အပိုင်း ၁၅
Viewers 18k

Chapter 15


ရှန်းချိုးရှစ်၏ ကြေငြာချက်ကို ကြားလိုက်ရချိန်တွင်တော့ မစ္စစ်လော့ခဲသည် ဝမ်ယွဲ့ကို ပို၍ပင် မုန်းတီးမိလာသည်။ 


ထင်ထားတဲ့အတိုင်းပဲ ... မိသားစုသေးသေးလေးကနေ လာတဲ့သူဆိုတော့ လူသိမခံတဲ့ လှည့်ကွက်တွေ ဘယ်လိုလုပ်ရမလဲဆိုတာကို သိနေတာပဲ ... 


ကျောက်လင်းယွီက ဘယ်သူမိုလို့လဲ သူက နိုင်ငံ့အာဇာနည်လေ သူက ဒီတစ်ခေါက် မြို့တော်ကြယ်ကို မကယ်တင်ပေးခဲ့ဖူးဆိုရင်တောင် လူတွေ အမြဲတမ်း သတိရနေရမယ့်အထိ ကျော်ကြားပြီးသားလေ သူတို့ကို မုန်းပါတယ်ဆိုတဲ့ လော့ခဲမိသားစုတောင် အပေါ်ယံမှာ ဟန်ဆောင်ပန်ဆောင် ယဉ်ကျေးပြနေရသေးတာကို ဒီမိန်းမကတော့လေ ပထမက သူမသားကို ကျောက်အိမ်တော်ဆီ ခေါ်သွားပြီး အရှက်ခွဲတယ် အခု သူမကိုပါ အရှက်ခွဲဖို့ ကြိုးစားပြန်ပြီ... 


ဒီနေရာကို သူကျင်လည်နေကျ အနုပညာအသိုင်းအဝိုင်းလို့များ ထင်နေလား မသိဘူး ... 


မစ္စစ်လော့ခဲက သူမကို စိတ်ဆိုးမာန်ဆိုးဖြင့် လှည့်ကြည့်လိုက်သည်။ နောက်မှ မျက်နှာထားကို ပြင်ကာ ရှန်းချိုးရှစ်ထံ လျှောက်သွားလိုက်သည်။ 


"ချိုးရှစ်ရေ  မင်းလည်း ဖိအားတွေ အများကြီးကို ထမ်းပိုးထားရတာပဲကွယ် လျှောက်ပတ်ကြည့်ပြီး အနားယူလိုက်ဦးနော် ရှေ့လျှောက် ကျောက်မိသားစုရဲ့ အနာဂတ်က မင်းအပေါ်မှာပဲ ရှိနေဦးမှာလေ ... 


ဒီအချိန်တွင် သူမသာ လှည့်ထွက်ပြီး ပြန်သွားပါလျှင် သေချာပေါက်ကို ဓာတ်ပုံအရိုက်ခံရဦးမည်ဖြစ်သည်။ သွားကိုတင်းတင်းစေ့ကာ မနှစ်မြို့ မှုတို့ကို မြိုချရင်း သူမက ရမ်ရှန့်ကို ကြင်ကြင်နာနာ ချီးကျူးလိုက်သည်။ 


"ဒီကလေးကိုလည်း ကြည့်ပါဦး လှကလည်းလှ ချစ်ဖို့ကလည်း ကောင်းနဲ့ ..." 


သူမ၏ တုန့်ပြန်မှုက မျှော်လင့်ထားသည့်အတိုင်းပင်။ သို့သော် ဝမ်ယွဲ့၏ မျက်နှာမှာတော့ သွေးဆုတ်ထားသလို ဖြူလျော်လာတော့သည်။ သူမ၏ခြေလှမ်း မှားသွားခဲ့သော်ငြား ဆက်ရွှေ့ရုံသာ တတ်နိုင်တော့သည်။ 


"အန်တီရေ စိတ်မဆိုးပါနဲ့ လူတိုင်းက အစ်ကိုလင်းယွီရဲ့ ကျန်းမာရေးအ‌ခြေအနေကို စိတ်ပူနေကြတာလေ အန်တီက ဒီနေ့ တအားပျော်နေတာဆိုတော့ အစ်ကို့ကျန်းမာရေးက တိုးတက်လာလို့လား ..." 


