အပိုင်း ၁၄
Viewers 18k

Chapter 14


ရမ်ရှန့်က ထိုဝတ်စုံများကို အမှန်တကယ်ကို သဘောကျမိခြင်းဖြစ်သည်။ ငြီးငွေ့ဖွယ် သမားရိုးကျ အဝတ်အစားများနှင့် နှိုင်းယှဉ်ပါလျှင် ထိုအင်္ကျီများ အထူးသဖြင့် တိရစ္ဆာန်ပုံစံ ညအိပ်ဝတ်စုံများကပင် ပိုပြီး လှနေသေးသည်။ သဘောကိလွန်း၍ လက်ထဲကပင် မချနိုင်တော့ချေ။ 


သူသာ ဂျင်ဆင်းဝိဉာဉ်မဟုတ်ဘဲ ကျား သို့မဟုတ် ကျားသစ်ဝိဉာဉ်ဖြစ်ခဲ့လျှင် သိပ်ကောင်းမှာပဲဟု အမြဲတမ်းလိုလို တွေးခဲ့ဖူးသည်။ ရှို့ကျန်းကမ္ဘာတွင် နှစ်တစ်သောင်းသာ ကျင့်ကြံထားသည့် ကျားဝိဉာဉ်သည်ပင် ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။ သို့သော် သူ့အတွက်ကတော့ မတူပေ။ နှစ်တစ်သောင်းကြာသည့်တိုင် လက်တစ်ဖဝါးစာသာ ရှိသေးပြီး လူအသွင်ပင် မပြောင်းနိုင်သေးသည့် ယုန်သားရဲကို တွေ့လျှင်ပင် ပြေးနေ ‌ပုန်းနေရသေးသည်။ 


သူ့အသက် ‌နှစ်တစ်သောင်းကျော်ကာ သူ့သခင် ကောင်းကင်ဘုံသို့ ကြွမြန်းသွားချိန်တွင်တော့ သခင်၏ ဒူးဆစ်နားအထိ အရပ်မြင့်လာပြီဖြစ်သည်။ သို့သော် လူသားကမ္ဘာ‌တွင်တော့ နို့ဖြတ်ကာစ ကလေးအရွယ်သာ ရှိနေသေးသည်။ တကယ်ကို ဝမ်းနည်းစရာပဲ ... 


သူ့မျိုးနွယ်ကို မပြောင်းလဲနိုင်တာက တကယ်ကို ကံဆိုးတာပဲ ... 


သူက ကျားဝတ်စုံကို စမ်းဝတ်ကြည့်လိုက်ကာ အမွေးတုများကို ထိနေလိုက်သည်။ ရမ်ရှန့်က မှန်ရှေ့တွင် ခပ်မိုက်မိုက်အမူအယာကို လုပ်ကာ တင်ပါးလေးကို လိမ်ရင်း အမြီးကို နည်းမျိုးစုံ လှုပ်ယမ်းကြည့်‌နေသည်။ 


အခုတော့ သူက အရမ်းကို ကြီးမြတ်လှတဲ့ ကျားဝိဉာဉ်နဲ့ တူသွားပြီပဲ ... ရမ်ရှန့်က အမြီးတပုတ်ပုတ်ဖြင့် အခြားအဝတ်များကို သွားကြည့်လိုက်သည်။ 


ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ရှန်းချိုးရှစ်အဖို့လည်း နှလုံးသားတစ်ခုလုံး အရည်ပျော်ကျတော့မယောင်ပင်။ သူမ၏ သားဖြစ်သူမှာ ငယ်စဉ်ကတည်းကပင် ရင့်ကျက်ကာ သုံးလေးနှစ်အရွယ်တွင်ပင် ဝတ်စုံပြည့်နှင့် လည်စီးစီးနေပြီဖြစ်သည်။ ချစ်ဖို့ ကောင်းသော်ငြား ထိုကလေးကို သူမစိတ်တိုင်းကျ မဆင်ပေးနိုင်တော့သည့်အတွက်တော့ နောင်တရမိသေးသည်။ 


ယခုတော့ သူမ၏ နောင်တများအားလုံး လွင့်စင်သွားပြီဖြစ်သည်။ 


"ရမ်ရေ ဒါတွေလည်း စမ်းဝတ်ကြည့်လိုက်ဦး ဒီတစ်ခုက မြေခွေးဝတ်စုံတဲ့ သူက အမြီးတင်မကဘူး နားရွက်ပါ လှုပ်လို့ရတယ် ..." 


