အပိုင်း ၂၀
Viewers 18k

Chapter 20


သူ့လည်ပင်းနားမှ ကလေး၏ စိတ်ရှုပ်သွားဟန်ကို ခံစားမိလိုက်သော ကျောက်လင်းယွီက မေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ ..." 


ဘာဖြစ်ရမှာလဲ သူ့ကိုယ်ပိုင်အစာလုံးကြီး ပျောက်သွားတာလေ ဒီလိုမျိုး ပစ္စည်းကောင်းကို ရဖို့ဆိုတာ လွယ်မှတ်လို့ သူကြီးထွားလာဖို့အတွက်ကလည်း သန့်စင်မြေက နည်းလမ်းကောင်းပဲလေ အခုကျ ကြည့်ပါဦး ဘာမှ စုပ်ယူလို့ မရတော့ဘူးလေ ဘာတွေ ‌ဖြစ်ကုန်တာလဲ ... 


ဒေါသတကြီး ပြန်တွေးလိုက်ပြီးလျှင်ပြီးချင်း သူ၏မျက်နှာက ရုတ်တရက် အေးခဲသွားတော့သည်။ 


သူ ကျောက်လင်းယွီကို ပေးခဲ့သည့် ကျင့်ကြံစဉ်မှာ ခန္ဓာကိုယ်ပြန်လည်ဖွဲ့စည်းခြင်းအတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။ လေ့ကျင့်ပြီးပါလျှင် ကြေးလိုအသားနှင့် သံလိုအရိုးများကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး အပြီးတိုင် ကျင့်ကြံပြီး၍ ကောင်းကင်ဘုံမှ မိုးကြိုးဖြင့် စမ်းသပ်ခြင်းကို ခံရလျှင်တောင် မီးပွါးအနည်းငယ် ထွက်လာရုံမှတစ်ပါး အခြား ဘာမှ ထိခိုက်မည်မဟုတ်ပေ။  ကျောက်လင်းယွီသည် နေ့စဉ်နေ့တိုင်း ပြင်းပြင်းထန်ထန် ကျင့်ကြံနေသည့်အတွက် ဆရာသခင်အဆင့် မရောက်သေးသော်ငြား သူ့ကိုယ်ထဲရှိ သန့်စင်မြေများမှာတော့ အရိုးနှင့် အသားများကို ရစ်ပတ်လွှမ်းခြုံသွားပြီဖြစ်သည်။ 


မူလကမူ ကျောက်လင်းယွီကို လှုပ်ရှားသွားလာနိုင်သည်အထိ အနည်းငယ် ပိုသန်မာကာ အသက်ရှည်ရှည်‌ နေသွားစေလိုခဲ့ခြင်းဖြစ်သည်။ သိူ့သော် မထင်မှတ်ထားစွာပင် သူ့အစာတုံးကြီး၏ အပေါ်လွှာမှာ သံမဏိလွှာအဖြစ် ပြောင်းလဲသွား၍ သူ့အမြစ်များပင် မထိုးဖောက်နိုင်တော့ချေ။ 


ရမ်ရှန့်လည်း  စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်တော့သည်။ ထိုကိစ္စမှာ အစောပိုင်းကတည်းကပင် သဲလွန်စများ ထွက်ခဲ့သော်ငြား သူကတော့ အခုမှသာ သတိပြုမိခြင်းဖြစ်သည်။ 


အခုတော့ ကျောက်လင်းယွီ စွမ်းအင်ကို ဖိနှိပ်ချိန်မှသာ သန့်စင်မြေကို စုပ်ယူနိုင်တော့မည်ဖြစ်သည်။ သူက သန့်စင်မြေကို တစ်နေရာတည်းကနေ စုပ်ယူခဲ့ပြီး ကျောက်လင်းယွီကလည်း အဲ့ဒီနေရာတွေကို အဓိကထား လေ့ကျင့်ခဲ့တယ်ဆိုတာကို အစောကြီးကတည်းက သတိထားမိခဲ့သင့်တာကို ... 


သို့သော်ငြား ကျောက်လင်းယွီ၏ တိုက်ပွဲ‌ဗီဒီယိုကို ပြန်တွေးမိချိန်တွင်တော့ သူ့အတွက် ပိုပြီး စိတ်ပူလာရတော့သည်။ တစ်ခါတစ်လေ သူထိခဲ့မိတဲ့နေရာတွေက သူ့ကို နှောင့်ယှက်မိသလို ဖြစ်သွားလိမ့်မယ်လို့ တကယ်ကို မထင်ထားမိဘူး ... 


