အပိုင်း ၂၂
Viewers 18k

Chapter 22


သူ့ကို ပညာပေးအတန်းသို့ တက်ရောက်ခွင့်ပြုလိုက်ပြီး ကျောက်လင်းယွီကလည်း သူ့ကို ကြပ်မတ်ရန် အုပ်ထိန်းသူအခွင့်အရေးကို အသုံးချလိုက်သည်။ သီးသန့်အစည်းအဝေးခန်းထဲသို့ ဝင်နေစဉ်အတွင်း ဝူရွှိုက်ကို ဆက်သွယ်လိုက်သည်။ 


ဘော့စ် ..." 


သူ့အရှေ့တွင် နောက်တစ်ခါ ပြန်ပေါ်လာပြန်သည့် ဝူရွှိုက်သည် ရုပ်သွင်ကို နောက်တစ်ခေါက် ပြောင်းလဲလိုက်ပြန်ပြီဖြစ်သည်။ ၎င်းမှာ လှပသော်ငြား သုံးစွဲသူ သန်းတစ်ရာရှိသည့် စနစ်က ထောက်ပံ့ပေးထားသောရုပ်ပုံ ဖြစ်သည်။ 


"လတ်‌တလော အပြင်က အခြေအနေတွေကရော ဘယ်လိုလဲ ..." 


သူက မေးလိုက်သည်။ သူနှင့် နောက်ဆုံးတစ်ကြိမ် တွေ့ဆုံပြီးကတည်းက ဝူရွှိုက်နှင့် အခြားသူများသည် ကျောက်မိသားစုမှ ထွက်ခွါကာ သက်သေများကို လိုက်လံရှာဖွေခဲ့ကြသည်။ 


"ဘော့စ် သက်သေတစ်ချို့တော့ တွေ့လာတယ် ဒါပေမယ့် လော့ခဲရော ယန်မိသားစုရော ဘယ်သူကမှ ကိုယ်တိုင်ကိုယ်ကျ ပါမထားကြဘူး တရားခံအစစ်ကို မဖမ်းနိုင်မှာ ကြောက်ရတယ် ..." 


ကျောက်လင်းယွီသာ ဝင်မပါပါလျှင် ထိုတရားခံအတုများကိုပင် ဖမ်းမိရန် မလွယ်ကူကြောင်းကိုတော့ မပြောခဲ့တော့။ 


"ဘော့စ် အခု ပထမတပ်ဖွဲ့က နည်းနည်း မတည်မငြိမ်ဖြစ်နေတယ် ..." 


လက်ရှိတွင် ကျောက်မိသားစုအပိုင် ပထမတပ်ဖွဲ့မှ တပ်သားများဖြစ်စေ၊ ယန်မိသားစုအပိုင် ဒုတိယတပ်ဖွဲ့မှ တပ်သားများဖြစ်စေ အားလုံးသည် ကျောက်လင်းယွီကို လေးစားကြသူများသာ ဖြစ်သည်။ သို့သော် အလယ်တန်းနှင့် အကြီးတန်းအရာရှိတို့မှာတော့ သဘောထားမတူကြ။ သူတို့သည် လေးစားကြည်ညိုခြင်းက စား၍မရဟုသာ ရှင်းရှင်းလင်းလင်း လက်ခံထားကြသူများ ဖြစ်သည့်အတွက် အိမ်သစ်တစ်ခုကို ရှာဖွေပြီးနေကြပြီဖြစ်သည်။ 


"နားလည်ပြီ ရှေ့လကျရင် လူ့ဘောင်သစ် အထိမ်းအမှတ်နေ့ကို တက်မယ် ..." 


ကျောက်လင်းယွီသည်လည်း သူ့ခန္ဓာကိုယ်မှာ ပြန်လည်သက်သာနေပြီဖြစ်၍ လူလုံးထွက်ပြရတော့မည်ဖြစ်ကြောင်း ခန့်မှန်းမိပြီးဖြစ်သည်။ 


လူ့ဘောင်သစ် အထိမ်းအမှတ်နေ့သည် လူသားမျိုးနွယ်တို့ ကမ္ဘာမြေကို စွန့်ခွါလာပြီးနောက် မြို့တော်ကြယ်ကို စတင်တွေ့ရှိခဲ့သည့်နေ့ဖြစ်သည်။ ထို့နေ့ကို လူသားမျိုးနွယ်အားလုံး၏ ဘုံအထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ကာ မြို့တော်ကြယ်တွင် ခမ်းနားလှစွာသော စစ်ရေးပြအခမ်းအနားကို ကျင်းပလေ့ရှိသည်။ 


"ဘော့စ် အဆင်ပြေပါ့မလား ..." 