သူမက အင်္ကျီပေါ်ရှိ နားရွက်ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် နားရွက်အစစ်လိုပင် လှုပ်ရှားသွားတော့သည်။ 


ရမ်ရှန့်၏ အကြည့်တို့က ဝင်းဝင်းတောက်လာတော့သည်။ သူ အဲဒါကို ဝတ်လိုက်ရင် ဂန္တဝင်မြေခွေးလို ဖြစ်သွားလောက်လား။ မြေခွေးလေ။  သခင်ပြောတာတော့ မြေခွေးတွေက အလှဆုံးပဲတဲ့ ... 


မြေခွေးဝတ်စုံက ပွယောင်းယောင်းဖြစ်‌မနေ။ ၎င်းတွင် သားရေအတုဖြင့် လုပ်ထားသည့် အပေါ်ဝတ်အင်္ကျီ၊ နားရွက်ပါသည့် ဦးထုပ်နှင့် မီးတောက်နီရောင် အမွေးဖွားဖွားများ တပ်ဆင်ထားသည့် ဘောင်းဘီတိုတို့သာ ပါဝင်သည်။ သားရေဖိနပ်လေးတစ်ရံပါ တွဲဖက်ဝတ်ဆင်လိုက်ချိန်တွင်တော့ သူ့ရုပ်ရည်မှာ ထင်းထွက်နေသည့်အပြင် ချစ်ဖို့လည်း ကောင်းနေသေးသည်။ သူ၏ ဖြူလွလွ မျက်နှာလေးမှာ အနီရောင်သားမွေးများအကြားတွင် ပို၍ပင် ဖွေးသွားစေသည်။ 


ရှန်းချိုးရှစ်က သူ့ကို ပွေ့ဖက်ရန်ပင် မစောင့်နိုင်တော့။ ဒီဝတ်စုံနဲ့ ရမ်ရဲ့ပုံကို သားစီ သေချာပေါက်ကို ပို့ပေးရမယ် ... 


အဝတ်တစ်ထပ်လိုက်ကြီး ဝယ်ကာ ငွေရှင်းပြီးချိန်တွင် သူမ ‌မတွေ့ချင်သည့် မျက်နှာကို တွေ့လိုက်ရသည်။ 


"အမလေး ဒါက မစ္စစ်ကျောက်မဟုတ်လား ရှင့်သားက အိပ်ယာထဲ လှဲနေရတာတောင် ဈေးဝယ်ထွက်နိုင်သေးတယ်ပေါ့ ..." 


အရပ်ရှည်ရှည် ဆံပင်အညိုရောင်နှင့် အမျိုးသမီးက နှုတ်ခမ်းထောင့်စွန်းတို့ကို ကွေးညွတ်ရင်း စကားဆိုလိုက်သည်။ သူမ၏ မျက်ဝန်းတို့မှာတော့ ပြုံးရိပ်ထင်မနေချေ။ 


"မစ္စစ်လော့ခဲ‌အနေနဲ့ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အာရုံစိုက်စရာ မလိုဘူးလို့ ထင်တာပဲနော် ရှင့်သားနဲ့ ချွေးမလောင်းလေးကိုပဲ ပိုပြီး အာရုံစိုက်လိုက်ပါဦး ..." 


သူမက ဘေးနားရှိ ဝမ်ယွဲ့ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ 


ထိုဝမ်ယွဲ့သည် အတော်ကို လုပ်နိုင်စွမ်းရှိလှသူ ဖြစ်ကြောင်းကိုတော့ ဝန်ခံရမည်ဖြစ်သည်။ ပြီးခဲ့သည့် ကိစ္စကြောင့် သူမ၏ ဂုဏ်သတင်းကို မရှင်းလင်းနိုင်မချင်း လော့ခဲအိမ်တော်နှင့် လက်ထပ်နိုင်မည်မဟုတ်ဟု ထင်ခဲ့သော်ငြား သူမ၏အတွေး မှားသွားသည့်ဟန်ပင်။ 


သူမကို ပြစ်တင်နေကြသူများ ရှိနေသေးသော်လည်း ယခင်ကထက်တော့ အများကြီး လျော့ကျသွားပြီဖြစ်သည်။ အခု သူမမှာ မစ္စစ်လော့ခဲနှင့်ပင် ဈေးဝယ်ထွက်နိုင်နေပြီဖြစ်သည်။ 


"ကျွန်မသားက ကျန်းမာနေတဲ့ဟာကို ဘာများ စိတ်ပူစရာရှိလို့လဲရှင် ..." 