"နေမကောင်းဘူးလား ..." 


သူက မေးရင်း ရမ်ရှန့်၏တင်ပါးကိုကိုင်ကာ သူ့လက်မောင်းပေါ် ထိုင်စေလိုက်သည်။ သူ့ကို တစ်ခြားပုံစံတစ်မျိုးဖြင့် ချီလိုသော်ငြား ခွန်အားမှာ ကောင်းကောင်းမပြည့်ဝသေးသည့်အတွက် ပြုတ်ကျမည်ကို စိုးရိမ်စိတ်ဖြင့်သာ ဂရုတစိုက် ပွေ့ချီထားရသည်။ 


"မဟုတ်ပါဘူး ..." 


ရမ်ရှန့်က သူ့ကို သုန်သုန်မှုန်မှုန်ဖြင့် ကြည့်လိုက်သည်။ 


သူကတော့ ဒီလူကို ကျင့်ကြံနိုင်အောင်ဆိုပြီး ဂျင်ဆင်းစေ့တွေ အများကြီး ကျွေးခဲ့ရတာ အခု သူလည်း သက်သာလာရော ငါ့သန့်စင်မြေတွေကို အကုန်စုပ်ယူပစ်တယ်တဲ့ အနာဂတ်မှာ ဘယ်လိုလုပ်ရပါတော့မလဲ ... 


ဒီလူကို ကျင့်ကြံနေတာ ရပ်ခိုင်းလိုက်ရမလား စုပ်ယူစရာ နည်းနည်းလေးပဲ ရှိတော့တယ်ဆိုရင်တောင်မှ မရှိတာထက်တော့ ကောင်းသေးတယ်လေ တကယ်လို့ ဒီလိုသာ ဆက်ပြီး ကျင့်ကြံသွားရင် ... 


ဒါပေမယ့် ကျောက်လင်းယွီသာ ဆက်ပြီး မကျင့်ကြံရတော့ဘူးဆိုရင်လည်း ဖြုံလောက်စရာအစွမ်းနဲ့ မာရှယ်ကြီး မဖြစ်နိုင်တော့ဘူးလေ ... 


ရမ်ရှန့်မှာ တွေးလေလေ သူ့ကိုယ်သူ နစ်နာသည်ဟု ခံစားမိလေလေဖြစ်သည်။ သို့အတွက် သူက ကျောက်လင်းယွီ၏ လက်မောင်းကို အားကုန်သုံးကာ ‌ဆွဲဆိတ်လိုက်သည်။ 


သူသာ ကျားဝိဉာဉ်သားရဲဖြစ်ပါလျှင် နှစ်ရှည်လများ ကျင့်ကြံခဲ့သည့်အတွက် လက်သည်းတို့မှာလည်း ချွန်ထက်နေမည် ဖြစ်သည်။ ကျောက်လင်းယွီ၏ အသားကို ဒဏ်ရာရစေရန်လောက်တော့ မခဲယဉ်းလှ။ သို့သော် ကံမကောင်းစွာဖြင့် သူသည် အပင်ဝိဉာဉ်သာ ဖြစ်သည်။ 


ကျင့်ကြံရေးလောကတွင် စိတ်ဝိဉာဉ်အမျိုးအစား များစွာ ရှိသည့်အနက် အပင်ဝိဉာဉ်သည် အသုံးမဝင်ဆုံးဖြစ်သည်။ သူတို့အတွက် စိတ်ဝိဉာဉ်အလင်းပေါက်ရန်မှာ ခဲယဉ်းလွန်းလှကာ အကယ်၍ ကျင့်ကြံခဲ့လျှင်တောင် သာမန်စိတ်ဝိဉာဉ်ပိုင်ရှင်တို့ထက် ပိုပြီး အားနည်းဆုတ်ယုတ်လာမည်ဖြစ်သည်။  အစောပိုင်းတွင် ရန်သူနှင့် ရင်ဆိုင်ရာ၌ သူတို့၏ ကိုယ်ပိုင်ထူးခြားချက်တွင်သာ မှီခိုရသည်။ ထိုအတွက်ကြောင့် အဆိပ်မြက်ဝိဉာဉ်တို့သည် ဘယ်သူမှ မထိရဲအောင် အရွက်တို့ကို အဆိပ်ဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သည်။ 