ဝူရွှိုက်က အံ့အားသင့်စွာ မေးလိုက်သည်။ 


"ငါ့စွမ်းရည်တွေကတော့ ပြန်ရချင်မှ ရနိုင်တော့မှာ ဒါပေမယ့် ခန္ဓာကိုယ်ကတော့ အဆင်ပြေပါတယ် ..." 


သူက ပြောလိုက်သည်။ အမှန်တကယ်တွင် သူ့ခန္ဓာကိုယ်မှာ အဆင်ပြေရုံသာမက အမှန်ဟု မယုံကြည်‌နိုင်လောက်အောင်ပင် ကောင်းမွန်နေပြီဖြစ်သည်။ အဲ့ဒါကို ဖြေးဖြေးချင်း ချိန်ညှိရင်း သင်္ဘောကို မဖျက်ဆီးမိဖို့ပဲ မျှော်လင့်ရမှာပဲ ... 


ဝူရွှိုက်၏ မျက်နှာပေါ်မှ အံ့အားသင့်မှုတို့က ပို၍ပင် ပြင်းထန်လာတော့သည်။ သူက ချောင်းအသာဟန့်ကာ 


"ဘော့စ် ..." 


သူနှင့် ပြောပြီးနောက် ကျောက်လင်းယွီသည် စခရင်၏ ညာဘက်ထောင့်အပေါ်နားကို လှမ်းကြည့်လိုက်သည်။ ၎င်းက ဆရာမ၏ ဦးဆောင်မှုနှင့်အတူ အတန်းထဲ ဝင်သွားသော ရမ်ရှန့်ကို ပြသနေသည်။ 


ကလေးများ ကြောင်အမ်းအမ်း မဖြစ်စေရန် ကနဦးအတန်းများကို ဆရာအစစ်များဖြင့်သာ သင်ကြားပေးသည်။ ရမ်ရှန့်၏ ဆရာမှာ အစောပိုင်းက သူတို့တွေ့ခဲ့သည့် ကောင်မလေးပင်ဖြစ်သည်။ 


"ဂျင်ဆင်းလေး ဒီမေးခွန်းကို ဖြေကြည့်ပါဦး ..." 


ဆရာမက ရမ်ရှန့်ကို ခပ်ပြုံးပြုံး ကြည့်လိုက်သည်။ 


သူ မတ်တပ်ထရပ်လိုက်ချိန်တွင်တော့ အတန်းထဲရှိ မူလရုပ်သွင်ကိုသာ အသုံးပြုထားသည့် ကလေးအားလုံးကို လွှမ်းမိုးသွားတော့သည်။ သူက မေးခွန်းကို ခပ်သွက်သွက်ဖြေပြီးနောက် ပြောလိုက်သည်။ 


"ကျွန်တော်က ကလေးမဟုတ်တော့ပါဘူး ..." 


သူ့ခန္ဓာကိုယ်က အကြီးကြီးဖြစ်နေပြီကို ဘာလို့ ကလေးလို့ပဲ အခေါ်ခံနေရသေးတာလဲ ... 


"ဟုတ်ပါပြီ ဟုတ်ပါပြီ ..." 


ကောင်မလေးက ခပ်ပြုံးပြုံးဖြင့် ‌ပြန်ပြောလိုက်သည်။ 


ကလေးတွေက ကလေးလို့ အခေါ်မခံချင်ကြဘူးလေ နားလည်ပါတယ် ... 


ဆရာမ၏ အမူအယာကို မြင်လိုက်သည့် ရမ်ရှန့်လည်း မကျေမနပ်ဖြင့်သာ ပြန်ထိုင်လိုက်တော့သည်။ စခရင်မှတစ်ဆင့် ကြည့်နေသောကျောက်လင်းယွီ မှာလည်း ရယ်ချင်စိတ်ကို ထိန်းချုပ်၍ပင် မရတော့။ သို့သော် "ဂျင်ဆင်း" ဟူသည့် စကားလုံးကို တွေ့လိုက်ရချိန်တွင်တော့ မျက်မှောင်တို့ကို စုကြုတ်လိုက်တော့သည်။ 


ဂျင်ဆင်း... ရမ်ရှန့်ရဲ့နာမည်က ထူးဆန်းလိုက်တာ တစ်ခြားအဓိပ္ပါယ်ရှိနေသေးတာလား ... 


