Chapter 17
"လက်အောက်ငယ်သားတွေ..."
ရမ်ရှန့်က သူ့ကို တထူးတဆန်း ပြန်ကြည့်လိုက်သည်။
ဒီရက်ပိုင်းအတွင်း ကျောက်အိမ်တော်အပြင်ဘက်တွင် စတည်းချနေသူများ ရှိလာသော်ငြား ရမ်ရှန့်က မာရှယ်နှင့်သာ အချိန်ဖြုန်းနေသည့်အတွက် ထိုအကြောင်းကို သတိမထားမိခြင်းဖြစ်သည်။
"သူတို့အားလုံးက သခင်လေးရဲ့ လက်အောက်ငယ်သားတွေပါ သခင်လေး မတော်တဆဖြစ်သွားတော့ သူတို့က မြို့တော်ကြယ်မှာ နေနေကြတာ အစတုန်းကတော့ မဒမ်က သူတို့ကို ကျွန်းကိုပြန်လာခွင့် မပေးဘူး ဒါပေမယ့် အခု သခင်လေးက တစ်ဖြေးဖြေး ပြန်သက်သာလာလို့ သူတို့အားလုံး ပြန်လာကြတာ ..."
ရမ်ရှန့်၏ လတ်တလောရထားသည့် ဒဏ်ရာများအားလုံးမှာ ပျောက်ကင်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ပတ်ဝန်းကျင်သို့ တစ်ချက် ဝေ့ဝဲကြည့်လိုက်လျှင် အမှန်တကယ်ပင် ကျောက်အိမ်တော်အပြင်ဘက်၌ လူများ ရှိနေကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့မှာ ကျွန်းပေါ်တွင် နေအိမ်များပင် ဆောက်လုပ်နေကြပြီး လတ်တလောတွင်တော့ ထိုနေရာတွင်သာ အခြေချကြဦးမည်ဟန်ပင်။
"သူတို့က လင်းယွီရဲ့ ငယ်သားတွေဆို ဘာလို့ သူ့ကို သွားမတွေ့တာလဲ ..."
"အရင်တုန်းက သခင်လေးက သူတို့ကို မြို့တော်ကြယ်မှာ နေခွင့်မပေးခဲ့ဘူးလေ အဲ့ဒါကြောင့် ..."
တကယ်တမ်းတွင် အချို့လူများမှာ ကျောက်လင်းယွီ သက်သာနေစဉ်ကပင် မျက်နှာချင်း မဆိုင်ရဲကြ။ အခု သူ ထိခိုက်ဒဏ်ရာ ရချိန်တွင်တော့ ...
"ဒါဆိုလည်း သူတို့ကို မြို့တော်ကြယ်ကနေ ထွက်လာ ခိုင်းလိုက်လေ ..."
ရမ်ရှန့်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
သူတို့က ကျောက်လင်းယွီရဲ့ စကားကိုတောင် နားထောင်ဖို့ မလိုအပ်တော့ဘူးလား ...
ဒီသခင်လေး ရမ်ရှန့်က တစ်ခုခုတော့ တစ်ခုခုပဲ ဒါက ငါတို့သခင်လေးကို အပြည့်အဝ ယုံကြည်ထားတယ်ဆိုတဲ့ သဘောပဲ မဟုတ်လား ...
အိမ်တော်ထိန်းက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ ဒါဆို သခင်လေးရမ်ရှန့် ကျွန်တော် သူတို့ကို သွားပြောလိုက်ပါဦးမယ် ..."
ထိုသူများက အိမ်အပြင်တွင် ပုန်းနေကာ သူတို့၏ သခင်လေးကို လာပင် မတွေ့ရဲကြ။ ရမ်ရှန့်လောက်တောင် သတ္တိမရှိကြဘူးပဲ ...
