အပိုင်း ၁၇၄
Viewers 17k

Chapter174


ချီယုကြည့်လိုက်ချိန်တွင် ထိုမက်ခါများပုံများမှာ လှုပ်ရှားမှုအနည်းငယ်စီလုပ်ဆောင်နေကြသည်။


သူတို့အရှေ့သို့တိုး၍ လေထဲတွင် လက်သီးဆုပ်ကာရှိနေကြသည်။


၎င်းတို့မှာ နောက်ဆုံးပွဲစဉ်တွင် လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲတို့ လုပ်ဆောင်ခဲ့သည့် ပုံစံအတိုင်းပင်ဖြစ်ကာ..


လိုက်ဖက်ညီနေမှုမှာ အံသြဖွယ်ကောင်းလောက်အောင် ပြီးပြည့်စုံလှ၏။


ချီယု နောင်တနှင့် အပြစ်ရှိစိတ်များအပြင် သူ၏နှလုံးသားအောက်ခြေမှပင် ပေါ်လာသည့် အားကျသည့်စိတ်ကြောင့် မျက်လုံးများကိုသာ မှိတ်ချလိုက်ရတော့သည်။


သို့သော်လည်း ထိုအချိန်တွင် ချီယု ၎င်းမက်ခါပုံနှစ်ခုကို စိုက်ကြည့်လျက် တီးတိုးရေရွတ်ခဲ့လေသည်။


 " ရှင်းကျဲ.. ငါတောင်းပန်ပါတယ်.. ပြီးတော့ မင်းပျော်ရွှင်နိုင်ပါ‌စေလို့ ငါဆုတောင်းပါတယ်.."


သူသည် ယွမ်ရှင်းကျဲတို့နှင့် တူညီသော ကမ္ဘာတစ်ခုတည်းမှ မဖြစ်နိုင်တော့ပေ။ ဆုတောင်းမှုများ ပို့သပေးရုံမှလွဲ၍ သူ့ထံတွင် မနာလိုရန်ပင် အရည်အချင်း မပြည့်မီနေချေ။


လော့ဝမ်ချွမ်း လိုက်ဖက်ညီမှုရလဒ်များအား မျှဝေးပြီးနောက် သိပ်မကြာခင်အချိန်၌ ချီယုကျောင်းထွက်သွားသည်ကို ယွမ်ရှင်းကျဲကြားလိုက်ရသည်။


မည်သို့ပင်ဖြစ်စေ သူအံ့ဩမနေခဲ့ပေ။


သူသည် ချီယု သူ့၏မိဘများအပေါ်နာခံတတ်မှုကို အချိန်အတော်ကြာ တွေ့ကြုံခဲ့ဖူးပြီး မိဘနှစ်ဦးစီရင်ခံရပြီးချိန်တွင် ထိုးချက်ချက်များကြောင့် ကျောင်းထွက်လိမ့်မည်မှာ အသေအချာပင်ဖြစ်၏။


ချီယု၏မူလကလျို့မိသားစုနှင့်လက်ထပ်ရန်ကိစ္စကို လျို့မိသားစုဘက်မှ ဖျက်သိမ်းလိုက်သည်ကိုလည်း သူကြားလိုက်ရသည်။


" မင်းပြောတာက ချီယုက တော်ဝင်မြို့တော်ကြယ်ကနေထွက်သွားတော့မှာပေါ့…" 


ထိုစကားကြားပြီးနောက်တွင် လုရန်ရှု ယွမ်ရှင်းကျဲကို မေးလာခဲ့သည်။


 " ငါသာဆိုရင်လည်း ညတွင်းချင်း တခြားဂြိုလ်တစ်ခုကိုပြောင်းပြေးမှာပါပဲလေ..နှစ်ကြိမ်တောင်ငြင်းပယ် ခံရတယ်ဆိုတာက အရမ်းရှက်ဖို့ကောင်းလွန်းတယ်…"


ယွမ်ရှင်းကျဲ၏အသံမှာ ပျော့ပြောင်းနေပြီ " ဖြစ်နိုင်တာက… သူကအမြဲတမ်းနယ်ရုပ်တစ်ရုပ်ပဲဖြစ်ခဲ့ရလို့နေမှာပေါ့.. သူကအယ်လ်ဖာဖြစ်နေလို့ဆိုပြီး ဒီကိစ္စကပြောင်းလဲသွားမှာမဟုတ်ဘူးလေ..ဒီလိုအဆုံးသတ်မျိုးကိုလည်း ငါမျှော်မှန်းထားပြီးသားပဲ.."


