အပိုင်း ၂၅
Viewers 18k

Chapter 25


ကျောက်လင်းယွီကလည်း လူ့ဘောင်သစ်အထိမ်းအ မှတ်နေ့ မတိုင်မီ လူလုံးထွက်ပြရန် ကြံရွယ်ထားပြီးဖြစ်သည်။ သူ့ကျန်းမာရေးမှာလည်း ကောင်းမွန်နေပြီဖြစ်ကာ လိုအပ်သည်များကိုလည်း စီစဉ်ပြီးဖြစ်သော်ငြား အစီအစဉ်တို့ကို ရှေ့တိုးလိုက်ရတော့သည်။ 


"ထန့်လောင်က အရမ်းကို စွမ်းအားကြီးတာပဲလား ..." 


နိုင်ငံရေးလှည့်ကွက်တို့ကို မသိရှာသည့် ရမ်ရှန့်က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"သေချာပေါက်ကို စွမ်းအားကြီးတာပေါ့ ... သူက စကြဝဠာထဲကိုတောင် တစ်ယောက်ထဲ ခရီးသွားနိုင်တာလေ ..." 


ကျောက်လင်းယွီကလည်း မစ္စတာထန့်ကို အင်မတန် လေးစားသူဖြစ်သည်။ 


"ဒါပေမယ့် သူက လူရှေ့ထွက်မလာ‌တာတောင် ကြာလှပေါ့ သေချာတဲ့ အရင်းအမြစ်တွေ တွေ့မှ ဖက်ဒရယ်ကို လှမ်းအကြောင်းကြားတာပဲရှိတာ ဒီဆယ်နှစ်လုံးလုံး ဘာသတင်းမှ မကြားရဘူးလေ ဒါတောင်မှပဲ ဟိုလူတွေက သူ့ကို ရှာတွေ့နိုင်သေးတယ်  ..." 


"အရမ်းကို သန်မာတာပဲ ..." 


ရမ်ရှန့်မှာ အနည်းငယ် အံ့အားသင့်သွားတော့သည်။ အာကာသယာဉ်ပေါ်တွင် နေခဲ့ရစဉ်က စကြဝဠာ၏ အတွေ့အကြုံကို ခံစားခဲ့ရသည့်အတွက် နေရာအနှံ ဗလာဖြစ်နေမှုက သူ့ကို မပျော်မရွှင် ဖြစ်စေခဲ့သည်။ အကယ်၍ သူသာ စကြဝဠာထဲတွင် တစ်ယောက် တည်း နေရပါလျှင် မကြာချက်ခြင်း ညှိုးနွမ်းသွားမည်ဖြစ်သည်။ 


"ဟုတ်တယ်လေ သူ့အသက်က နှစ်ငါးရာတောင် ရှိသွားပြီ ..." 


သူက ရမ်ရှန့်၏လက်ကို ဖျစ်ညှစ်လိုက်သည်။ 


"သူလာလို့ရှိရင် သတိထားဦးနော် မင်းရဲ့ ထူးခြားချက်တွေကို သတိပြုမိမသွားစေနဲ့ဦး ..." 


မစ္စတာထန်မှာ မငယ်ရွယ်လှတော့။ သူနှင့် မျိုးဆက်တူသူများ အထူးသဖြင့် စွမ်းရည်ပိုင်ရှင်များသည်ပင် သေဆုံးသွားကြပြီဖြစ်သည်။ သူ့ထံမှလည်း သတင်းတစ်စပင် မကြားရတော့သည့်အတွက် အားလုံးက မစ္စတာထန်ကို ကွယ်လွန်ပြီဟုသာ ထင်မှတ်ထားကြ၍ သူပြန်ရောက်လာလိမ့်မည်ဟု တွေးပင် မတွေးထားဖူးကြပေ။ 


ကျောက်လင်းယွီသည် ဂုဏ်ယူမှုနှင့် ကူကယ်ရာမဲ့မှုတို့ကို တစ်ပြိုင်တည်း ခံစားလိုက်ရတော့သည်။ 


ရမ်ရှန့်က နာနာခံခံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ကျောက်လင်းယွီ ရွေးချယ်ပေးထားသည့် အပင်စွမ်းရည်ပိုင်ရှင်တို့၏ တိုက်ပွဲကို ကြည့်ရှုရင်း သူ့စွမ်းအင်ကို လေ့ကျင့်ရန် ထွက်သွားလိုက်တော့သည်။ 


