အပိုင်း ၂၁
Viewers 18k

Chapter 21


လူသားမျိုးနွယ်ဖက်ဒရယ် တည်ရှိရာဒေသသည် အလွန်ကြီးမားကျယ်ပြန့်သည့်အတွက် အစွန်ဆုံးနေရာရှိ လူနေဂြိုဟ်နှစ်ခုကို သတင်းစကား ပေးပို့ရန်ပင် တစ်လခန့် အချိန်ယူရပြီး ကြယ်တာယာကွန်ယက်သို့ ဆက်သွယ်ရန်မှာတော့ ပို၍ပင် ဖြစ်နိုင်ဖွယ်ရာ မရှိချေ။ ယခုမျက်‌မှောက်နည်းပညာများအရ ဆင်တူယိုးမှား ဂြိုဟ်များအကြား ဆက်သွယ်၍ ရနေပြီဖြစ်သော်လည်း ဆက်သွယ်သည့် ကိရိယာကို တပ်ဆင်ရန်မှာတော့ ငွေကုန်ကြေးကျ များနေဆဲပင်။ 


လူသားမျိုးနွယ်ဖက်ဒရယ်၏ စီးပွားရေးနှင့် ယဉ်ကျေးမှုတွင် အချက်အခြာကျသော မြို့တော်ကြယ်ကတော့ ထိုကဲ့သို့သော နည်းပညာကို အသုံးပြုကာ အနီးဝန်းကျင်ရှိ လူနေဂြိုဟ်အများအပြားကို ဆက်သွယ်နိုင်နေပြီဖြစ်ပြီး ကြယ်တာယာကွန်ယက်၏ တိုးတက်နှုန်းမှာလည်း အမြင့်ဆုံးပင်ဖြစ်သည်။ 


ဝေးလံခေါင်ဖျားဒေသရှိ ဂြိုဟ်အချို့တွင်တော့ ကြယ်တာယာကွန်ယက်သည် ရှေးယခင် ကမ္ဘာမြေတွင် အသုံးပြုခဲ့သည့်အတိုင်း ကွန်ပျူတာကို အသုံးပြုနေရဆဲဖြစ်သည်။ သို့သော် မြို့တော်ကြယ်ကတော့ ရှေးနှစ်ပေါင်းများစွာကတည်းကပင် သုံးဖက်မြင်ပုံရိပ်ကို အသုံးပြုနှင့်ပြီးဖြစ်သည်။ 


အစောပိုင်း၌ ရမ်ရှန့်တွင် သက်သေခံကတ်ပြားလည်း မရှိသေးသလို နည်းပညာနှင့် ပတ်သက်၍လည်း တစ်ခုမှ မသိသေးပေ။ ရှန်းချိုးရှစ်က သူမ၏ ကွန်ပျူတာကို ကာတွန်းကားကြည့်ရန် အသုံးပြုခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ ယခု သူ့တွင် သက်သေခံကတ်ပြားလည်း ရှိလာသည့်အပြင် လောကကြီးအကြောင်းလည်း နားလည်လာပြီဖြစ်သဖြင့် ကြယ်တာယာကွန်ယက်ကို အသုံးပြုရန် ပြဿနာမရှိတော့ပေ။ 


အသက်မပြည့်သေးသူများအတွက် ခေါင်းဆောင်းနှင့် ပူးတွဲအကောင့်သစ်တစ်ခုကို ရမ်ရှန့်အတွက် ပြင်ဆင်ပေးလိုက်သည်။ ကျောက်လင်းယွီက သူ့ကို ကြယ်တာယာကွန်ယက်သို့ ခေါ်ဆောင်သွားကာ အွန်လိုင်းမဖြစ်မီ ကြိုတင်ကာကွယ်သင့်သည်များကို ‌မမေ့မလျော့ ပြောပြလိုက်သည်။ 


"အကောင့်တစ်ခုစီမှာ virtual body သုံးခု ထားလို့ရတယ် ခေါင်းဆောင်းက မင်းကို စကန်ဖတ်ပြီး‌မှ ထုတ်ပေးမှာ ဆိုတော့ အန္တရာယ်ကင်းအောင်လို့ ကိုယ့်ဘာသာကိုယ်ပဲ ထားတာ အကောင်းဆုံးပဲ ပြီးတော့ နာမည်အရင်းကိုလည်း မသုံးနဲ့ဦး ..."

