အပိုင်း ၂၆
Viewers 18k

Chapter 26


ရမ်ရှန့်က သူ့လက်တို့ကို တားမြစ်လိုက်သည်။ 


"မဆွဲနဲ့ ..." 


ကျောက်လင်းယွီရဲ့ ခွန်အားတွေက ပိုပြီးတောင် သန်မာလာတာလေ အခုမှ ရှာတွေ့ထားတဲ့ သူ့ရဲ့ အသစ်စက်စက် ညီငယ်လေးကို ဆွဲဖြဲမိသွားရင် ဘယ့်နှယ့်လုပ်ပါ့မလဲ ... 


"ဘာဖြစ်လို့လဲ ..." 


ရမ်ရှန့်က သူ့ကို တားလိုက်သည့်အတွက် ကျောက်လင်းယွီလည်း စိတ်ကို အေးအေးထားကာ မစ္စတာထန်ကိုသာ လှမ်းကြည့်လိုက်သည်။ 


ဒီလူက သူ့နွယ်ပင် ပါမလာတော့ ဟန်ဆောင်ထားတယ်လို့တောင် ထင်မိတော့မလို့ ... ဒါပေမယ့် အခုကျ သူ့နွယ်ပင်က ရမ်ရှန့်ကို ရစ်ပတ်ထားတယ်... သူက ဘာဟာကွက်ကိုမှ ရှာမတွေ့ဘူးဆိုတဲ့သဘောလား ... 


ကျောက်လင်းယွီမှာ ရုတ်တရက် သတိကပ်သွားသည်။ မစ္စတာထန့်ကို နှုတ်ပိတ်ရန်အတွက် မည်သည့်အကျိုးအမြတ်ဖြင့် ကမ်းလှမ်းရမလဲဟုပင် တွေးနေပြီဖြစ်သည်။ ဘာကိုပဲပေး‌ရပေးရ ရမ်ရှန့်ရဲ့ သရုပ်မှန်ကို မစ္စတာထန့် မသိသွားရင် ပြီးတာပဲ ... 


"ကျွန်တော် ဒီနွယ်ပင်ကို ရှာတွေ့လာတာလေ ..."


ရမ်ရှန့်ကလည်း မစ္စတာထန့်ကို တွေ့လိုက်ရသည့်အတွက် အနည်းငယ် သတိကပ်သွားတော့သည်။ 


ဒီလူ့ပုံစံကို ကြည့်ရ‌သလောက်တော့ နွယ်ပင်က သူ့ဟာထင်တယ် ... 


"ဒါ ငါ့ရဲ့ ရှောင်လွီလေ ... ရှောင်လွီရေ အဖေ့ဆီ လာပါဦး ..." 


မစ္စတာထန့်မှာလည်း အလွန် ကြောင့်ကြနေရပေပြီ။ 


ရှောင်လွီကို နှစ်လေးရာနီးပါးလောက် ကိုယ့်ကလေးလို ပျိုးထောင်ပေးခဲ့တာလေ ဒါကိုတောင် ဘာလို့များ သူစိမ်းတစ်ယောက်ရဲ့ လက်မောင်းပေါ် တွယ်တက်နေရဲသေးတာလဲ ... 


သူ့စကားကို ကြားလိုက်ရချိန်တွင် ရမ်ရှန့်လည်း ကြက်သေသေသွားတော့သည်။ 


ဒီလူက ဉာဏ်အလင်းပွင့်နေတဲ့ အပင်ကို သူ့ကလေးလိုမျိုး ပျိုးထောင်တယ် ဟုတ်လား ... ကျင့်ကြံရေးကမ္ဘာမှာဆို လူသားပုံစံပြောင်းနိုင်ပြီးသား အပင်တွေကို အလုပ်သင်အဖြစ် လက်ခံတာမျိုးက ဖြစ်နိုင်တယ်ဆိုပေမယ့် လူသားအဖြစ် မပြောင်းနိုင်သေးခင်မှာ တွေ့ခဲ့ရင်တော့ အဆုံးသတ်က သိပ်မကောင်းဘူး ... 