သို့သော် ဂျင်ဆင်းပင်၏ ထူးခြားသည့် လက္ခဏာမှာ ဆေးဝါးဖြစ်သည်။ သူ့တွင် တိုက်ခိုက်ကာကွယ်နိုင်စွမ်းဟူ၍လည်း မရှိ။ အမြန်နှုန်းတစ်ခုသာ ရှိသော်ငြား ၎င်းကလည်း အရန်စွမ်းအားသာဖြစ်သည်။ 


သူက ကျောက်လင်းယွီကို အချိန်အကြာကြီး ဆိတ်ဆွဲနေသော်ငြား သူမျှော်မှန်းထားသလို ထိခိုက်ဒဏ်ရာရရန်ဝေးစွ၊ အရာသေးသေးလေး နှစ်ခုသာ ထင်ခဲ့သည်။ 


သူ့လက်မောင်းတို့မှာ ယားကျိကျိဖြစ်နေသော်ငြား ရမ်ရှန့်ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် တုတ်တုတ်မျှ မလှုပ်ရဲပေ။ ရမ်ရှန့်က သူ့လက်မောင်းတစ်ဖက်လုံး သွားရည်တို့ဖြင့် ရွှဲရွှဲစိုစေသည်ကို မျက်နှာသေဖြင့်သာ ခွင့်ပြုထားရတော့သည်။ 


"မင်းတို့နှစ်ယောက်က တစ်နေ့တစ်ခြားကို ဆက်ဆံရေးကောင်းလာကြတာပဲ ..."


ထိုမြင်ကွင်းကို မြင်လိုက်သည့် ရှန်းချိုးရှစ်က ဝမ်းသာအားရ ပြောလိုက်သည်။ 


ဘာကြီး ဆက်ဆံရေးကောင်းလာပြီ ဟုတ်လား အခု သူ့သွားတွေတောင် ‌ကျိန်းစက်နေပါပြီနော် ! ဒီ စိတ်စွမ်းအင်တစ်စက်မှ မရှိတဲ့နေရာက မုန်းစရာ ကောင်းလိုက်တာ ဘာနည်းလမ်းမှလည်း သုံးလို့မရဘူး ... 


ရမ်ရှန့်က ဒေါသတကြီးဖြင့် လေမှုတ်ထုတ်လိုက်သည်။ ကျောက်လင်းယွီ၏ ဘယ်ဘက်လက်မောင်းတွင် သူ့တံတွေးတို့ကို တွေ့လိုက်ရချိန်တွင်တော့ ပြုန်းတီးသွားမည်ကို စိုးရိမ်၍ လက်ဖြင့်သုပ်ကာ ပြန်လည်စုပ်ယူလိုက်တော့သည်။ 


"ကိုယ် မနာပါဘူး ..." 


လက်သေးသေးလေးဖြင့် အကြိမ်များစွာ အသုတ်ခံလိုက်ရသည့် ကျောက်လင်းယွီက ကောက်ကာငင်ကာ ပြောလိုက်သည်။

20.2


ခင်ဗျားကို ကျွန်တော့်တံတွေးတောင် မပေးချင်လို့ပါနော် နာမှာကြောက်လို့ မဟုတ်ရပါဘူး ... 


ရမ်ရှန့်က သူ့ကို နောက်တစ်ခေါက် ထပ်ကိုက်လိုက်ချင်သေးသော်ငြား သူ့သွားလေးများကို သနား၍ ထိုအကြံကို လက်လျှော့လိုက်ရတော့သည်။ 


"ရမ်ရှန့် မင်းသင်ပေးတဲ့ နည်းလမ်းတွေက အရမ်းမိုက်တာပဲ အခုဆို ကိုယ့်ခွန်အားနဲ့ ခုခံနိုင်စွမ်းက သာမန်ထက်ကို လွန်ကဲနေပြီ ..." 


သူက ရမ်ရှန့်၏ မျက်နှာကို ခပ်ဖွဖွထိရင်း ပြောလိုက်သည်။ သူ့အသားအရေမှာ ယခင်အခြေအနေသို့ ပြန်ရောက်လာပြီဖြစ်သည်။ ခုခံနိုင်စွမ်း၏ တိုးတက်နှုန်းမှာတော့ ဘယ်သူမှပင် ခန့်မှန်းနိုင်မည် မဟုတ်ချေ။ ခွန်အားအတွက်မူ ခြံထဲက ခြေရာများကို ကြည့်ရုံဖြင့်ပင် မှန်းဆနိုင်ပေလိမ့်မည်။ 


"ဒါပေါ့ ဒီနည်းလမ်းက ဘယ်လောက်ကောင်းတယ်မှတ်လဲ ..." 