စိတ်စွမ်းအင်အချို့ကို အသုံးပြုပြီးနောက်တွင်တော့ သူ့ခြေထောက်အောက်ရှိ သစ်ပင်လေးမှာ ကြီးထွားစပြုလာလေပြီဖြစ်သည်။ ထိုသစ်ပင်ငယ်ကို ထိန်းချုပ်ကာ အသုံးချလိုက်တော့သည်။ 


ရမ်ရှန့်သည် သူ့ဘေးနားရှိ သစ်ပင်တို့ကို ထိန်းချုပ်ရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။ မတွေးခဲ့မိခြင်းသာ ဖြစ်ပြီး  မထိန်းချုပ်နိုင်ဟုတော့ မဆိုလိုပေ။ 


ကြီးထွားနေရင်း တန်းလန်းဖြင့် သစ်ပင်ငယ်သည် ဘယ်ဘက်မှ ညာဘက်သို့ တစ်ဖြေးဖြေး ကွေးညွတ်ကာ S ပုံစံ ဖြစ်လာ‌တော့သည်။ 


ဒါပေမယ့် ယှဉ်ပြိုင်တိုက်ကြပြီဆိုရင် ဒီလိုသစ်ပင်မျိုးက အလုပ်မဖြစ်လောက်ဘူးထင်တယ် ... ကျောက်လင်းယွီပြောထားသလိုမျိုး အသားစားပန်းပွင့်တို့၊ အဆိပ်ငါးမျိုးမြက်တို့လို တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့ အပင်မျိုး ရှာတာက ပိုကောင်းမယ်ထင်တယ် ... 


တိုက်ခိုက်တဲ့အချိန်တိုင်း အပင်ရဲ့ကြီးထွားနှုန်းကို အရှိန်မြှင့်ပေးနေရတာကတော့ စိတ်ပျက်စရာပဲ ဉာဏ်အလင်းပွင့်ပြီးသား ညီငယ်လေးနည်းနည်းလောက် ရရင် ကောင်းမှာပဲ ဒါပေမယ့် ဒီကမ္ဘာမှာ ဘာအရှိန်အဝါမှ မရှိတော့ အပင်တွေ ဉာဏ်အလင်းပွင့်လာဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူးလေ ... 


ရမ်ရှန့်မှာ အနည်းငယ် လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။ သိပ်မကြာလိုက် ထူးဆန်းမှုတစ်စွန်းတစ်စကို ခံစားလိုက်မိတော့သည်။ 


ဘယ်ကထွက်လာမှန်း မသိ‌သည့် အစိမ်းရောင် နွယ်ပင်တစ်ပင်က သူ့စိတ်စွမ်းအင်တို့ ထည့်သွင်းထားသည့်အပင်ကို ရစ်ပတ်ကာ တက်လာသည်။ ရမ်ရှန့်သည် ထိုနွယ်ပင်တွင် သူနှင့်မျိုးနွယ်တူသည့် အနံ့အသက်ကို ခံစားမိလိုက်သည်။ 


ဒါက သေချာပေါက်ကို ဉာဏ်အလင်းပွင့်နေတဲ့ အပင်ပဲ!!! ဒါပေမယ့် ဉာဏ်အလင်းပွင့်တာ သိပ်မကြာလောက်သေးဘူးဆိုတော့ ပုံစံပြောင်းဖို့တို့၊ လူတွေနဲ့ ဆက်သွယ်ဖို့တို့ကတော့ မဖြစ်နိုင်လောက်သေးဘူး ... 


သူသည်လည်း ကနဦးအစက ထိုအဆင့်တွင် အကြာကြီး နေလာခဲ့ရပြီး ကလေးတစ်ယောက်အရွယ် ဖြစ်လာရန် အချိန်မည်မျှ ကြာမှန်းပင် မသိတော့။ 


ကျင့်ကြံရေးကမ္ဘာတွင် နေထိုင်ခဲ့စဉ်က ရမ်ရှန့်သည် အပြင်လောကအကြောင်းကို သူ့သခင်၏ စကားများမှသာ တစ်ဆင့်ကြားခဲ့ရပြီး ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ခဲ့ရဖူးပေ။ ထို့ကြောင့် သူနှင့် မျိုးနွယ်တူကို မြင်လိုက်ရသည့်အခါ ဝမ်းသာအားရဖြင့် ထိုနွယ်ပင်ရှိရာသို့ အပြေးသွားလိုက်တော့သည်။ 

