အပိုင်း ၁၈
Viewers 18k

Chapter 18


ရမ်ရှန့်မှာ ကာတွန်းကားများကို နှစ်ခြိုက်သည် ဆိုသော်ငြား ၎င်းတို့ ဘယ်လောက်ပင်ကောင်းကောင်း ကျောက်လင်းယွီကိုတော့ ယှဉ်နိုင်မည်မဟုတ်ချေ။ 


ဤစိမ်းသက်လှသည့် ကမ္ဘာတွင် ပထမဆုံးအကြိမ် နိုးထလာခဲ့စဉ်က သူ့တွင် ပိုင်ဆိုင်လိုစိတ် တစ်စွန်းတစ်စမျှ မရှိသေး။ ကျောက်လင်းယွီကို မြင်ကာမှသာ ဤမြေတွင် အမြစ်တွယ်လိုစိတ်များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ရာ ကျောက်လင်းယွီသည် သူ၏ ကမ္ဘာတွင် အရေးအကြီးဆုံးသူဖြစ်သည်။ 


ထို့ကြောင့် စခရင်တွင် သူ့ပုံပေါ်လာသည်နှင့်တစ်ပြိုင်နက် ရမ်ရှန့်မှာ အကြည့်ပင်မလွှဲနိုင်တော့။ စိတ်ဝင်တစား လိုက်ကြည့်နေတော့သည်။ 


ဗီဒီယို၏ အစပိုင်းရှိ ကျောက်လင်းယွီမှာ ယခုထက် ပိုငယ်ကာ အနည်းငယ်လည်း အရပ်ပုနေသေးသည်။ သူက ယူနီဖောင်းကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး ပထမစစ်တက္ကသိုလ်ကို ထိပ်သီးအဆင့်ဖြင့် ဝင်ရောက်နိုင်ခဲ့သူဖြစ်သည်။ အမူအယာကင်းမဲ့နေဟန်ဖြင့်  စင်မြင့်ထက်တွင် ရပ်နေကာ ကျမ်းသစ္စာကျိန်ဆိုချက်ကို ရွတ်ဆိုနေသည်။ 


နောက်ထပ်တစ်ခုမှာတော့ ကျောင်းတွင် လေ့ကျင့်ရေးဆင်းနေသည့် ဗီဒီယိုဖြစ်သည်။ ချွေးများစိုရွှဲနေသည်ကို ပြတ်ပြတ်သားသား မြင်နေရသော်ငြား သူကတော့ တည်ကြည်လှသည့် အကြည့်တို့ဖြင့် ဆက်လက်လေ့ကျင့်နေဆဲပင်။ 


နောက်ပိုင်းပြကွက်မှာတော့ စစ်တပ်သို့ ဝင်ရောက်ပြီးကာလများ ဖြစ်သည်။ 


အသက်၂၀ အရွယ်တွင် သူသည် စစ်တက္ကသိုလ်မှ ဘွဲ့ရလာခဲ့သည်။ သို့သော် ဘွဲ့ရတစ်ဦးအနေဖြင့် စစ်တပ်သို့ ဝင်ရောက်ရမည့်အစား သရုပ်မှန်ကို ဖုံးကွယ်ကာ သာမန်တပ်သားတစ်ဦးအဖြစ် ဝင်ရောက်ခဲ့သည်။ ထိုနည်းဖြင့်ပင် ဗိုလ်မှူးအဆင့်အထိ ရောက်ရှိခဲ့ပြီး ကျောက်ဖမ်း၏ မတော်တဆမှု ဖြစ်ပွားခဲ့ချိန်တွင်တော့ သူသည် ဖက်ဒရယ်၏ အသက်အငယ်ဆုံးမာရှယ်ပင် ဖြစ်နေပြီဖြစ်သည်။ 


ထိုရာထူးမှာ တိုက်ပွဲများစွာ၊ ဒဏ်ရာများစွာကို ရင်းပြီးမှ ရခဲ့ခြင်းဖြစ်သည်ဆိုသည့် အချက်ကိုတော့ ဘယ်သူမှ အငြင်းမပွားနိုင်ပေ။ 


ရမ်ရှန့်က လုံးစေ့ပတ်စေ့ နားမလည်သော်ငြား တိုက်ပွဲမြင်ကွင်းအားလုံးကို ကြည့်ပြီးချိန်တွင် ထိုသူမှာ ကျောက်လင်းယွီဖြစ်နေကြောင်း သတိထားမိလိုက်သည်။ 


