အပိုင်း ၂၄
Viewers 18k

Chapter 24


ယခင်ကမူ ဂျင်ဆင်းဝိဉာဉ်ဖြစ်ကြောင်း လူမသိစေရန်အတွက် ရမ်ရှန့်သည် အမြဲလိုလို သတိကပ်၍သာ နေထိုင်ခဲ့ရသော်ငြား  ပြီးခဲ့သည့် ရက်အနည်းငယ်က ကျောက်လင်းယွီနှင့် စကားပြောပြီးနောက်တွင်တော့ သူ့ရင်ထဲရှိ ပူပင်မှုတို့ကို လွှတ်ချနိုင်သွားပြီဖြစ်သည်။ ထို့ကြောင့် ရမ်ရှန့်မှာ ယခင်ထက် ပိုမိုပြီး စကားများ ပြောကာ ရွှင်လန်း တက်ကြွလာတော့သည်။ 


ကျောက်လင်းယွီ၏ အမြင်တွင် ရမ်ရှန့်က သူ့ကို သဘောကျ၍သာ နီးနီးကပ်ကပ် နေခဲ့ခြင်းဖြစ်သည်။ သို့သော် လက်တွေ့တွင်တော့ သူ့ကို သဘောကျသည်ထက် သူ့ကိုယ်ထဲရှိ သန့်စင်မြေကို ပိုသဘောကျနေခြင်းဖြစ်သည်။ 


ရမ်ရှန့်သည် နှစ်သိန်းပေါင်းများစွာ နေထိုင်ခဲ့သည် ဆိုသော်ငြား သူ့သခင်တစ်ဦးတည်းနှင့်သာ ပြောဆိုဆက်ဆံခဲ့ဖူးပြီး ကျန်အချိန်များကိုတော့ အမြစ်တို့ကို ဆန့်တန်း၍ နေပူဆာလှုံခြင်းဖြင့်သာ ကုန်ဆုံးခဲ့ရသူဖြစ်သည်။ များမကြာမီ မသမာသူတစ်စုက သူ့ဂူထဲ ခိုးဝင်ကာ သူ့ကိုဖမ်းဆီး၍ သတ်စားရန် ကြံခဲ့သည်။ ထို့နောက်တွင်တော့ အာကသအက်ကွဲကြောင်းထဲသို့ ကျရောက်ရာမှတစ်ဆင့် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ 


ဒီလိုလူမျိုးက အချစ်ရဲ့ အဓိပ္ပါယ်ကို သိမယ်လို့ မျှော်လင့်နေသေးတာလား ... 


ကျောက်လင်းယွီသည် သူ့လက်ထဲရှိ ဂျင်ဆင်းလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။ အချက်အလက်တို့ကို ဖတ်မိလေလေ သူ့နှလုံးသားမှာ နာကျင်လေပေဖြစ်သည်။ ထိုဂျင်ဆင်းလေးမှာ အချစ်၏ အဓိပ္ပါယ်ကိုပင် မသိသေးသူတစ်ဦး ဖြစ်နေသည်။ 


သူက အရင်တုန်းကဆို ပြစ်မျိုးမထင်အောင် လှတဲ့ မိန်းကလေးတွေကိုပဲ သဘောကျခဲ့တာပါ ဘာလို့များ အကြိုက်ပြောင်းသွားရတာလဲ မသိဘူး ... 


အကြိုက်ပြောင်းသွားရုံတင် မကသေးဘူး အရင်တုန်းက ရမ်ရှန့်အရွယ်ရောက်တဲ့အထိ စောင့်ပြီး ချစ်ခွင့်ပန်မယ်လို့ တွေးခဲ့တာ အခု သေချာပြန်စဉ်းစားကြည့်ကာမှ ရမ်ရှန့်အရွယ်ရောက်တဲ့အချိန်ဆို ဖက်ဒရယ်တောင် ရှိပါဦးမလား ... 