(ဒီမှာလေ မျိုးနွယ်တူဆိုတာက ဂျင်ဆင်းမျိုးနွယ် မဟုတ်ဘဲနဲ့ သူ့လိုမျိုး အသိစိတ်ရှိနေတဲ့အပင်လို့ ပြောချင်တာထင်တယ်) 


သူ့လှုပ်ရှားမှုကို သတိထားမိဟန်ရှိသည့် နွယ်ပင်ကလည်း ပုံမှန်နှင့် မတူ‌စွာ ငြင်ငြင်သာသာဖြင့် ရစ်ပတ်လိုက်သည်။ ၎င်း၏ စုပ်ခွက်လေးများကို အသုံးပြုကာ ရမ်ရှန့်ပေါ် တွယ်တက်လာတော့သည်။ 


"ငါ့ဆီကနေ အခွင့်အရေးယူလို့ မရဘူးနော် ..." 


ရမ်ရှန့်က သူ့ကိုယ်ပေါ်ရှိ နွယ်ပင်ကို ပုတ်ကာ ပြောလိုက်သည်။


"ငါ့ကိုယ်ထဲကနေ လွင့်ထွက်လာတဲ့ စွမ်းအင်တွေကို စုပ်ယူလို့ ရတယ်ဆိုပေမယ့် ဒီစုပ်ခွက်တွေကို ‌တစ်ခြားတစ်ခုခုအတွက် အသုံးချရဲချကြည့် မင်းကို အစိတ်စိတ်အမွှာမွှာ လှီးပစ်မှာ ..." 


ထိုနွယ်ပင်များက သူ့ကိုယ်ထဲရှိ စွမ်းအင်များကို မစုပ်ယူနိုင်သေးသော်ငြား ပြောသင့်ပြောထိုက်သည်တို့ကိုတော့ ကြိုတင်ပြောပြထားရမည်ဖြစ်သည်။ 


နွယ်ပင်၏ အရွက်တို့က ခေါင်းငြိမ့်ပြနေသည့်နှယ် လေယူရာ ယိမ်းနွဲ့ပြလာသည်။ ထိုသည်ကို မြင်လိုက်ရသည့် ရမ်ရှန့်မှာလည်း ကျေနပ်အားရလာသည့်အတွက် နွယ်ပင်ထဲသို့ စိတ်စွမ်းအင်အနည်းငယ်ကို ပို့လွှတ်ပေးလိုက်သည်။ 


နွယ်ပင်တို့က ပို၍ပင် တက်ကြွစွာ ယိမ်းထိုးလာသည်။ မူလက သူ့ကို ရစ်ပတ်ထားသည့် နွယ်ပင်၏ တစ်စိတ်တစ်ပိုင်းကပါ ပြန်ရုတ်သိမ်းသွားတော့သည်။ 


နွယ်ပင်မှာ အလွန်ရှည်လျားလှသော်ငြား ရမ်ရှန့်၏ ကိုယ်ပေါ်သို့ အကုန်အစင် ရစ်ပတ်ပြီးချိန်တွင်တော့ အနည်းငယ်သာ ထူထဲနေသည်။ 


"မင်းက သေးလို့ကြီးလို့ ရတယ်ပေါ့ မိုက်လိုက်တာ ငါလည်း မင်းလို စွမ်းရည်မျိုးရှိရင် ကောင်းမှာပဲ  ..." 


ရမ်ရှန့်က အားကျစိတ်ဖြင့် နွယ်ပင်ကို ထိတွေ့လိုက်သည်။ ထို့နောက် အမြစ်ကို ရွှံ့ထဲချကာ သူလည်း ဖိနပ်ကိုချွတ်ပြီး ထိုင်လိုက်သည်။ 


"မင်းကလည်း ဉာဏ်အလင်းပွင့်သွားပြီဆိုတော့ ငါနောက်လိုက်မလား ငါ့မှာက စိတ်စွမ်းအင်လည်း ရှိတယ်လေ ပြီးတော့ မင်းကို သန့်စင်မြေလည်း နည်းနည်းလေး ပေးဦးမှာ ..."

