Chapter 23
သူက ကျောက်လင်းယွီကို ငေးကြည့်နေလိုက်သည်။ သူ့ဆံပင့်တို့မှာလည်း လန့်ဖျတ်ကာ ထောင်တက်သွားတော့သည်။
ယခုလေးတင်ကမှပင် အပင်စွမ်းရည်ပိုင်ရှင်ဟန်ဆောင်ကာ ကောင်းကောင်းနေသွားတော့မည်ဟု တွေးနေဆဲဖြစ်သည်။ သို့သော် သူ၏ ဟာကွက်တို့မှာ အစောကြီးကတည်းကပင် ပေါ်ပေါက်နေလိမ့်မည်ဟုတော့ မျှော်လင့်မထားပေ။
ကျောက်လင်းယွီက သူ့သရုပ်မှန်ကို သိသွားပြီဆိုတော့ အရင်တုန်းက သူ့ကို လိုက်ဖမ်းခဲ့တဲ့လူတွေလိုပဲ စားပစ်တော့မှာလား ...
ထိုအခိုက်တွင် ရမ်ရှန့်မှာ အမှန်တကယ်ပင် ထွက်ပြေးလိုစိတ်များ ပေါ်ပေါက်လာတော့သည်။
သို့သော်ငြား ကျောက်လင်းယွီက သူ့လက်ကို အချိန်ကိုက် လှမ်းဆွဲလိုက်သည်။
သူ့လက်များမှာ ယခင်ကတည်းက ပူနွေးနေကာ ယခုအချိန်တွင် ပို၍ပင် နွေးနေသေးသည်။ ထိုအနွေးဓာတ်က ရမ်ရှန့်အဖို့ လုံခြုံသွားသလို ခံစားမိတော့သည်။
"ခင်ဗျားရော ကျွန်တော့်ကို စားပစ်မှာလား ..."
"သူ့ကို စားရမယ် ..."
ကျောက်လင်းယွီက သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ သူ့အတွေးတို့က လမ်းကြောင်းလွဲသွားသော်ငြား မကြာမီတွင်ပင် ရမ်ရှန့်၏ စားသည်ဆိုသော စကားမှာ အမှန်တကယ် စားသောက်ခြင်းကိုသာ ဆိုလိုမှန်း သဘောပေါက်သွားတော့သည်။
ဒါပေမယ့် တကယ်စားတာလို့ ဆိုလိုတာ ဆိုရင်တောင် သူက ရမ်ရှန့်ကို ဘယ်လိုမျိုး စားလို့ရမှာလဲ ...
"ခင်ဗျားကလည်း ကျွန်တော့်သခင်လိုမျိုး ပျိုးထောင်ချင်တာလား စားဖို့ နည်းနည်းလေး ပေးမယ်လေ ကျွန်တော့်ကို တစ်ကိုယ်လုံးကုန်အောင် စားမပစ်လိုက်လို့ ရမလားဟင် ..."
ရမ်ရှန့်က သူ့ကို သနားကမား အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ သူ့သခင်မှာ သူ့ကို အလွန်ကြင်နာသည် ဆိုသော်ငြား သူ့ထံမှ ဂျင်ဆင်းစေ့နှင့် သွေးတို့ကိုတော့ အခါအားလျော်စွာ ယူခဲ့သေးသည်။
ကျောက်လင်းယွီမှာလည်း သူပြောသည့် စားသည်ဆိုသည့်စကားမှာ အမှန်တကယ် စားသုံးခြင်းကို ရည်ညွှန်းကြောင်း ပို၍ သေချာလာတော့သည်။ အစောပိုင်းက သူရှာထားသည့် ဂျင်ဆင်းကို သတိရလိုက်၍ ဖျတ်ခနဲ မေးလိုက်သည်။
"မင်းက ဂျင်ဆင်းလား ဟိုးရှေးခေတ်ကမ္ဘာပေါ်က အပင်လေ ..."
"ဂျင်ဆင်းကို သိတယ်လား ..."
