဖြင့် ထိုအရာမှာ သူတို့နှစ်ဦးအတွက် မည်မျှခက်ခဲမည်ကို သူသိနေခဲ့သည်။


ထို့အတူ သူတို့နှစ်ဦးကြုံတွေ့ခဲ့ရသည့် ခံစားချက်များမှာ အဖိုးတန်လှကြောင်းကိုလည်း သိရှိခဲ့သည်။


အမှန်တကယ်ပင် ကျိုးဖေးရွှယ်မှလွဲ၍ ကြယ်စင်ကွန်ယက်တစ်ခုလုံးမှ လူများမှာ ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးလောင်းအား တော်ဝင်CPဟူ၍ခေါ်‌ဆိုနေခဲ့ပြီးဖြစ်ကာ အချို့လူများမှာမူ သူတို့အား မက်ခါပါရမီရှင်CPဟု ခေါ်ဆိုခဲ့ကြသည်။


များပြားလှစွာသောလူများမှာ သူတို့နှစ်ဦးပါဝင်ခဲ့ကြသော ပြိုင်ပွဲတိုင်း၏ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ကူး‌ယူဖော်ပြခဲ့ကြပြီး ထိုသူနှစ်ဦး၏ဆက်ဆံရေးမှာ အစပိုင်းချုပ်ထိန်းထားသည်များမှ ချိုမြသော်လည်း သကြားလုံးကဲ့သို့ ချွဲကပ်နေသည့်အခြေအနေမျိုးမဟုတ်ဘဲ ချောမွေ့သောစမ်းချောင်းအသွင်ပြောင်းလဲလာသည်ကို သူတို့ရှာဖွေတွေ့ရှိခဲ့ကြသည်။


(ဒါကဖရဲသီးစားဖို့အတွက်အရမ်းကောင်းတာပဲ..ရုပ်ရည်ဖြစ်ဖြစ် စိတ်နေစိတ်ထားဖြစ်ဖြစ် ငါတော့အဲ့ဒီအတွက်ကြောင့် မအိပ်နိုင်တော့ဘူး…)


(ဝူးဝူးဝူး.. အရမ်းချိုလွန်းတယ်.. ငါတော့သူတို့ရဲ့ဗီဒီယိုတွေကြည့်ပြီး အချစ်ကိုထပ်ပြီးယုံကြည်မိသွားပြန်ပြီ…)


(ရုန်းကန်နေသည့်ရက်တစ်ရာမြောက်… ငါရှင်းဟိုင်တက္ကသိုလ်ကို သွားပြီး အဲ့ဒီCPအကြောင်း ဖရဲသီးစားချင်လိုက်တာ…)


( ရှင်းကျဲက အိုမီဂါတစ်ယောက်ဖြစ်နေတဲ့အချိန်တုန်းကတောင် သူတို့ကြားထဲကလေထုက ရှုပ်ထွေးပြီး ချိုမြိန်နေခဲ့တာ…အခုကတော့ ခွေးစာစားရတော့မဲ့အချိန်ရောက်ပြီ…)


(ရှင်းချွမ်းကုမ္ပဏီသာမရှိခဲ့ရင် တော်ဝင်CPကရှိလာနိုင်မှာမဟုတ်ဘူး…)


(ဖြစ်နိုင်မယ်ဆိုရင်တော့ ရှင်းကျဲရဲ့ဂလင်းတွေ ပြန်ကောင်းလာရင်ကောင်းမယ်…)


( အပေါ်ထပ်ကလူရေ ရှင်းကျဲရဲ့ဂလင်းတွေပြန်ကောင်းကောင်း မကောင်းကောင်း သူကသာ့ချွမ်းနှစ်သက်တဲ့ရှင်းကျဲဖြစ်နေတုန်းပါပဲနော်… သူရဲ့ဂလင်းတွေနဲ့ ဘာမှမသက်ဆိုင်ဘူး အိုကေလား…)


(အစပိုင်းတုန်းကတော့ ငါလည်းပဲ ရှင်းကျဲရဲ့ဂလင်းတွေပြန်ကောင်းလာဖို့ကို မျှော်လင့်ခဲ့ဖူးတယ်..ဒါပေမယ့် သူ့လိုအားကြီးတဲ့သူတစ်ယောက်အတွက်တော့ ဂလင်းတွေပြန်ကောင်းကောင်း မကောင်းကောင်း ဘာမှကွဲပြားမှုမရှိတာမလို့ အဲ့လိုကိစ္စတွေထပ်မပြောကြရအောင်လား…)


(သဘာဝအတိုင်းပြန်သက်သာလာနိုင်ရင်လည်း ကောင်းတာပဲပေါ့… ဒါပေမယ့်အခုအတိုင်းပြီးပြည့်စုံနေပါပြီလေ..ဘာပဲဖြစ်ဖြစ် ငါကတော့CPထဲမှာ နစ်မြုပ်နေပြီ…)


(ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဒီရက်ပိုင်းအတော်လေးအလုပ်ရှုပ်နေကြပုံပဲ..ငါသူတို့နှစ်ယောက်အတူတွဲပြီး ပွဲတက်တာကိုမမြင်ရတာတောင် အချိန်အတော်ကြာနေပြီ..)