25.2


သူသည် ယခင်က သန့်စင်မြေအနည်းငယ် စုဆောင်းထားခဲ့သော်ငြား ဒီရက်ပိုင်းအတွင်းတွင် ကြိုးကြိုးစားစား စုပ်ယူလိုက်သည့်အတွက် နောက်တစ်ဖန် ပြန်လည်စုဆောင်းရဦးမည်ဖြစ်သည်။ ကျင့်ကြံရာတွင် အထောက်အပံ့ကောင်းသည် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။ ထို့ပြင် လူများကို ချုပ်နှောင်ရာတွင်လည်း သူ့ကိုယ်ပိုင်အမြစ်တို့ကို သုံးခြင်းထက် နွယ်ပင်ကို သုံးခြင်းက ပိုပြီး အဆင်ပြေပေလိမ့်မည်။ 


သူ့အမြစ်တွေသာ ကျိုးသွားရင် ငိုဖို့တောင် နောက်ကျသွားလိမ့်မယ် ... 


ရမ်ရှန့်နှင့် နွယ်ပင်တို့က တပျော်တပါး ဆက်သွယ်နေကြသော်ငြား ကျွန်းအပြင်ဘက်ရှိ ဆံပင်ဖြူ၊ မုတ်ဆိတ်တို့နှင့် အဘိုးအိုမှာတော့ ကြက်သေသေနေပြီဖြစ်သည်။ သူ့နံဘေးတွင် လူများ ဝန်းရံနေသော်ငြား စိတ်မတည်ငြိမ်နိုင်သေးပေ။ 


သူသည် လွတ်လပ်ခြင်းနှင့် အသားကျနေခဲ့သူဖြစ်သည်။ ဖက်ဒရယ်မှ သူများနှင့်အတူ မြို့တော်ကြယ်သို့ ပြန်လိုက်ရန် ကတိပေးခဲ့သည်မှာလည်း ကျောက်လင်းယွီကို ကူညီလို၍သာ ဖြစ်သည်။ သို့သော် အခြားသူတစ်ဦးက သူ့ထက်အရင် ကျောက်မိသားစုသို့ ရောက်နှင့်နေပြီဖြစ်သည်။ 


ကျောက်မိသားစုမှာ အစောင့်အကြပ် ထူပြောလှသည့်အတွက် ခြံဝင်းအတွင်း ထိုးဖောက်ဝင်ရောက်နိုင်ခဲ့လျှင်တောင် အိမ်တော်အနီးသို့ ကပ်နိုင်ဦးမည်မဟုတ်ချေ။ လူလုံးထွက်ပြကာ ကျောက်မိသားစု ကြိုဆိုမည်ကို စောင့်ရန် စီစဉ်ထားခဲ့သော်ငြား သူပင် ထွက်မလာရသေးခင် နှစ်ပေါင်းများစွာ သူ့နောက်လိုက်ခဲ့သည့် အဖိုးတန်နွယ်ပင်က ကျွန်းရှိရာဆီသို့ ရုတ်တရက် ထွက်ပြေးသွားတော့သည်။ 


ကျောက်မိသားစုတည်ရှိရာ ကျွန်းတွင် စွမ်းရည်မြင့်သူ အများအပြား ရှိနေသည့်အတွက် သူ့နွယ်ပင်လေး အခုတ်ခံလိုက်ရမည်ကို ပူပန်နေမိသည်။ 


သို့သော်ငြား ထိုနွယ်ပင်ကို ပြန်မဆွဲနိုင်သေးခင်မှာပင် ၎င်းက သူ့ကို တွန်းပစ်ကာ အဝေးသို့ ထွက်ပြေးသွားပြန်သည်။ 


နွယ်ပင်က သူ့ကို ချန်ထားပြီး ထွက်ပြေးသွားပြီလို့... 


"ဘယ်သူလဲ ဘာလို့ ဒီနားရောက်လာတာလဲ ..." 