ရမ်ရှန့်က အံ့ဩတကြီး မေးလိုက်သည်။ ပြီးကာမှ သတိရသွားဟန်ဖြင့် သူ့ပါးစပ်ကို အပြေးအလွှားအုပ်လိုက်တော့သည်။ သို့သော် သူ့ပါးစပ်ကို အုပ်လိုက်သည့်တိုင် အသုံးဝင်တော့မည် မဟုတ်သည့်အတွက် အမှန်ကိုသာ ပြောပြရန် ဆုံးဖြတ်လိုက်သည်။
"ဟုတ်တယ် ကျွန်တော်က ဂျင်ဆင်း ဂျင်ဆင်းဝိဉာဉ်လို့!!! ခင်ဗျား ... ခင်ဗျား ကျွန်တော့်ကို စားလို့ မရဘူးနော် ..."
ဂျင်ဆင်းဝိဉာဉ် ... အဲ့တာ ဘာကြီးလဲ ...
ကျောက်လင်းယွီက သိလိုစိတ်တို့ တိုးပွားသွားသော်ငြား ရမ်ရှန့်သည် လူသားတစ်ဦး မဖြစ်နိုင်မှန်းကိုတော့ ခန့်မှန်းထားပြီးဖြစ်သည်။ သူက အတွင်းကျကျ ထပ်မေးလိုသေးသော်ငြား သူ့လက်ဖဝါးထဲရှိ လက်သေးသေးလေးမှာ တဆတ်ဆတ်တုန်နေသည်ကို သတိပြုမိလိုက်သည်။
ရမ်ရှန့်က ကြောက်နေပြီ ...
ထိုသည်ကို သတိပြုမိလိုက်ချိန်တွင်တော့ သူ့နှလုံးသားမှာ တစ်ဖန်နူးညံ့သွားတော့သည်။ သူက မေးခွန်းထပ်မမေးတော့ဘဲ ရမ်ရှန့်ကို ရင်ခွင်ထဲ ဆွဲသွင်းကာ ပြောလိုက်သည်။
"မပူပါနဲ့ ကိုယ် မင်းကို မစားပါဘူး ... နော် .. ကိုယ့်ကို အရင်က ပေးခဲ့တဲ့ ဆေးကရော ဘာကြီးလဲ..."
ထိုသို့ ကတိပေးပြီးနောက်သာ ရမ်ရှန်သည် ဆေးကို လေထုအလွှာပါးထဲမှ ထုတ်ယူလိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရခြင်းဖြစ်သည်။
ဒီကလေးက ဘာတစ်ခုမှ သယ်ထားတာ မရှိဘဲနဲ့ သူနဲ့ သူ့အဖေအတွက် သက်စောင့်ဆေးကို ဘယ်လိုများ ထုတ်လာနိုင်တာလဲ ...
ဂျင်ဆင်း၏ အာနိသင်နှင့် သူ့ကို မစားပါဟု ကတိပေးခဲ့မိသည်ကို တွေးလိုက်မိချိန်တွင်တော့ ကျောက်လင်းယွီမှာ စိတ်ထဲ ထင့်သွားတော့သည်။
"ကျွန်တော့်ကို တကယ် မစားဘူးမဟုတ်လား ..."
သူ့စကားကို တစ်ဝက်တစ်ပျက်သာ ကြားလိုက်သည့် ရမ်ရှန့်သည် သူ့ကို မှီတွယ်ရင်း ဝမ်းသာအားရ မေးလိုက်၏။
"မစားပါဘူး ..."
သူလည်း နောက်တစ်ကြိမ် ကတိထပ်ပေးရင်း မေးလိုက်သည်။
"ကိုယ်တို့ ပထမဆုံးတွေ့တုန်းက မင်းပေးတဲ့ ဆေးက ဘာလဲ ..."
ထိုအချိန်က ရမ်ရှန့်သည် ဘာကိုမှ ယူဆောင်မလာပါဘဲလျက် သူ့ကို နှုတ်ခမ်းချင်းတေ့ကာ ခွံ့ကျွေးခဲ့သည်။
"အဲဒါက ကျွန်တော့်သွေးတွေ ..."
ရမ်ရှန့်က စကားကို တစ်ဝက်တစ်ပျက်ဖြင့်ရပ်ကာ သူ့ကို လှမ်းကြည့်လိုက်သည်။
"ကျွန်တော်က ခင်ဗျားကို သေမင်းလက်ထဲကနေ ပြန်ကယ်ထားရတာနော် ပြီးတော့ ခင်ဗျားက ကျွန်တော့်လူလို့ ခင်ဗျားကိုယ်တိုင် ပြောထားပြီးသားဆိုတော့ လုံးဝ စားပစ်လိုက်လို့ မရဘူးနော် ..."
