အပိုင်း ၁၉
Viewers 18k

Chapter 19


အိုင်ဗာနှင့် အခြားသူများ ထိုသို့ တွေးသည်မှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။ ရမ်ရှန့်မှာ အတော်ကို သနားစရာကောင်းနေသည့်အပြင် မာရှယ်၏ တုန့်ပြန်မှုကလည်း အတိတ်ကာလများနှင့် လားလားမှ မတူပေ။ 


သူတို့တွေး၍ပင် မဆုံးသေး ပို၍ပင် မယုံနိုင်စရာကောင်းသည့်ကိစ္စ ဖြစ်ပျက်သွားပြန်သည်။ 


"မင်း‌တို့အရင်သွားနှင့်ကြတော့ တစ်ခုခု အမှားအယွင်းရှိရင် မင်းတို့ကို လူလွှတ်ပြီး ရှာခိုင်းလိုက်မယ် ..." 


ရှိုက်ကြီးတငင် ငိုနေသူကို တွေ့လိုက်ရသည်နှင့် ကျောက်လင်းယွီမှာ ပူပန်မှုကို ခံစားရ၍ သူ့ငယ်သားများကို ချက်ခြင်း နှင်ထုတ်လိုက်တော့သည်။ 


ရမ်ရှန့်သည် သူ့ကိုယ်သူ မဖုံးကွယ်တတ်သူဖြစ်သည်။ သူ့တွင် လျှို့ဝှက်ချက်များ ရှိနေကြောင်း သိထားသည့်အတွက် အခြားသူများ သတိထားမိသွားမည်ကို မလိုလားပေ။ 


မာရှယ်က ငါတို့ကို နှင်ထုတ်လိုက်တာလား ... 


အိုင်ဗာက အံ့ဩသွားသော်ငြား အယ်လီကတော့ ကျေနပ်သွားသည့်ဟန်ပင်။ 


အရပ်ရှည်ရှည်၊ ကိုယ်ဟန်တောင့်တောင့်နှင့် မာရှယ်ကို ခပ်သေးသေး‌ ကေးလေးနှင့် ယှဉ်တွဲလျက် မြင်တွေ့နေရသည်မှာ မျက်စိပသာဒ ဖြစ်ဖွယ်ရာပင်။ သူတို့နှစ်ဦးမှာ အတော်ကို လိုက်ဖက်လှသည်ဟုပင် ခံစားမိတော့သည်။ ဒီကေးက မာရှယ့်ကလေးကို မွေးမပေးနိုင်တာကတော့ နှမြောစရာပဲ ... 


ရမ်ရှန့်က ကေးမဟုတ်ကြောင်း ရှန်းချိုးရှစ် ထုတ်ပြောလိုက်ချိန်တွင် သတင်းထောက်များနှင့် ဝမ်ယွဲ့ကို ဖန့်ချန်ကျွင့်က နှင်ထုတ်လိုက်နှင့်ပြီးဖြစ်သည်။ သူနှင့် မစ္စစ်လော့ခဲတို့က နီးစပ်ရာကို ပြောပြသည့်တိုင် သတင်းကတော့ ပေါက်ကြားဦးမည် မဟုတ်ချေ။ ဖက်ဒရယ်၏ အထက်တန်းလွှာ အသိုင်းအဝိုင်းက ထိုအကြောင်းကိုသိကာ ရမ်ရှန့်၏ သရုပ်မှန်ကို မှန်း‌ဆနေကြသော်ငြား သာမန်သူများကမူ လုံးဝ မသိကြသေးပေ။ သူတို့က မာရှယ်၏ ဇနီးလောင်းမှာ ကေးဟု၍သာ သိထားကြသေးသည်။ 


ငါးယောက်သား နာနာခံခံဖြင့်ပင် အပြင်ဘက်သို့ ထွက်လာလိုက်ကြသည်။ တံခါးဝနားရောက်၍  နောက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် မာရှယ့်လက်မောင်းကြားတွင် အသည်းအသန် ငိုကြွေးနေသူနှင့် ထိုသူကို တင်းတင်းကျပ်ကျပ် ထွေးပွေ့ပေးထားသည့် မာရှယ်ကို တွေ့လိုက်ရသည့်အတွက် သူတို့၏ သံသယစိတ်များမှာ ပို၍ပင် သေချာ‌သွားတော့သည်။ 


"ကျောက်နာ အဲ့ဒီကေးကို ဘယ်လိုမြင်လဲ ..." 


