အပိုင်း ၁၆
Viewers 18k

Chapter 16


ဖန်ချန်ကျွင့်က ရမ်ရှန့်ကို တအံ့တဩ ကြည့်လိုက်သည်။ ကုန်သွယ်ရေးဌာနချုပ်ဥက္ကဌနှင့် သူ့ဇနီးကေးမျိုးနွယ်တို့က စွမ်းရည်ပိုင်ရှင်တစ်ဦးကို မွေးဖွားခဲ့ပြီး ကျောက်မိသားစုနှင့် လက်ထပ်တော့မည်ဟူသည့် သတင်းမှာ လတ်တလော လူကြိုက်များနေသည့် သတင်းပင်ဖြစ်သည်။ ဒါပေမယ့် သူက ဘယ်လိုလုပ်ပြီး ကေးမဟုတ်ရတော့တာလဲ ... 


"ရမ်က ကေးလည်းမဟုတ်ဘူး ကုန်သွယ်ရေးဌာနချုပ်ဥက္ကဌရဲ့ သားလည်း မဟုတ်ဘူး ..." 


သူမက ထပ်ဖြည့်ပြောလိုက်သည်။ ရမ်ရှန့်၏ သရုပ်မှန်ကို မသိရသေးသော်ငြား အလိမ်အညာတို့ ဖြစ်မလာခင်ကပင် ကြိုတားထားရမည်ဖြစ်သည်။ 


"ခင်ဗျားကမှ ညီမလေး ..." 


ရမ်ရှန့်က သူ့ကို မကျေမနပ်ကြည့်လိုက်သည်။ သူ့သခင်ပြောတာက မိန်းကလေးတွေမှာ Ding dong မရှိဘူးတဲ့ ... သူ့မှာက ပါတယ်လေ ... 


"တောင်းပန်ပါတယ် ..." 


သူက တောင်းပန်လိုက်သည်။ ညီလေးလည်းမဟုတ် ညီမလေးလည်းမဟုတ်ဆိုတော့ သူက ဘာကြီးလဲ ... 


"ရှောင်ဖန့်ရေ ကလေးတွေက သူတို့ကို အငယ်လို ဆက်ဆံတာကို မကြိုက်ကြဘူးလေ ..." 


ရမ်ရှန့်က အကြောင်းတစ်ခုခုကြောင့် ထိုသို့ ပြောခြင်းမှန်း သိလိုက်သည့်အတွက် သူမလည်း အကြောင်းပြချက် တစ်ခုခုပေးကာ စကားလမ်းကြောင်းလွှဲလိုက်သည်။  


"ဆိုတော့ တကယ့်အကြောင်းအရင်းက ဒီလိုမျိုး ရိုးရိုးလေးပဲပေါ့ ..." 


ဖန့်ချန်ကျွင့်က အမြီးတပုတ်ပုတ်‌လုပ်နေသော ရမ်ရှန့်ကို ကြည့်နေရင်း သူ့နှလုံးသားလေးမှာ ယားယံလာတော့သည်။ 


သူက တအားကို ချစ်ဖို့ကောင်းတာပဲ ... ဒါပေမယ့် ဒီကလေးလေးကို ကျောက်လင်းယွီရဲ့ လက်တွဲဖော် လုပ်ခိုင်းဖို့က သင့်ရောသင့်တော်ပါ့မလား မဟုတ်မှလွဲရော လက်တွဲဖော်မဟုတ်ဘဲ ကျောက်မိသားစုက ‌အမွေစားအမွေခံအဖြစ် မွေးစားတာများလား ... 


ဒီလိုတွေးကြည့်လိုက်ကာမှ ရှန်းချိုးရှစ်ကလည်း သူ့ကို ကျောက်မိသားစုဝင်လို့ပဲ ပြောတာ လင်းယွီရဲ့ လက်တွဲဖော် ဖြစ်မယ့်လူလို့ မပြောခဲ့ဘူးလေ ... 


ဖန့်ချန်ကျွင့်မှာ တွေးလေလေ ဖြစ်နိုင်သည်ဟု ခံစားရလေလေပင်။ 


"ကျွန်တော်က ကလေးမဟုတ်တော့ဘူး ..." 


ရမ်က ဒေါသတကြီးဖြင့် ပြောလိုက်မည် ပြုပြီးကာမှ ပါးစပ်ကို အလောတကြီး အုပ်ချလိုက်သည်။ _ တော်သေးတယ် အမှန်အတိုင်း ပြောမိတော့မလို့ ... 