ရှောင်လွီက သူ့ကို ရစ်ပတ်ထားဆဲပင်။ သို့သော် မစ္စတာထန့်၏ ရောက်ရှိလာမှုကလည်း သူ့ကို ပျော်ရွှင်စေဟန်ရှိသည်။ အရွက်အားလုံး ပွင့်လန်းလာပြီး နွယ်ကိုင်းဖျားတို့မှာလည်း တစ်ဖြေးဖြေး ပိုရှည်လာကာ သူ့ကို ရမ်ရှန့်ဘေးသို့ ဆွဲခေါ်လိုက်သည်။ 


ကျောက်လင်းယွီ၏ မျက်နှာမှာ ရုတ်ချည်း အမှောင်ကျသွားသည်။ 


ဒီနွယ်ပင်စုတ်က ဘာဖြစ်ချင်နေတာလဲ ... ငါတို့အိမ်က ဂျင်ဆင်းလေးကို လူအိုကြီးနဲ့ တွဲထားရဲနေတယ်ပေါ့ ... 


နေပါဦး သူက ဘာတွေ တွေးမိနေတာလဲ ... 


အခြားသူများသာ ထိုအခြေအနေမျိုး ကြုံရပါလျှင် နွယ်ပင်၏ ဆိုလိုရင်းကို စဉ်းစားနေမည် မဟုတ်ချေ။ နွယ်ပင်မှာ မစ္စတာထန့်၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသင့်ပေသည်။ သို့သော် ... 


အကြောင်းပြချက် ရေရေရာရာ မရှိသော်ငြား ကျောက်လင်းယွီသည် နွယ်ပင်တွင် အသိဉာဏ်ရှိနေသည်ဟုသာ ထင်နေမိသည်။ အတွေးစပေါင်းများစွာ ဖြတ်ပြေးသွားပြီးနောက် သူသည် ရမ်ရှန့်နှင့် မစ္စတာထန့်အကြား ဝင်ရပ်လိုက်သည်။ 


"မစ္စတာထန့် ရှင် ဘာလိုချင်တာလဲ ..." 


ရှန်းချိုးရှစ်ကလည်း မျက်မှောင်တို့ကို တွန့်ကြုတ်ကာ မေးလိုက်သည်။ 


ရမ်ရှန့်က သူတို့မိသားစုရဲ့ ရတနာလေးလေ ဘာလို့များ မစ္စတာထန်က သူ့နွယ်ပင်ကို ချုပ်နှောင်ခိုင်းထားရတာလဲ သူက ကျောက်မိသားစုကို မျက်နှာသာ မပေးချင်ဘူးပဲ ... 


သူမနှင့် ကျောက်လင်းယွီတို့က မစ္စတာထန့်ကိုသာ အာရုံစိုက်နေကြစဉ်တွင် ရမ်ရှန့်က နွယ်ပင်ကို သာသာလေး ပုတ်ကာ ပြောလိုက်သည်။ 


"မင်းလည်း ဒီနေရာမှာပဲ ဆင်းလိုက်တော့ ..." 


သူသည် ညီငယ်လေးတစ်ဦး ကောက်ရပြီဟု ထင်ခဲ့မိသော်ငြား ထိုညီငယ်လေးကတော့ စိတ်စွမ်းအင်များကို စုပ်ယူရန် သူ့ကို လှည့်စားခဲ့သည့်အပြင် ထိူလူအိုကြီးထံပင် ပြန်သွားလိုက်သေးသည်။ 


ဒီနွယ်ပင်က‌ တကယ်ကို တက်ကြွလွန်းတာပဲ သူ့သခင် ဒီမှာ ရှိနေတာတောင် သူစိမ်းကို သွေးဆောင်ရဲသေးတယ် ... 