(virtual body ကလေ account အခွဲတွေကို ဆိုလိုချင်တာလား မသိဘူး) 


ရမ်ရှန့်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ ကျောက်လင်းယွီက သူ့ကို သုံးဖက်မြင်ကွန်ယက်အကြောင်း အသေးစိတ် ရှင်းပြပြီးဖြစ်သည့်အပြင် ကွန်ယက်တစ်ခုလုံးရှိ ဗီဒီယိုများကိုလည်း ပြသပေးပြီးဖြစ်သည့်အတွက် သူကိုယ်တိုင် စမ်းသပ်ကြည့်ရန် မစောင့်နိုင်တော့ပေ။ 


ကျောက်လင်းယွီကလည်း ကြယ်တာယာကွန်ယက်သို့ တစ်ချိန်တည်း ဝင်ရောက်လိုက်သည်။ သူ့အကောင့်သည် အထူးအကောင့်ဖြစ်ကာ virtual body ၁၀ ခုအထိ ထားနိုင်သည့်အပြင် သူ့ကိုယ်ရေးအချက်များကို ဖုံးကွယ်နိုင်ပြီး အခြားသူများကလည်း သူပြသလိုသည့် အချက်အလက်များကိုသာ ရှာဖွေနိုင်မည်ဖြစ်သည်။ ယနေ့မတိုင်ခင်အထိ သူသည် virtual body နှစ်ခုသာ ထားထားသည်။ တစ်ခုမှာ သူ၏ မူလရုပ်သွင်ကို စကန်ဖတ်ထားပြီး နောက်တစ်ခုမှာ အွန်လိုင်းသုံးဖက်မြင်တိုက်ပွဲ ကျွမ်းကျင်သူအဖြစ် ရုပ်ဖျက်ထားသည့်အကောင့် ဖြစ်သည်။ သို့သော် မည်သည့်တစ်ခုကမှ ရမ်ရှန့်နှင့်အတူ လိုက်ပါဆောင်ရွက်ရန် အဆင်မပြေပေ။ 


တစ်ခဏမျှ စဉ်းစားပြီးနောက် ကျောက်လင်းယွီသည် ကာရိုက်တာအသစ်တစ်ခုကို ဖန်တီးလိုက်သည်။ 


ရမ်ရှန့်က စိတ်ဖိစီးစွာဖြင့် စောင့်နေမည်ကို စိုးရိမ်သည့်အတွက် သူသည် ကာရိုက်တာအသစ်တစ်ခု ဖွဲ့စည်းရင်း အချိန်ကုန်မခံလိုပေ။ ထို့ကြောင့် လူကြိုက်များသည့် နမူနာပုံစံတစ်ခုကို ရွေးကာ အသွင်အပြင်တို့ကို အနည်းငယ် ပြောင်းလဲလိုက်သည်။ ရမ်ရှန့်၏ ခပ်သေးသေးကိုယ်လုံးနှင့် အဆင်ပြေစေရန် သူ့အရပ်ကို အနည်းငယ် နှိမ့်လိုက်သည်။ 


ရမ်ရှန့် သူ့ရင်ခွင်ထဲ နစ်မြုပ်နေသည့် ခံစားချက်ကို အတော်ပင် သဘောကျလှသော်ငြား ထိုကဲ့သို့ ကြီးမားလှသည့် အရပ်ကွာခြားမှုကို အသားမကျသေးပေ။ ရံဖန်ရံခါ သူ့ကိုယ်သူ သားရဲကောင်ကြီးဟုပင် ခံစားမိလာ၍ စိတ်မသက်မသာ ဖြစ်လာတော့သည်။ 


ယာဉ်ရပ်နားရာ နေရာသို့ ရောက်ရှိချိန်တွင် အနား၌ တစ်ဦးတစ်ယောက်ကိုမှ မတွေ့ရ။ ထို့ကြောင့် မီးရောင်လက်မလာခင်အထိ စောင့်နေလိုက်သေးသည်။ 


"ကောင်လေးက ဒီရောက်နေတာပဲ ..." 