သူ့ကို အပြင်ခေါ်ထုတ်သည့် အခါတိုင်း သခင်ဖြစ်သူသည် အပြင်လူများ၏ အာရုံစိုက်မှုကို မခံရစေရန် တင်းတင်းကြပ်ကြပ် သိမ်းထုတ်ကာ ခေါ်သွားလေ့ရှိသည်။ ထို့အတွက်ကြောင့် သူ့အသက်မှာ နှစ်တစ်သိန်းကျော် ကြာမြင့်နေပြီဖြစ်ကြောင်းကို ဘယ်သူ့ကိုမှ ထုတ်ပြော၍ ရမည် မဟုတ်ပေ။ 


ရှန်းချိုးရှစ်က ဖန့်ချန်ကျွင့်ကို မျက်တောင်ပင်မခတ်ဘဲ အရူးလုပ်လိုက်သည်။ မျက်လုံးနှင့် ပါးစပ်တို့ကို တင်းတင်းအုပ်ထားသည့် ရမ်ရှန့်ကို တွေ့လိုက်ရချိန်တွင်တော့ သူမ၏ ပွေ့ဖက်နမ်းရှုပ်ချင်စိတ်တို့မှာ ချုပ်တည်း၍ မရ‌နိုင်တော့ပေ။ တစ်ခေါက်မျှ နမ်းပြီးကာမှ သူမကိုယ်သူမပင် အားမလိုအားမရ ဖြစ်လာမိတော့သည်။ အမလေး ငါ့လို စွမ်းရည်ပိုင်ရှင်က ထူးထူးဆန်းဆန်း အန်တီကြီးပုံစံ ပေါက်အောင် လုပ်‌မိနေပြီပဲ ... 


ရမ်ရှန့်က အမြီးတွင် မျက်နှာအပ်ကာ မျက်လုံးတစ်ဖက်ကိုသာ လှစ်ဟထားလိုက်သည်။ 


"အန်တီရေ ထပ်နမ်းလို့ မရတော့ဘူးနော် ..." 


သူမ၏ နှလုံးသားထဲမှ နတ်ဆိုးလေးကတော့ တီးတိုးတိုက်တွန်းနေဆဲပင်။ သူ့ကို‌ ပွေ့ဖက်ခိုင်းနေသည့် အတွေးတို့မှာ ထိန်းချုပ်ရန် မလွယ်ကူလှ။ 


"ဟုတ်ပြီဟုတ်ပြီ အန်တီ မနမ်းတော့ဘူးနော် ဒီနေ့ ဒီအစ်ကိုကြီးက ငွေရှင်းပေးမှာဆိုတော့ တိုတွေ့ မပြန်ခင် အင်္ကျီတွေ ထပ်ဝယ်လိုက်ကြရအောင် ..." 


"ဟုတ်ကဲ့ ..." 


ရမ်ရှန့်က ဝမ်းသာအားရ ထောက်ခံလိုက်သည်။ 


"လင်းယွီအတွက်ရော ဝယ်ဦးမယ်နော် ..." 


သူမရဲ့သားက ဒီလောက်တောင် ကောင်းတယ်လား.. ဘာလို့များ ရမ်ရှန့်က သူ့အတွက်ပဲ တစ်ချိန်လုံး တွေးပေးနေရတာလဲ ... 


ရှန်းချိုးရှစ်မှာ အင်္ကျီများကို ထုပ်ပိုးနေရင်း စိတ်ဓာတ်ကျလာတော့သည်။ 


ဖန့်မိသားစုမှာလည်း မိသားစုကြီးငါးစုတွင် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ငွေးကြေးပြတ်လပ်မနေပေ။ 


အစမှ အဆုံးအထိ လျစ်လျူရှုခံထားရသည့် မစ္စစ်လော့ခဲကတော့ ဒေါက်ဖိနပ်သံ ဆူညံနေအောင် ဒေါသတကြီး လှည့်ထွက်သွားတော့သည်။ 


ရှန်းချိုးရှစ်ကတော့ သူမကို လှည့်ပင်မကြည့်။ နှုတ်ခမ်းတို့ကိုသာ အသာအယာ တွန့်ချိုးလိုက်သည်။ 


လော့ခဲမိသားစုကတော့ သူမရဲ့သားကို သေချာပေါက် လာထောက်လှမ်းကြတော့မှာပဲ ကျောက်ဖမ်းလည်း ပြန်သက်သာနေပြီဆိုတော့ လင်းယွီကြောင့် အဝေးကိုပို့ထားရတဲ့ သူ့စစ်သားတွေကိုရော ကျောက်မိသားစုရဲ့ ဝန်ထမ်းတွေကိုပါ ပြန်ခေါ်ထားတော့မယ် ... သူမရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ ယင်တစ်ကောင်တောင် ဝင်မလာနိုင်စေရဘူး ... 