အယ်လီက ငါးယောက်အနက် အတိတ်ဆိတ်ဆုံးသူကို လှမ်းမေးလိုက်သည်။ 


"သူ .. သူက အဆင်ပြေပါတယ် ..." 


သူမက အားနည်းဖြူလျော့နေသည့် မျက်နှာလေးကို အနည်းငယ် မော့လိုက်သော်ငြား ချက်ခြင်းပင် ခေါင်းကို ပြန်ငုံ့ချလိုက်သည်။ 


"ကျောက်နာကတောင် အဆင်ပြေပါတယ်လို့ ပြောမှတော့ သူ့မှာ အကြံဆိုးမရှိနိုင်လောက်ပါဘူး ငါတို့လည်း မာရှယ့်ကို ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးလိုက်ကြတာပေါ့ ..." 


သူမက ပြုံးကာ ပြောလိုက်သည်။ 


သူတို့အားလုံးမှာ ကျောက်နာ၏ အလိုလိုသိစိတ်ကို ယုံကြည်ကြသူများ ဖြစ်ကြသည်။  ဇာ့ဂ်ဘုရင်မနှင့် မတိုက်ခိုက်မီက သူမ၏ အလိုလိုသိစိတ်မှာ အခြေအနေ ဆိုးဝါးနေခဲ့သည်။ ကံမကောင်းစွာဖြင့် သူတို့မှာ လက်နက်ကိုပင် စစ်ဆေးရန် အချိန်မရှိလောက်အောင် အလောတကြီး တိုက်ခိုက်နေရသည့်အတွက် ကျောက်နာမှာ အပြစ်မကင်းစိတ်ကြောင့် ဖျားနာလာတော့သည်။ 


အိုင်ဗာက ခေါင်းငြိမ့်ကာ ဝူရွှိုက်ကို ကြည့်လိုက်သည်။ 


"ဝူရွှိုက် အဲဒါကို နောက်မှ ဆက်ဆွေးနွေးတော့ ငါတို့က အမှန်တရားကို ရှာဖို့ ရှိသေးတယ် မာရှယ့်ကို အလကားသက်သက် ဒဏ်ရာရခိုင်းလို့ မဖြစ်ဘူးလေ ..." 


"သိပြီလို့ ..." 


မာနကြီးသည့် ဝူရွှိုက်က သူ၏ ဝင့်ကြွားနေသည့် အမူအယာအားလုံးကို ချုပ်တည်းထားလိုက်သည်။ သူသည် စိတ်ပိုင်းဆိုင်ရာ အကြံ့ခိုင်ဆုံးအေးဂျင့်ပင် ဖြစ်သည်။ 


ထိုသူတို့၏ စကားဝိုင်းသည် စိတ်အာရုံကို ဖြန့်ကျက်ထားသည့် ရမ်ရှန့်၏ နားထဲသိူ့ အတားအဆီးမရှိ ရောက်ရှိလာခဲ့သည်။ 


ကျောက်လင်းယွီ၏ ထိခိုက်မှုတွင် အခြားအကြောင်းအရင်းများ ရှိနေသေးကြောင်း သိလိုက်ရချိန်တွင် သူမှာ နောက်တစ်ဖန် ပူပန်လာရပြန်တော့သည်။ ကျောက်လင်းယွီ၏ အဝတ်များကို ချွတ်ကာ သူ့အသားပေါ်သို့ မျက်နှာကို အပ်ထားလိုက်တော့သည်။ 


"ဘာလို့ ရုတ်တရက်ကြီး ငိုချရတာလဲ ..." 


ကျောက်လင်းယွီက သူ့ကိုယ်ပေါ် ခြေပစ်လက်ပစ် လဲလျောင်းနေသူကို ဖွဖွလေး ပုတ်ပေးရင်း မေးလိုက်သည်။ 


"ကျောက်လင်းယွီ ... ခင်ဗျားက တကယ်ကို ကောင်းတာပဲ ..." 