ကျောက်လင်းယွီသည် ဖြစ်နိုင်ချေများစွာကို စဉ်းစားကြည့်ခဲ့ဖူးသော်ငြား သူစားခဲ့သည့် ဆေးဝါးမှာ ရမ်ရှန့်၏သွေး ဖြစ်နေလိမ့်မည်ဟုတော့ လုံးဝ တွေးမထားမိချေ။
သူသည် ရမ်ရှန့်ကို အကြိမ်များစွာ စားသောက်ခဲ့ပြီးဖြစ်၍ သူ့ကို မစားပါဟု ထပ်ပြီး ကတိမပေးနိုင်တော့ချေ။ ရမ်ရှန့်က သူ့ကို အကြိမ်ပေါင်းများစွာ ကျွးမွေးခဲ့သည့်အပြင် သူ့အဖေအတွက် ဆေးပေးပေးရန်ပါ တောင်းဆိုခံလိုက်ရသေးသည်။
ကျောက်လင်းယွီမှာ သူ့ကိုယ်သူ ဆန်ကုန်မြေလေးကောင်ဟု ခံစားမိလာတော့သည်။
သူ့ကိုယ်ထဲရှိ စွမ်းအင်တို့မှာ ရုတ်ချည်း ရုန်းကြွလာပြီး သူ့ကိုယ်ထဲတွင် ပိတ်ဆို့နေသည့် သန့်စင်မြေတို့လည်း အနည်းငယ် စိမ့်ထွက်လာသည်။ ရမ်ရှန့်ကလည်း မသိစိတ်၏ လှုံ့ဆော်မှုအရ သူ့ကို လှုပ်ရှား၍ပင် မရနိုင်လောက်အောင် တင်းတင်းကြပ်ကြပ် ဖတ်ထားလိုက်သည်။
ကျောက်လင်းယွီက သူ့သွေးရဲ့ အာနိသင်ကို သိသွားတော့ ပြောခဲ့တာတွေကို ပြန်ရုတ်သိမ်းချင်လို့ ဒီလို ဖြစ်သွားတာ ဟုတ်တယ်မဟုတ်လား ...
"ကျောက်လင်းယွီ ကျွန်တော့်ကို တစ်ကိုယ်လုံး စားပစ်ရင် အာနိသင်မရှိဘူးနော် ကျွန်တော်ကျွေးတဲ့အတိုင်း ဖြေးဖြေးလေးပဲ စားမှရမှာ ..."
"ကိုယ် တောင်းပန်ပါတယ် ..."
သူက ရမ်ရှန့်ကို ပွေ့ဖက်လိုက်သည်။ ရမ်ရှန့်၏ ကယ်တင်မှုအတွက် အမြဲလိုလို ကျေးဇူးတင်ကာ တစ်ဖက်သူကို အစဉ်အမြဲ ကာကွယ်ပေးသွားမည်ဟု ကတိပေးခဲ့သော်ငြား ယခုတော့ သူ့အပြုအမူတို့မှာ လွန်သွားခဲ့သည့်ဟန် ဖြစ်နေသည်။
"ဟမ် ..."
ရမ်ရှန့်က သူ့ကို သဘောမပေါက်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။
"ကိုယ့်ကို သွေးတွေ ထပ်မတိုက်နဲ့တော့ ..."
သူက ရမ်ရှန့်နှင့် ပါးချင်းထပ်ကာ ပြောလိုက်သည်။
"သွေးက တစ်ခါပဲ တိုက်ခဲ့တာပါ ကျန်တာက ကျွန်တော့်ရဲ့ အမြစ်နည်းနည်းနဲ့ ဂျင်ဆင်းစေ့တွေပါ ..."
ရမ်ရှန့်က သူ့မျက်နှာကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
"အမြစ် ..."
ကျောက်လင်းယွီမှာ ကြက်သေသေသွားတော့သည်။
"ဟုတ်တယ်လေ အဲ့ဒီ့အမြစ်တွေ ပြန်ထွက်လာဖို့ကို နှစ်ထောင်ပေါင်းများစွာ ကြာတာနော် ..."
ရမ်ရှန့်က သူ့လက်ချောင်းလေးများကို ဆန့်ထုတ်ပြလိုက်သည်။
23.2
"အဲ့ဒါတွေက ဒီလက်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ ဒါပေမယ့် အခုအထိတော့ အဆင်ပြေနေပါသေးတယ် ..."
