အပိုင်း ၂၇
Viewers 18k

Chapter 27


ရန်ယဲ့သည် ကျောက်အိမ်တော်အပြင်ဘက်တွင် အကြာကြီး စောင့်နေခဲ့သော်ငြား ဝင်ခွင့်မရခဲ့ချေ။ ထို့ကြောင့် စကားကောင်းအချို့ပြောကာ နောက်ထပ်နည်းလမ်းတစ်ခု ရှာဖွေရန် ပြန်ထွက်လာလိုက်တော့သည်။ 


ဆေးတပ်ဖွဲ့ကို ကျောက်အိမ်တော်သို့ စေလွှတ်နိုင်ရန် နည်းလမ်းသစ် မစဉ်းစားနိုင်သေးခင်မှာပင် မစ္စတာထန့်က လက်ဦးမှုယူကာ public channel တစ်ခုဖွင့်ပြီး ကျောက်လင်းယွီ၏ ပုံကို တင်ပေးလိုက်သည်။ 


ဓာတ်ပုံထဲတွင် ကျောက်လင်းယွီသည် အိပ်ယာပေါ်တွင် လဲလျောင်းနေသည်။ အပြည့်အဝ မသက်သာသေးသော်ငြား ယခင်ထက်တော့ အများကြီး ပြန်ကောင်းနေပြီဖြစ်သည်။ 


ထိုဓာတ်ပုံနှင့်အတူ မစ္စတာထန့်က ကျောက်လင်းယွီမှာ ပြန်သက်သာနေပြီဖြစ်ပြီး အနားယူရန် လိုအပ်နေသေးကြောင်း ဖော်ပြထားသည်။ ဖက်ဒရယ်ဆေးပညာဌာနချုပ်၏ ကုသမှုနည်းလမ်းများမှာ သူနှင့် မသင့်လျော်ဟုပါ တစ်ပါတည်း အသိပေးလိုက်၏။ 


မူလကမူ လူထုသည် ကျောက်မိသားစု၏ ဆေးတပ်ဖွဲ့အ‌ပေါ် ဟန့်တားသည့် အပြုအမူ‌ကို နားမလည်နိုင်ခဲ့ကြပေ။ သို့သော် မစ္စတာထန့်၏ ပြန်စာကို တွေ့လိုက်ရချိန်တွင်တော့ ဆုတောင်းစကားတို့ကိုသာ ချန်ထားလိုက်ကြတော့သည်။ ထိုကိစ္စနှင့် စပ်လျဉ်း၍  ရန်ယဲ့သာ ဒေါသထွက်နေသည်မဟုတ်။ ကျောက်လင်းယွီကိုယ်တိုင်သည်ပင် အနည်းငယ် မသက်မသာ ဖြစ်မိတော့သည်။ ပြဿနာကို ဤမျှ မြန်မြန် ဖြေရှင်းနိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ဖူးချေ။ 


"မစ္စတာထန့်ကို ကျေးဇူးအများကြီး တင်ပါတယ်..." 


သူက အလေးအနက် ကျေးဇူးတင်စကား ဆိုလိုက်သည်။ 


"ငါ့ကို ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး ဒါတွေက အသေးအဖွဲလေးပါ ..." 


မစ္စတာထန်က သူ့လက်အစုံကို ယမ်းခါပြလိုက်သည်။ ကျောက်လင်းယွီသာ သူ့ကို တရားမဝင်သည့် ကိစ္စတစ်ခုခုအတွက် အကူအညီတောင်းလာပါက ငြင်းဆန်မည်ဖြစ်သော်လည်း သူသည် ဆေးတပ်ဖွဲ့မှ လူများကို ရှောင်ရှားလိုရုံသာ ဖြစ်သည့်အတွက် သူ့အနေဖြင့် မကူညီနိုင်စရာ မရှိပေ။ 


"ဒီဖက်ဒရယ်အစိုးရအဖွဲ့က လူတွေက ငါနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့် မရှိဘူး ဆိုပေမယ့် သတိတော့ထားဦး ..." 