ထိုသည်ကို စဉ်းစားမိသော ကျောက်လင်းယွီလည်း ဂျင်ဆင်း၏ အဓိပ္ပါယ်ကို ချက်ခြင်း ရှာဖွေလိုက်တော့သည်။ 


ဂျင်ဆင်းသည် ရှေးခေတ်ကမ္ဘာရှိ အပင်တစ်မျိုး ဖြစ်ကာ ဆေးဖက်ဝင်အပင်တို့၏ ဘုရင်ဟုပင် ဆိုစမှတ်ပြုကြသည်။ 


"ဂျင်ဆင်း၏ အရသာသည် ချိုမြပြီး အနည်းငယ် ခါးသက်သည်။ ကိုယ်တွင်းအင်္ဂါကြီးငါးခုကို အာဟာရဖြည့်ပေးရန်အတွက် အဓိက အသုံးပြုကာ စိတ်ဝိဉာဉ်ကို အေးချမ်းစေသည်။ ကတုန်ကယင်ဖြစ်ခြင်းကို လျော့နည်းစေကာ အမြင်အာရုံ ကြည်လင်စေသည်။ မကောင်းသော ချီဓာတ်များကို ဖယ်ရှားပေးပြီး သက်တမ်းကို ‌ဆွဲဆန့်ပေးနိုင်သော အပင်တစ်မျိုးဖြစ်သည် ..." 


ထိုရှင်းလင်းချက်ကို ဖတ်ရှုပြီးနောက် ကျောက်လင်းယွီသည် ရမ်ရှန့် သူ့ကို ပေးခဲ့သည့်ဆေးအား သတိရမိတော့၏။

22.2


"အဲ့ဒီ့ဆေးက ဂျင်ဆင်းတော့ မဟုတ်လောက်ပါဘူးနော် ဒါပေမယ့် ရမ်ရှန့်က အဲ့ဒါကို ဘယ်နေရာကနေ ရလာခဲ့တာလဲ ..." 


ကနဦးအတန်း ပြီးဆုံးပြီးချိန်အထိ သူသည် အတွေးနွံထဲတွင် နစ်မြုပ်နေတော့သည်။ ထိုသည်ကို သတိမထားမိသော ရမ်ရှန့်မှာတော့ အပင်စွမ်းရည်အတန်းသို့ သွားတက်ရန်သာ စိတ်ဇောသန်နေသည်။ 


"လင်း ... ယုလင်း သွားရအောင် ..." 


"သွားရအောင် ..." 


ကျောက်လင်းယွီက သူ့ကို စွမ်းရည်အစည်းအရုံးသို့ ခေါ်သွားကာ ရှားပါးအပင်စွမ်းရည်ပိုင်ရှင်တို့အတွက် လေ့ကျင့်ရေးသင်ရိုးကို ရွေးချယ်လိုက်သည်။ 


နည်းပြဆရာများ ရှားပါးလှသည့်အထဲတွင်  အပင်စွမ်းရည်ပိုင်ရှင် နည်းပြများမှာ ပို၍ပင် ရှားပါးလှသေးသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင်တော့ ရမ်ရှန့်ကို သင်ကြားပေးမည့်သူဟူ၍ မရှိပေ။ အစည်းအရုံးမှ ထောက်ပံ့ပေးသည့် သရုပ်ပြဗီဒီယိုများကိုသာ ကျောက်လင်းယွီနှင့် အတူတူ ထိုင်ကြည့်နေခဲ့ရသည်။ 


လူသားတို့၏ စွမ်းရည်များမှာ စကြဝဠာအတွင်းသို့ ရောက်ရှိလာပြီးမှသာ ပိုင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က စကြဝဠာ၏ စွမ်းအားကြီး ပုဂ္ဂိုလ်တို့နှင့် ကြယ်တာရာသားရဲတို့ တည်ရှိနေကြောင်း သိရှိထား၍ လူသားတို့မှာ သူတို့ကိုယ်သူတို့ သနား‌စရာကောင်းသည်ဟုသာ ထင်ခဲ့ကြသည်။ ဆောက်တည်ရာမရ ဖြစ်နေစဉ်အတွင်း ခေတ်ရှေ့ပြေးနေသော မျိုးနွယ်တစ်စုက လူသားမျိုးနွယ်ကို မျိုးရိုးဗီဇများ ကူညီထောက်ပံ့ပေးခဲ့သည်။ ထိုဗီဇများကို ပေါင်းစပ်ပြီးကာမှ သဘာဝလွန်စွမ်းရည်များကို ရရှိခဲ့ခြင်းဖြစ်သည်။ 