အဝင်ဝတွင် အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ငါးဦးသည် အိမ်ထဲသို့ မျှော်လင့်တကြီး ငေးကြည့်နေကြသည်။
သူတို့မှာ ကျောက်လင်းယွီ၏ လက်အောက်ငယ်သားများ၊ အတန်းဖော်ဟောင်းများနှင့် သူစစ်တပ်ထဲ စဝင်ခဲ့စဉ်က တွေ့ခဲ့သည့် ပင်ကိုယ်စွမ်းရည်ရှိသူများသာမက ကြယ်တာရာဓါးပြများ လက်ထဲမှ ကယ်တင်ခဒ့သူတစ်ဦးပင် ပါဝင်သေးသည်။
"ဟိုရမ်ရှန့်က ငါတို့ကို လာတွေလောက်လား ..."
အသားညိုညို၊ ကြွက်သားတောင့်တောင့်နှင့် အမျိုးသားတစ်ဦးက မေးလိုက်သည်။ သူ့အသံကို တမင်တကာ တိုးထားသည့်တိုင် ကျယ်လောင်နေဆဲပင် ဖြစ်သည်။
သူ့နာမည်က ဟုန်ကျုံး ...
"ကျိန်းသေပေါ့ ..."
ငါးဦးအနက် အသေးသွယ်ဆုံးဖြစ်သည့် အိုင်ဗာက ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါတို့က မာရှယ်နဲ့ နှစ်တွေအကြာကြီး အတူတူ ရှိလာခဲ့ကြတာလေ သူက ငါတို့ကို လာတွေ့သင့်တာပေါ့ ..."
သူက မာရှယ့်လက်အောက်ရှိ စစ်တပ်အကြံပေးအရာရှိဖြစ်ကာ ဒီမလာခင် ရမ်ရှန့်၏ အချက်အလက်အားလုံးကို ဖတ်ရှုပြီးဖြစ်သည်။ သူက ရမ်ရှန့်၏ စိတ်နေစိတ်ထားအရ ဖြစ်လာနိုင်သည့် အကျိုးဆက်များကိုပင် သုံးသပ်ခဲ့သေးသည်။ ထိုသူက သူတို့ကို လာတွေ့ရန် ၉၈% သေချာသည်ဟု အဖြေထွက်လာသည်။
သူ့ကို ကျောက်မိသားစုက လက်ခံလိုက်သည်ကတော့ သံသယဝင်စရာပေ။
"သူထွက်လာရင် ဣိန္ဒြေရရနေကြနော် မပြောသင့်တာတွေ ထွက်မလာစေနဲ့ ..."
အမျိုးသမီးနှစ်ဦးအနက် ပိုလှဟန်ရှိသူက ဘေးပတ်ဝန်းကျင်ကို အကဲခတ်ရင်း ပြောလိုက်သည်။
"သူက ငယ်ငယ်လေးပဲ ရှိသေးတာ ကြောက်သွားအောင် မလုပ်မိစေနဲ့ ..."
"အယ်လီရေ သူ့ကို လျှော့မတွက်နဲ့နော် ကျောက်မိသားစုကိုတောင် မြန်မြန်ဆန်ဆန် လက်ခံအောင် လုပ်နိုင်ကတည်းက မြင်ရသလောက် မရိုးရှင်းဘူး ..."
ပန်းရောင်အင်္ကျီ အဝါရောင်ဘောင်းဘီနှင့် အမျိုးသားက ဝင်ပြောလိုက်သည်။ သူ့ဆံပင်ကို အနီ၊ အဝါနှင့် အပြာဆေးဆိုးထားရာ သူ့ဝတ်ပုံစားပုံမှာ အမျိုးသားတစ်ဦးအဖို့ အတော်ကို ဟိတ်ဟန်များလွန်းရာ ကျသော်ငြား ချောမောလှသည့် ရုပ်ခံလေးကြောင့် အူကြောင်ကြောင် ဖြစ်မနေပေ။
"ဝူရွှိုက် မင်း ဒီလိုမျိုးကို ဝတ်ထားသေးတယ်ပေ့ါ မာရှယ်က ရိုက်လွှတ်လိုက်မှာကို မကြောက်ဘူးလား ..."