"အရူးလေး ..."
ကျောက်လင်းယွီမှာ ဘာပြောရမည်မှန်းပင် မသိတော့။ ဒီကောင်လေးက ကာကွယ်ရမယ်ဆိုတဲ့ အတွေးလေးတောင် မရှိဘူးလား ... သူ့အခြအနေကို သိနေတာတောင်မှ သွေးတွေ၊ အမြစ်တွေကို တစ်ခြားသူစားဖို့ဆိုပြီး ပေးသေးတယ်ပေါ့ ...
"ကျွန်တော်က အရူးမဟုတ်ပါဘူးနော် ဉာဏ်ကောင်းလို့ ခင်ဗျားကို ဂျင်ဆင်းစေ့တွေ ပေးတာပေါ့ ..."
ကျောက်လင်းယွီ မပျော်မရွှင် ဖြစ်သွားသည်ကို သတိပြုမိ၍ ရမ်ရှန့်လည်း ခပ်သွက်သွက် ဖြည့်ပြောလိုက်သည်။
ဂျင်ဆင်းစေ့ ...
သူ့ကို ဆေးပေးခဲ့စဉ်က သူ့ကလေးများဟု ရမ်ရှန့် ပြောခဲ့ဖူးသည်ကို သတိရမိသွားချိန်တွင်တော့ ကျောက်လင်းယွီမှာ ဟန်မဆောင်နိုင်လောက်အောင် မျက်နှာပျက်သွားတော့သည်။
ရမ်ရှန့်ကမူ သူ ဂျင်ဆင်းစေ့၏ အဓိပ္ပါယ်ကို မသိဟု ထင်နေသည့်အတွက် ကျကျနနပင် ရှင်းပြလိုက်သေးသည်။
"ဂျင်ဆင်းစေ့က ကျွန်တော့်ဆီကနေ ဖြစ်ထွန်းလာတဲ့ အစေ့တွေလေ ကျွန်တော်က နှစ်ပေါင်းရာနဲ့ချီပြီးမှ တစ်ခါ အပွင့်ပွင့်တာနော် ပြီးတော့ အသီးသီးဖို့ဆိုတာကလည်း နောက်ထပ် နှစ်တွေ ရာနဲ့ချီပြီး စောင့်ရသေးတာ ဒီအစေ့တွေက အရမ်းကို အဖိုးတန်တာနော် ..."
"မင်းပြောတော့ သူတို့က မင်းရဲ့ ကလေးတွေဆို ..."
"ဟုတ်တယ်လေ အဲ့လိုပြောရမှာပေါ့ ဒါပေမယ့် ကျွန်တော်တို့လို အပင်မျိုးစိတ်တွေက အစေ့နဲ့ပတ်သက်ပြီး သိပ်ဂရုမစိုက်ကြပါဘူး သူတို့ကို အပင်ပေါက်အောင် ပျိုးထောင်မှာမှ မဟုတ်တာ ..."
သူ့အသံက တစ်ဖြေးဖြေး တိမ်ဝင်သွားတော့သည်။
"ဒါပေမယ့် အဲ့ဒီ့အစေ့တွေကိုတော့ ယူခွင့်မပြုဘူးနော် ..."
သူ့ရှင်းပြချက်ကို ကြားရကာမှ ကျောက်လင်းယွီလည်း စိတ်အေးသွားရတော့သည်။ သို့သော် မကြာမီတွင်ပင် သူ့စကားထဲမှ ထူးဆန်းမှုတစ်ချို့ကို သတိထားမိသွားသည်။
"နှစ်တစ်ထောင် ... နှစ်ရာနဲ့ချီပြီး ..."
ရမ်ရှန့်က သူ့ထံ ပြေးဝင်ကာ အောင်ပွဲခံသည့် အကြည့်တို့ဖြင့် ကြည့်လိုက်သည်။
"ပြောပါတယ် ကျွန်တော့်အသက်က နှစ်ပေါင်းသိန်းနဲ့ချီနေပါပြီလို့ ခင်ဗျားထက် နှစ်တွေ အများကြီး အများကြီး ပိုကြီးလို့ ကလေးဆိုပြီး ထပ်မခေါ်နဲ့တော့ ..."