ရမ်ရှန့်က ဝင့်ဝင့်ကြွားကြွားဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက်တွင် အနည်းငယ် စိတ်ဓာတ်ကျသွားတော့သည်။ 


"ဒီနည်းလမ်းက တအားကို ကောင်းလွန်းတယ် ဒါတောင် သူက ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ ..." 


ကျောက်လင်းယွီမှာ အကြောင်းပြချက်ကို မသိရသော်ငြား ရမ်ရှန့်၏ စိတ်‌အပြောင်းအလဲမှာ သူ၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်နေမှန်းကိုတော့ ခန့်မှန်းမိလိုက်သည်။ 


"အခု ကိုယ့်ခန္ဓာကိုယ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး။ ကိုယ်နဲ့ လေ့ကျင့်ချင်လားဟင် ..." 


"အွန်း ဒီလိုမျိုး အရမ်းအားပြင်းတဲ့ နည်းလမ်းမျိုးနဲ့ဆို ခန္ဓာကိုယ်ကို တစ်ခေါက်တည်းနဲ့ မထိန်းချုပ်နိုင်တာ မထူးဆန်းပါဘူး ..." 


ဒီလိုမျိုး ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းနိုင်တဲ့ နည်းလမ်းမျိုးက တကယ်ကို မြန်ဆန်တယ် နာကျင်ရတယ် ဆိုပေမယ့် အချိန်တိုအတွင်းမှာ ထိရောက်တယ်လေ ဒါက မြန်တယ်ဆိုပေမယ့်လည်း သာမန်သူတွေကတော့ သူလောက်မြန်မြန်ကြီး မကျင့်ကြံနိုင်ကြပါဘူး‌ ကျောက်လင်းယွီရဲ့ ကိုယ်ထဲက စွမ်းအင်တွေက အားကောင်းတဲ့အပြင် သူ့ဂျင်ဆင်းစေ့တွေရဲ့ အထောက်အပံ့ကလည်း ပါသေးတာကိုး သူကတော့ ဟိုးကျင့်ကြံရေးခေတ်ကနေ ဒီနေ့ခေတ်အထိ တစ်လျှောက်လုံးမှာ အမြန်ဆုံး ကျင့်ကြံနိုင်တဲ့ တစ်ဦးတည်းသော သူပဲ ... 


ရမ်ရှန့်က သူနှင့်အတူ ကျင့်ကြံရန် ပူးပေါင်းပေးလိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူ့ဆရာထံမှ ကြားခဲ့သည့် မျက်လှည့်အတတ်များထဲမှ ကျောက်လင်းယွီအတွက် အသုံးဝင်သည်များကို ပြန်စဉ်းစားလိုသော်ငြား တစ်ခုမှ မမှတ်မိတော့။ နောက်ဆုံးတွင် သူ့သခင် ချန်ထားခဲ့သည့် ကျောက်စိမ်းစာလိပ်ကို ထုတ်ကြည့်လိုက်ရတော့သည်။ 


တစ်ချိန်တည်းတွင်ပင် စွမ်းအင်တို့ကို ဖိနှိပ်ကာ ကျင့်ကြံနေသည့် ကျောက်လင်းယွီ၏ ကိုယ်ထဲရှိ သန့်စင်မြေ တည်ရှိရာနေရာပေါ်သို့ သူ့လက်ကို တင်ထားရန်လည်း မမေ့ပေ။ သူသာ ဒီတစ်ကြိမ်တွင် မစုပ်ယူနိုင်ပါလျှင် နောက်ကျသွားတော့မည်ဖြစ်သည်။ 


အနာဂတ်တွင် ဆာလောင်နေတော့မည်ဟု တွေးမိလေတိုင်း ဝမ်းနည်းမိတော့သည်။ သန့်စင်မြေတုံးကြီးက သူ့ရှေ့လမ်းသလားနေသော်ငြား အမြစ်ချ၍ မရတော့မည်ကို တွေးမိလျှင် သူ့ခံစားချက်တို့က ပို၍ပင် ဆိုးဝါးလာတော့သည်။ သို့သော် ကျောက်လင်းယွီကလည်း  ကြိုးကြိုးစားစား ကျင့်ကြံနေသည့်အတွက် သူ့ကို တားမြစ်ရန်လည်း ဝန်လေးနေမိသည်။ 


ခွန်အားကို မထိန်းချုပ်နိုင်သေးသည့် ကျောက်လင်းယွီသည် ခြံဝင်းထဲတွင် ထူးထူးကဲကဲ လေးလံလှသည့် ဓါးပြားရှည်ကိုကိုင်ကာ နှစ်နာရီကြာ ဆက်တိုက် လေ့ကျင့်နေသည်။ 