ကျောက်လင်းယွီက တစ်ဖက်သူ၏ ပွေ့ဖက်မှုကို ခံယူရန် အဆင်သင့်ပြင်ကာ လှည့်ကြည့်လိုက်သည်။ 


သို့သော်ငြား အနေအထားမှာတော့ သူထင်ထားသည်နှင့် တစ်ခြားစီပင်ဖြစ်သည်။ 


သူ့ထက်ပင် ခေါင်းတစ်လုံးခန့် ပိုရှည်နေသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရချိန်တွင်တော့ ကျောက်လင်းယွီမှာ ပြောစရာစကားပင် ရှာမရတော့ချေ။ တိုက်တွန်းစာရေးထားသည့် ‌box တစ်ခုက သူ့ရှေ့တွင် ပေါ်လာသည်။ 


"ဂျင်ဆင်းက မင်းနဲ့အတူတူ ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်ချင်နေပါတယ် သဘောတူပါရဲ့လား ..." 


တစ်ခဏမျှ အသံတိတ်သွားပါသော်ငြား သူက "Yes" ကို ရွေးလိုက်ဆဲပင်။ ထို့နောက်တွင်တော့ မူလက သူနှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသူက သူ့ရင်ခွင်ထဲ ပြေးဝင်လာတော့သည်။ ... မဟုတ်သေးဘူး လက်ကြီးကို ဆန့်ပြီး ပြေးလာရင်း သူ့ကို ဆွဲဖက်လိုက်တယ်လို့ ပြောရမလားပဲ ... 


ရင်ခွင်ထဲ ရောက်ပြီးကာမှ ပြန်တွန်းထုတ်လိုက်ပြီး သူ့ကို မထူးဆန်းလေဟန်ဖြင့် မေးလိုက်သည်။


"ဒီလိုပုံစံမျိုးကို သုံးဖို့ ဘယ်လိုများ အကြံရသွားတာလဲ ..." 


"ခင်ဗျားပုံစံအတိုင်း လုပ်လိုက်တာလေ သန်မာတယ်လို့ မထင်ရဘူးလား သူတို့က ခင်ဗျားရဲ့မျက်နှာနဲ့  ချွတ်စွပ်တူအောင် လုပ်ခွင့်မပေးတာတစ်ခုပဲ နှမြောစရာကောင်းတာ ..." 


ရမ်ရှန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သူ့စိတ်ကြိုက်ရုပ်သွင်ကို ဖန်တီးနိုင်သည်ဟု သိလိုက်ရကတည်းက သန်မာထွားကျိုင်းလိုသူသည် ကျောက်လင်းယွီနှင့် ဆင်တူယိုးမှား ပြုလုပ်ရန် တုန့်ဆိုင်းမနေခဲ့။ သို့သော် စနစ်က သူ့ကို တစ်ထေရာတည်း တူအောင် ဖန်တီးခွင့် မပြုသဖြင့် စနစ်က ထောက်ပံ့ပေးထားသော မျက်နှာကိုသာ ရွေးချယ်လိုက်ရတော့သည်။ 


ခန္ဓာကိုယ်က သူနဲ့တစ်ပုံစံတည်းဆိုပေမယ့် အရပ်ကကျ သိပ်မတူဘူး။ ဒီကောင်လေးက သူ့အကြောင်းကို ကောင်းကောင်းကြီးကို နားလည်ထားတာပဲ ... 