သူ ဤနေရာသို့ လာရခြင်းမှာ ကျောက်လင်းယွီကို ကူညီလို၍သာ ဖြစ်သည်။ သို့သော် သူ့ကို ခေါ်ဆောင်လာသူများကတော့ ထိုသို့တွေးဟန်မတူ။ သို့အတွက်သာ မဟုတ်ပါလျှင် ဒီနေရာမလာခင် ထိုသူများထံ မျက်စိလည်လမ်းမှားသွားလိမ့်မည် မဟုတ်ချေ။ 


မစ္စတာထန့်ကဲ့သို့ သန်မာသူကသာလျှင် ဖက်ဒရယ်၏ ခေါင်းဆောင်ပိုင်းမှာ လွဲချော်နေကြောင်း ဝေဖန်ရဲသည်။ ကျောက်လင်းယွီသည် မစ္စတာထန့်ကို အစဉ်အမြဲ လေးစားခဲ့သော်ငြား သူ့ကို အမြဲလိုလို အနှောင့်အယှက်ပေးနေသည့် ရှောင်လွီကိုတော့ ဆုတ်ဖြဲပစ်ချင်ဆဲပင်ဖြစ်သည်။ 


သူ့အကြည့်တို့ကို သတိပြုမိသော မစ္စတာထန်က ရှင်းပြလိုက်သည်။ 


"ရှောင်လွီက သူ့ရဲ့ သန္ဓေပြောင်းလဲမှုကြောင့် လူသားတွေရဲ့ စကားကို နားလည်တယ်ဆိုပေမယ့် ငါဘယ်လောက်သင်သင် သူ့အိုင်ကျူက လေးငါးနှစ်သား အရွယ်လောက်ပဲ ရှိနေတာဆိုတော့ တစ်ခါတစ်လေဆို သူ့အတွေးကို ရှင်းရှင်းလင်းလင်း မဖော်ပြတတ်ဘူး တကယ်လို့ တစ်ခုခု အမှားအယွင်းရှိခဲ့ရင် သည်းခံပေးပါလို့ပဲ တောင်းဆိုပါရစေ ..." 


သူက ယဉ်ယဉ်ကျေးကျေး တောင်းဆိုလိုက်သည်။ သူ့စိတ်နေစိတ်ထားမှာ ထူးဆန်းလှသော်ငြား ကျောက်လင်းယွီကိုတော့ စိတ်ရင်းဖြင့် လေးစားသူဖြစ်သည်။ ထို့ပြင် ရှောင်လွီသည် အရိုက်အပုတ်နှင့် မနှစ်မျို့မှုတို့ကို ခံရသော်ငြား ရမ်ရှန့်နှင့် နီးကပ်ရန် စိတ်အားထက်သန်နေဆဲဖြစ်သည့်အတွက် ရမ်ရှန့်အပေါ် သူ့အမြင်တို့မှာလည်း မြင့်မားလာတော့သည်။ 


"မစ္စတာထန့် အပင်မှာ လေးငါးနှစ်သား အိုင်ကျူမျိုး ရှိနေတာကို မလန့်ဘူးလား တစ်ခြားသူတွေ သိသွားမှာကိုရော မစိုးရိမ်မိဘူးလား ..." 


မစ္စတာထန့်၏ စကားများကို ကြားလိုက်ရချိန်တွင်တော့ ကျောက်လင်းယွီသည် ရမ်ရှန့်ကိုသာ သွားတွေးမိတော့သည်။ 


"ဒီစကြဝဠာကြီးမှာ ထူးဆန်းတဲ့သက်ရှိတွေ အများကြီးပဲလေ အဲ့တာတွေနဲ့ ယှဉ်ရင် ရှောင်လွီက ထူးဆန်းတယ်လို့တောင် ပြောလို့မရပါဘူး တစ်ခြားသူတွေအတွက်ကတော့ ငါအသက်ရှင်နေသရွေ့ အကာအကွယ်ပေးသွားမှာပေါ့ကွာ ဒါပေမယ့် ငါကလည်း မီးစာကုန်ချိန်နီးနေပြီဆိုတော့ စီစဉ်စရာ ရှိတာတွေကို အရင်ဆုံး စီစဉ်ရဦးမှာပေါ့ ..." 


"ဒါဆို ..." 