အယ်လီက သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် တစ်ဖန် ပြန်ငြိမ်သက်သွားတော့သည်။
"မာရှယ်က ရိုက်မယ်ဆိုတော့လည်း ကောင်းတာပေါ့ ဟိုကေးကိုတော့ ကျောက်နာကိုပဲ အကဲခတ်ခိုင်းလိုက်တော့မယ် ..."
ဝူရွှိုက်၏ ဝမ်းသာအားရအမူအယာတို့က သူ့ဘေးတွင် စကားတစ်ခွန်းမှ မဆိုဘဲ မတ်တပ်ရပ်နေသည့် အမျိုးသမီးကို တွေ့လိုက်ရချိန်တွင် ပျောက်ကွယ်သွားတော့သည်။
ကျောက်နာသည် ကြယ်တာရာဓါးပြတို့ရန်မှ မာရှယ်ကယ်တင်လာခဲ့သူဖြစ်ကာ သူမ၏ စွမ်းအင်သည် အလိုလို သိစိတ်ဖြစ်သည်။ ထိုစွမ်းအင်ဖြင့် သူမသည် နောက်ထပ်လုပ်ရမည့် တာဝန်များမှာ အန္တရာယ်ရှိ/မရှိ၊ တစ်စုံတစ်ယောက်တွင် ရန်လိုသည့်ဆန္ဒ ရှိမရှိကို အာရုံခံရသည်။
ထိုသည်ကို ကြားလိုက်ရသူတိုင်း အသံတိတ်သွားကြတော့သည်။ များမကြာမီ အိမ်တော်ထိန်းအိုကြီးက ဖြေးဖြေးချင်း ထွက်လာသော်ငြား သူ့နောက်တွင်တော့ တစ်ယောက်မှ ပါမလာပေ။
"အိမ်တော်ထိန်းကြီး ..."
အိုင်ဗန်က သူ့ကို စူးစမ်းလိုဟန်ဖြင့် ကြည့်လိုက်သည်။
"သခင်လေးရမ်ရှန့်က မင်းတို့ကို ကောင်းကောင်းမွန်မွန် ပြုမူဖို့ ပြောလိုက်တယ် ..."
သူက ခပ်ပြုံးပြုံး ပြောလိုက်သည်။
ငါးဦးသား ကြက်သေသေသွားကြတော့သည်။
ဒါက ဘယ်လိုအဖြေကြီးလဲ ...
အဆုံးတွင်တော့ အိုင်ဗန်ကသာ ပထမဆုံး အသိပြန်ဝင်လာသူဖြစ်သည်။
"အိမ်တော်ထိန်းကြီး ကျွန်တော်တို့က မာရှယ်နဲ့ တွေ့ချင်လို့ပါ ..."
ယခင်က သူတို့၏ လုံခြုံရေးအတွက် မာရှယ်သည် သူတို့ကို အဝေးတစ်နေရာသို့ ထွက်သွားရန် ညွှန်ကြားခဲ့သော်ငြား ယခုတော့ အခြေအနေများက ကွာခြားနေပြီဖြစ်သည်။
သူတို့ ကျောက်မိသားစုကို လာခဲ့သည်မှာလည်း ကျောက်လင်းယွီကို တွေ့ရန်သာ ဖြစ်သည့်အတွက် ရမ်ရှန့်နှင့်တွေ့ရန် ကြိုးပမ်းစရာအကြောင်း မရှိပေ။
ဒီရမ်ရှန့်က ဉာဏ်ပြေးသားပဲ ...