သို့သော် သူကတော့ သာမန်ရုပ်ရည်ကိုသာ ရွေးချယ်ကာ အရပ်ကိုလည်း နှိမ့်ပစ်လိုက်သေးသည်။ အရပ်ရှည်သူနှင့် နှိုင်းယှဉ်ပါလျှင် နှစ်ဦးကြား အရပ်ကွာခြားမှုမှာ လက်တွေ့လောက် မကြီးတော့သော်ငြား သူက ရမ်ရှန့်ထက် ပုနေဆဲပင်ဖြစ်သည်။

21.2


သူကလည်း နှစ်ယောက်ကြားက အရပ်ကွာခြားမှုကို လျော့ချချင်တာဆိုတော့ ဒါက အောင်မြင်တယ်လို့ပဲ ပြောရမယ့်ပုံပဲ ... 


"ကျောက်လင်းယွီ ကျွန်တော်တော့လေ ခင်ဗျားသုံးထားတဲ့ ရုပ်ကြီးကို အသားမကျသေးဘူး ..." 


ရမ်ရှန့်က သူ့သွင်ပြင်ကို စိတ်ဝင်စားမှုအပြည့်ဖြင့် ချီးကျူးလိုက်သည်။ ဒါပေမယ့် သူက ကျောက်လင်းယွီ၏ ရင်ခွင်ထဲကို ပြေးဝင်လို့ မရတော့ဘူးလို့ ... 


"အသားကျအောင် လုပ်ကြတာပေါ့ကွာ ..." 


ကျောက်လင်းယွီမှာ သူ့ကိုယ်သူပဲ  နှစ်သိမ့်နေခြင်းလား ရမ်ရှန့်ကို နှစ်သိမ့်နေခြင်းလားပင် မကွဲပြားတော့။ 


"ဒါနဲ့ ကိုယ့်ကို ယုလင်းလို့ပဲခေါ် ဒါမှမဟုတ် တာ့ကောလို့ခေါ် ..."

(ယုလင်း= မိုးသစ်တော / တာ့ကော = အစ်ကိုကြီး) 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ 


"ကောင်းပြီလေ ..." 


"သွားရအောင် ကိုယ် အရင်ဆုံး ပညာပေးအတန်းကို ခေါ်သွားပေးမယ် ပြီးမှ အပင်စွမ်းရည်အတန်းအတွက် စာရင်းသွင်းဖို့ ခေါ်သွားပေးမယ် ..." 


သူက ပြောလိုက်သည်။ 


ရမ်ရှန့်၏ အပြုအမူအများစုမှာ အပင်စွမ်းရည်ပိုင်ရှင်ဟု ထင်ရစေနိုင်သော်ငြား သမားရိုးကျ အပင်စွမ်းရည်ပိုင်ရှင်မဟုတ်ကြောင်းကို သူသိထားပြီးဖြစ်သည်။ သို့သော် ထိုအကြောင်းကို သူ့မိခင်ကိုပင် ပြောမပြထား။ သူက  ရမ်ရှန့်ကို အပင်စွမ်းရည်ပိုင်ရှင်တို့၏ အနေအထားအကြောင်း သင်ယူနားလည်စေချင်သည်။ ထိုမှသာ အနာဂတ်တွင် ကောင်းကောင်းသရုပ်ဆောင်နိုင်မည်ဖြစ်သည်။ 


ရမ်ရှန့်သည်လည်း သူ့ကို အပင်စွမ်းရည်ပိုင်ရှင်ဟု အထင်မှားနေ‌ကြကြောင်း သိသော်ငြား ထိုကိစ္စနှင့် ပတ်သက်၍လည်း ဘာမှ မမေးရဲပေ။ ယခု သူသည် အပင်စွမ်းရည်ပိုင်ရှင်များအကြောင်း လေ့လာနိုင်တော့မည်ဟု သိလိုက်ရချိန်တွင်  အခွင့်အရေးကို သေချာပေါက်  ငြင်းပယ်မည်မဟုတ်ချေ။ သူက ကျောက်လင်းယွီကို မှီတွယ်နေလိုသော်ငြား ယခုလက်ရှိအရပ်များအရ အဆင်ပြေမည်မဟုတ်ကြောင်း သိလိုက်ရသည်။ 