ရမ်ရှန့်က သူ့ရင်အုပ်ပေါ် မေးစေ့ကို တင်ရင်း အလေးအနက် ပြောလိုက်သည်။ ကြည့်လေလေ ကျောက်လင်းယွီမှာ ပိုပြီး ကြည့်ကောင်းသည်ဟု ခံစားရမိလေဖြစ်သည်။ ထိုသူမှာ ကြည့်လေလေ အဖိုးမဖြတ်နိုင်လေ ဖြစ်ကာ လောကကြီးတွင် အကောင်းဆုံးသူပင် ဖြစ်သည်။ 


စိတ်ကောင်းဝင်သွားပြန်သည့် ရမ်ရှန့်က သူ့ကိုယ်ကိုသာ နောက်တစ်ကြိမ် ပွတ်သပ်နေလိုက်တော့သည်။ ထိုသို့ လုပ်နေစဉ်အတွင်း ဗီဒီယိုထဲမှ ရုပ်ရည်သွင်ပြင်ကို သတိရလိုက်သည်။ 


အတိတ်က ရမ်ရှန့်သည် သူနှင့် အတူရှိနေတိုင်း သန့်စင်မြေကို စုပ်ယူရန် အလုပ်ရှုပ်နေလေ့ရှိသည်။  ယနေ့တော့ အချိန်အတော်ကြာ ပွတ်သပ်နေသော်ငြား စုပ်ယူရန်ကိုတော့ လုံးဝ မေ့လျော့နေခဲ့သည်။ 


အသိပြန်ဝင်လာသည့် ရမ်ရှန့်မှာ ကျောက်လင်းယွီ၏ တိုက်ခိုက်နေသည့် ပုံရိပ်ကို တွေးပင် မတွေးရဲတော့ချေ။


သို့သော်ငြား ထိုသို့ ‌ထိတွေ့နေရင်းပင် သူ၏ ဒဏ်ရာဟောင်းများကို အမှတ်ရလိုက်သည်။ သူ့ကို ပထမဆုံး တွေ့ခဲ့ရစဉ်က တစ်ကိုယ်လုံးတွင် ဒဏ်ရာများ အပြည့်ဖြင့်ပင်။ ရမ်ရှန့်က သူ့ကိုယ်အောက်ရှိ လူကို နေ့တစ်ဝက်ခန့် ထိတွေ့ပွတ်သပ်နေပြီး သန့်စင်မြေစုပ်ယူမှုကို‌တော့ သိပ်အာရုံမစိုက်လှ။ စုပ်ယူမှုမှာ ယခင်ထက် နည်းပါးနေပေသည်။ 


ရုတ်ခြည်း တုန့်ပြန်မှုကြောင့် နာကျင်‌သည်ကို မထိန်းချုပ်နိုင်သေးသည့် ကျောက်လင်းယွီမှာလည်း တွေဝေမိန့်မောနေတော့သည်။ သူ့ကိုယ်ထဲမှ စွမ်းအင်များကို ဖိနှိပ်ရန် ကြိုးစားရင်း သူ့ကိုယ်သူ အရူးလုပ်နေရတော့သည်။ 


အနာဂတ်မှာ ရမ်ရှန့်က အတွေးပြောင်းသွားခဲ့ရင်ရော ... သူကတော့ ကောင်းကောင်းလေ့ကျင့်ထားမှ ဖြစ်တော့မယ် ...

19.2


သူသာ ကောင်းကောင်းလေ့ကျင့်မယ်ဆိုရင် ကိုယ့်ကိုယ်ကို အရူးလုပ်နေစရာလည်း မလိုတော့ဘူး။ ပြီးတော့ ရမ်ရှန့် အဲ့ဒီ့နေရာကို ထိနေရင်တောင် ပိုပြီး သက်တောင့်သက်သာ ဖြစ်လာမှာပါ ... 