အစကမူ ဗီဒီယိုထဲတွင် သူ့အသွင်အစစ်ကို အနည်းငယ် ထုတ်ပြလိုက်သည့် ဆယ်ကျော်သက်ကလေးအား ရိုးသားသည်ဟု ထင်ခဲ့မိသော်ငြား ယခုတော့ အိုင်ဗာ၏ အမြင်များမှာ ပြောင်းလဲသွားပြီဖြစ်သည်။
17.2
တွေ့ဆုံပြီးပါလျှင် သူတို့နှစ်ဦးမှာ သေချာပေါက်ကို စကားကောင်းကောင်း ပြောနိုင်ပေမည်။
အိမ်တော်ထိန်းက သူတို့ကို ကျောက်အိမ်တော်ထဲသို့ တိုက်ရိုက်ခေါ်သွားလိုက်ပြီး ရှန်းချိုးရှစ်ကလည်း မဟန့်တား။ အစောပိုင်းကလည်း သူတို့၏ ကိုယ်ပိုင် အကြောက်တရားကြောင့်သာ မလာရဲကြခြင်းဖြစ်သည်။
သူတို့အားလုံး တံခါးဝရှေ့ ရောက်သည်နှင့်တစ်ပြိုင်နက် ရေဇလုံကြီးတစ်လုံးသယ်ကာ ပြေးလာသည့် လူငယ်လေးကို တွေ့လိုက်ရသည်။ သူ့ပြေးနှုန်းမှာ အလွန်မြန်သော်ငြား ရေကတော့ တစ်စက်ကလေးပင် ဖိတ်ကျမလာပေ။ သူတို့ ဝင်တော့မည့်အချိန်တွင် သူက ထိုရေကို အိမ်တော်ထိန်းထံ ယူသွားပေးလိုက်သည်။
"အိမ်တော်ထိန်းအဖိုး ဒီရေကို သောက်လိုက်နော် ..."
"သခင်လေးရမ်ရှန့် ..."
အဖိုးအိုက ထူးဆန်းသည်ဟု ခံစားရသော်ငြား ရေကိုယူကာ တစ်ရှိန်ထိုး မော့သောက်ချလိုက်သည်။
ရေအရသာမှာ အနည်းငယ် ခါးသက်သက်ဖြင့် ထူးဆန်းသော်ငြား သောက်ပြီးသည်နှင့်တစ်ပြိုင်နက် အားအင်ပြည့်ဖြိုးလာသယောင် ခံစားမိလိုက်သည်။ အိမ်တော်ထိန်းကတော့ သူ့ကိုလည်း ကျောက်ဖမ်းလိုဆေးမျိုး ပေးသည်ဟုသာ ထင်လိုက်မိသည်။
"မင်းက ရမ်ရှန့်လား ..."
အိုင်ဗာက သူ့ရင်ဘက်နားအထိသာ ရှိသည့် ကောင်လေးကို ကြည့်လိုက်သည်။ သူ့ကြင်နာမှုအတွက် ကျေးဇူးတင်လိုနေဟန်ပင်။
ရမ်ရှန့်ကတော့ သာမန်ကာလျှံကာ ခေါင်းငြိမ့်ပြကာ ဇလုံကိုယူပြီး ပြန်ထွက်သွားလိုက်တော့သည်။
ထက်မြက်တဲ့သူနှစ်ယောက်ကြားက တိုက်ပွဲက ဘယ်ရောက်သွားတာလဲ ... ဒီကောင်လေးက အိမ်တော်ထိန်းကို ရေလာတိုက်ပြီးတာနဲ့ ပြန်လှည့်ထွက်သွားတယ်ပေါ့ သူတို့ကိုတော့ ချန်ထားခဲ့ပြီးတော့လေ ... သူသာ ကြင်နာရိုးသားတတ်တဲ့သူဆို မာရှယ့်အကြောင်း မပြောပြသင့်ဘူးလား ဒါမှမဟုတ် တ်ွုချက်တတ်တဲ့သူဆိုရင်လည်း သူတို့ကို ပညာပြဦးလေ ...
"ရမ်ရှန့် ခဏလောက်စောင့်ပါဦး ..."
အိုင်ဗာလို အတွေးမများသော အယ်လီကတော့ သူ့ကို တိုက်ရိုက်ပင် တားလိုက်သည်။
"ဘာလိုချင်လို့လဲ ..."