သို့သော်ငြား သူကတော့ ပူးကပ်နေလိုဆဲပင်။ သူ့ကိုယ်ထဲရှိ သန့်စင်မြေ၏ တည်ရှိမှုကို ခံစား၍ မရသော်ငြား ဘာကြောင့် ထိုကဲ့သို့ ထူးထူးဆန်းဆန်း အတွေးမျိုး တွေး‌မိနေသလဲဆိုတာကို သူကိုယ်တိုင်ပင် နားမလည်တော့ချေ။ 


သူက ကျောက်လင်းယွီ၏ လက်တစ်ဖက်ကို ဆွဲယူကာ  တွဲထားလိုက်သည်။ ထိုသို့ လုပ်ပြီးလျှင်ပြီးချင်း ရောင်စုံလူသားတစ်ဦးက သူ့ရှေ့ပေါ်လာကာ အံ့ဩတကြီး ငေးကြည့်နေသည်။ 


"boss? ဘာတွေဖြစ်ကုန်တာလဲ ..." 


ဝူရွှိုက်မှာ ရူးတော့မလိုပင် ခံစားလိုက်ရတော့သည်။ သူ့ဘော့စ်၏ အကောင့်မှာ ကြယ်တာယာကွန်ယက်သို့ ဝင်ရောက်လာသည်ဟု သိလိုက်ရသည့်အတွက် အလောတကြီး လာကြည့်ခဲ့ခြင်း ဖြစ်သော်ငြား အခြားသူ၏ လက်မောင်းကို တွယ်ချိတ်ထားသူကိုသာ တွေ့လိုက်ရသည်။ သူ့ဘော့စ်က ဘာလို့ ဒိလို အပြုအမူတွေ လုပ်နေရတာလဲ ... 


"အခု ငါ့မှာ လုပ်စရာရှိနေသေးတယ် ပြီးမှ မင်းကို လာရှာလှည့်မယ် ..." 


ထိုအခါမှသာ ဝူရွှိုက်သည် သူ့ဘေးနားတွင် သူ့ထက် အနည်းငယ်ပုသူတစ်ဦး ရှိနေသေးကြောင်း သတိပြုမိခြင်းဖြစ်သည်။ ထိုသူက လူသုံးများသည့် မျက်နှာကိုသာ သုံးထားသော်ငြား ခန့်ညားထည်ဝါနေဆဲပင်။ ထိုသူကမှ သူ့ဘော့စ်အစစ်မှန်း သိလိုက်ရမှသာ စိတ်သက်သာရာရ‌သွားတော့သည်။ 


သူကတော့ တကယ်ကို ဘော့စ်ဖြစ်ထိုက်ပါပေတယ် ... ကြည့်ပါဦး သန်သန်မာမာနဲ့ ယောက်ျားကြီးကတောင် ငှက်ကလေးတစ်ကောင်လိုမျိုး ဖြစ်ပြီး သူ့ကို အားကိုးလာအောင် လုပ်နိုင်တယ် ... 


ဝူရွှိုက်က သူ့ကို အထင်ကြီးသော အကြည့်တို့ဖြင့် ကြည့်ကာ ပြန်ထွက်သွားလိုက်သည်။ ရမ်ရှန့်ကို ကြည့်သည့် အကြည့်တို့မှာတော့ ဝေခွဲရခက်နေဟန် အပြည့်ဖြင့်ဖြစ်သည်။ 


ကျောက်လင်းယွီက သူ၏ အုပ်ထိန်းသူအာဏာကိုသုံးကာ ရမ်ရှန့်ကို သူနှင့်  ပူးတွဲချည်နှောင်လိုက်သည်။ စာသင်ခန်းတည်နေရာကို ရွေးချယ်ပြီးချိန်တွင်တော့ အလင်းတစ်ချက် လက်လာကာ ဦးတည်ရာနေရာသိူ့ ရောက်ရှိသွားတော့သည်။ 


လက်တွေ့တွင်လည်း စာသင်ကျောင်းများ ရှိသော်ငြား စရိတ်စက ကြီးမားလှသည့်အတွက် မိဘအများစုသည် အွန်လိုင်းပညာရေးကိုသာ ရွေးချယ်ကြသည်။ ကလေးအများစုက သူတို့၏ မူလရုပ်သွင်ကိုသာ အသုံးပြုကြပြီး အုပ်ထိန်းသူတစ်ဦးက သူတို့ကို ဦးဆောင်ကာ  အတန်းထဲသို့ စနစ်တကျ ဝင်လာကြသည်။


"ဟယ်လို ကလေးကို နာမည်စာရင်းပေးဖို့ လာတာလား မသိဘူး ..." 