ထိုနေ့နောက်ပိုင်းမှစ၍ ရမ်ရှန့်က သူ့ကို နှောင့်ယှက်ရန် ပေါ်လာလေတိုင်း တွေဝေငေးမောသွားရတော့သည်။ ထို့ကြောင့် သူ့ကို ခုန်အုပ်ရန် ကြံရွယ်လေတိုင်း ကျင့်ကြံမှုကိုသာ စတင်လိုက်တော့သည်။ 


မျက်စိတစ်မှိတ်အတွင်းတွင်ပင် လဝက်ခန့် ကုန်ဆုံးသွားတော့သည်။ နေ့တိုင်း လက်ဆေးရေတစ်ဇလုံ သောက်ရသည့် အိမ်တော်ထိန်းမှာလည်း အသားကျလာကာ အားအင်အပြည့် ဖြစ်လာတော့သည်။ ကျောက်လင်းယွီသည်လည်း အိမ်အပြင်ထွက်ကာ လမ်းလျှောက်နိုင်နေလေပြီ။ 


သူ့စွမ်းအင်များကတော့ သက်သာသေးဟန် မပြသော်ငြား ခန္ဓာကိုယ်ထဲတွင်တော့ စွမ်းအင်များ ရှိနေဆဲဖြစ်သည်။ ထိုကျင့်စဉ်ကို ကျင့်ကြံပြီးနောက်ပိုင်း စွမ်းအင်များလည်း ကမောက်ကမ မဖြစ်တော့။ သူ့ခန္ဓာကိုယ်မှာလည်း စွမ်းအင်များ မဖြတ်တောက်နိုင်လောက်အောင် သန်မာလာသည့်အတွက် ယခင်လိုမျိုး ဒဏ်ရာဒဏ်ချက်အပြည့် ဖြစ်မနေတော့ပေ။ 


"လင်းယွီ!! ..." 


ခြံဝင်းထဲတွင် မတ်တပ်ရပ်နေသော သားဖြစ်သူကို မြင်လိုက်ရချိန်တွင်တော့ ရှန်းချိုးရှစ်မှာ အံ့ဩဝမ်းသာ ဖြစ်မိတော့သည်။ 


"အမေ ..." 


ကျောက်လင်းယွီလည်း ခေါင်းငြိမ့်ပြရင်း ရှေ့တိုးလာလိုက်သည်။ သူ့ခြေလှမ်းတစ်လှမ်း မပြည့်မီမှာပင် ခြံဝင်းထဲရှိ စကျင်ကျောက်ခင်းထားသော လူသွားလမ်းမှာ ဒူးဆစ်အထိ ကျွံကျသွားတော့သည်။ 


ထိုကျောက်များမှာ ယခင် သူ့စွမ်းအင်များ ကမောက်ကမ ဖြစ်စဉ်ကလည်း အဖျက်ဆီးခံခဲ့ရဖူးသည်။ သို့သော် ထိုစဉ်ကပင် ခြေတစ်လှမ်းတည်းဖြင့် အပေါက်ကြီး ဖြစ်မလာခဲ့။ ကျောက်လင်းယွီက သူ၏ တစ်ဖြေးဖြေး ပိုကြမ်းတမ်းလာသည့် အသားအရေကို သတိထားမိလိုက်သည်။ ကြည့်ရတာ သူရဲ့ နဂိုစွမ်းအင်တွေ ပျောက်ဆုံးသွားပြီး ရုပ်ပိုင်းဆိုင်ရာက တိုးတက်လာတာလား ... 


ရုပ်ပိုင်းဆိုင်ရာ စွမ်းအား ဒါမှမဟုတ် ခုခံနိုင်တဲ့စွမ်းရည်များ ဖြစ်နိုင်မလား ... စွမ်းရည်ပိုင်ရှင်အားလုံးတွင် စွမ်းအင်ဗဟိုချက်ရှိသော်ငြား သူ့တွင် ထိုကဲ့သို့ အရာမျိူး ရှိမနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိနေသည့်အတွက် စွမ်းရည်မဟုတ်သည်ကတော့ သေချာပေါက်ပင်ဖြစ်သည်။ 


ရမ်ရှန့်အပေါ် သံသယစိတ်တို့က ဆထက်တပိုး များပြားလာတော့သည်။ 


သူမသားကို ဝမ်းသာအားရ ပြေးဖက်ချင်သည့် ရှန်းချိုးရှစ်သည်လည်း ထိုမြင်ကွင်းကို မြင်ပြီးနောက်တွင်တော့ တိတ်တိတ်လေး နောက်ပြန်ဆုတ်လိုက်တော့သည်။ 


သူမရဲ့ အိုမင်းနေတဲ့ အရိုးတွေအတွက်ကတော့ နူးနူးညံ့ညံ့ရမ်ရှန့်လေးကို သွားဖက်တာပဲ ကောင်းပါတယ်လေ ဒီကလေးရဲ့ ကိုယ်သင်းနံ့က အပင်တစ်ပင်ရဲ့ အနံ့မျိုးလေး မမွှေးပေမယ့် ကြာကြာရှူမိလေလေ သက်တောင့်သက်သာ ရှိလာလေပဲ ... 