အသက်က နှစ်ပေါင်းသိန်းနဲ့ချီနေပြီ ... ဒါတောင် သူက မြက်နုကြိုက်တဲ့ နွားအိုကြီးလို့ ကိုယ့်ကိုယ်ကို တွေးမိခဲ့သေးတယ်ပေါ့ ... တကယ်တမ်းပြောရရင် ဒီမြက်နုလေးကတောင် ပိုပြီး အသက်ကြီးနေသေးတာကိုလေ ...မဟုတ်သေးဘူး အသက်အရွယ်ကို သတ်မှတ်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာတင်မကဘူး စိတ်ပိုင်းဆိုင်ရာကိုပါ ထည့်စဉ်းစားရဦးမှာပဲ ...
"အဲ့ဒီနှစ်တွေမှာ မင်း ဘယ်လိုများ နေခဲ့လဲ လူတွေရော ဘယ်နှယောက်လောက် တွေ့ဖူးလဲ ..."
"အမြစ်ချတယ် နေပူဆာလှုံတယ် ဒီလိုနဲ့ပဲ နေလာခဲ့တာပဲ လူတွေကတော့ အများကြီး တွေ့ဖူးပါတယ် ကျွန်တော့်ရဲ့ သခင်ရော ပြီးတော့ ကျွန်တော့်ကို စားဖို့ ချောင်းနေတဲ့ ဟိုလူဆိုးကောင်တွေရောပဲ ပြီးတော့ ခင်ဗျားနဲ့ လက်ထပ်ရမယ်လို့ ပြောခဲ့တဲ့ ဒီနိုရောပဲ ..."
ရမ်ရှန့်က သူ့ဇာတ်ကြောင်းကို အတိုချုပ် ရှင်းပြလိုက်သည်။
ကျောက်လင်းယွီသည်လည်း ယခင်က သူကောက်ချက်ချခဲ့သည်များကို ပြန်စဉ်းစားလိုက်သည်။ ရမ်ရှန့်သည် ထိုသခင်ဆိုသူနှင့်သာ နေခဲ့ရကြောင်း သဘောပေါက်ထားသည့်အတွက် သူ့ရုပ်ပိုင်းဆိုင်ရာမှာ ဖက်ဒရယ်ထက်ပင် ရှေးကျနေပြီဖြစ်သော်ငြား စိတ်အသက်မှာတော့ လွန်စွာ ငယ်ရွယ်နေဆဲပင်။ သူတို့နှစ်ဦးအကြား ကွာခြားချက်မှာတော့ ကြီးမားတော့ဟန် မရှိပေ။
"မင်းက နှစ်ပေါင်းသိန်းနဲ့ချီပြီး နေခဲ့တာဆို ဘာလို့ တစ်ခြားတစ်ယောက်က လက်ထပ်ရမယ်လို့ တောင်းဆိုတာကို လက်ခံလိုက်ရတာလဲ ..."
ကျောက်လင်းယွီက သူ့ကို ရင်ခွင်ထဲ ဆွဲထည့်ကာ ဆံပင်တို့ကို ဖွလိုက်သည်။
သူက ရမ်ရှန့်ကို ကျောင်းပို့ချင်သော်ငြား လတ်တလောအခြေအနေအရ ထိုကလေး သူ့ကိုယ်သူ ဖော်ထုတ်မိသွားမည်ကိုလည်း မလိုလားချေ။
"ကျွန်တော်က သာမန်ကာလျှံကာ လက်ထပ်လိုက်တာ မဟုတ်ပါဘူးနော် ခင်ဗျားကိုယ်ထဲမှာ သန့်စင်မြေတွေ ရှိနေတယ်လေ ..."
အရာအားလုံးကို မဖုံးကွယ်စတမ်း ပြောရမည်ဟု သဘောတူထားသည့်အတွက် ရမ်ရှန့်သည် ဘယ်တစ်ခုကိုမှ လျှို့ဝှက်မနေတော့။ သန့်စင်မြေအကြောင်း အကျဉ်းချုံးရှင်းပြလိုက်သည်။
ထို့နောက် သူက သက်ပြင်းတစ်ချက်ချလိုက်သည်။
"အရမ်းမိုက်တယ်မလား ခင်ဗျားဘေးမှာ နေရုံနဲ့ သန့်စင်မြေကို စုပ်ယူနိုင်မှာလေ ဒါပေမယ့် ဟိုကျင့်စဉ်ကို ပေးလိုက်မိကတည်းက စုပ်ယူလို့ မရတော့ဘူး ကျွန်တော်ကတော့ သေချာပေါက်ကို ငတ်တော့မှာပဲ ..."