သူမ၏ အသံမှာ ကျောက်လင်းယွီအတွက် အမှန်တကယ် ပူပန်နေဟန်တို့ အပြည့်ပင်။ 


သူမသည် ကျောက်လင်းယွီ၏ ဩဇာလွှမ်းမိုးနိုင်မှုကို သိရှိထားရာ အစမှ အဆုံးအထိ သူ့ကို တစ်ခွန်းမှ အပြစ်မတင်ခဲ့။ ကျောက်မိသားစုက လက်ထပ်ပွဲအတွက် နောင်တရနေပြီဟု အရိပ်အမွက် ပေးစဉ်ကပင်လျှင် သူကတော့ ပြင်းပြင်းထန်ထန် ထိခိုက်ထား၍ လက်ထပ်ပွဲကို အာရုံမစိုက်နိုင်ဟု တမင် ဖော်ညွှန်းပေးထားသည်။ 


သူ့အခြေအနေကြောင့် လက်ထပ်ပွဲကို အာရုံမစိုက်နိုင်။ ထို့ကြောင့် လူထုက မုန်းတီးလျှင်ပင် မတန်မရာ ကေးမျိုးနွယ်နှင့် ရှန်းချိုးရှစ်ကိုသာ ‌မုန်းကြလိမ့်မည်။ 


သူမ အောင်မြင်တော့မည့် အချိန်တွင်မှ ရှန်းချိုးရှစ်က ဖျက်ဆီးပစ်သည်။ 


ထို့ကြောင့် ရှန်းချိုးရှစ်နှင့် ရမ်ရှန့်တို့ တပျော်တပါး ဈေးဝယ်ထွက်သည်ကို မြင်လိုက်ရချိန်တွင်တော့ သူမ၏ အကွက်ထဲကို ဝင်လာပြီဖြစ်၍ ဝမ်းသာအားရ ဖြစ်မိတော့သည်။ 


အိပ်ယာထဲ လှဲနေရတဲ့ ကျောက်လင်းယွီကို သူ့အ မေနဲ့ ဟိုအပင်ပေါက်ကောင်က ပြုစုပေးနေရမှာလေ ဘာလို့ မျက်နှာကြီးတွေ ပြုံးဖြီးပြီး ဈေးဝယ်ထွက်နေရတာလဲ ... သူတို့နှစ်ဦးမှာ သေချာပေါက်ကို ပြစ်တင်ဝေဖန်ခံရမည်ဖြစ်သည်။  


လူထုက ကျောက်လင်းယွီကိုပဲ ကိုးကွယ်တာလေ ရှန်းချိုးရှစ်ကိုမှ မဟုတ်တာ ဟိုကေးကောင်ဆို ပိုတောင် ဆိုးသေး ... 


ကျောက်လင်းယွီ၏ အခြေအနေက ဘယ်လိုနေသေးလဲဟု မေးမည့်အစား သူ့အခြေအနေ တိုးတက်လာပြီလားဟု တည့်တိုးမေးလာသည့် ဝမ်ယွဲ့ကို ပါးနပ်၍ ချီးကျူးသင့်လားပင် မသိတော့။ 


သူမသည် ရှန်းချိုးရှစ်က သားဖြစ်သူကို ဂရုမစိုက်ဟုသော အချက်ကို လူထုထံ ချပြလိုခြင်းဖြစ်သည်။ သို့မှသာ မာရှယ့်ကို လေးစားကြသူများနှင့် ကျောက်မိသားစု၏ မိတ်ဆွေများက သူမကို အပြစ်ရှာကြမည်ဖြစ်သည်။ သူ့သားအခြေအနေက ဆိုးရွားနေတာတောင် ဘာလို့ မပူမပင်နဲ့ ဈေးဝယ်ထွက်နိုင်နေရတာလဲ ... 