ကျောက်လင်းယွီသည် အလွန်ကို စွမ်းအားကြီးသူတစ်ဦးဖြစ်ကြောင်း သိပြီးဖြစ်သော်ငြား သူ့မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ရချိန်တွင်တော့ ခံစားချက်က မတူညီတော့ပေ။ အခုတော့ အားလုံးကို မျက်မြင်တွေ့လိုက်ရပြီဖြစ်သည်။ 


ဗီဒီယိုကို မရှည်လွန်း၊ မတိုလွန်းအောင် တည်းဖြတ်ထားပြီး အဆုံးတွင်တော့ ဇာ့ဂ်ဘုရင်မနှင့် တိုက်ခိုက်မှုကို ထည့်သွင်းထားသည်။ 


ကျောက်လင်းယွီ၏ အကြည့်တို့က တည်ငြိမ်ပြတ်သား‌နေကာ မျက်နှာတွင်လည်း ဘာအမူအယာမှ မမြင်ရ။ ရမ်ရှန့်လည်း သူသာ ဇာ့ဂ်ဘုရင်မ၏ ဗိုက်ထဲ ရောက်နေလျှင်ပင် သူ့မျက်ဝန်းထဲမှ စိတ်ဓာတ်ကြံ့ခိုင်မှုတို့က မလျော့သွားနိုင်ဟု ခံစားမိတော့သည်။ 


ကြည့်ရှုနေရင်းတန်းလန်းဖြင့်ပင် သူ့နှလုံးသားမှာ ချဉ်စူးလာကာ အကြောင်းပြချက် ရေရေရာရာ မရှိပါဘဲလျက် ငိုချင်စိတ်တို့ကို ထိန်းချုပ်၍ မရနိုင်တော့ချေ။ 


ကျောက်လင်းယွီ၏ အနားရှိ စွမ်းအင်တို့က တိုက်ခိုက်စဉ်ကပင် မျက်လုံးများ နီရဲလာသည်တိုင် မျက်ရည်ကတော့ တစ်စက်မျှ မကျခဲ့ပေ။ သို့သော်ယခု‌ကတော့ မတူညီပေ။ သူ့မျက်ရည်တို့မှာ ရပ်တန့်၍ပင် မရနိုင်လောက်အောင် တစ်ဟုန်ထိုး ကျဆင်းလာသည်။ 


သူ့မျက်ရည်များ မေးစေ့အထိ စီးကျလာကာမှ ရမ်ရှန့်လည်း ရုတ်တရက် သတိရကာ ရေတစ်ဝက်ခန့် ရှိနေသော ဖန်ခွက်ဖြင့် မျက်ရည်များကို ခံထားလိုက်သည်။ 


သူ့မျက်ရည်များမှာလည်း ဂျင်ဆင်းစွတ်ပြုတ်နှင့် သွေးကဲ့သို့ပင် အဖိုးတန်လှသည်။ အခုလတ်တလောတွင် အာဟာရပြည့်ဝလွန်းနေ၍သာ မဟုတ်ပါလျှင် ငိုချင်လျှင်ပင် ငိုနိုင်မည်မဟုတ်ချေ။ 


"ရမ် ဘာတွေကြည့်နေတာလဲ မျက်လုံးကရော နီရဲနေပါရောလား ဘာဖြစ်လို့လဲ ..." 


သူငိုနေသည်ကို မြင်လိုက်သည့် ရှန်းချိုးရှစ်က အလောတကြီး ရောက်လာကာ မေးလိုက်သည်။ 


"လင်းယွီ ..." 


ရမ်ရှန့်က နှာတစ်ရှုံ့ရှုံ့ဖြင့် မျက်ရည်များ ထပ်မကျလာစေရန် ကြိုးပမ်းလိုက်သည်။‌‌ ကျောက်လင်းယွီမှာ ဘယ်လောက်ပင် အန္တရာယ်များနေပါစေ ဘယ်လောက်ပဲ နာကျင်ရပါစေ တစ်ခါမှ မငိုကြွေးခဲ့ဖူးပေ။ 