မစ္စစ်လော့ခဲက ရှန်းချိုးရှစ်၏ လက်ကောက်ဝတ်ကို ကြည့်ရင်း ပြောလိုက်သည်။ 


"မဒမ်ကျောက်က ဘာလို့များ ရန်လိုနေရတာလဲ ဒီတစ်ခါတော့ ညစ်ညစ်ပတ်ပတ် လှည့်ကွက်တွေ မလုပ်တော့ဘူး မဟုတ်လား ..." 


"အော ဟော ကျွန်မက ကိုယ့်အိမ်မှာကိုယ်တောင် ဗီဒီယိုလေး ရိုက်လို့ မရဘူးပေါ့ ဒီစက်ပစ္စည်းတွေကို အလှကြည့်နေရမယ့် သဘောလား အမလေး တစ်ချို့တစ်ချို့တွေများနော် သူများအိမ်ထဲလဲ ဇွတ်အတင်း ဝင်လာသေးတယ် အိမ်ပိုင်ရှင်ကိုလည်း ဗီဒီယိုရိုက်ရကောင်းလားဆိုပြီး အပြစ်ပြောသေးတယ်နော် ..." 


သူမက ခပ်ပြုံးပြုံး ပြောလိုက်သည်။


ဒွိဟဖြစ်မှုတို့က မစ္စစ်လော့ခဲ၏ မျက်နှာတစ်လျှောက် ဖြတ်ပြေးသွားတော့သည်။  ရှန်းချိုးရှစ်ရဲ့ အပြုအမူတွေက နည်းနည်းမှားနေသလိုပဲ သူမက တမင်‌တကာ လျှောက်ပြောနေတာများလား ... 


ရှန်းချိုးရှစ်သည် ခင်ပွန်းသည်ကို ဆုံးရှုံးရတော့မည့်အပြင် သားဖြစ်သူမှာလည်း ဘာမှ မစွမ်းဆောင်နိုင်တော့။ သူမ၏ တင်းမာသော သွင်ပြင်ကို တွေ့လိုက်ရချိန်တွင် မစ္စစ်လော့ခဲသည် လိပ်ပြာမလုံဖြစ်လာကာ ဆက်ပြီး ရန်မစရဲတော့။ 


စိတ်လွတ်နေတဲ့ မိန်းမတွေကို ရန်မစမိတာ အကောင်းဆုံးပဲ ... 


မစ္စစ်လော့ခဲက ပြဿနာမဖြစ်လိုသော်ငြား သူမနှင့်အတူပါလာသူကတော့ ထိုသို့ တွေးဟန်မတူ။ 


"အန်တီရှန်း ကျွန်မကို ဒီလိုမျိုး တွန်းချနေရမှကို ဖြစ်မှာလား ..." 


သူမက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်ဝန်းတို့မှာလည်း ချက်ခြင်း နီရဲလာ‌သည်။ အကြည့်တို့ကို ရမ်ရှန့်ထံ ပို့လိုက်ချိန်တွင်တော့ ကောက်ကျစ်လိုမှု တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။ 


သူမမှာ ဒီရက်ပိုင်းအတွင်း အတော်ကို အခြေအနေ ဆိုးနေခဲ့သည်။ 


ရှန်းချိုးရှစ် တိုက်ရိုက်ထုတ်လွှင့်ချိန်မှစ၍ သူမ၏ ပရိသတ်အရေအတွက်မှာ နည်းသည်ထက် နည်းလာသည်။ ဆေးရုံတွင် ပရဟိတ လုပ်အားပေး သွားလုပ်နေ၍သာ အချို့အဝက်ကို ဆွဲထားနိုင်ခြင်း ဖြစ်သည်။ 


လူနာများက တမင်တကာ ရန်ရှာကာ မီဒီယာကလည်း တကောက်ကောက် လိုက်နေသေးသည်။ ထိုသည်သာမက ကျောက်လင်းယွီကို အရူးအမူး ကိုးကွယ်ကြသူများ၏ ပတ်ပတ်လည် ဝိုင်းရံခြင်းကိုပါ ခံနေရသေးသည်။ ဒေါသလည်း ထွက်မပြနိုင်။ ခပ်ပြုံးပြုံးဖြင့်သာ သည်းခံနေရသော်ငြား ထိုနေရာမှ ထွက်ပြေးချင်နေပြီဖြစ်သည်။ 