ရမ်ရှန့်က ပုတ်လိုက်ပြီးနောက် နွယ်ပင်သည် အရွက်တို့ကို ငိုက်စိုက်ချကာ သူ့ကိုယ်ပေါ်မှ ခွါလိုက်သည်။ ထိုသည်ကို မြင်လိုက်ရသော ကျောက်လင်းယွီမှာလည်း ထိုနွယ်ပင်တွင် အသိစိတ်ရှိနေကြောင်း ပို၍ပင် သေချာသွားပြီဖြစ်သည်။ ရှန်းချိုးရှစ်ကမူ မစ္စတာထန့်က ရပ်တန့်လိုက်သည်ဟုသာ တွေးနေဆဲဖြစ်သည်။ 


"မစ္စတာထန့် ရမ်ရှန့်က ကျွန်မတို့ ကျောက်အိမ်တော်ရဲ့ မိသားစုဝင်ဖြစ်တဲ့အတွက် သေချာပေါက်ကို သူ့ကို အကာအကွယ်ပေးရမှာပါ ..." 


မစ္စတာထန့်မှာလည်း ထိခိုက်စေရန် မရည်ရွယ်ကြောင်း ရှင်းပြလိုသော်ငြား ရှောင်လွီက သူ့ကို မျက်နှာပျက်စေခဲ့သည်။ ရှောင်လွီက ရမ်ရှန့်ကို အနှောင့်အယှက် မပေးလိုသော်ငြား သူ၏ နှေးကွေးလှသည့်အရှိန်ကြောင့် ရမ်ရှန့်ကို ပြန်ဆွဲ‌ခေါ်နေ‌သယောင် အထင်မှားစေသည်။ ထို့နောက်တွင်တော့ ၎င်းက ရမ်ရှန့်၏ခြေထောက်နားတွင် ရစ်ဝဲရင်း သူ့ကို ရမ်ရှန့်အနီးသို့ ဆွဲခေါ်ပြန်တော့သည်။ 


ရှောင်လွီကို သူ့လက်မောင်းတွင် ရစ်ပတ်ကာ ပြန်ဆွဲခေါ်ကာမှ ၎င်းသည် ရမ်ရှန့်၏ခြေထောက်ကို ရစ်တ်ွူထားဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ လူအိုကြီးထန့်မှာလည်း ချွေးစေးတို့ပင် ထွက်လာတော့သည်။ 


"ရှောင်လွီက ဒီကလေးကို အရမ်းသဘောကျနေတာထင်တယ် ဟားဟားဟား ..."


ရှောင်လွီက ဒီကလေးကို သဘောကျတယ်ဟုတ်လား ကိုယ့်စကားက ဘာအဓိပ္ပါယ်လဲဆိုတာတောင် သိသေးရဲ့လား ရှောင်လွီက နွယ်ပင်လေ ဘာလို့ ကြိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို သိမှာတဲ့လဲ ဒီလူအိုကြီးကလည်း မရိုးဖြောင့်တဲ့အတွေးတွေ ရှိနေတာလား ... 


ရမ်ရှန့်၏ သရုပ်မှန်ကို မသိသေးသော ရှန်းချိုးရှစ်သည် မစ္စတာထန့်ကို သတိကြီးစွာဖြင့် အကဲခတ်နေလိုက်တော့သည်။ 


ကျောက်လင်းယွီကတော့ ထိုနွယ်ပင်သည် ရမ်ရှန့်ကို အမှန်တကယ် သဘောကျနေခြင်းဖြစ်ကြောင်း သိရှိသွားပြီဖြစ်သည်။ ထိုနွယ်ပင်သည် ရမ်ရှန့်ကို ဆွဲဖက်ရဲသည်အထိ အသိဉာဏ်ရှိနေကြောင်း တွေးမိချိန်တွင်တော့ ၎င်းကို အဝေးသို့ ကန်ထုတ်ပစ်လိုက်တော့သည်။ 


သူ့ခွန်အားတွေကို ကောင်းကောင်းမထိန်းနိုင်သေးလို့ဆိုပြီး ရမ်ရှန့်ကို သေချာတောင် မထိရဲသေးတာလေ ဒါကို ဒီနွယ်ပင်စုတ်က သူ့ကို ဖက်ထားရဲတယ်ပေါ့ ... 