(သူတို့နှစ်ဦးစလုံးက အရမ်းအရေးပါတယ်လေ.. ပြီးတော့ သူတို့ရဲ့ခရီးစဉ်တွေကိုလည်း အတော်လေးလျို့ဝှက်ထားတယ်လေ.. အဲ့ဒါက နာမည်ကြီးကိစ္စဘာညာလည်းမဟုတ်တဲ့အတွက် မင်းမမြင်ရတာပုံမှန်ပါပဲ..)


လူတိုင်းမှာ လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲ၏ ချစ်ခြင်းကိုထောက်ခံအားပေးနေကြပြီး သူတို့နှစ်ဦး အဆုံးထိချောချောမွေ့မွေ့လျှောက်လမ်းနိုင်ကြရန် မျှော်လင့်နေကြသည်။

173.2


ထိုညတွင်…


အင်တာနက်အသုံးပြုသူများမှာ လော့ဝမ်ချွမ်းနှင့်ယွမ်ရှင်းကျဲတို့ မည်သည့်အချိန်၌ နောက်တစ်ကြိမ်ခွေးစာလာကျွေးမည်ကို အကြိတ်အနယ်ဆွေးနွေးနေကြသည်။


ရုတ်တရက်ဆိုသလို လော့ဝမ်ချွမ်း၏ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်မှ ဖယ်ရိုမုန်းလိုက်ဖက်ညီမှုကို စစ်ဆေးထားသည့် အစီရင်ခံစာပုံတစ်ပုံကိုတင်လာခဲ့သည်။


၎င်းကို မေးခွန်းတစ်ခုဖြင့် အတူတွဲထားခဲ့သည်။..


[ အားကျလား… ]


ထိုစကားနှင့်အတူ စာရွက်ပေါ်ရှိ 100% နံပါတ်မှာ တိုက်ရိုက်ပင် ပလက်ဖောင်း၏ အများဆုံးရှာဖွေမှုဆီသို့ ပေါက်ကွဲထွက်သွားခဲ့သည်။


လူအုပ်ကြီး : ????


(ဒါကြီးက သောက်ကျိူးနည်းအစစ်ကြီးလား.. ငါ့တစ်သက်လုံးမှာ ဒီလောက်လိုက်ဖက်မှုနှုန်းမြင့်တဲ့ရလဒ်ကိုတစ်ခါမှမမြင်ခဲ့ဖူးဘူး…)


(ဘုရားရေ မင်းတို့က ခွေးတွေကို ညှင်းပန်းနေတဲ့အဆင့်မဟုတ်တော့ဘူး.. သတ်ကိုသတ်နေတာပဲ…)


(ဒီ.. မနာလိုမှုကြီးကအသုံးမဝင်ဘူး..)


(ငါပြောခဲ့သမျှကို ပြန်ရုတ်သိမ်းတယ်.. အဲ့ဒီလိုက်ဖက်ညီမှုအတွက်လေးပဲ ရှင်းကျဲရဲ့ဂလင်းတွေပြန်ကောင်းလာဖို့ ငါတောင်းဆိုနေပါတယ်..)


(ထောက်ခံပါတယ်… ဒါက100%တောင်လေ..)


(100% တောင်နော်.. ဒါက ဘယ်လိုနတ်သမီးပုံပြင်လိုအချစ်မျိုးလဲ.. ငါဒီလိုက်ဖက်ညီမှုကို ဒဏ္ဍာရီတစ်ခုပဲဖြစ်မသွားစေချင်ဘူး…ရှင်းကျဲ မြန်မြန်သက်သာလာပါတော့.. ဒီကမ္ဘာပေါ်ကလူတိုင်းကိုမြင်တွေ့ခွင့်ပေးပါ..)