ထို့နောက် ယူဂျင်းရုံးထဲဝင်လာကာ ယွမ်ရှင်းကျဲကိုပြောလိုက်လေသည်။


 " ဥက္ကဌ မင်းရဲ့ပုံမှန်ဆေးစစ်ရမဲ့အချိန်ကိုရောက်ပါပြီ.. စစ်ဆေးပြီးရင်တော့ မက်ခါကြယ်ပွဲနဲ့ပူးပေါင်းတဲ့အခမ်းအနားတစ်ခုကိုတက်ရပါမယ်…"


ထိုစကားအား ကြားလိုက်သောအခါ ယွမ်ရှင်းကျဲ လုရန်ရှူအား လှမ်းပြောလိုက်လေသည်။


 " ငါသွားရတော့မယ်…"


လုရန်ရှူ ကူကယ်ရာမဲ့သည့် အမူအယာဖြင့် " မင်းကတော့ အမြဲတမ်းအလုပ်များနေတာပါပဲလေ…သွား သွား မင်းအားတော့မှပဲ စကားထပ်ပြောကြတာပေါ့…"


ယွမ်ရှင်းကျဲ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုပြုလုပ်ရန်အတွက် ပရင့်စ်ဆေးရုံသို့ ထွက်လာခဲ့လေသည်။


ယခင်အချိန်၌ ဆရာဝန်များသည် သူ၏ဂလင်းထဲရှိ အတက်အကျဖြစ်နေမှုကိုခြေရာခံမိခဲ့ကြသော်လည်း ထိုအချိန်မှစ၍ တိုးတက်မှုအနည်းငယ်သာ ရှိခဲ့လေသည်။


စစ်ဆေးမှုအပြီးတွင် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုအတွက် တာဝန်ကျဆရာဝန်မှနေ၍ အံ့ဩနေသည့် အမူအယာဖြင့် " ကြည့်ရတာ မင်းရဲ့အတက်အကျဖြစ်နေတာတွေက ပိုပြီးပြင်းထန်လာပုံပဲ…"


" ဘယ်လိုမျိုးတွေဖြစ်နေလို့လဲ.." ယွမ်ရှင်းကျဲ မျက်ခုံးကိုပင့်ကာ မေးလိုက်လေသည် " အဲ့ဒီဆဲလ်တွေအားလုံးက လှုံ့ဆော်ခံရပြီးနောက်ကို သေဆုံးသွားသင့်တာမျိုးမဟုတ်ဘူးလား.."


" ဒါကသီအိုရီအရတော့ အမှန်ပဲဆိုပေမယ့် မင်းရဲ့ဂလင်းတွေက…" ဆရာဝန်မှာ မယုံနိုင်ဖြစ်နေသည့်ပုံပင် " ကြည့်ရတာ အရင်တုန်းက တချို့ဆဲလ်တွေက အိပ်မောကျနေတဲ့အတွက် နှိုးဆွမခံခဲ့ရတာဖြစ်မယ်ထင်တယ်…"


" အိပ်ပျော်နေတာလား…" ယွမ်ရှင်းကျဲ မျက်မှောင်ကြုတ်လျက် " ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…"


ဆရာဝန်မှ ဆက်ပြောလာခဲ့သည် " ဟုတ်တယ် အဲ့ဒါက တကယ်ကိုအိပ်မောကျနေခဲ့တာ..ပြီးတော့ အလွန်အမင်းအိပ်မောကျနေတယ်လို့ ပြောလို့ရတယ်..အဲ့ဒီအိပ်မောကျတဲ့အခြေအနေထဲရောက်နေတဲ့ဆဲလ်တွေက အရင်တုန်းကအတက်အကျမဖြစ်ခဲ့ဖူးတဲ့အတွက် ဒါကိုခြေရာမခံမိခဲ့တာပဲ..ဘာအကြောင်းကြောင့်လဲဆိုရင်တော့ ကျွန်တော်ထင်တာက မင်းဂလင်းရဲ့လုပ်ဆောင်ချက်တွေကို ကျဆင်းစေတဲ့ ဆေးအချို့သောက်ခဲ့ဖူးလို့ပဲဖြစ်မယ်ထင်တယ်…"