သူ့အနားသို့ ကပ်လာချိန်တွင် ရှန်းချိုးရှစ်သည် ဆေးမြစ်အနံ့ကို နောက်တစ်ခါ ထပ်ရလိုက်ပြန်၏။ မမွှေးပျံ့သော်ငြား ရှင်းသန့်နေကာ လူတိုင်းကို နောက်တစ်ကြိမ် ထပ်ရှုလိုစိတ် ဖြစ်ပေါ်နေစေသည်။ စခရင်ပေါ်ရှိ ဇာ့ဂ်ဘုရင်မ၏ ပုံကို တွေ့လိုက်ရချိန်တွင် သူမက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။ 


"လင်းယွီရဲ့ ဗီဒီယိုကို ကြည့်နေတာလား ဒီဟာကြောင့်ပဲ လင်းယွီလည်း ဖက်ဒရယ်တစ်ခုလုံးမှာ နာမည်ကြီးသွားတာလေ ..." 


"Mm-hmm ...." 


သူက သာမန်ကာလျှံကာ ခေါင်းငြိမ့်ပြလိုက်ပြီးနောက်တွင်‌တော့ ကျောက်လင်းယွီကို တွေ့လိုစိတ်တို့ တစ်ဖွားဖွား ထွက်ပေါ်လာတော့သည်။ 


"အန်တီ ကျွန်တော် လင်းယွီကို သွားကြည့်လိုက်ဦးမယ် ..." 


"ကောင်းတယ် သွား သွား သွားကြည့်ချေ သူ့ငယ်သားတွေလည်း အဲ့ဒီမှာ ရှိနေတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သိအောင်လုပ်ခဲ့ကြ ..." 


သူမက ပြောလိုက်သည်။ 


သူလည်း ချက်ခြင်းထကာ‌ ပြေးသွားပြီမှ ပြန်လှည့်ကာ သူ့လက်ထဲရှိ ရေခွက်ကို သူမအား ပေးလိုက်သည်။ 


"အန်တီ ဒါက အန်တီ့အတွက် သေချာပေါက် သောက်ဖြစ်အောင်သောက်နော် ..."


အိမ်တော်ထိန်းအဖိုးက သာမန်သူသာဖြစ်သည့်အတွက် ထိုမျက်ရည်စက်များကို လက်ခံနိုင်မည်မဟုတ်ချေ။ ကျောက်ဖမ်းကလည်း ပိုပြီး အာနိသင်ရှိသည့် ဂျင်ဆင်းစေ့များကို စားပြီးဖြစ်၍ ထိုမျက်ရည်များက သူ့အတွက် အသုံးမဝင်နိုင်ချေ။ ထို့ကြောင့် သူမကို ပေးလိုက်ခြင်းဖြစ်သည်။ ထို့ပြင် သူမတွင်လည်း ဒဏ်ရာဟောင်းများ ရှိနေသေးကြောင်း သိထား၍ဖြစ်သည်။ 


သူမက မေးခွန်းထုတ်လိုဟန်အပြည့်ဖြင့်  ရေခွက်ကို ကိုင်ထားလိုက်သည်။ သို့သော်ငြား နောက်ဆုံးတွင်တော့  အိမ်တော်ထိန်းလိုပင် တစ်ချိုးတည်း မော့သောက်လိုက်ပြီး ထူးဆန်းမှုတစ်ခုခုကို ခံစားမိလိုက်သည်။ 


ကျောက်မိသားစု၏ စွမ်းရည်များမှာ ဖိနှိပ်နိုင်စွမ်း များပြားလှသည်။ ကျောက်လင်းယွီကို မွေးဖွားပြီးချိန်မှစ၍ သူမ၏ ကိုယ်ပိုင် လေစွမ်းရည်မှာ ပျက်စီးသွားကာ ပြန်လည်ရရှိရန်နည်းလမ်းလည်း မရှိတော့။ ယခု ထိုရေခွက်ကို သောက်ပြီးနောက်တွင် အချိန်အတော်ကြာ မလှုပ်မရှားဘဲ နေနေသည့် သူမ၏ စွမ်းအင်ဗဟိုချက်မှာ အနည်းငယ် ရွေ့လျားလာသယောင် ခံစားမိလိုက်သည်။

18.2


ထိုခံစားချက်မှာ အတော်ကို သေးငယ်လွန်းရာ ရေ၏ ထူးဆန်းသည့်အရသာကြောင့်သာ မဟုတ်ပါလျှင် သတိပင် ပြုမိမည် မဟုတ်ချေ။ ထို့အပြင် အခြား ခံစားချက်တစ်ခုကလည်း ၎င်းကို ခပ်သွက်သွက် လွှမ်းမိုးသွားသေးသည်။ 