မိန်းကလေးက သူမရှေ့ရှိအမျိုးသားနှစ်ဦးကို တစူးတစမ်း မေးလိုက်သည်။ 


ဒီနှစ်ယောက်က လိင်တူစုံတွဲနဲ့တူတယ်နော် ဟုတ်တယ်မလား ...သူတို့ရဲ့ ရုပ်ရည်သွင်ပြင်တွေကလည်း လိုက်ဖက်ညီချက်ပဲ ဒါပေမယ့်လေ အရပ်ရှည်ရှည်နဲ့လူရဲ့ အမူအယာတွေက နည်းနည်း ရှက်ကို့ရှက်ကန်း နိုင်နေသလိုပဲ ..." 


ဘွဲ့ရကာစ ဆရာမအသစ်ကလေးက ပတ်ဝန်းကျင်ကို အထူးတဆန်း လိုက်ငေးနေသည့် ရမ်ရှန့်ကို တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။ 


"သူ့အတွက် စာရင်းသွင်းဖို့လာတာပါ ..." 


ကျောက်လင်းယွီက ဘေးနားရှိ ရမ်ရှန့်ကို ညွှန်ပြလိုက်သည်။ 


"ဟမ် ..." 


မိန်းကလေးမှာ အတော်ကို အကြံအိုက်သွားတော့သည်။ 


"ကျွန်တော်က ဒီကလေးကို သူ့စိတ်ကြိုက်ရုပ်ရည်ရွေးလို့ ခွင့်ပေးလိုက်တာလေ အဲ့တာနဲ့ သူ့ဘာသာသူ ဒီလိုပုံစံမျိုး လုပ်လာတော့တာပဲ ..." 


သူက ရမ်ရှန့်ကို ကူကာ စာရင်းသွင်းပေးရင်း အမူအယာတစ်ချက်မပြောင်းဘဲ ပြောလိုက်သည်။ 


မိန်းကလေးလည်း အခြေခံအချက်အလက်များကို စစ်ကြည့်လိုက်ကာမှ ရမ်ရှန့်သည် အသက်မပြည့်သေးသူများအတွက် သုံးသည့် helmet ကို သုံးထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ မိဘအများစုမှာ သူတို့၏ကလေး ဆိုးဆိုးဝါးဝါး ပြုမူမည်ကို စိုးရိမ်သည့်အတွက် ကလေး၏ ရုပ်သွင်အတွက်  အုပ်ထိန်းသူအခွင့်အရေးကို အသုံးပြုလေ့ ရှိကြသည်။ ထို့ကြောင့် ကလေးကို အသက်ပြည့်ပြီးသည့် ရုပ်သွင်မျိုး ရွေးချယ်ခွင့် ပြုထားခြင်းမှာ ရှားပါးကိစ္စပင်ဖြစ်သည်။ 


"ဒီလိုပုံစံမျိုးနဲ့ဆို သူ့ကလေးက ချစ်တဲ့ကြိုက်တဲ့စိတ်တွေ ဝင်သွားမှာ မကြောက်ဘူးလားပဲ ဒါပေမယ့် အခုမှ စသင်မယ့်သူ‌အတွက်က အချစ်အကြောင်း ပြောဖိူ့တော့ စောနေသေးပါတယ်လေ ... 


မိန်းမပျိုလေးက ရမ်ရှန့်ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ အရပ်နှစ်မီတာနီးပါးရှိသည့် သွင်ပြင်နှင့် လေးနှစ်/ငါးနှစ်သား ကလေးလေးသည် အတော်ပင် ချစ်ဖို့ကောင်းသည်ဟုသာ တွေးမိတော့သည်။ 


xxxxxx