သူက ထိုသူများကို ဇဝေဇဝါဖြင့် မေးလိုက်သည်။ သူမ၏ကိုယ်ထဲရှိ မီးဓာတ်က သူ့ကို မသက်မသာ ဖြစ်နေစေသည်။
အစောပိုင်းက ကျောက်လင်းယွီထံတွင်လည်း အလားတူ စွမ်းအင်မျိုး ရှိကာ ၎င်းကြောင့် မီးကျွမ်းတော့မလိုပင် ဖြစ်ခဲ့ရသေးသည်။
"ဟယ်လို ကျွန်မက အမြဲတမ်း ရှင့်ကို မိတ်ဆက်ချင်နေတာပါ မာရှယ့်ရဲ့ဘေးမှာ ရှိနေပေးပြီး သူ့ကို စိတ်ပါလက်ပါနဲ့ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..."
အယ်လီက သူ့ကို တလေးတနက် ကျေးဇူးတင်ကာ သံလိုက်သိုလှောင်ရေးကတ်ပြားလေးကို ပေးလိုက်သည်။
"ဒါက မင်းအတွက် လက်ဆောင်ပါ ..."
"အိုး ကျေးဇူးတင်ပါတယ် ..."
ရမ်ရှန့်က ကတ်ကိုယူကာ ခုန်ပေါက်လိုက်သည်။ ထိုကဲ့သို့သော ကတ်မျိုးတွင် ကာတွန်းကားများ ပါတတ်ကြောင်းကို သူသိထားပြီးဖြစ်သည်။
"အယ်လီ သူ့ကို ဘာပေးလိုက်တာလဲ ..."
ဝူရွှိုက်က သံသယဖြစ်စွာ မေးလိုက်သည်။
"ငါ့ရတနာလေးတွေလေ ..."
သူမ၏မျက်နှာက ဂုဏ်ယူဝင့်ကြွားမှုတို့ အပြည့်ဖြင့်ပင်။
"အသက်ကန့်သတ်ထားတဲ့ 18+ ဗီဒီယိုတွေတော့ မဟုတ်ပါဘူးနော် ..."
ဝူရွှိုက်က ဟာသနှောကာ ပြောလိုက်သည်။
သူ့ခြေထောက်မှာတော့ အယ်လီ၏ ကန်ချက်ကို ခံလိုက်ရတော့သည်။
"တဏှာရူးကောင် အဲ့ဒါ မာရှယ်ရဲ့ ဗီဒီယိုတွေဟ ..."
"မြန်မြန်လေးလုပ်ကြပါ ..."
အိမ်တော်ထိန်းက မျက်နှာခပ်တည်တည်ဖြင့် အေးစက်စက် ပြောလိုက်သည်။
ဒီအိမ်တော်ထိန်းက အမြဲတမ်း ဖော်ရွေတတ်တဲ့သူပါ အခု ဘာဖြစ်သွားတာလဲ ...
ပါးနပ်ပါသည်ဟု သူ့ကိုယ်သူ ခံယူထားသည့် အိုင်ဗာပင်လျှင် မခန့်မှန်းတတ်တော့။
သူတို့ ဘာမှတော့ အမှားမလုပ်မိပါဘူးနော် ဟုတ်တယ်မလား ...
အိမ်တော်ထိန်းကတော့ သူတို့ကို ဂရုပင်မစိုက်ဘဲ ခပ်သွက်သွက် လျှောက်လိုက်တော့သည်။ သူသည် အားအင်ပြည့်ဖြိုးနေသည်သာမက ဝမ်းလည်း ပျက်ချင်သယောင်ယောင်ပင်။
ထိုသူများကို ကျောက်လင်းယွီရှိရာ အခန်းထဲ ပို့ပေးပြီးနောက်တွင်တော့ အိမ်တော်ထိန်းသည် သန့်စင်ခန်းသိူ့ တန်းတန်းမတ်မတ် ပြေးရတော့သည်။ ရမ်ရှန့်က ကာတွန်းကားကြည့်ရန်အတွက် ကတ်ပြားကို သူ့ဆက်သွယ်ရေးစက်ထဲသို့ ထည့်လိုက်သည်။
စခရင်ပေါ်တွင် ပေါ်လာသည်မှာ ကာတွန်းကား မဟုတ်ခဲ့။ ၎င်းအစား ကျောက်လင်းယွီ၏ ရုပ်ပုံက ပေါ်လာသည်။
xxxxx