ရမ်ရှန့်ကတော့ အင်မတန် ကျေနပ်နေပြီဖြစ်သည်။ 


ကောင်းလိုက်တာ ရှေ့လျှောက် ဘယ်လိုဝိဉာဉ်ပုံစံမျိုးကိုမဆို ‌ပြောင်းလို့ရသွားပြီ ပြီးတော့ ရှန်းချိုးရှစ်ကတောင် ဒီလိုပုံစံမျိုး ဝတ်တာကို သဘောကျတာဆိုတော့ လင်းယွီလည်း သေချာပေါက် သဘောကျမှာပဲ ... 


အဝတ်အစား အထပ်လိုက်ကြီးနှင့်အတူ ကျောက်အိမ်တော်သို့ ပြန်ရောက်လာပြီးနောက် ရမ်ရှန့်သည် ကျောင်လင်းယွီ ရှိနေရာသို့ ဦးဆုံးပြေးသွားလိုက်သည်။ 


"ကျွန်တော့်ကို ကြည့်ပါဦး ကြည့်ကောင်းရဲ့လား ..."


အင်္ကျီလက်တို သားရေဘောင်းဘီတိုလေးရယ် အမွှေးတွေ ဖွားထွက်နေတဲ့ အမြီးနဲ့ နားရွက်က အဆစ်ပါလိုက်သေးတယ် ... 


ကျောက်လင်းယွီသည် သူ့ကိုယ်သူ ထိုကဲ့သို့ မွေးပွပစ္စည်းလေးများနှင့် ပတ်သက်လျှင် ထိန်းချုပ်နိုင်စွမ်းမဲ့ကြောင်း ပထမဆုံးအကြိမ် သတိထားမိလိုက်သည်။ 


ဒါပေမယ့် ဒီကောင်လေးကတော့ လုံလောက်အောင် မတက်ကြွသေးဘူးလို့ ထင်နေတာလား မသိပါဘူး အဝတ်အစားတွေ အကုန်လုံးချွတ်ပြီး မြေခွေးဝတ်စုံကို ဝတ်လိုက်တယ်လေ ပြီးတော့ သူ့ပေါ်ကို ခုန်တက်လာရော ... 


စောစော နောက်‌ကျနောက်ကျ ဒီအထူးတဆန်း ဝါသနာကို အတင်းအကြပ် လုပ်ခိုင်းခံရတော့မှာပါပဲလေ ... 


ကျောက်လင်းယွီက မျက်လုံးတို့ကို တင်းတင်းမှိတ်ရင်း ရုန်းကြွလာသည့် စွမ်းအင်တို့ကိုသာ အသည်းအသန် ဖိနှိပ်နေရတော့သည်။

16.2


ရမ်ရှန့်ကတော့ သူ့ကိုယ်ပေါ်သို့ တရွေ့ရွေ့တက်လာကာ သူ့ရင်အုပ်ကိုပင်  ကျေနပ်အားရစွာဖြင့် နမ်းလိုက်သေးသည်။ 


ကျောက်လင်းယွီက ထိုကျင့်ကြံရေးနည်းလမ်းကို ကျင့်လေသောကြောင့်လားတော့ မသိ။ သူ့ကိုယ်ထဲရှိ သန့်စင်မြေစွမ်းအင်များ စိမ့်ထွက်မှုမှာ နည်းသည်ထက် နည်းလာသည်။ ထို့အတွက်ကြောင့် သူ့အပိုင်စွမ်းအင်တို့ ပြုန်းတီးသွားမည်ကို ပူနေရန် မလိုတော့ပေ။ 


ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ရှန်းချိုးရှစ်က အိမ်တော်ထိန်းကို ပြောလိုက်သည်။ 


"လိင်ပညာပေးဗဟုသုတနဲ့ ဆိုင်တဲ့ အချက်အလက်လေးတွေ ရှာထားပေးပါဦး အထူးသဖြင့် pervert တွေကို ဘယ်လိုမျိုး ရှောင်ရှားရမလဲဆိုတာနဲ့ ပတ်သက်တာမျိုး ဒါနဲ့ အခုတလော အရောင်းသွက်နေတဲ့ Anti-Wolf Simulation skin ဆိုတာ ရှိတယ်မလား အဲဒါလည်း နည်းနည်းလောက် ဝယ်လာပေးပါဦး ..."