ကျောက်မိသားစု၏ အကူအညီဖြင့် ပြန်လည်သက်သာနေပြီဖြစ်သော ဒီနိုသည် ကျောက်မိသားစု၏ ကာကွယ်ရေးတပ်ဖွဲ့ထဲသို့ ဝင်ရောက်နေပြီဖြစ်သည်။ သူရှေ့ရှိ အဘိုးအို၏ ရုပ်ပုံကို အိမ်တော်သို့ သတင်းပို့ရင်း သတိကြီးကြီးထားကာ စောင့်ကြည့်နေလိုက်သည်။ 


ထိုသူမှာ အလွန်အမင်း အိုမင်းကာ လူဆိုးဖြစ်ဟန် မတူသော်ငြား ထိုအတွက်ကြောင့်ပင် ပိုပြီး သတိထားရမည်ဖြစ်သည်။ 


ထိုအဘိုးအိုကမူ သူ့နွယ်ပင်က သူ့ကို စွန့်ခွါသွားသည့်အတွက် ဝမ်းနည်းနေဆဲပင်။ အရှေ့ဘက်ရှိညကျွန်းကိုသာ ဝမ်းနည်းပက်လက်ဖြင့် ငေးကြည့်နေပေသည်။ ထိုအချိန်တွင် ကျောက်လင်းယွီရော ရှန်းချိုးရှစ်ကပါ ဓာတ်ပုံကို မြင်ပြီးကြပြီဖြစ်သည်။ 


"ထန့်လောင် ..." 


သူက မြို့တော်ကြယ်ကိုတောင် ရောက်မလာသေးဘူးလို့ပဲ သိထားတာ မဟုတ်ဘူးလား ဘာလို့ ရုတ်တရက်ကြီး ပေါ်လာရတာလဲ ပြီးတော့ တစ်ခြားအုပ်စုကလူတွေ တစ်ယောက်မှ မပါဘဲနဲ့လေ ... 


ကျောက်လင်းယွီမှာ စိတ်ရှုပ်ထွေးသွားတော့သည်။ သို့သော် ရှန်းချိုးရှစ်ကတော့ သူ့ကို ကြိုဆိုရန် သွားနှင့်ပြီဖြစ်သည်။ 


မစ္စတာထန်၏ ဂုဏ်ပုဒ်မှာ မြင့်မားသည့်အတွက် ကျောက်မိသားစုသည်ပင် သူ့ကို လျစ်လျူမရှုရဲပေ။ 


"မစ္စတာထန့် ချက်ခြင်းလာမကြိုဆိုလိုက်မိတဲ့အတွက် ခွင့်လွှတ်ပေးပါ ..." 


ထန့်လောင်၏ စွမ်းအင်ကို ခံစားမိချိန်တွင်တော့ ရှန်းချိုးရှစ်သည် သူ့သရုပ်မှန်ကို အကဲဖြတ်ကာ လေး‌လေးစားစား ပြောဆိုလိုက်သည်။ 


ထိုအချိန်မှသာ မစ္စတာထန့်လည်း သတိပြန်ကပ်လာခြင်းဖြစ်သည်။ 


"ကိစ္စမရှိပါဘူး အထဲဝင်ရအောင်လေ ..." 


သူ့နွယ်ပင်ကို ရှာရန် လိုအပ်နေဆဲဖြစ်သည့်အတွက် စောစောစီးစီး ရှာတွေ့မှသာ စိတ်သက်သာရာ ရမည်ဖြစ်သည်။ 


"ဒါဆို ကြွပါ ..." 


ရှန်းချိုးရှစ်က ဘာကိုမှ သတိမထားမိလေဟန်ဖြင့် သူ့ကို အိမ်‌ထဲသို့ ဦးဆောင်ကာ ခေါ်လာလိုက်သည်။


မစ္စတာထန့်က သူမဘေးမှ လိုက်ပါလာသော်ငြား သူ့အကြည့်တို့မှာတော့ အိမ်တော်အနောက်ဘက်ရှိ တောအုပ်ထဲသို့သာ ကပ်ငြိနေလေသည်။ 


"မစ္စတာထန့်..." 


ကျောက်လင်းယွီကလည်း ပုန်းကွယ်မနေခဲ့။ အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ကာ ခြံဝင်းထဲတွင် ရပ်စောင့်နေလိုက်သည်။ အိပ်ယာထဲတွင် သေလုမျောပါး ဖြစ်နေရမည့်အစား ကျန်းမာနေသော မာရှယ်ကို တွေ့လိုက်ရသည့်အတွက် မစ္စတာထန့်၏ မျက်လုံးထဲတွင် အံ့ဩရိပ်တို့ ဖြတ်ပြေးသွားတော့သည်။ 


အိမ်အနောက်ဘက်သို့ ခပ်သွက်သွက် လျှောက်သွားသည့် ထန့်လောင်ကို တွေ့လိုက်ရချိန်တွင်တော့ ကျောက်လင်းယွီသည် သူသက်သာနေပြီဆိုသည့် သတင်းမှာ ပေါက်ကြားသွားလေပြီလားဟုပင် တွေးမိတော့သည်။ 


အိမ်နောက်ဖေးက သူ့ထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတာလား ... 