သူမမှာ ရုတ်တရက် ဝမ်းလျှောသွားခဲ့သည်။ 


ရမ်ရှန့်က ဗီဒီယိုကြည့်နေစဉ်အတွင်း ကျောက်လင်းယွီက‌တော့ သူ့ငယ်သားများနှင့် တွေ့ဆုံပြီးနေပြီဖြစ်သည်။ 


အစဦးကမူ သူ့ကိုယ်သူ သေလူဟုသာ သတ်မှတ်ထားရာ ထိုသူများသာ သူ့အနားနေနေပါလျှင် အနာဂတ်ကောင်း ရနိုင်မည်မဟုတ်သည့်အတွက် သူတို့ကို အဝေးသို့ ပို့ခဲ့ခြင်းဖြစ်သည်။ ယခုတော့ သူ့အတွေးတို့က ပြောင်းလဲသွားပြီဖြစ်သည်။ 


သူပြန်သက်သာလာရန်နှင့် သူ့ဖခင်လည်း လုံးဝဥဿုံ အကောင်းအတိုင်း ပြန်ဖြစ်ရန်မှာ မသေချာသေးသော်ငြား ကျောက်မိသားစုအနေဖြင့် အသံတိတ်နေတော့မည်မဟုတ်ချေ။ 


"မာရှယ် ..." 


ဟုန်ကျုံးက အသံအကျယ်ကြီးဖြင့်အော်ကာ အနားသို့ ရောက်ချလာသည်။ ပြူးကျယ်နေသည့် မျက်ဝန်းအစုံတို့က စိတ်လှုပ်ရှားမှုကြောင့် ရဲရဲနီနေသည်။ 


ကျောက်လင်းယွီမှာ သိပ်မလှုပ်ရှားနိုင်သေးသော်ငြား ယခင်ထက်တော့ တိုးတက်လာပြီဖြစ်သည်။ သူ့အခန်းတွင်လည်း တံခါးရှိလာကာ အဝတ်အစားလည်း ဝတ်နိုင်ပြီး ယခင်လို အဝတ်ဗလာဖြင့်နေရန် မလိုအပ်တော့ပေ။ 


ရမ်ရှန့်ဝင်လာရင်တော့ သူ့အဝတ်အစားတွေက ပြန်အချွတ်ခံနေရဦးမှာပေါ့ ... အများဆုံးမှ ဘောင်းဘီလောက်ပဲ ကျန်မှာ ... 


ရမ်ရှန့်၏ တည်ရှိမှုမှာ မူမမှန်ရုံသာမက ရှေ့ဆက် ဘာဖြစ်မလဲဆိုတာကိုပါ မသိနိုင်သေးချေ။ ကျောက်လင်းယွီက သူ့ဆံပင်အချို့ကိုယူကာ စစ်ဆေးရန် တွေးခဲ့ဖူးသော်ငြား ထိုကဲ့သို့ ခိုးကြောင်ခိုးဝှက်နိုင်သည့် အပြုအမူမျိုးသည် သူ့ကို မပျော်ရွှင်စေနိုင်ဟု တွေးမိသဖြင့် ထိုအကြံကို လက်လွှတ်လိုက်သည်။ 


ထိုသည်သာမက အကယ်၍ ထူးခြားမှုတစ်ခုခုကို တွေ့ခဲ့ပြီးကာမှ‌ ပေါက်ကြားသွားပါလျှင်လည်း ရမ်ရှန့်ကို ထိခိုက်လာနိုင်သည့်အတွက် စောစောစီးစီး လက်လွှတ်လိုက်သည်ကပင် ပို၍သင့်တော်ပေသည်။ 


ရှုပ်ထွေးနေသော အတွေးစတို့ကို ပြန်ရုတ်သိမ်းရင်း ကျောက်လင်းယွီသည် သူ့ငယ်သားတို့နှင့် လောကဝတ်စကားဆိုကာ အချိန်ဖြုန်းမနေဘဲ အဓိကအကြောင်းအရာကိုသာ တိုက်ရိုက်ပြောလိုက်သည်။ 


"ငါတို့ကို ပထမနေရာမှာ ဘယ်သူ ထောင်ချောက်ဆင်ခဲ့တာလဲ ရှာတွေ့ပြီလား ..." 