(Pervert - သူက လိင်စိတ်ခံယူမှု မူမမှန်တဲ့သူပါတဲ့ anti -wolf simulation skin ကကျ ဂိမ်းဇာတ်ကောင်ကို ပြောတာလား သေချာမသိလို့ပါ🥲) 


ရမ်ရှန့်က အရမ်းကို ရိုးစင်းလွန်းလို့  ဒီလိုလူတွေလက်ထဲကနေ အကာအကွယ်ပေးထားမှ ရမှာ ... 


"သခင်လေးလင်းယွီအတွက်လား ..." 


အိမ်တော်ထိန်းက မေးလိုက်သည်။ 


"...." 


နောက်ဆုံးတွင်တော့ သူမလည်း  anti-wolf simulation skin ကို မဝယ်ဖြစ်ခဲ့။ ရမ်ရှန့်ကိုသာ ကာတွန်းကြည့်ရန် ဆွဲခေါ်သွားရင်း အသက်မပြည့်သေးသူများအနေဖြင့် pervert များရန်မှ ဘယ်လိုမျိုး ရှောင်တိမ်းသင့်ကြောင်း သင်ခန်းစာ ပို့ချတော့သည်။ 


"ကလေးတွေကလည်း ကိုယ့်ကိုယ်ကို သေချာပေါက် ကာကွယ်ရမှာနော် သိလား တစ်ချို့လူဆိုးတွေက အရမ်းကို မုန်းစရာကောင်းတာ သူတို့အနိုင်ကျင့်တာကို လုံးဝ ငြိမ်ခံမနေနဲ့ ကြားလား ..." 


"ဟုတ်ကဲ့ ..." 


ရမ်ရှန့်က ခေါင်းကို အထပ်ထပ်အခါခါ ငြိမ့်ပြလိုက်သည်။ အတိတ်က သူ့အိမ်ထဲသို့ ကျူးကျော်ဝင်လာကြသည့် ကျင့်ကြံသူများမှာလည်း ကာတွန်းကားထဲမှ လူဆိုးများအတိုင်းပင်။ အားလုံးက သူ့ကို ဖမ်းဆီး၊ စားသောက်ချင်ရုံသာမက အခြားအရာများကိုလည်း လုပ်ချင်ကြသေးသည်။ အနာဂတ်တွင် ထိုကဲ့သို့ သူများနှင့် ထပ်ကြုံလာရပါလျှင် သေချာပေါက်ကို ဝေးဝေးမှ ရှောင်မည်ဖြစ်သည်။ 


ကာတွန်းကားကြည့်ပြီးနောက် သူက ကျောက်လင်းယွီထံ ပြေးသွားကာ သူကြည့်ခဲ့သည့် ဗီဒီယိုအကြောင်း စားမြုံ့ပြန်နေသည်။ ရှန်းချိုးရှစ်၏ ဩဝါဒတို့ကိုပါ ပြန်သင်ကြားပေးရန်လည်း မမေ့ပေ။ 


"ခင်ဗျားက ကျွန်တော့်လူနော် တကယ်လို့ တစ်ယောက်ယောက် ခင်ဗျားကို ကိုက်ချင်လို့ပါလို့ ပြောလာရင် သေချာပေါက် ရှောင်ရမယ်နော် ကြားလား ကျွန်တော်တစ်ယောက်ပဲ ဒါမျိုး လုပ်ခွင့်ရှိတာနော် ..." 


"....." 


ကောင်လေးရေ ကိုယ့်ကိုယ်ကို မနှိမ့်ချပါနဲ့တော့ ... ကျောက်လင်းယွီက ဘယ်လိုဖြစ်ပြီး နစ်နာသူ ဖြစ်သွားရပြန်တာတုန်း ...

(ဟိုက သူ့သား အသားယူတာ မခံရအောင် သင်ပေးပါတယ်ဆိုမှ သူ့သားကို ပြန်သင်ပေးနေလိုက်သေးတယ် ခွီး ...) 


ထားပါ အခု အခြေအနေအရတော့ သူက နစ်နာသူဖြစ်နေတာပဲလေ ... 


ကျောက်လင်းယွီက မျက်လုံးကိုမှိတ်ရင်း အသံတိတ်သာ လေ့ကျင့်နေလိုက်တော့သည်။ 


ရမ်ရှန့်လည်း သန့်စင်မြေ၏ စွမ်းအင်ကို ပြည့်အင့်နေသည်အထိ စုပ်ယူကာ sunroom သို့ ပြန်သွားလိုက်သည်။ လမ်းတွင် လေချဉ်ပင် တက်သွားသေးသည်။ 


"သခင်လေးကတော့ အပင်စွမ်းရည်ပိုင်ရှင် ဖြစ်ထိုက်ပါပေတယ် ကြည့်ပါဦး ဒီအပင်တွေများ တစ်နေ့တစ်ခြား ထွားလာလိုက်ကြတာ ..." 