"လင်းယွီ ရှေ့တန်းက ပြန်ရောက်ကတည်းက မင်း တစ်ခါမှ အလည်မလာရသေးဘူးလေ ဟုတ်တယ်ဟုတ် အခုကျမှ မင်းက သူ့ကို လာဂရုစိုက်‌ပြနေတယ်ပေါ့ ..."


ရှန်းချိုးရှစ်က လှလှပပလေး ပြန်မေးလိုက်သည်။ 


မစ္စစ်လော့ခဲမှာတော့ သူမကို ပို၍ပို၍ပင် ထူးဆန်းသ‌ယောင် ခံစားရတော့သည်။ အစောပိုင်းကမူ ဒီရှန်းချိုးရှစ်မှာ အလကားသက်သက် ရန်လိုနေသည်ဟု ထင်ခဲ့သော်ငြား ယခုတော့ ဟုတ်ဟန်မတူ။ ကျောက်လင်းယွီ ပြန်သက်သာနေပြီဆိုတဲ့ သတင်းက အမှန်ပဲလား ... 


တကယ်သာ ဆိုရင်တော့ ... 


မစ္စစ်လော့ခဲ၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။ 


လူသားမျိုးနွယ်ဖက်ဒရယ်သည် ဘယ်တုန်းကမှ အေးချမ်းမနေသလို ဂြိုဟ်သားတို့၏ တိုက်ခိုက်မှုမှာလည်း ရပ်တန့်သွားသည်ဟူ၍ မရှိပေ။ ဖက်ဒရယ်မှာ ကြီးမားလှရာ အချို့ဂြိုဟ်များမှာ ပုန်ကန်ထကြွနေကာ အချို့မှာ ရန်သူ့လက်အောက် ကျရောက်သွရသော်ငြား အလယ်ဗဟိုရှိ မြို့တော်ကြယ်မှာတော့ ထာဝစဉ် အေးချမ်းနေပေသည်။ 


ကြယ်တစ်ခုနှင့်တစ်ခုကြား  အချက်ပြမှုမှာလည်း ကြာမြင့်သည့်အတွက် လူထု၏ အမြင်တွင်တော့ ထိုတိုက်ပွဲများမှာ အရေးမပါသည့် အချက်အလက်များသာ ဖြစ်သည်။ သူရဲကောင်းတို့၏ စစ်မြေပြင်ကို စိတ်ဝင်စားသူဟူ၍ လူနည်းစုသာ ရှိပေသည်။


‌ကျောက်လင်းယွီ၏ ဂုဏ်သိက္ခာ ကြီးမြင့်လာမှုသည် ဖက်ဒရယ်၏ ဝါဒဖြန့်မှုနှင့်လည်း သက်ဆိုင်သည် ဆိုသော်ငြား သူ မသေသေးဟု သိလိုက်ရသည့်အတွက် လော့ခဲမိသားစုသည် ရပ်တန့်ရန် ကြိုးစားရတော့မည်ဖြစ်သည်။ 


"ဝမ်ယွဲ့ မင်းက လင်းယွီကို ကျန်းမာရေး ညံ့နေစေချင်သေးတာလား တို့တော့ မင်းကို အရမ်းစိတ်ပျက်မိသွားပြီ လင်းယွီက အခု အများကြီးကို သက်သာလာပါပြီ ..." 


သူမက မဖုံးကွယ်တမ်း ပြောလိုက်သည်။

15.2


"မာရှယ်က ‌သက်သာလာပါပြီလို့ ပြောသားပဲ သူက ဖက်ဒရယ်မှာ အသန်မာဆုံး စွမ်းအင်ပိုင်ရှင်ပဲလေ ..." 