ဒါဆို သူ့ကိုယ်ထဲမှာ သန့်စင်မြေဆိုတဲ့ဟာကြီး ရှိနေလို့ ရမ်ရှန့်က သူ့ကို သဘောတကျ ကပ်တွယ်နေတာပေါ့ ...
ထိုသည်ကို သိလိုက်ရချိန်တွင် ကျောက်လင်းယွီမှာ ပြောစရာစကားပင် ရှာမရတော့ချေ။
သို့သော်ငြား ရယ်ချင်စိတ်ကိုလည်း ထိန်းချုပ်၍မရ။ အခြားသူသာဆိုလျှင် သန့်စင်မြေအကြောင်း လျှို့ဝှက်ထားကာ ကျေးဇူးရှင်အမည်ခံမည်ဖြစ်သည်။ ဒီကလေးကတော့ တအားကို ရိုးသားတာပဲ ...
"သန့်စင်မြေကို စုပ်ယူဖို့က ကိုယ်သေသွားရင် ပိုလွယ်မှာဆိုတာကိုရော သိလား ..."
သူက ခပ်ပြုံးပြုံး မေးလိုက်သည်။ ရမ်ရှန့်က သန့်စင်မြေကြောင့် သူနှင့် နီးစပ်ရန် ကြိုးပမ်းခဲ့သည်ဟု ပြောခဲ့သော်ငြား အဆုံးတွင်တော့ သူ့အတွက် ကောင်းမွန်လှသည့်အရာမှာ သူ့လက်ချက်ကြောင့် စုပ်ယူ၍ မရတော့။
"သေလို့မရဘူး ..."
ရမ်ရှန့်က ဒေါသတကြီး ပြန်ဖြေလိုက်သည်။
"ဘာလို့ မရတာလဲဆိုတော့ ... ကျွန်တော်က ဉာဏ်ကောင်းတဲ့သူလေ ခင်ဗျားသာ သေသွားမယ်ဆိုရင် တစ်ခြားသူတွေက ကျွန်တော့်ကို ဖမ်းပြီး စားပစ်ကြမှာပေါ့ ..."
"ဟုတ်ပါ့ ကိုယ်တို့ရမ်ရှန့်လေးက ဉာဏ်အကောင်းဆုံးပဲ ..."
ကျောက်လင်းယွီ၏ ခံစားချက်တို့မှာ တစ်ဖြေးဖြေး ပြန်ကောင်းလာတော့သည်။
"ဒါဆို ကျွန်တော့်ကို ပျိုးထောင်မယ်မဟုတ်လား ... အခု ကျွန်တော်က အာဟာရတွေ စုပ်ယူလို့ မရတော့ဘူးဆိုတော့ အာဟာရပျော်ရည် ဇလုံ ၅၀ မဟုတ်သေးဘူး ၁၀၀ လိုချင်တယ် ... အဲ့ဒါတွေကို ရေချိုးတဲ့ဇလားထဲ ထည့်ပေးနော် အဲဒါမှ ကျွန်တော်လည်း ကောင်းကောင်း ဝင်စိမ်လို့ရမှာ ..."
အာဟာရပျော်ရည်ထဲမှာ စိမ်မယ် ... အထက်တန်းလွှာတွေက အာဟာရပျော်ရည်ကို မနှစ်မြို့စရာကောင်းတယ်လို့ သဘောထားကြတယ်ဆိုတာကို ဒီကလေး သိရောသိရဲ့လား ...
စစ်တပ်ထဲတွင် ရှိစဉ်ကပင် ထိုအာဟာရပျော်ရည်၏ အဆင်းနှင့် အရသာကို မနှစ်မြို့လှသဖြင့် မလွှဲမရှောင်သာမှသာ စားလေ့ရှိသည်။ ဒါပေမယ့် အဲဒါတွေနဲ့သာ ရမ်ရှန့်ကို စိမ်လိုက်ရင် ...
ထိုမြင်ကွင်းကို စိတ်ကူးယဉ်ပြီးနောက် ကျောက်လင်းယွီသည် တံတွေးကိုသာ အကြိမ်ကြိမ် မျိုချလိုက်ရတော့သည်။
xxxxxx