သူ့ခွန်အားကြောင့် ဓါးလက်ကိုင်ပင် ကျိုးပဲ့တော့မည်ကို တွေ့ရကာမှ ရမ်ရှန့်ထံ လမ်းလျှောက်သွားလိုက်တော့သည်။ အနားသို့ မရောက်လာခင်မှာပင် ရမ်ရှန့်က သူ့ထံ ပြေးဝင်ကာ လက်သေးသေးလေးဖြင့် စိုရွှဲနေသော ချွေးများကို သုတ်ပေးလိုက်သည်။ 


ချွေးများ နည်းသည်ထက် နည်းလာသည့်အတွက် သူ့ခန္ဓာကိုယ်မှာ မူမမှန်ဟု ခံစားမိလာတော့သည်။ သို့သော် ရမ်ရှန့်ကပင် ပို၍ မူမမှန်ချေ။ ရမ်ရှန့်၏လက်ဖြင့် ထိလိုက်သည့် နေရာတိုင်းမှာ လွန်လွန်ကျူးကျူးကို ခြောက်သွေ့လာသည်မှာ သူ့ချွေးတို့ကို ရမ်ရှန့်က စုပ်ယူသွားသည့်အတိုင်းပင်။ 


ထိုသည်သာမက သူ တစ်ဖြေးဖြေး ပြန်ကောင်းလာသော်ငြား ရမ်ရှန့်က သူ့ကို ပို၍ပင် တွယ်ကပ်လာသည်။ ထို့ပြင် အညစ်အကြေးစွန့်ပစ်ခြင်းလည်း လုံးဝမရှိသည်ကို တွေ့လိုက်ရသည်။ 


အစာစားခြင်းနှင့် အညစ်အကြေးစွန့်ပစ်ခြင်းမှာ လူတိုင်း၏ နေ့စဉ်ဓူဝကိစ္စဖြစ်သည်။ သို့သော် အစားကျူးလှသည့် ရမ်ရှန့်မှာတော့ သန့်စင်ခန်းသို့ တစ်ခါမှပင် မသွားခဲ့။ 


ကျောက်လင်းယွီက တိတ်တဆိတ် သက်ပြင်းချကာ မေးလိုက်သည်။ 


"ဒီနေ့ရော ဘာကာတွန်းကားကြည့်ခဲ့လဲ ..." 


"စွမ်းအားရှင်ကလေးလေး ကြည့်ခဲ့တာ ..."


ရမ်ရှန့်က သူ့လက်တို့ကို ပြန်ဆွဲယူရင်း စိတ်ပျက်လက်ပျက်ဖြင့် ဖြေလိုက်သည်။ 


ကျောက်လင်းယွီက အားကြိုးမာန်တက် လေ့ကျင့်တာတောင်မှပဲ သူ့ချွေးတွေထဲမှ သန့်စင်မြေပါမလာတာကတော့ နှမြောစရာပဲ ... 


သို့သော်ငြား ဘာကြောင့်ရယ်မသိ သူ့ခန္ဓာကိုယ်ကို ဆက်ထိချင်နေဆဲပေ ... 


"ဒီရက်ပိုင်း ကာတွန်းတွေ အများကြီး ကြည့်ထားတာ ဆိုတော့ ကျောင်းတက်ချင်လား ..." 


"ကျောင်းတက်လို့ ရတယ်လား ..." 


သူက အံ့ဩတကြီး မေးလိုက်သည်။ 


"ဒါပေါ့ ဘာလို့ မရရမှာလဲ အခု ကျောင်းသွားဖို့က  မင်းအတွက် အန္တရာယ်ရှိနေသေးတယ်ဆိုပေမယ့် အွန်လိုင်းသင်ရိုးတွေ ရှိတယ်လေ ကိုယ်က မင်းကို အုပ်ထိန်းသူလုပ်ပေးပြီး ခေါ်သွားပေးမယ်နော် ..." 


သူက ပြောလိုက်သည်။ 


ရမ်ရှန့်၏ အခြေအနေကြောင့် အပြင်ကို မလွှတ်ရဲသေးသည့်အတွက် အွန်လိုင်းဖြင့် သင်ယူခြင်းက ပိုပြီး သင့်တော်ပေလိမ့်မည်။  


သူ အပြင်လောကအကြောင်း သိလာကာမှ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်မည် ဖြစ်ပေသည်။ 


xxxxxxx