ယွမ်ရှင်းကျဲမှာ တောင့်တင်းသွားရသည်။

174.2


" ဒါပေမယ့်လည်း အရမ်းထူးဆန်းနေတုန်းပဲ…"


 ဆရာဝန်မှ သူ၏မေးစေ့ကိုထိလျက် ဆက်ပြောလာခဲ့သည်။


 " ဂလင်းဆဲလ်တွေကို အိပ်ပျော်စေနိုင်တဲ့ဆေးတွေဆိုတာက စမ်းသပ်နေဆဲဖြစ်ပြီးတော့ ဖွံဖြိုးနေတုန်းအခြေအနေမှာဟုတ်တယ်မလား…အဲ့ဒီ သိပ္ပံသုတေသနအဖွဲ့အစည်းကလွဲပြီး တခြားနေရာမှာတော့ မရှိနိုင်ဘူး.."


ယွမ်ရှင်းကျဲ ရုတ်တရက် တစ်စုံတစ်ခုအား စဉ်းစားမိသွားပြီး မျက်လုံးများပြူးကျယ်လာခဲ့သည်။


" အဲ့ဒါ နိုအာပန်းပွင့်ပဲ.."


ဆရာဝန်မှာ စက္ကန့်အနည်းအကြာ ကြောင်အနေပြီးမှ ရှုပ်ထွေးနေသည့်ပုံစံဖြင့် မေးလိုက်လေသည်။


 " နိုအားပန်းပွင့်လား.. အဲ့ဒါက သာမန်ပန်းတွေပဲလေ ဘယ်လိုလုပ်ပြီး ဆဲလ်တွေကိုအိပ်ပျော်သွားအောင်လုပ်နိုင်မှာလဲ…"


" မဟုတ်ဘူး အဲ့ဒါက သုတေသနအဖွဲ့အစည်းက ပေးခဲ့တဲ့ နိုအာပန်းပွင့်အသစ်တစ်မျိုးပဲ.." 


ယွမ်ရှင်းကျဲ စိတ်လှုပ်ရှားနေခဲ့ပြီး " အဲ့အချိန်တုန်းက မင်ရှောင်းအဲ့ပန်းတွေကို ငါ့ရဲ့စိတ်စွမ်းအားတိုးတက်လာဖို့အတွက်ပေးခဲ့တာ ဒါပေမယ့် သူ့ရဲ့ဘေးထွက်ဆိုးကျိုးကတော့ ခန္ဓာကိုယ်ထဲက ဖယ်ရိုမုန်းပမာဏကို လျော့ကျစေတယ်တဲ့…"


ဆရာဝန်၏မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်သွားရကာ " အဲ့ဒါဆိုရင် နိုအာပန်းပွင့်အသစ်ရဲ့ လုပ်ဆောင်ချက်က ဂလင်းဆဲလ်အချို့ကို အိပ်ပျော်သွားစေနိုင်တာပေါ့…"


" အမှန်ပဲ.." 


ယွမ်ရှင်းကျဲ ခေါင်းငြိမ့်ကာ လေးလေးနက်နက်ပြောလာခဲ့သည်။


 " မက်ခါသုတေသနဌာနက စိတ်စွမ်းအားတိုးတက်မှုအတွက်ပဲ သုတေသနလုပ်ဖို့ တာဝန်ရှိတာလေ…အဲ့ဒါကြောင့် သူတို့အဲ့ပန်းတွေကို နက်နက်ရှိုင်းရှိုင်းမလေ့လာခဲ့ကြဘူး…အဲ့ဒီအတွက်ကြောင့် နိုအာပန်းပွင့်တွေမှာ ဒီသက်ရောက်မှုရှိတယ်ဆိုတာကို သူတို့မသိကြတာ…"


ဆရာဝန်မှာ အပျော်လွန်သွားရကာ " ဒါက အဓိပ္ပါယ်ရှိတာပဲ.. ဒုတိယအရှင် ဒီပန်းတွေနဲ့ထိတွေ့နေခဲ့တာ အချိန်ဘယ်လောက်ကြာပြီလဲ…"


ယွမ်ရှင်းကျဲ သူ၏လည်ပင်းကို ထိကိုင်လိုက်ပြီးနောက် အချိန်ခဏကြာ စဉ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။


 " ငါလည်းမေ့သွားပြီ…ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ငါ့ရဲ့စိတ်စွမ်းအားက ခုန်ပျံကျော်လွားပြီးကို တိုးတက်သွားတာ.. ငါတောင်မှပဲ အံ့ဩသွားခဲ့ရတယ်..နောက်ကျတော့ ငါ့ရဲ့ဖယ်ရိုမုန်းပမာဏက အများကြီးကျဆင်းလာခဲ့တာပဲ…"