သဘာဝလွန်စွမ်းရည်အမျိုးအစား များစွာရှိသော်ငြား နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင်တော့ စွမ်းရည်တို့၏ တိုးတက်မှုမှာ ပိုပြီး ကြည်လင်ပြတ်သားလာတော့သည်။ 


အပင်စွမ်းရည်ပိုင်ရှင်တို့၏ ပင်ကိုယ်သဘာဝကပင် သစ်ပင်ပန်းမာန်တို့နှင့် အကျွမ်းတဝင် ဖြစ်လှသည်။ သူတို့၏ စွမ်းရည်ကို အသုံးချကာ အပင်တို့ကို ရင့်မှည့်စေရန် ဖန်တီးနိုင်သကဲ့သို့ အနီးအနားရှိ အပင်တို့ကို အသုံးချ၍လည်း တိုက်ခိုက်နိုင်သေးသည်။ ဥပမာအားဖြင့် အားအကောင်းဆုံး အပင်စွမ်းရည်ပိုင်ရှင်သည် စပျစ်နွယ်တစ်ခုတည်းကို အသုံးပြုကာ ကြယ်တာရာဓားပြအုပ်စုကို တစ်ကိုယ်တော် ရှင်းလင်းနိုင်သည်။ ထိုသည်သာမက စပျစ်နွယ်ကို အသုံးပြုကာ စစ်သင်္ဘောကို မြို့စောင့်တပ်အထိ ဆွဲကာ သယ်လာနိုင်သေးသည်။ 


ထိုရှင်းလင်းချက်ကို ကြည့်ပြီးနောက်တွင်တော့ ရမ်ရှန့်၏ စိတ်လှုပ်ရှားမှုတို့မှာ များစွာ တိုးပွားလာတော့သည်။ 


အပင်စွမ်းရည်ပိုင်ရှင်တို့၏ အပင်များနှင့် ရင်းနှီးဆက်နွယ်မှု ဘယ်လောက်ပင် မြင့်မားနေပါစေ ကိုယ်တိုင်ကပင်  အပင်တစ်ပင်ဖြစ်နေသည့် သူ့ကိုတော့ ယှဉ်နိုင်မည်မဟုတ်ချေ။ အပင်ကို ရင့်မှည့်စေရန်မှာမူ ... သူ့လက်ထဲရှိ သန့်စင်မြေကိုဖြစ်စေ၊ သူ့ကိုယ်ထဲမှ စွမ်းအင်ကိုဖြစ်စေ အသုံးပြုလိုစိတ် ရှိ‌‌ နေသရွေ့ သာမန်အပင်များ အချိန်တိုအတွင်း ပွင့်ဖူးသီးမှည့်လာစေရန်မှာ သူ့အတွက်တော့ မခဲယဉ်းလှပေ။ 


ဆိုတော့ သူက အပင်စွမ်းရည်ပိုင်ရှင်အဖြစ်နဲ့ နေလို့ရသားပဲ ... 


ကျောက်လင်းယွီကတော့ သင်ခန်းစာရှင်းလင်းချက်ကို သိပ်ပြီး အာရုံမထား။ ရမ်ရှန့်၏ အမူအယာတို့ကိုသာ လိုက်ကြည့်နေသည်။ ပျော်ရွှင်နေသည့် အမူအယာကို တွေ့လိုက်ရချိန်တွင် ထိုကလေးကို အပြင်သို့ တစ်ယောက်တည်း မလွှတ်တော့ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သူသာ ဂရုမစိုက်မိဘူးဆိုရင် ဒီကလေးက ရောင်းစားခံရမှာ သေချာပေါက်ပဲ ... 


"ကျွန်တော်က အပင်စွမ်းရည်ပိုင်ရှင်ပဲ ..." 