မစ္စစ်လော့ခဲကလည်း အံ့ဩသွားဟန်ကို ထုတ်ပြလာသည့်အတွက် ဝမ်ယွဲ့သာမက သတင်းထောက်တို့၏ မျက်နှာများကပါ ဖြူရော်သွားတော့သည်။ 


သူတို့အားလုံးမှာ ဝမ်မိသားစုနှင့် ပတ်သက်ဆက်နွယ်နေကြသူများဖြစ်ကာ ယနေ့ မောလ်ထဲသို့ ဝင်နိုင်ရန် နည်းလမ်းမျိုးစုံသုံးကာ ကြိုးစားခဲ့ရသည်။ မူလက ဝမ်ယွဲ့နှင့် မစ္စစ်လော့ခဲတို့၏ပုံကို ရိုက်ရန်ဖြစ်သော်ငြား ဝမ်ယွဲ့ပို့ပေးလာသည့် ရှန်းချိုးရှစ်နှင့် ရမ်ရှန့်တို့ ဈေးဝယ်ထွက်နေသည့်ပုံကို တွေ့လိုက်ရချိန်တွင်တော့ သူတို့၏ ဦးတည်ရာမှာ ရှန်းချိုးရှစ်တို့ထံ ပြောင်းသွားတော့သည်။ 


"အန်တီ ... အစ်ကိုလင်းယွီရဲ့ အခြေအနေကိုတော့ မလိမ်သင့်ပါဘူးနော် ..." 


သူမက ဆက်ပြောလိုက်သည်။ ကျောက်လင်းယွီက ပြန်သက်သာလာလိမ့်မည်ဟုလည်း လုံးဝ မယုံကြည်ပေ။ 


သူသာ တကယ်သက်သာလာတာဆိုရင်တော့ သူမကဒီရက်ပိုင်းမှာ လုပ်ခဲ့သမျှ အကုန် ‌ောက်ကျိုးနည်းကုန်တော့မှာပဲ ... 


"ခင်ဗျားက လင်းယွီကို တကယ်မုန်းနေတာနဲ့ တူ‌တယ်နော် ခင်ဗျားပျော်ဖို့အရေး သူက ကျန်းမာရေးညံ့ပေးနေရဦးမှာလား ..." 


ရမ်ရှန့်သည် အစောပိုင်းကမူ စိတ်ရှုပ်မိနေသေးသော်ငြား အခုတော့ သူမကို မကျေနပ်သည့် အကြည့်တို့ဖြင့် ဘာဆက်ပြောမလဲ စောင့်ကြည့်နေလိုက်တော့သည်။ 


ဝမ်ယွဲ့က ဆက်ပြောရန် ကြိုးစားနေစဉ် ထိုစကားကို ကြားလိုက်ရသည့်အတွက် တံတွေးပင် သီးသွားတော့သည်။ 


ရမ်ရှန့်ကတော့ သူမကို အလွတ်မပေးပေ။ 


"ပြီးတော့ လင်းယွီကောကော လင်းယွီကောကောနဲ့ ခေါ်မနေနဲ့ ကြားရတာ နားကလော်တယ် ..." 


ကျောက်လင်းယွီက သူ့လူလေ ဒီမိန်းမက ဘာလို့ အရမ်းရင်းနှီးတဲ့ပုံ လုပ်ပြနေရတာတုန်း ... 


"ဖြောင်း  ဖြောင်း  ‌ ဖြောင်း ..." 


လက်ခုပ်သံသုံးချက်နှင့်အတူ အင်္ကျီလက်ရှည် ဝတ်ထားသော မက်မွန်ပွင့်မျက်ဝန်းနှင့် ခပ်ချောချော အမျိုးသားတစ်ဦးက လူအများကြီး ခြံရံကာ ဝင်လာသည်။ 


"ပြောသွားတာကောင်းတယ် မာရှယ်က သူမနဲ့ ဘာမှ မဆိုင်တော့ဘူးလေ ပြီးပြီးသား ဆက်ဆံရေးကို ပြန်ဆက်ဖို့ လုပ်နေတာက တကယ်ကို အရှက်မရှိတာပဲ ..." 


သူပြောပြီးပြီးချင်း လက်ကို ဝှေ့ယမ်းပြလိုက်သည်။ 


"တစ်ယောက်လောက် လာကြစမ်း ဒီကြွက်တွေကို အပြင်ဆွဲထုတ်သွား မစ်ဝမ်ကိုလည်း လိုက်ပို့လိုက်ကြပါဦး မှတ်ထားနော် ရှေ့လျှောက် ငါတို့ရဲ့ ဘယ်စီးပွားရေးကိုမှ သူမနဲ့ လက်တွဲပြီး မလုပ်တော့ဘူး ..." 