(ဝူး ဝူး ဝူး.. နောက်ဆုံးတော့ ငါ့ဘဝမှာ ဒီလိုအံ့ဖွယ်တစ်ခုကို မြင်နိုင်ခဲ့ပြီ… ရှင်းရှင်း မြန်မြန်သက်သာလာရမယ်နော်.. ပြီးတော့ အဲ့ဒီချီယုကတော့ သေသွားသင့်တယ်…)


ချီယင်နှင့် ယွီဝမ်တို့မှာလည်း သူတို့၏ပြစ်မှုအတွက် အပြစ်ဒဏ်စီရင်ခံနေရပြီဖြစ်ကာ အချိန်အနည်းငယ်အကြာတွင် ချီမိသားစုမှာ လူတိုင်းဆဲဆိုနေသည့် လမ်းဘေးမှကြွက်တစ်ကောင်ဖြစ်သွားရသည်။


တစ်ဦးတည်း အသက်ရှင်ကျန်ရစ်ခဲ့သော ချီယုမှာ လော့ဝမ်ချွမ်းတင်ထားသည့်ပုံအား မြင်လိုက်ရချိန်တွင် မည်သည့်စကားမျှ မဆိုနိုင်တော့ပေ။


သူနှင့်ရှင်းကျဲ၏ 89% မှာ မြင့်မားလှပြီဟု သူထင်နေမိခဲ့သည်။


မမျှော်လင့်ဘဲ လော့ဝမ်ချွမ်းတင်လာသည့် 100% ပြည့် လိုက်ဖက်ညီမှုရလဒ်မှာ သူ၏မျက်နှာ တိုက်ရိုက်ပင်ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။


ချီယုမှာ မိသားစုပြိုကွဲသွားရသည့် ထိုးနှက်ချက်ကြောင့် ကြေကွဲနေရသည့်အပြင် ယခုလိုက်ဖက်ညီမှုနှင့် ပတ်သက်သည့်အမှန်တရားကလည်း သူ့အား ထပ်ပေါင်းထိုးနှက်လာပြန်သည်။


ချီယု အစပိုင်းတွင် ယွမ်ရှင်းကျဲမှ သူ့အား လက်ထပ်ပွဲဖျက်သိမ်းရန် ပြောဆိုလာသည့်ဆိုင်‌၌ ထိုင်နေခဲ့သည်။


ထိုအချိန်တုန်းက ယွမ်ရှင်းကျဲမကြာမီနောင်တရလိမ့်မည်ဟု သူထင်မိခဲ့သညိ။


သို့သော် ယခုအချိန်တွင် သူရှာဖွေတွေ့ရှိသွားသည့်အရာမှာ သူသည်အမြဲဆိုသလို လူရွှင်တော်တစ်ယောက်သာ ဖြစ်ခဲ့သည့်ပုံပင်။


သူ၏အရေးပါမှုကို ယွမ်ရှင်းကျဲအား ခေါင်းမာမာနှင့်ပြချင်ခဲ့မိသော်လည်း ယွမ်ရှင်းကျဲမှာ သူ့အားမည်သည့်အချိန်ကမှ အလေးအနက်မထားခဲ့ပေ။ သူ၏ဂုဏ်ယူခဲ့ရသည့် ဖယ်ရိုမုန်းလိုက်ဖက်ညီမှုသည်ပင် လော့ဝမ်ချွမ်းထံ၌ ရှုံးနိမ့်ခဲ့ရလေသည်။


ချီယုဆိုင်ထဲမှ ထွက်လာချိန်တွင် သူ၏ခြေလှမ်းများမှာ အနည်းငယ်ပေါ့ပါးနေကာ စိတ်ထဲတွင် ဗလာဖြစ်နေပြီး သူ့အနီးတဝိုက်ရှိ စူးစမ်းနေ‌ကြသော မျက်လုံးများကိုအရေးတယူလုပ်ရန် အချိန်မရှိခဲ့ပေ။


ဆိုင်အဝင်ဝမှနေ၍ ခန်းမအပေါ်တွင် ပုံများချိတ်ဆွဲထားသည်ကို မြင်နိုင်မည့် လေ့ကျင့်ရေးကွင်းပြင်ရှိရာဘက်သို့ ကြည့်နေခဲ့သည်။


လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲတို့ ပူးတွဲMVPရခဲ့ပြီးနောက် ရှင်းဟိုင်စစ်တက္ကသိုလ်မှ သူတို့၏မက်ခါများပါဝင်သောပုံများဖန်တီးကာ ကွင်း၏အပေါ်ဘက်တွင် ကပ်လျက် ချိတ်ဆွဲထားခဲ့သည်။


အပေါ်ဘက်နေရာများထဲမှ တစ်ခုတွင်ရှိနေသည်မှာ အလင်းဓားမက်ခါတစ်ခုဖြစ်ပြီး ယမန်နှစ်မှ တစ်ခုနှင့်ဆင်တူနေသော်လည်း ပို၍ကြည့်ကောင်းကာ ပြီးပြည့်စုံနေခဲ့သည်။


နောက်ထပ်တစ်ခုမှာ ယွမ်ရှင်းကျဲ နောက်ဆုံးပွဲစဉ်၌ အသုံးပြုခဲ့သော မက်ခါအသစ်တစ်မျိုးဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် ကြည့်ရဆိုးသည့်မက်ခါသားရဲတစ်ကောင်သည်လည်း ထိုမက်ခါအသစ်၏ရှေ့တွင် ထိုင်နေခဲ့သည်။


xxxxxxx