"ဘာလို့များ ရှောင်လွီကို ရိုက်ပစ်ရတာလဲ ..." 


မစ္စတာထန့်မှာလည်း အလွန်ကို စိတ်သောက ရောက်နေရပြီဖြစ်သည်။ 


"သူ့မှာ ကိုယ်ပိုင်အသိစိတ်ရှိနေပြီဆိုရင် သံသယဖြစ်စရာကိစ္စတွေကို ရှောင်ရကောင်းမှန်း သိနေရမှာပေါ့ ..."

26.2


သူက မစ္စတာထန့်၏ နောက်နားတွင် ခပ်ကျုံ့ကျုံ့ရပ်နေသော နွယ်ပင်ကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ 


"ရှောင်လွီက စကြဝဠာထဲမှာ ရှားပါးပြီး အဖိုးတန်တဲ့ အပင်ဆိုပေမယ့် သူက ကလေးအရွယ်ပဲ ရှိသေးတာပါ သူ့မှာ မလိုတမာစိတ်တွေ မရှိပါဘူး ..." 


မစ္စတာထန့်က ရှောင်လွီ၏ ဉာဏ်ကောင်းမှုကို ဖုံးကွယ်ထားလေ့ မရှိသည့်အပြင် ကြွားကြွာဝါဝါပင် ပြောဆိုလေ့ရှိသော်ငြား ယခုတော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတော့သည်။ ရှောင်လွီသည် သူ့ကို တွေ့စက သဘောကျခဲ့သည်ဆိုသော်ငြား ယနေ့လိုမျိုးတော့ စိတ်လှုပ်ရှားဟန် မပြခဲ့ချေ။ 


သူတောင် ရှောင်လွီ့ကို သွေးဆောင်ဖို့အတွက် အများကြီး အားစိုက်ထားရတာလေ ဘယ်လိုဖြစ်ပြီးတော့များ အခုမှ စတွေ့တဲ့ ရမ်ရှန့်ကို အရမ်းကြီး ကပ်တွယ်နေရတာလဲ ... 


"ကလေး ဟုတ်လား ဒီနွယ်ပင်ကဖြင့် အနည်းဆုံး နှစ်ထောင်နဲ့ချီပြီး အသက်ရှင်လာပြီးသားကို ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ၎င်းမှာ ဉာဏ်အလင်းပွင့်ပြီးပြီဆိုသော်ငြား သက်တမ်းမှာလည်း နှစ်‌တစ်ထောင်နီးပါး ရှိနေပြီဖြစ်သည်။ 


မစ္စတာထန့်၏ ပြောလက်စ စကားတို့မှာ ဆက်ထွက်မလာတော့ချေ။ ထို့နောက် ကျောက်လင်းယွီက ပြောလိုက်သည်။ 


"မစ္စတာထန့် ကျွန်တော်တို့ ပြန်ရောက်မှပဲ ဒီအကြောင်းကို ဆက်ပြောကြတာပေါ့ ..." 


မစ္စတာထန့်က တစ်ဦးတည်း လာခဲ့သော်ငြား ဖက်ဒရယ်တစ်ခုလုံးက သူတို့ကို အာရုံစိုက်နေကြမည်ဖြစ်သည်။ ထို့ကြောင့် တစ်ယောက်ယောက်က မူမမှန်မှုတစ်ခုခုကို ရှာတွေ့သွားမည်ကို မလိုလားချေ။ 


"ကောင်းသားပဲ အရင်ပြန်ပြီးမှ ပြောကြတာပေါ့ ..." 