"ဟုတ်ကဲ့ပါ မစ္စတာဖန့် ..." 


သူ့စကားအဆုံးတွင် သတင်းထောက်များကို အညှာအတာမဲ့စွာ ဆွဲထုတ်သွားပြီး ဝမ်ယွဲ့ကိုလည်း နှင်ထုတ်လိုက်တော့သည်။ 


သူမ ထွက်သွားသည်ကို မြင်ကာမှ ရမ်ရှန့်လည်း ယခင် ဆန့်ထုတ်ထားသည့် သူ့အမြစ်ကို ပြန်သိမ်းလိုက်သည်။ သူမကို အရူးလုပ်ချင်ခဲ့သော်ငြား အလုပ်မဖြစ်ခဲ့ ... ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်လေ ဂျင်ဆင်းဝိဉာဉ်ဆိုတဲ့ သရုပ်မှန်ကို လူမသိအောင် လျှို့ဝှက်ထားဖို့ လိုနေသေးတာကို ... 


ရမ်ရှန့်က သူ့လှုပ်ရှားမှုကို ဘယ်သူမှ မမြင်လိုက်ဟု ထင်ခဲ့သော်ငြား ရှန်းချိုးရှစ်နှင့် မစ္စတာဖန့်တို့ကတော့ အနည်းငယ် သံသယဝင်သွားခဲ့သည်။ 


အပင်စွမ်းရည်ပိုင်ရှင်တွေက ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် အစေ့များကို သယ်နိုင်သည်ဆိုသော်ငြား စွမ်းအင်အတက်အကျ မဖြစ်ဘဲနှင့်တော့ မထုတ်ယူနိုင်ပေ။ ပြီးတော့ နေပါဦး အခုတော့လိုက်ရတာ ဘာကြီးလဲ ... ဒီအမြစ်က အရွက်မထွက်ဘဲ ကြီးထွားလာနိုင်တယ်လား ... 


ရှန်းချိုးရှစ်က သူ၏ မူမမှန်မှုကို တိတ်တိတ်လေး မှတ်ထားလိုက်သည်။ မစ္စတာဖန့်ကတော့ ၎င်းကို ကေးတို့၏ ထူးခြားသော ဝိသေသဟုသာ သတ်မှတ်လိုက်သည်။ 


"မဒမ်ကျောက်နဲ့ ဒီဘက်က ညီလေး ဒီမှာ ပြဿနာတွေ ကြုံစေမိလို့ တကယ်ကို အားနာမိပါတယ် ဒီနေ့ဝယ်သမျှကို ကျွန်တော့်စာရင်းထဲပဲ ထည့်လိုက်ပါနော် ..." 


"ကျွန်တော်က ညီလေး မဟုတ်ဘူး ..." 


ရမ်ရှန့်က မကျေမနပ် ပြောလိုက်သည်။ သူသည် အခြားသူများထက် အသက်ကြီးရင့်သော်ငြား ဘာကြောင့် အငယ်လိုမျိုးသာ သဘောထားကြမှန်း နားမလည်နိုင်တော့ပေ။ 


ပြန်ရောက်ရင်တော့ မြန်မြန်ဆန်ဆန် ကြီးထွားလာအောင် သန့်စင်မြေကို များများစုပ်ယူမှ ဖြစ်တော့မယ် ... 


"ဒါဆို ညီမလေးလား ..." 


ဖန့်ချန်ကျွင်းက ကေးတို့တွင် ကျားမ ခွဲခြားမှု မရှိသည်ကို သတိရလိုက်သည်။ 


"တောင်းပန်ပါတယ် ကေးတွေအကြောင်း သိပ်မသိလို့ပါ ..." 


"ရမ်က ကေးမဟုတ်ပါဘူး ..." 


ရှန်းချိုးရှစ်က ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


xxxxx