ဇာ့ဂ်ဘုရင်မ လူသားဖက်ဒရယ်သို့ ဝင်ရောက်လာကာ လူနေထိုင်ရန် မသင့်တော်သော်ငြား အရင်းအမြစ်ကြွယ်ဝ၍ အစောင့်အကြပ်ထားထားသော ဂြိုဟ်ပေါင်းများစွာကို ဝါးမြိုစားသုံးရင်း အိပ်မက်ကြယ်နှင့် တစ်ဖြေးဖြေး နီးကပ်လာသည်အထိ သူတို့မှာ သတင်းတစ်စွန်းတစ်စပင် မရခဲ့သေး။ ထိုသည်သာမက ထပ်ရောက်လာသည့် လက်နက်အသစ်များတွင်လည်း တစ်ခုခု မှားယွင်းနေသည်ကို တွေ့လိုက်ရသည်။ 


သူတို့သာ ဇာ့ဂ်ဘုရင်မ၏ ချဉ်းကပ်လာမှုကို သတင်းကြိုရခဲ့ပါလျှင် ကြယ်တစ်ခုနှင့်တစ်ခုအကြား ဗုံးခွဲကာ ရင်ဆိုင်နိုင်မည်ဖြစ်သည်။  ဗုံးခွဲရုံမျှဖြင့် သူမကို အသေမသတ်နိုင်ခဲ့လျှင်တောင် သူမ၏ မျိုးဆက်ပြန့်ပွားရေးအတွက် ဦးတည်ရာကို ပြောင်းလဲပစ်နိုင်မည်ဖြစ်သည်။ 


သို့သော် သတင်းက နှစ်ရက်နောက်ကျပြီးမှ ရောက်ခဲ့သည့်အပြင် တပ်ဖွဲ့ကို ဦးဆောင်ကာ  ဇာ့ဂ်ဘုရင်မကို 

တားဆီးသည့်အချိန်ရောက်ကာမှ လက်နက်မလုံလောက်တော့ကြောင်း သိလိုက်ရသည်။ 


ထိုတိုက်ပွဲကြောင့် သူက ဖက်ဒရယ်၏ သူရဲကောင်း ဖြစ်ခဲ့သော်ငြား ရှေ့တွင် မရေမတွက်နိုင်သောသူတို့က အသက်ကို စတေးခဲ့ကြရပြီးဖြစ်သည်။ ထိုသူများက ဇာ့ဂ်ဘုရင်မကို ဒဏ်ရာရစေရန် ကြိုးပမ်းခဲ့ကြသော်ငြား သူမ၏ စွမ်းအင်ဗဟိုချက်ကို မဖျက်ဆီးနိုင်ခဲ့ကြပေ။ 


ထိုအချိန်က ကျောက်လင်းယွီသည် အခြေအနေကို သဘောပေါက်လိုက်ပြီဖြစ်သော်ငြား သူသာ စုံစမ်းရေးတွင် အာရုံစိုက်လိုက်ပါလျှင် အခြားသူများကိုပါ ဆွဲချမိမည်ဖြစ်၍ ထိုသူငါးဦးကိုသာ တိတ်တဆိတ် စုံစမ်းစေပြီး သူက တိုက်ပွဲကို ဆက်ဦးဆောင်နေလိုက်သည်။ 


သူ့တွင် ရလဒ်ကို နားထောင်ရန် အခွင့်အရေးပင် မရှိတော့ဟု ထင်ခဲ့သည့်အတွက် ထိုငါးဦးကို ကာကွယ်ထားခဲ့ခြင်းဖြစ်သော်ငြား ရမ်ရှန့်က အရာအားလုံးကို ပြောင်းလဲစေခဲ့သည်။


"မာရှယ် လော့ခဲမိသားစုနဲ့ ယန်မိသားစုက တစ်ခုခုလုပ်ခဲ့တာ တစ်ယောက်က လက်နက်အသစ်တွေကို ပြောင်းပစ်ပြီးတော့ နောက်တစ်ယောက်က နှစ်ရက်ကျော် သတင်းအမှောင်ချပစ်တယ် သူတို့နှစ်ဖက်လုံးက ကျွန်တော်တို့ကို ဒုက္ခပေးဖို့ ကြံနေတာဖြစ်မှာ စိုးရတယ် ဒါပေမယ့် ထပ်ဖြည့်ပြောရရင် ..." 