မစ္စတာထန့်လည်း မချင့်မရဲဖြင့် ခေါင်းငြိမ့်ကာ ရမ်ရှန့်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။ 


သူသည် အခြားသူများထက် ကျန်းမာနေသေးသည်ဆိုသော်ငြား အရွယ်ရနေပြီဖြစ်သည့်အတွက် ရှောင်လွီကို အချိန်အတော်ကြာ စောင့်ရှောက်နိုင်တော့မည် မဟုတ်ချေ။ ရှောင်လွီကလည်း ထိုကေးမျိုးနွယ်ကို အလွန်သဘောကျနေသည့်အတွက် အနာဂတ်တွင် ရှောင်လွီ့ကို သူ့နောက်လိုက်ရန် ခွင့်ပြုပေးလိုက်မည်ဖြစ်သည်။ 


ရှောင်လွီသည် သူ့လက်မောင်းကို ရစ်ပတ်ထားသော်ငြား ရမ်ရှန့်ကိုလည်း ဖက်တွယ်ထားနေဆဲပင်။ ကျောက်လင်းယွီက အကြည့်တို့ဖြင့် ဆုတ်ခွါရန် သတိပေးနေသည်ကို မြင်လိုက်ရချိန်တွင်တော့ တစ်ခါမှ အိမ်ထောင်ပြုသားမွေး မလုပ်ဖူးသည့် မစ္စတာထန်သည် မိခင်က သူ့သားကို ကူညီရမည်ဆိုသည့် ခံစားချက်မျိုး ခံစားလိုက်ရတော့သည်။ 


ဖက်ဒရယ်တစ်ခုလုံးမှာလည်း ကျောက်မိသားစုစံအိမ်တွင် မစ္စတာထန့် ရောက်နေပြီဖြစ်ကြောင်း သိနေကြပြီးဖြစ်သည်။ မစ္စတာထန့်သည် အစီအစဉ်အတိုင်း မဆောင်ရွက်ကြောင်း သိလိုက်ရချိန်တွင်တော့ အချိန်တိုအတွင်း ဆေးတပ်ဖွဲ့ ဖွဲ့စည်းရန် အလုပ်များကုန်ကြတော့သည်။ ကျောက်မိသားစုနေထိုင်ရာ ကျွန်းသို့ အလောတကြီး မသွားခင် ဖက်ဒရယ်အတွင်းရှိ စွမ်းရည်မြင့်မားသူများကို ရှာ‌ဖွေရုံသာမက စစ်ဘက်ဆိုင်ရာဌာနမှ အရာရှိများစွာကိုပင် ခေါ်ဆောင်လာခဲ့သေးသည်။ 


"ကျောက်လင်းယွီ သူက တကယ်ကြီး ပေါက်ကွဲမသွားလောက်ပါဘူးနော် ..." 


အာကာသယာဉ်က ကျွန်းအပေါ်နားတွင် ရပ်တန့်သွားပြီး အရာရှိတစ်ဦးက စိုးရိမ်တစ်ကြီး ပြောလိုက်သည်။ သူသည် စွမ်းရည်ပိုင်ရှင် မဟုတ်သည့်အပြင် ကျန်းမာရေးကလည်း ချို့တဲ့သေးသည်။ ကျောက်လင်းယွီသာ ပေါက်ကွဲသွားပါလျှင် သူ့တွင် ပြေးစရာမြေပင် ရှိမည်မဟုတ်ချေ။ ဘာလို့များ  ဒီလေယာဉ်ကို မောင်းဖို့ အရွေးခံရလောက်တဲ့အထိ ကံဆိုးရတာလဲ ... 


"ကျန်း မင်းက ဘာကိုဆိုလိုချင်တာလဲ ..." 


လေယာဉ်ထဲတွင် ထိုင်နေသော စစ်သားတစ်ဦးက သူ့ကို အေးစက်စက်ကြည့်ကာ မေးလိုက်သည်။ 


မျက်လုံးဝိုင်းဝိုင်းနှင့် အရာရှိက ချက်ခြင်းပင် စကားကို လျှောချလိုက်တော့သည်။ 


"ကျွန်တော်က ဒီတိုင်း အလာပ သလာပ ပြောနေတာပါ ..." 