မဟုတ်သေးဘူး ရမ်ရှန့်ကလည်း အဲ့ဒီမှာ ရှိနေတာလေ ... 


ရမ်ရှန့်ကိုယ်တိုင်သည်လည်း အပင်ဖြစ်သည့်အတွက် မစ္စတာထန့်မှာ သေချာပေါက်ပင် သူ့ဖြစ်တည်မှုကို ခံစားမိလိမ့်မည်ဟု အတွေးပေါက်သွားချိန်တွင် ကျောက်လင်းယွီ၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ သူလည်း မစ္စတာထန့်နောက်သို့ ခပ်သွက်သွက် ပြေးလိုက်သွားလိုက်သည်။ 


မစ္စတာထန့်မှာ ကျောက်လင်းယွီ၏ အခြေအနေကို အရေးတယူ မပြုခြင်း မဟုတ်။ သူသည် ကျောက်လင်းယွီအပေါ် အမြင်ကောင်းရှိကာ သူ့ကို အမှန်တကယ် ကူညီလိုသူ ဖြစ်သည်။ 


အကယ်၍ သူသာ သေလုမျောပါး ကျောက်လင်းယွီကို တွေ့ခဲ့ပါလျှင် နွယ်ပင်ရှာဖွေရေးကို နောက်ပို့ထားမည်ဖြစ်သည်။ သို့သော် ကျောက်လင်းယွီ၏ အခြေအနေကလည်း ကောင်းမွန်နေသည့်အတွက် သူ့နွယ်ပင်ကသာ ပထမဦးစားပေး ဖြစ်သွားတော့သည်။ 


ဒါပေမယ့် သေအံ့ဆဲဆဲ ကျောက်လင်းယွီက ဘာလို့များ ချက်ခြင်းကြီး ပြန်ကောင်းသွားရတာလဲ ... 


သူက ခပ်သွက်သွက် လျှောက်သွားသည့်အတွက် ကျောက်လင်းယွီနှင့် ရှန်းချိုးရှစ်တို့လည်း ထပ်ကြပ်မကွာ လိုက်လာရတော့သည်။ မကြာမီပင် ကျောက်စံအိမ်၏ အနောက်ဘက်ရှိ တောအုပ်ထဲသို့ ရောက်ရှိသွားတော့သည်။ 


"လင်းယွီ ကျွန်တော် ဘာတွေ့လာလဲ ကြည့်ပါဦး ..." 


သူ နီးကပ်လာသည်ကို သတိထားမိသော ရမ်ရှန့်က  သူ့ကိုယ်တွင် ရစ်ပတ်ထားသော နွယ်ပင်တို့ကိုသာ ချန်ထားပြီး အမြစ်များကို ပြန်သိမ်းလိုက်သည်။ 


"ရှောင်လွီ ..." 


နွယ်ပင်ကို တွေ့လိုက်သည့် ထန့်လောင်က ရုတ်တရက် အော်ခေါ်လိုက်သည်။ 


"ရမ် ..." 


နွယ်ပင်များက ရမ်ရှန့်ကို ရစ်ပတ်ထားသည်ကို တွေ့လိုက်ရချိန်တွင်တော့ ကျောက်လင်းယွီ၏ အမူအယာမှာလည်း ပြောင်းလဲသွားတော့သည်။ 


ရမ်ရှန့်၏ အသားအရေမှာ ဖြူလျော်လွန်းသည့်အတွက် သူ့ကို ရစ်ပတ်ထားသည့် နွယ်ပင်တို့မှာ သိသာထင်ရှားနေပေသည်။ ဒါက သေချာပေါက်ကို S&M ပဲ ... 


S&M ကို ဝါသနာ မပါသည့် ကျောက်လင်းယွီမှာတော့ အင်မတန် ထိတ်လန့်သွားတော့သည်။ သူက နွယ်ပင်တို့ကို ဆွဲဖြုတ်ရင်း အမောတကော မေးလိုက်သည်။ 


"ရမ် အဆင်ပြေရဲ့လား ..."


xxxxxxxx