ဖက်ဒရယ်တွင် ကျောက်မိသားစုလက်အောက်ခံ တပ်မဟာတစ်ခုနှင့် ယန်မိသားစုက ထိန်းချုပ်ထားသည့် တပ်မဟာတစ်ခု စုစုပေါင်းတပ်မဟာနှစ်ခု ရှိ‌ နေသည်။ ထိုမိသားစုနှစ်ခုမှာ အချိန်တိုင်း ပဋိပက္ခ ဖြစ်ပွားကြသော်ငြား လော့ခဲမိသားစုကတော့ ဘယ်ဘက်ကမှ မလိုက်ခဲ့။ 


အိုင်ဗာက သူရရှိသမျှ သတင်းများနှင့် ပါဝင်ခဲ့သူအားလုံးကို အစီရင်ခံလိုက်သည်။ 


"အိုင်ဗာ ငါ အားပြန်ပြည့်တဲ့အထိ အနားယူဖို့ လိုအပ်နေသေးတယ် မင်းကပဲ တပ်မဟာကို ကွပ်ကဲပြီး ဟိုလူတွေကို နည်းနည်းလောက် ပြဿနာမီးမွှေးပေးလိုက် ငါ့ကို အာရုံမစိုက်နိုင်လောက်အောင်ကို အလုပ်ရှုပ်နေရင်တော့ အကောင်းဆုံးပဲပေ့ါ ..." 


ကျောက်လင်းယွီသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ရာ သူနှင့်သူ့အဖေအတွက် အချိန်လိုအပ်နေသေးသည်။ 


"မာရှယ် ဒီမစ်ရှင်ကို အောင်မြင်စေရမယ်လို့ ကတိပေးပါတယ် ..." 


အိုင်ဗာက တစ်မဟုတ်ချင်း ပြောလိုက်သည်။ 


"မာရှယ် အိုင်ဗာလို မြေခွေးအိုကြီးက မာရှယ့်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး ..." 


ဝူရွှိုက်က ဖြတ်မေးလိုက်သည်။ 


"ကျွန်တော်တို့ကရော ဘာလုပ်ပေးရမလဲ ..." 


အိုင်ဗာသည် စွမ်းရည်ပိုင်ရှင် မဟုတ်သော်ငြား ထက်မြက်ကာ ဉာဏ်နီဉာဏ်နက် များလှသည့်အတွက် မြေခွေးအိုကြီးဟု နာမည်ပေးခံထားရခြင်းဖြစ်သည်။ ကျောက်လင်းယွီသည် ယခင်ကမူ ထိုအမည်နှင့်ပတ်သက်၍ မည်သို့မှ မခံစားရသော်ငြား ယခုတစ်ခါ ပြန်ကြားလိုက်ရချိန်တွင်တော့ ရမ်ရှန့် သဘောတကျ ဝတ်လေ့ရှိသည့် မြေခွေးဝတ်စုံကို သတိရလိုက်မိသည်။ 


အိုင်ဗာရဲ့ နာမည်ပြောင်က နည်းနည်း ‌မလျော်ကန်သလို ဖြစ်‌မနေဘူးလား ... 


ကျောက်လင်းယွီသည် တုန်လှုပ်ခဲသူဖြစ်သော်ငြား တစ်စက္ကန့်ပင်မကြာလိုက် သူ့ကို တုန်လှုပ်အောင်လုပ်နိုင်သူက ရုတ်တရက် ရောက်ချလာတော့သည်။ 


တစ်ယောက်‌ယောက် အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်ကို ခံစားမိ၍ အိုင်ဗာတို့ငါးဦးက တားမြစ်ရန် ကြိုးစားလိုက်သော်ငြား မတားနိုင်ခဲ့။ ထိုလူရိပ်က ချဉ်းကပ်လာရုံသာမက သူတိူ့၏ ထူးမြတ်လှစွာသော မာရှယ်၏လက်မောင်းကို ဆွဲယူကာ ရှိုက်ကြီးတငင် ငိုလိုက်သေးသည်။ ပို၍ အံ့ဩဖို့ကောင်းသည်မှာ အမြဲလိုလို မျက်နှာသေဖြင့်သာ နေလေ့ရှိသည့် မာရှယ်၏ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည့် အမူအယာပင်ဖြစ်သည်။ 


ဘာတွေဖြစ်ကုန်တာလဲ မာရှယ်က ဒီလူကို အမှားလုပ်ထားလို့တော့ မဟုတ်ပါဘူးနော် ...


xxxxxx