ဓာတ်ပုံတို့ကို တိတ်တိတ်လေး ပို့လိုက်ပြီးနောက် သူမက အပြုံးတစ်ပွင့်ကို လှစ်ဟလာသည်။

14.2


"အန်တီရှန်း ရှင်ပဲ ကျွန်မကို ရှင့်သားနဲ့ ဇွတ်အတင်း ပေးစားချင်ခဲ့တာလေ အခုကျ အစ်ကိုလင်းယွီ ကျန်းမာရေးမကောင်းတာတောင် ဂရုမစိုက်တော့ဘဲ ဈေးဝယ်ထွက်နေပြီပေါ့ ..." 


သူမအသံ ဆုံးသည်နှင့်တစ်ပြိုင်နက် သတင်းထောက်အများအပြား ထွက်ပေါ်လာတော့သည်။ ထိုသူများကို မြင်လိုက်ချိန်တွင် မစ္စစ်လော့ခဲက မျက်နှာပျက်သွားသော်ငြား ရှန်းချိုးရှစ်ကတော့ အေးစက်စက်သာ သရော်လိုက်သည်။ 


"မစ္စစ်လော့ခဲ ခင်ဗျားနဲ့ မစ်ဝမ်တို့က အတူတူ ဈေးဝယ်ထွက်နေကြတာ‌က သူမနဲ့ ဒုတိယသခင်လေးတို့က ရင်းနှီးနေလို့လား ..." 


"လေဒီကျောက် ဈေးဝယ်ထွက်နေတာက မာရှယ်ကြီးရဲ့ ကျန်းမာရေး တိုးတက်လာပြီလို့ ဆိုလိုချင်တာလားဗျ ..." 


"မစ္စစ်ကျောက်ရဲ့ ဘေးနားက တစ်ယောက်က မဟာမိတ်တပ်ပေါင်းစုကလာတဲ့ ကေးလားဗျ သူက ဘယ်အချိန် မာရှယ်နဲ့ လက်ထပ်မှာပါလဲ ..." 


မေးခွန်းများ တစ်ပုံတစ်ခေါင်း ထွက်လာချိန်တွင် မစ္စစ်လော့ခဲ၏မျက်နှာမှာ ပို၍ပင် ပျက်ယွင်းလာတော့သည်။ 


တကယ်တမ်းမှာ သူမက ဝမ်ယွဲ့နှင့်အတူ ဈေးဝယ်ထွက်လာခြင်း မဟုတ်ပေ။ ရှန်းချိုးရှစ်နှင့် မတွေ့ခင်လေးတင်မှ သူမနှင့် ဆုံခဲ့ခြင်းဖြစ်သည်။ 


ဒီရက်ပိုင်းအတွင်း သူမက ခပ်လျှိုလျှိုနေနေ၍သာ အတူတူလိုက်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အခုတော့ သူမလည်း ဝမ်ယွဲ့၏ လှည့်ကွက်ထဲ ကျရောက်သွားဟန်ပင်။ ဤနေရာကို သာမန်သတင်းထောက်များ မဝင်နိုင်ရာ ထိုသူများသည် သေချာပေါက်ကို ဝမ်ယွဲ့၏ လက်ချက် ဖြစ်ရမည်။ 


ပုန်းနေသည့် သတင်းထောက်များကသာ ရှန်းချိုးရှစ်ကို မတွေ့ခဲ့ပါလျှင် သူမနှင့်ဝမ်ယွဲ့ အတူတူ ဈေးဝယ်ထွက်ခဲ့သည့်သတင်းမှာ ပလူပျံနေတော့မည်ဖြစ်သည်။ 


မဟုတ်သေးဘူး။ သတင်းက အစောကြီးကတည်းကကို ပျံ့နေပြီးသားပဲ။ ‌ရှန်းချိုးရှစ်က သူတို့မိသားစုက ကေးနဲ့အတူတူ ဈေးဝယ်လာတယ်ဆိုတဲ့ သတင်းက အပိုထပ်ဖြည့်လိုက်တာပဲရှိတာ ... 