ရမ်ရှန့်ကတော့ အတွေးတို့ ရှုပ်ထွေးနေသော ကျောက်လင်းယွီကို သတိမထားမိ။ သူ့လက်များကို အမြစ်ပုံစံပြောင်းကာ တစ်ဖက်က မာရှယ့်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ရင်  နောက်ထပ်တစ်ဖက်က သူ့ဘေးရှိ အာဟာရပျော်ရည်ပန်းကန်နားသို့ တစ်ဖြေးဖြေး တိုးသွားသည်။ ခဏအကြာတွင်တော့ ပန်းကန်ထဲရှိ အာဟာရဖြည့်စွက်စာတို့ ပျောက်ကွယ်သွားတော့သည်။ အမြစ်ကလည်း နောက်တစ်ပန်းကန်ကို လက်လှမ်းနေပြီဖြစ်သည်။ 


"ကိုယ် အာဟာရပျော်ရည် လုပ်ပေးရမလား ..." 


ကျောက်လင်းယွီက ဘေးနားရှိ ပန်းကန်အလွတ်ကို ကြည့်ကာ တွေးဆဆဖြင့် ပြောလိုက်သည်။ 


"အာဟာရပျော်ရည်... အရင်တစ်ခေါက် အန်တီက ခင်ဗျားအတွက် လုပ်ပေးတော့ မြည်းကြည့်ဖူးတယ် အရသာကြီးက တအားဆိုး‌တာပဲ ..." 


ရမ်ရှန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


"အဲ့ဒါက ကိုယ့်အတွက် သီးသန့်လုပ်ပေးထားတာဆိုတော့ အမိုင်နိုအက်စစ်တွေပဲ အများကြီး ပါနေတာလေ မင်းမကြိုက်တာလည်း မထူးဆန်းပါဘူး ဒါပေမယ့် တစ်ခြားအရသာတွေ အများကြီး ရှိသေးတယ် ..." 


ရမ်ရှန့်၏ သရုပ်မှန်ကို လျှို့ဝှက်ထားရမည် ဖြစ်သော်ငြား သူ့ကို ဖြည့်စွက်စာသပ်သပ်လည်း မကျွေးချင်သည့်အတွက် အခြားနည်းလမ်းတစ်ခုကို ရှာရတော့မည်ဖြစ်သည်။ 


ရမ်ရှန့်က အပင်တွေ၊ မြက်တွေ ကြီးထွားလာအောင် လုပ်ဖို့အတွက် အာဟာရဖြည့်စွက်စာတွေ အများကြီး စားရတာ ဆိုတာက ပိုပြီး ယုတ္တိရှိမယ်ထင်တယ် ... မဟုတ်ရင် လူတွေ သံသယဝင်လာနိုင်တယ် ... 


"ကောင်းသားပဲ ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ကာ ကျောက်လင်းယွီကို ပွေ့ဖက်လိုက်သည်။ သူ့ကို အရိုးသားဆုံး ပြောပြပြီးကတည်းက သူနှင့်နီးနီးကပ်ကပ်နေရမည်ကို တစ်ဖြေးဖြေး ပိုနှစ်သက်လာခဲ့သည်။ 


"လင်းယွီ ခင်ဗျားကလေ ကျွန်တော့်သခင်ထက် အများကြီး ပိုကောင်းတယ် ..." 


သူ့သခင်က သန့်စင်မြေများဖြင့် သွေး‌ဆောင်ခဲ့သော်ငြား သူ့ကို အပြင်လည်း လိုက်မပို့ခဲ့သလို ကျောက်လင်းယွီလို ပုံပြင်လည်း ပြောမပြခဲ့ချေ။ 


"ဟုတ်လား ..." 


သူက ဂျင်ဆင်းလေး၏ ခေါင်းကို ဖွဖွလေး ပုတ်ပေးလိုက်သည်။ သူတော့ ဒီကလေးကို အများကြီး ပိုကောင်းပေးရတော့မှာပဲ ... 