သူအခန်းထဲသို့ ရောက်လျှင်ရောက်ချင်း အိမ်ထိန်းအဖိုး ရွှေ့ထားသည့် နောက်ထပ်ပန်းအိုးနှစ်အိုးကို သတိထားလိုက်မိသည်။ 


သူတို့က ကောင်းကောင်းကြီးထွားလာတယ်ဆိုပေမယ့် အဲဒါ သူ့စွမ်းအင်နဲ့ ဘာမှမဆိုင်ဘူးလေ ကြည့်ရတာ သန့်စင်မြေရဲ့စွမ်းအင်ကို စုပ်ယူရင်းနဲ့ စိမ့်ထွက်လာ‌တာလေးတွေက သူတို့ဆီ ရောက်သွားလို့ထင်တယ် ... 


"အပင်တွေတင် မကဘူးနော် ငါလည်း ရမ်ရှန့်ဘေးနားကို ရပ်လိုက်တာနဲ့ ပိုပြီး သန်မာလာသလိုပဲ သခင်လေးရမ်ကတော့ တကယ်ကို ကောင်းချီးလေးပဲ ..." 


အိမ်တော်ထိန်းက ရမ်ရှန့်၏ ကိုယ်သင်းနံ့မှာ နှစ်လိုဖွယ်ရာ မကောင်းဟု ခံစားမိသော်ငြား ပိုပြီး ရှူရှိုက်မိလေလေ သက်တောင့်သက်သာ ဖြစ်လေလေပင် ဖြစ်သည်။ ထိုအကြောင်းကို တိုက်ရိုက်တော့ သွားမပြောရဲပေ။ 


သူ့စွမ်းအင်တွေက လျှံထွက်နေတယ် ဟုတ်လား ...


ရမ်ရှန့်လည်း အသက်ကို ပြင်းပြင်းရှူကြည့်ပြီးနောက်တွင်တော့ ပြဿနာအရင်းအမြစ်ကို‌ တွေ့လိုက်ရသည်။ လတ်တလောတွင် သန့်စင်မြေအများအပြားကို စုပ်ယူကာ ကောင်းကောင်းမွန်မွန် ကြီးထွားလာသော်ငြား သူ၏ ဂျင်ဆင်းနံ့သည်လည်း ကျောက်လင်းယွီလိုပင် လျှံထွက်နေသည်။ 


အတိတ်က သူ့သခင်သည် သူ့ချိုးရေကို ဂျင်ဆင်းစွပ်ပြုတ်အဖြစ်သုံးကာ ပလိပ်ရောဂါကို ကုသရန် ကြိုးပမ်းဖူးသည်။ သို့သော် သွေးထွက်သံယို ဖြစ်သည်မှလွဲ၍ အရာမထင်ခဲ့။ အခုအချိန် စမ်းကြည့်ရင်ရော ဖြစ်နိုင်လောက်လား မသိဘူး အိမ်ထိန်းအဖိုးက သူ့ကို အာဟာရဖြည့်စွက်စာတွေ တိတ်တိတ်လေး ပိုထည့်ပေးထားတာဆိုတော့ သူ့ကိုလည်း ချိုးရေတစ်ဇလုံလောက် ပေးမှနဲ့တူတယ်နော် သူက သာမန်သူဆိုတော့ ဂျင်ဆင်းစေ့စားတာလောက်နဲ့တော့ မလုံလောက်ဘူး ... 


ထားလိုက်ပါ ချိုးရေက သိပ်မသင့်တော်ဘူးထင်တာပဲ ... လက်ဆေးရေကိုသုံးတာက ပိုကောင်းမယ်ထင်တယ် ... 


လက်ဆေးရေတစ်ဇလုံ ရတော့မည်ကို သတိမပြုမိသေးသော အိမ်တော်ထိန်းကတော့ ကရားရေလွှတ် တစ်တွတ်တွတ် ပြောနေဆဲပင်။ 


"သခင်ငယ်လေးရမ်ရှန့်ကို  သခင်လေးရဲ့ လက်အောက်ငယ်သားတွေက တွေ့ချင်လို့တဲ့ သူတို့ကို တွေ့ချင်ရဲ့လား ..."


xxxxxx