ထိုအချက်ကြောင့်ပင် လော့ဝမ်ချွမ်းသူ့အားယာယီအမှတ်အသားပြုလုပ်ခဲ့သည့်အချိန်တွင် ယွမ်ရှင်းကျဲ လှုံ့ဆော်လာမှုကို ခံနိုင်ရည်ရှိခဲ့ခြင်းဖြစ်သည်။


ဆရာဝင်မှ တက်ကြွနေသည့်အမူအယာဖြင့် " အဲ့ဒါဆို မင်းရဲ့ဂလင်းတွေကိုကယ်တင်ရသေးတယ်လို့ဆိုလိုတာပဲ…ကျွန်တော်အခုပဲ မင်းကိုအိပ်ပျော်နေတဲ့ဆဲလ်တွေကို နှိုးပေးမဲ့ဆေးပေးလိုက်မယ်…"


ဆရာဝန်များမှာ ယွမ်ရှင်းကျဲ၏ဂလင်းထဲတွင် အိပ်ပျော်နေသည့်ဆဲလ်များရှိသည်ကို မသိသေးသည့်အချိန်တုန်းက ထိုဆေးအား မသုံးပြုခဲ့ကြပေ။


တက်ကြွနေသော ဆရာဝန်ကိုကြည့်၍ ယွမ်ရှင်းကျဲ‌ပြောလိုက်လေသည်။


 " အရင်ဆုံးခဏနေပါဦး.. ဆဲလ်တွေကိုပြန်နှိုးပြီးတဲ့အချိန်ကျရင် ငါအရင်လိုအိုမီဂါတစ်ယောက်ပြန်ဖြစ်သွားမှာလား…"


သူပြန်မကောင်းချင်သည်မျိုး မဟုတ်သော်လည်း အိုမီဂါတစ်ဦးဖြစ်ရခြင်းမှာ အမှန်တကယ်ပင် ဘီတာတစ်ဦးဖြစ်ရခြင်းလောက် လွတ်လပ်မှုမရှိပေ။


စိတ်ပူပန်နေခြင်းများမှ ကင်းလွတ်ခွင့်ရသည့် ဘဝမှာ သူနေထိုင်ချင်သော ဘဝတစ်ခုဖြစ်သည်။


ဆရာဝန်မှ ယွမ်ရှင်းကျဲကို ပြောလာခဲ့သည်။


 " ကျွန်တော် မင်းစိုးရိမ်နေတာကိုသိပါတယ်… ဘယ်လိုပဲဖြစ်ဖြစ် နိုအာပန်းပွင့်တွေကမင်းရဲ့ဂလင်းတွေကိုအိပ်မောကျအောင်လုပ်နိုင်ခဲ့တယ်ဆိုထဲက နောက်ကြရင် မင်းဘီတာအဖြစ်ပြန်သွားဖို့အတွက် နည်းလမ်းရှိလာမှာပဲ.."


ထိုစကားများမှာ ယွမ်ရှင်းကျဲအား နိုးကြားသွားစေခဲ့သည်။


အဆိုပါနိုအာပန်းပွင့်များ၏ အကျိုးသက်ရောက်မှုအကြောင်းကို မရည်ရွယ်ဘဲရှာဖွေတွေ့ရှိသွားသည်မှာ ယေဘုယျအားဖြင့် ဖြစ်နိုင်လေသည်။ ထိုသို့ဆိုလျှင် အိုမီဂါများသည် သူတို့၏ဂလင်းများကို ထားထားမည် သို့မဟုတ် အိပ်စက်စေမည်ကို လွတ်လပ်စွာရွေးချယ်နိုင်တော့မည်ပင်။


၎င်းမှာ တားဆေးထက်ပို၍ စိတ်ချနိုင်ပေမည်။


ထို့အပြင် အိုမီဂါတစ်ဦး၏ဂလင်းများအိပ်ပျော်သွားချိန်၌ အိုမီဂါအဖြစ်သူ၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာကန့်သတ်ချက်များမှာ လျော့ကျသွားပြီး သူတို့၏စွမ်းရည်များတိုးတက်လာနိုင်မည်ဖြစ်သည်။