မစ္စစ်လော့ခဲ၏ အတွေးမှာ ကွက်တိပင်ဖြစ်သည်။ ဝမ်ယွဲ့က ထိုသတင်းထောက်များကို တိတ်တိတ်လေး သတင်းပေးခဲ့ခြင်းဖြစ်ကာ အချို့မှာ ဝမ်မိသားစုဘက်တော်သားများ ဖြစ်ကြသည်။ ထိုသူများ၏ ဦးတည်ရာသည် ‌ရှန်းချိုးရှစ်ထံ ပြောင်းသွားပြီဖြစ်သည်။ 


"မစ္စစ်ကျောက် မိသားစု အခြေအနေက ဆိုးရွားနေတာတောင် ဈေးဝယ်ထွက်နိုင်တယ်ဆိုတော့ နည်းလမ်းရှာတွေ့သွားလို့လားဗျ ..." 


"မစ္စစ်ကျောက် မာရှယ်ရဲ့ စွမ်းအားတွေ ထိန်းချုပ်လို့ မရ‌နိုင်တော့မှာကို ကြောက်လို့ ကျောက်အိမ်တော်ကနေ ထွက်လာတာဆိုတဲ့ သတင်းကရော အမှန်ပဲလား ..." 


"မဒမ်ကျောက် ကျောက်မိသားစုကို စွန့်ပစ်ဖို့ စီစဉ်နေတာလားဆိုတာ သိချင်ပါတယ် ..." 


"မစ္စစ်ကျောက် ဘေးက ကေးရဲ့ အိုင်ကျူက ပြဿနာတစ်ခုခုများ ရှိနေပါသလား ..." 


....


ထိုမေးခွန်းများမှာ သေချာပေါက်ကို သူမကို စွပ်စွဲနေခြင်းဖြစ်သည်။  


သူမကတော့ အံ့ဩဟန်မတူ။ တိုက်ရိုက်လွှင့်နေကြောင်း သိလိုက်ရချိန်တွင် ခပ်ဖွဖွ ပြုံးလိုက်သည်။ 


"ရှင်တို့ရဲ့အတွေးတွေက တစ်ဆိတ် မလွန်လွန်းဘူးလား ..." 


"ဒါဆို မဒမ်ကျောက်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး ဘယ်လိုရှင်းပြချင်ပါသလဲ ..." 


"ဘာလို့များ တို့ရဲ့အပြုအမူကို ရှင်းပြပေးရမှာလဲ ... မင်းတို့သာ ထိခိုက်ဒဏ်ရာရတဲ့သူဆို မင်းတို့ချစ်ရတဲ့သူတွေက အမြဲတမ်း ငိုယိုပြီး အခက်အခဲတွေနဲ့ပဲ ရင်ဆိုင်ရတာမျိုးကို မြင်ချင်မှာတဲ့လား ကျန်တဲ့မေးခွန်းတွေအတွက်ကတော့ တို့ဟာ အမြဲတမ်း ကျောက်မိသားစုဝင်တစ်ဦး ဖြစ်နေဦးမှာ ဖြစ်သလို ဟောဒီက ရမ်ရှန့်ကလည်း ကျောက်မိသားစုဝင်တစ်ဦးပဲ ဖြစ်သွားတော့မှာ ..." 


သူမက ရမ်ရှန့်၏ လက်ကို ကိုင်ကာ ပြောလိုက်သည်။


"အခုအချိန်ကနေစပြီး ဒီကလေးကလည်း ကျွန်မရဲ့ သွေးသားပဲ သူ့ကို စော်ကားတာပဲဖြစ်ဖြစ် အနိုင်ကျင့်တာပဲဖြစ်ဖြစ် လုပ်ခဲ့မယ်ဆိုရင် ကျောက်မိသားစုက လက်ပိုက်ကြည့်‌မနေဘူးဆိုတာကိုပါ တစ်ခါတည်း ပြောထားလိုက်ပါ့မယ် ..." 


သူမတို့အားလုံးက ရမ်ရှန့်ကို အသိအမှတ်ပြုပြီးဖြစ်ရာ ထိုအကြောင်းကို ဖက်ဒရယ်တစ်ခုလုံးကို သိစေမည်ဖြစ်သည်။ 


ကုန်သွယ်ရေးဌာနချုပ်၏ လှည့်ကွက်များကို ကာကွယ်ရန် ရမ်ရှန့်၏ သရုပ်‌မှန်ကို မဟာမိတ်တပ်ပေါင်းစုအကြောင်း တစ်ခွန်းမှ မဆိုဘဲ လူထုထံ ချပြလိုက်သည်။ 


xxxxxxx