ရန်ယဲ့က သူ့နောက်ဘက်ရှိ လူတို့ကို စောင်းငဲ့ကြည့်ရင်း မနာလိုသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားတော့သည်။ 


သူသည် ကျောက်လင်းယွီထက် နှစ်ငါးဆယ်ခန့် ပိုကြီးကာ အသက်တစ်ရာနီးပါး ရှိနေပြီဖြစ်သော်ငြား သူ့ကို ဘယ်လိုနည်းနှင့်မျှ မယှဉ်နိုင်သေးသည်။ ကျောက်လင်းယွီမှာ ယခုအချိန်တွင် သေလုမျောပါး ဖြစ်နေသော်ငြား သူ့ကို စိတ်ဆင်းရဲစေလိုဆဲပင်။


မဟုတ်သေးဘူး ... သူ့အဖေပြောပုံအရဆိုရင် ကျောက်လင်းယွီက သေလုမျောပါးအဆင့်အထိ ဖြစ်မနေသေးဘူး ... 


ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်တော့ မစ္စတာထန့်ရဲ့ အကူအညီနဲ့ ကျောက်မိသားစုကို စနည်းနာလို့ ရသွားပြီ ... 


ရန်ယဲ့က ကျောက်မိသားစုကို ဆက်သွယ်လိုက်သော်ငြား စခရင်တွင် ပေါ်လာသည်မှာ ကျောက်မိသားစုဝင် မဟုတ်။ သာမန်စစ်သားတစ်ဦးသာ ဖြစ်သည်။ 


"မာရှယ့်အခြေအနေက ဘယ်လိုနေသေးလဲ ငါတို့က သူ့ရဲ့ ကုသမှုနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ ရောက်လာတာပါ ..." 


သူက ကြင်နာသည့်အပြုံးတို့ဖြင့် ပြောလိုက်သည်။ 


"ဗိုလ်ချုပ်ရန် မာရှယ်ရဲ့ ကျန်းမာရေးက တိုးတက်နေပါပြီ သူက ဆေးတပ်ဖွဲ့ကို မလိုအပ်တော့ပါဘူး ..." 


"မာရှယ်ရဲ့ ကျန်းမာရေးက တိုးတက်နေပြီလို့ ကြားရတာ‌က သတင်းကောင်းဆိုပေမယ့် ဆေးတပ်ဖွဲ့အနေနဲ့ကလည်း သူ့ကို စောင့်ရှောက်ဖို့အတွက် အခြားအကြောင်းအရင်းတွေ ရှိနေတုန်းပဲလေ အခု မစ္စတာထန့်ကလည်း ဒီမှာရှိနေတာဆိုတော့ ဆေးတပ်ဖွဲ့က မာရှယ့်အတွက် ပိုကောင်းတဲ့ ကုသရေးနည်းလမ်းတစ်ခုကို ရှာတွေ့မယ်လို့ ယုံကြည်တယ် ..." 


ရန်ယဲ့က ထိုသို့ပြောရင်း တစ်ဖက်သူ၏ အမူအယာကို အကဲခတ်နေလိုက်သည်။ သို့သော် စိတ်ပျက်စရာ ကောင်းလောက်အောင်ပင် တစ်ဖက်သူသည် ဘာအမူအယာမှ ထုတ်မပြခဲ့ချေ။ 


"ဗိုလ်ချုပ်ကြီး မာရှယ်က ဆေးတပ်သားတွေကို တကယ် မလိုအပ်ပါဘူး ..." 


"မာရှယ်က မလိုအပ်ဘူး ဟုတ်လား သူ့အခြေအနေက လုံးလုံး ပြန်မကောင်းသေးဘူးလေ ကုသမှုခံယူဖို့ လိုအပ်နေတုန်းပဲ..." 