"ဟုတ်တာပေါ့ ..." 


ရမ်ရှန့်က သူ့ကို ထပ်မေးလိုက်သည်။ 


"လင်းယွီ ဘာလို့ ထပ်ပြီး မကျင့်ကြံတော့တာလဲ ..." 


"ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို အရင်ဆုံး ကျင့်သားရအောင် လုပ်ရဦးမယ်လေ ပြီးမှပဲ ဆက်လေ့ကျင့်တော့မယ် ..." 


သူက ပြောလိုက်သည်။ သို့သော် သူ မကျင့်ကြံရခြင်း၏ အကြောင်းပြချက် အစစ်အမှန်နှင့်တော့ လားလားမှ မနီးစပ်ပေ။ 


သူသာ ဆက်ပြီး ကျင့်ကြံလိုနေသေးလျှင် ရမ်ရှန့်က ဂျင်ဆင်းစေ့များကို ကျွေးနေရဦးမည်ဖြစ်သည်။ ထိုသည်သာမက သန့်စင်‌မြေကိုလည်း စုပ်ယူနိုင်တော့မည် မဟုတ်ချေ။ 


သူ၏ အခြေအနေမှာ တိုးတက်နေပြီးဖြစ်သည့်အတွက် အခုအချိန်တွင် ရပ်တန့်လိုက်လျှင်ပင် ပြဿနာမရှိနိုင်တော့ပေ။ ထိုအကြောင်းကို ရမ်ရှန့်ကိုတော့ ပြောပြလိမ့်မည် မဟုတ်ချေ။ 


ရမ်ရှန့်ကတော့ သူ့စကားများကို သံသယဝင်ဟန်မတူပေ။ 


"ဟုတ်တာပေါ့ ကျင့်သားရအောင် လုပ်ရဦးမှာပဲ အဲဒါမှ ခင်ဗျားလည်း ကျွန်တော်တို့နဲ့အတူတူ အိမ်ထဲမှာ စားနိုင်နေနိုင်မှာလေ ..." 


ကျောက်လင်းယွီသည် သူ့ခွန်အားကို လုံလုံလောက်လောက် မထိန်းချုပ်နိုင်သေးချေ။ သူ၏ သုံးဖက်မြင် helmet ကိုပင် ဖျက်ဆီးပစ်လုနီးနီး ဖြစ်ခဲ့သေးသည်။ 


"ဟုတ်တယ် ..."


သူက ခေါင်းငြိမ့်ပြလိုက်သည်။

24.2


"ဒါပေမယ့် ကြိုးကြိုးစားစား ကျင့်ကြံရမယ်နော် အဲဒါမှ အသက်အရှည်ကြီး နေသွားနိုင်မှာ ..." 


ရမ်ရှန့်က ထပ်လောင်းပြောလိုက်သည်။ 


ကျောက်လင်းယွီကြောင့်သာ မဟုတ်ပါလျှင် သူသည် ယခုလိုမျိုး အသက်ရှင်နိုင်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် ကျောက်လင်းယွီကို ဘယ်လိုနည်းနှင့်မျှ အထိခိုက်မခံနိုင်။ 


လူ့သက်တမ်းက တကယ်ကို တိုတာပဲ။ သူသာ မြေကြီးထဲ ဝင်အိပ်ပြီး နောက်တစ်ကြိမ် ပြန်နိုးလာတဲ့အချိန်ဆို ကျောက်လင်းယွီက အသက်တောင် မရှိလောက်တော့ဘူး ... 


ကျောက်လင်းယွီက ကြက်သေသေသွားသည်။ ထိုကဲ့သို့ ကိစ္စမျိုး ရှိနေမှန်းပင် သူမသိခဲ့။ 


"ဒါနဲ့ ကျွန်တော် ခင်ဗျားကို ပြောချင်တာ ရှိသေးတယ် ..." 


ရမ်ရှန့်က သူ့ကို တွန့်ဆုတ်ဆုတ် ကြည့်လိုက်သည်။ 


"ဘာကိုလဲ ..." 