ယွမ်ရှင်းကျဲခေါင်းငြိမ့်ကာ ပြောလိုက်သည်။


 " အမှန်ပဲ…"


ယွမ်ရှင်းကျဲ ဆဲလ်များကိုနှိုးဆွပေးသည့်ဆေးအား ထိုးသွင်းပြီးချိန်တွင် သူ၏အိပ်မောကျနေသောဂလင်းများမှာ ချက်ချင်းဆိုသလို အသက်ဝင်လာခဲ့သည်။


တစ်ချိန်တည်းမှာပင် သူချန်းယွမ်အားဆက်သွယ်လိုက်ပြီး နိုအာပန်းပွင့်များ၏သက်ရောက်မှုအကြောင်းပြောပြလိုက်ကာ သုတေသနအဖွဲ့အစည်းမှ လာမည့်ရှာဖွေမှုများတွင် ကူညီပေးနိုင်ရန် မျှော်လင့်နေကြောင်းကို ပြောလိုက်သည်။


ထိုတွေ့ရှိမှုမှာ လူမှုအဖွဲ့အစည်းအတွက် နောက်ထပ် အဓိက ပံ့ပိုးကူညီမှုတစ်ခုဖြစ်လာမည်ကို သိနေသောကြောင့် ချန်းယွမ်မှာမူ အလွန်တက်ကြွနေခဲ့သည်။


ထို့နောက် ယွမ်ရှင်းကျဲ ဆရာဝန်ကိုပြောလိုက်လေသည်။


 " အခုတော့ အခြားလူတွေကို ဒီအကြောင်းမပြောပါနဲ့ဦး…"


သူ လော့ဝမ်ချွမ်းအား အံ့ဩသွားစေချင်ခဲ့သည်။


နေ့လည်ခင်းတွင်…


ရှင်းချွမ်းမက်ခါကုမ္ပဏီနှင့် မက်ခါကြယ်ပွင့်ဂိမ်းတို့၏ ပူးပေါင်းမှုအခမ်းအနားကျင်းပနေခဲ့သည်။


မက်ခါကြယ်ပွင့်ဘက်မှ ယွမ်ရှင်းကျဲ၏မက်ခါအသစ်ကိုမိတ်ဆက်လာမည်အား မျှော်လင့်နေခဲ့ပြီး သို့မှသာ အသုံးပြုသူများသည် ဂိမ်းထဲတွင် ဦးဦးဖျားဖျား စမ်းသပ်နိုင်မည်ဖြစ်သည်။


သို့ဖြစ်ရာ ထိုပူးပေါင်းဆောင်ရွက်မှုမှာ အတော်အတန်လှုပ်လှုပ်ရွရွဖြစ်စေခဲ့ပြီး လူပေါင်းများစွာက ထိုပူးပေါင်းမှုအခမ်းအနား၏ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေခဲ့ကြသည်။


မက်ခါကြယ်ပွင့်ကုမ္ပဏီသည် မက်ခါလောကမှ အင်အားကြီးသူများကို ပွဲတက်ရန်အတွက် ဖိတ်ကြားထားခဲ့သည်။


သူတို့ထဲမှ အများစုမှာ NCLM၏ နာမည်ကြီးကစားသမားများဖြစ်ကြသော စိန့်ကလီတို၊ ဂျက်ကော့ ၊ နိုအာ ၊ ဖန့်ယွင် ၊ရှင်းဟိုင်နှင့် ယခုနှစ်အတွင်း ကောင်းမွန်စွာ ကစားခဲ့ကြသော အခြားအဖွဲ့များမှသူများဖြစ်ကြသည်။


ထိုသူများသည်လည်း မူလအစထဲက မက်ခါကြယ်ပွင့်ကစားရသည်ကို နှစ်ခြိုက်ကြသဖြင့် သဘာဝကျစွာပင် စီစဉ်သူ၏ဖိတ်ခေါ်မှုကိုလက်ခံခဲ့ကြသည်။


ယွမ်ရှင်းကျဲ၏ " ငါကအရမ်းအားနည်းတယ် " အကောင့်နှင့် လော့ဝမ်ချွမ်း၏ " ဒါဆိုငါမင်းကိုကာကွယ်ပေးမယ် " အကောင့်တို့မှာ အဆင့်ရလဒ်စာရင်းတွင် ဗိုလ်စွဲထားကာ ပထမနှင့်ဒုတိယနေရာတွင် အသီးသီးတည်ရှိနေကြသည်။


xxxxxxx