"‌ဖက်ဒရယ်ရဲ့ ဆေးပညာဌာနချုပ်က မာရှယ်ကို ခဏခဏ လာကြည့်ပေမယ့် မာရှယ့်အခြေအနေက တိုးတက်မလာတဲ့အပြင် ပိုပြီးတောင် ဆိုးလာ‌တယ်လေ ..." 


"ဒီတစ်ခေါက်ကတော့ မတူဘူး ငါတို့က မစ္စတာထန်ကို ဖိတ်ထားတယ်လေ မင်းသာ ဒီလိုမျိုး ဆက်တားနေမယ်ဆိုရင် မာရှယ်ကို ကုသမှု မခံယူစေချင်လို့ဆိုတဲ့ ပုံစံမျိုး ဖြစ်‌မနေဘူးလား ငါ အခုချက်ခြင်း မာရှယ်နဲ့ တွေ့ချင်တယ်! ...." 


ရန်ယဲ့၏ မျက်နှာမှာ ပူပန်မှုတို့ဖြင့် ပြည့်နှက်နေပေသည်။  သူ့ဘေးနားရှိ တိုက်ရိုက်ထုတ်လွှင့်ရန် တာဝန်ကျသူကလည်း ထိုမြင်ကွင်းကို အကျအန ရိုက်ကူးကာ အင်တာနက်ပေါ် တင်လိုက်သည်။ 


သူထိုသို့ ပြောလိုက်ချိန်တွင် ယာဉ်ပျံပေါ်ရှိ ကျောက်လင်းယွီကို လေးစားကြသော စစ်သားအချို့၏ အမူအယာများမှာလည်း ပြောင်းလဲသွားတော့သည်။ ကျောက်လင်းယွီကို ကုသချင်ပါတယ်ဆိုတဲ့ ဆရာဝန်ကို တားမြစ်နေတယ်ဆိုတော့ မာရှယ့်အခြေအနေက တကယ် သက်သာတာရော ဟုတ်ရဲ့လား ... 


ထိုအချိန်တွင် မစ္စတာထန့်၏ ပုံရိပ်က စခရင်‌တွင် ပေါ်လာတော့သည်။ 


"ငါလည်း ဒီမှာရောက်နေပြီ ပြီးတော့ မာရှယ့်အခြေအနေကလည်း ပြန်ကောင်းနေပြီဆိုတော့ မင်းတို့ အရင်ဆုံး ပြန်လိုက်ကြတော့ ..." 


မစ္စတာထန့်ကို သိရှိသူမှာ များများစားစား မရှိလှ။ သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖက်ဒရယ်သည် ထိုသတင်းကို အားသွန်ခွန်စိုက် ကြေငြာထားသည့်အတွက် မစ္စတာထန့်၏ သရုပ်မှန်ကို အတော်များများ သိနှင့်ကြပြီးဖြစ်သည်။ ထို့ကြောင့် ကြယ်တာရာကွန်ယက်တွင် ကျောက်လင်းယွီကို ပူပန်နေသော အသံများ တစ်ခဏ တိတ်ဆိတ်သွားခြင်းဖြစ်သည်။ 


ရန်ယဲ့မှာတော့ ခေါင်းပင် မူးနောက်လာချေပြီ။ ကျောက်မိသားစု၏ အခြေအနေကို ထောက်လှမ်းရနအတွက်  မစ္စတာထန့်ကို အားကုန်သုံးကာ ပြန်ခေါ်ထားရခြင်းဖြစ်သည်။ သို့သော် ထူးခြားမှု တစ်စုံတစ်ရာကို ရှာမတွေ့သေးခင်တွင်ပင် သူက ကျောက်မိသားစုဘက်တော်သား ဖြစ်သွားချေပြီ။ ဒါက ဇနီးကိုရော ရဲဘော်ရဲဘက်ကိုပါ တစ်ချိန်တည်း ဆုံးရှုံးလိုက်ရသလိုမျိုးကြီးပဲ ...


xxxxxxx