သူက ‌သိလိုစိတ်အပြည့်ဖြင့် ပြန်မေးလိုက်သည်။ 


"ဟိုလေ ... သန့်စင်မြေကလေ ခင်ဗျားရဲ့ တံတွေးထဲမှာလည်း နည်းနည်းလေး ရှိနေတော့လေ ... အဲဒါ ကျွန်တော့်ကို နည်းနည်းလောက် ပေးပါလားဟင် ..." 


ရမ်ရှန့်က သူ့ကို မျှော်လင့်တကြီး ကြည့်နေလိုက်သည်။ သူ့သခင်က သူ့ကို အစားမခံရစေရန် ဂရုစိုက်ရမည်ဟု မှာကြားထားသည့်အတွက် ကျောက်လင်းယွီ၏ ပါးစပ်နှင့် ခပ်ခွါခွါနေလေ့ရှိသည်။ တံတွေးအချို့ကို လိုချင်သော်ငြား အကိုက်ခံရမည်ကိုလည်း စိုးရိမ်မိနေသေးသည်။ 


တံတွေးကို ဘယ်လိုမျိုး စုပ်ယူမှာလဲ ... 


ကျောက်လင်းယွီ၏ အတွေးတစ်ခုလုံးတွင် ကလေးများနှင့် မသင့်တော်သည့် ပြကွက်တို့ဖြင့် ဖုံးလွှမ်းသွားတော့သည်။ နောက်ဆုံးတွင်တော့ သူလည်း ခေါင်းငြိမ့်ပြလိုက်ရတော့သည်။ 


သူက ရမ်ရှန့်ကို တောက်လောင်နေသော အကြည့်တို့ဖြင့် ကြည့်နေလိုက်သည်။ သို့သော် မူလက သူ့ကို ရစ်ပတ်ထားသည့် ရမ်ရှန့်၏ လက်များက သူ့ပါးစပ်နားရောက်လာကာ မျက်စိတစ်မှိတ်အတွင်းတွင်ပင် သူ့ပါးစပ်ထဲရှိ တံတွေးတို့ ပျောက်ကွယ်သွားတော့သည်။ 


"ခင်ဗျားရဲ့တံတွေးထဲမှာ သန့်စင်‌မြေတွေ အများကြီး မရှိဘူးထင်တယ် ဘာပဲဖြစ်ဖြစ် ချွေးတွေထက်တော့ အများကြီး သာပါသေးတယ် ..." 


စုပ်ယူပြီး‌နောက် ရမ်ရှန့်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ ကျောက်လင်းယွီက သန့်စင်မြေကို သိပ်ကြိုက်ပုံမပေါ်တာ မထူးဆန်းတော့ပါဘူး ... 


ကျောက်လင်းယွီကလည်း သူ့ကို စိတ်ပျက်လက်ပျက်ဖြင့်သာ ကြည့်နေလိုက်တော့သည်။ 


သို့သော်ငြား သူ၏ စိတ်ရှုပ်နေမှုတို့က ကြာရှည်မခံ။  များမကြာမီ သူ့လက်ထဲရှိ ဆက်သွယ်ရေးစက်က အသံမြည်လာတော့သည်။ ဝူရွှိုက်က သူ့ကို သတင်းကြည့်ရန် စာပို့ထားခြင်းဖြစ်သည်။ 


သတင်းဖတ်ရန်မှာ လွယ်ကူလွန်းလှသည်။ သုံးဖက်မြင် helmet ကိုပင် ထိရန်မလို။ အသံထိန်းချုပ်မှုစနစ်ဖြင့် နံရံပေါ်ရှိ ကွန်ပျူတာကိုဖွင့်ကာ သူနှင့်သက်ဆိုင်‌သည့် ခေါင်းစီးသတင်းကို လှန်လှောဖတ်ရှုလိုက်သည်။ 