ကြယ်တာရာကွန်ယက်၏ helmet ကို ချွတ်ပြီးနောက် သူသည် ကျောက်လင်းယွီ၏ လက်မောင်းကို ဆုပ်ကိုင်ကာ မရည်ရွယ်ဘဲ ထိတွေ့လိုက်သည်။ 


အပင်စွမ်းရည်ပိုင်ရှင်ယောင်ဆောင်ပြီးတော့ သူ့အမြစ်တွေကို ဆန့်ထုတ်လို့ ရလောက်ပြီလားမသိဘူး ... 


"ဟုတ်လား ..." 


ကျောက်လင်းယွီက သံယောင်လိုက်ကာ မေးလိုက်သည်။ 


"ဒါပေါ့ ..." 


ရမ်ရှန့်က မလုံမလဲဖြစ်ဟန်ဖြင့် ချောင်းအသာဟန့်လိုက်သည်။ 


"ရမ်ရှန့်ရေ မင်းမှာလေ ဟာကွက်တွေ အများကြီး ရှိနေတယ် ..."


ကျောက်လင်းယွီက သူ့အရှေ့ရှိ ဆယ်ကျော်သက်ကလေးကို စောင်းငဲ့ကာ ကြည့်လိုက်သည်။ 


"မင်းက နေ့တိုင်း အစားတွေ အများကြီး စားတယ် စွမ်းရည်ပိုင်ရှင်တွေ စားနိုင်တဲ့ ပမာဏထက် ပိုပြီးတော့ပေါ့ ဒါပေမယ့် တစ်ခါမှ သန့်စင်ခန်းကို မသွားဖူးဘူး မင်းမှာ ကိုယ်နဲ့မကွာ သယ်ထားတာ ဘာမှမရှိပေမယ့် အံ့ဖွယ်ဆေးဝါး‌တွေကို ထုတ်ယူနိုင်တယ် မင်းက သေချာပေါက်ကို ငယ်နေသေးတဲ့ပုံ ပေါက်ရဲ့သားနဲ့ ကိုယ့်ကိုယ်ကို မငယ်တော့ပါဘူးပဲ တဖွဖွ ပြောနေပြန်ရော ခေတ်မီနည်းပညာအကြောင်းကို တစ်လုံးမှ မသိပေမယ့် ရှေးခေတ်တရုတ်စာကိုကျလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ် ..." 


သူပြောလေလေ ရမ်ရှန့်၏ မျက်လုံးတို့က ပြူးကျယ်လာလေလေပင်ဖြစ်သည်။ သူ့တွင် ဟာကွက်များ အများအပြားရှိနေကြောင်းကို သူကိုယ်တိုင်ပင် သတိမထားမိခဲ့ချေ။ 


"ရမ်ရှန့် ဒီရက်ပိုင်းတွေမှာ မင်းလည်း မျက်မှောက်ခေတ် နည်းပညာနဲ့ မင်းရဲ့ လက်ရှိအခြေအနေကို တီးမိခေါက်မိလောက်ပြီဆိုတော့ ကိုယ်တို့သာ မင်းရဲ့သွေးကို စစ်ကြည့်လိုက်ရင် ကိစ္စတွေအများကြီးကို သိနိုင်မယ်ဆိုတာ မင်းလည်း သဘောပေါက်နေလောက်ပါပြီ ..."


ရမ်ရှန့်က ဆတ်ခနဲ ထရပ်ကာ သူ့ကို သတိကြီးကြီးထားပြီး စောင့်ကြည့်နေလိုက်သည်။ ဒီရက်ပိုင်းအတွင်း သူ၏ အစိတ်အပိုင်း တစ်ခုကိုမျှ ခိုးယူမခံရသော်ငြား ကျောက်လင်းယွီ၏ စကားလုံးများက သူ့ကို ခြောက်လှန့်နေဆဲပင်ဖြစ်သည်။ 


သူ၏ သတိကပ်ထားသော အကြည့်တို့က ကျောက်လင်းယွီကို အင်မတန် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ သို့သော် သူသာ ရမ်ရှန့်၏အခြေအနေကို ကျကျနန မသိရပါလျှင် သူ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။ 


"စိတ်မပူပါနဲ့ ကိုယ်က မင်းကို ထိခိုက်အောင် မလုပ်ပါဘူး ဒါပေမယ့် မင်းနဲ့ပတ်သက်တဲ့ အမှန်တရားကိုတော့ ကိုယ်သိထားမှ ဖြစ်မယ် ...."


xxxxxx