ကျောက်လင်းယွီက ခြေလှမ်းကို ဖွဖွလေး လှမ်းရင်း ခြံထဲသာ လှည့်ပတ်လျှောက်နေသည်။ သူ့ကိုယ်ပိုင်အိမ်ထဲသို့ပင် မဝင်ရဲတော့။ သို့သော် သူ့ကိုယ်ပိုင်ခွန်အားကို မထိန်းချုပ်နိုင်သေးသော်ငြား လေ့ကျင့်လေလေ အထူးသဖြင့် ထိုကျင့်စဉ်ကို ကျင့်ကြံလေတိုင်း ပိုပြီး အသားကျလာသည်ကို ခံစားမိသည်။ 


သူ့စွမ်းအင်တွေကို ပြန်မရတော့ဘူးဆိုရင်တောင်မှ နောက်တစ်ခါ ပြန်တိုက်ခိုက်ပြီး သူ့မိသားစုကို ကာကွယ်နိုင်တော့မယ်ထင်တယ် ... 


‌သူသည် အနာဂတ်အတွက် ပိုပြီး ယုံကြည်ချက်ရှိလာကာ ရမ်ရှန့်ကို ပိုပြီး ကျေးဇူးတင်မိတော့သည်။ 


ရမ်ရှန့်မှာ ဘာလျှို့ဝှက်ချက်တွေပဲရှိရှိ သူ့ကို အတတ်နိုင်ဆုံး ကာကွယ်ပေးရမယ် ... 


sunroom ထဲမှ ထွက်လာသော ရမ်ရှန့်လည်း ရှန်းချိုးရှစ်ထံမှ သတင်းကြားရချင်းချင်း ခြံဝင်းထဲ မတ်တပ်ရပ်နေသူထံ အပြေးအလွှား သွားလိုက်တော့သည်။ 


သူ့လှုပ်ရှားမှုတို့ကို ကြားလိုက်၍ထင် ထိုအမျိုးသားသည် ခေါင်းကိုမော့ကာ လှမ်းကြည့်နေလိုက်သည်။ သူ၏ ပြတ်သားသည့် အကြည့်တို့မှာ ရယ်မြူးရိပ်အနည်းငယ် လွှမ်းနေသည်။ 


သူ့ထံ ပြေးဝင်သွားရန် ကြံစည်ထားသည့်  ရမ်ရှန့်မှာ ဘာကြောင့်ရယ်မသိ ရှက်သွေးဖြာလာသည့်အတွက် ‌ခြေလှမ်းကို ဖြေးဖြေးလေး ရပ်တန့်လိုက်တော့သည်။ 


အသက်ကို ပြင်းပြင်းရှူကာ သူ့ပါးနှစ်ဖက်ကို အသာပုတ်လိုက်သည်။ _ ဟမ်း ဒါက မနာလိုလို့ပဲ ဖြစ်မှာပါ ... သူကရော ကျောက်လင်းယွီလို အရပ်ရှည်လာဖို့ ဘယ်လောက်ကြာဦးမလဲ မသိဘူး ...


ထိုသို့တွေးလိုက်မှသာ သူ့နှလုံးသားထဲရှိ  တုန့်ဆိုင်းနေမှုတို့လည်း ပျောက်ကွယ်သွားရတော့သည်။ သူက ကျောက်လင်းယွီပေါ် ခုန်တက်လိုက်ကာ သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ချိတ်ပြီး တစ်ကိုယ်လုံး မှီတွယ်ထားလိုက်တော့သည်။ 


သူ့လက်ချောင်းတို့ကို ဆန့်ထုတ်ကာ စုပ်ယူရန် ကြံလိုက်သော်ငြား ကျောက်လင်းယွီထံမှ ဘာစွမ်းအင်ကိုမှ စုပ်ယူ၍ မရတော့။  


xxxxxxx