သတင်းကို အလွယ်တကူပင် ရှာတွေ့လိုက်ပြီး ရေးသားထားသည့် အချက်အလက်တို့မှာလည်း အသေးစိတ်ကျလွန်းလှသည်။ ဖက်ဒရယ်အစိုးရအဖွဲ့က လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားခဲ့သည့် အသန်မာဆုံး အပင်စွမ်းရည်ပိုင်ရှင် ထန့်လောင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် မြို့တော်ကြယ်သို့ သုံးရက်အတွင်း ရောက်ရှိမည်ဖြစ်ပြီး ကျောက်လင်းယွီကို ဆေးပညာဗဟိုဌာနမှ ဆရာဝန်များနှင့်အတူ ပူးပေါင်းကာ ကုသပေးမည်ဖြစ်သည်။ 


သတင်းထုတ်ပြန်လိုက်သည်နှင့်တစ်ပြိုင်နက် အစိုးရကို ချီးကျူးသည့် မှတ်ချက်တို့က တစ်ဟုန်ထိုး တိုးတက်လာတော့သည်။  လူထုက ဖက်ဒရယ်သည် ကျောက်လင်းယွီ၏ ဒဏ်ရာအတွက် ကောင်းကောင်းအာရုံစိုက်ထားသည်ဟုသာ ထင်မြင်ခဲ့ကြသည်။ သို့သော် ကျောက်လင်းယွီ၏ အတွေးကတော့ မတူညီပေ။ မျောက်မီးခဲကိုင်မိသလို ဖြစ်နေသူတစ်စု၏ လက်ချက်သာ ဖြစ်နိုင်သည်။ 


ရှန်းချိုးရှစ်က သူ့အခြေအနေ ပြန်ကောင်းနေပြီဟု မီဒီယာရှေ့တွင် ပြောပြီးနောက်ပိုင်း ကျောက်မိသားစုသည် တံခါးကို တင်းတင်းကြပ်ကြပ်ပိတ်ကာ မည်သူ့ကိုမှ အဝင်မခံတော့။ ထိုလူစုမှာ ကျောက်မိသားစုအကြောင်း သတင်းတစ်စွန်းတစ်စပင် မရတော့သည့်အတွက် ထိုနည်းလမ်းမျိုးကိုသုံးကာ ကျောက်မိသားစုထဲ ဝင်ရောက်ရန် ကြံစည်လာကြခြင်းဖြစ်သည်။ 


‌နည်းလမ်းကောင်းကို ရွေးချယ်ထားသည်ဆိုသည့်အချက်မှာတော့ အငြင်းပွားဖွယ်ရာ မရှိပေ။ 


အပင်စွမ်းရည်ပိုင်ရှင်ကသာ ကျောက်လင်းယွီ၏ စွမ်းအင်ကမောက်ကမဖြစ်မှုကို ခံနိုင်ရည်ရှိသည်ဆိုသည့်အချက်မှာ ဖက်ဒရယ်တစ်ခုလုံး သိပြီးသားဖြစ်သည်။ အစိုးရက သူ့အတွက် အသန်မာဆုံး အပင်စွမ်းရည်ပိုင်ရှင်ကိုပင် အားကြိုးမာန်တက် ဖိတ်ကြားပေးခဲ့ရသည့်အတွက် ကျောက်မိသားစုက ငြင်းဆန်၍မရပေ။ သို့မဟုတ်ပါလျှင် လူထုက ရှန်းချိုးရှစ်သည် သူတို့၏ မာရှယ်ကို တစ်ခုခု အကောက်ကြံထားသည်ဟု ထင်မြင်ကြတော့မည်ဖြစ်သည်။ 


ထို့ကြောင့် သုံးရက်အတွင်းတွင် ကျောက်မိသားစုသည် ဧည့်သည်ကို ကြိုဆိုရန်အတွက် အိမ်တံခါးများကို ဖွင့်ပေးရတော့မည်ဖြစ်သည်။ 


xxxxxxxx