ကျောက်လင်းယွီက တိတ်တခိုး သက်ပြင်းချလိုက်သည်။ မစ္စတာထန့်က ရှောင်လွီ၏ ထူးခြားမှုကို ဖုံးကွယ်မထားသည်မှာ သူ့တွင် လူအများ တပ်မက်လောက်သည့်အရာ ရှိမနေ၍ဖြစ်သည်။ ၎င်းသည် ထူးထူးခြားခြား ဉာဏ်ကောင်းကာ ရန်လိုစိတ်များရုံသာ ဖြစ်သော်ငြား ရမ်ရှန့်ကတော့ မတူညီပေ။ 


သူ့ကို ကာကွယ်ရန်အတွက် အင်အားများစွာ ပိုစိုက်ထုတ်ရဦးမည်ကို တွေးရင်း ရင်မောလာရတော့သည်။ 


ဆက်ပြီး ပူပန်နေ‌ပါလျှင် မစ္စတာထန့်က သတိပြုမိသွား‌တော့မည်ဖြစ်သည့်အတွက် ကျောက်လင်းယွီသည် စကားလမ်းကြောင်းပြောင်းကာ နောက်ထ့်အစီအစဉ်အကြောင်း မေးမြန်းလိုက်သည်။ 


"မစ္စတာထန့် နောက်ထပ်ရော ဘယ်လိုစီစဉ်ထားလဲ နေစရာနေရာရှာဖို့အတွက် ကူညီပေးရမလား ..." 


"ရတယ် ရတယ် ရတယ် ငါ ဒီမှာပဲ နေမှာ ရမ်ရှန့်က အရည်အချင်းရှိတဲ့ အပင်စွမ်းရည်ပိုင်ရှင်ဆိုတော့ ဒီမှာနေရင်းနဲ့ သူ့ကို သင်ကြားပေးမလို့ ..." 


သူက စကားတစ်ခွန်းမှ မဆိုဘဲ ကျောက်လင်းယွီ၏ နောက်နားတွင် ရပ်နေသော ရမ်ရှန့်ကို ကြည့်ကာ ပြောလိုက်သည်။


"ကျွန်တော့်ကို သင်ပေးဖို့ မလိုအပ်ပါဘူးနော် ..." 


ကျောက်လင်းယွီ၏ နောက်တွင် ပုန်းနေသော ရမ်ရှန့်က ခေါင်းလေးကိုသာ ထုတ်ကာ ‌လှမ်းပြောလိုက်သည်။ မစ္စတာထန့်၏ရှေ့တွင် သူ့ဟာကွက်များ ပေါ်မသွားစေရန် ကျောက်လင်းယွီက သတိပေးထားသည့်အတွက် ထိုလူကို ရှောင်ရှားရမည်ဖြစ်သည်။ 


"လူသားမျိုးနွယ် ဖက်ဒရယ်မှာဆို ငါက အသန်မာဆုံးစွမ်းရည်ပိုင်ရှင် တစ်ယောက်ပဲနော် မင်းသာ ငါသင်ကြားပေးတာကို လက်ခံရင် အနာဂတ်မှာ ပိုပြီးတော့တောင် သန်မာလာဦးမှာ တစ်ခြားသူတွေကလည်း မင်းကို အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူး ..." 


မစ္စတာထန့်က ပြောလိုက်သည်။ သူသည် ကျန်းမာရေး ကောင်းနေဆဲဖြစ်ကာ နောက်ထပ်ဆယ်စုနှစ်အနည်းငယ်ခန့် နေနိုင်ဦးမည်ဖြစ်သည့်အတွက် ရမ်ရှန့်ကို ကာကွယ်ပေးရန်မှာ သူ့အတွက် မခဲယဉ်းလှပေ။

27.2


"ငါက နှစ်တွေအများကြီး အသက်ရှင်လာခဲ့တာဆိုတော့ စုဆောင်းထားတဲ့ ကြွယ်ဝမှုတွေကလည်း မနည်းမနောပဲ ကောင်လေး မင်းသာ ငါ့တပည့်လုပ်မယ်ဆိုရင် အဲ့ဒါတွေအကုန်လုံးက အနာဂတ်မှာ မင်းအပိုင်ဖြစ်လာမှာနော် ..." 


"မလိုချင်ပါဘူး ..." 


ရမ်ရှန့်က တုန့်ဆိုင်းမနေဘဲ ငြင်းပယ်လိုက်သည်။ သူသည် စွမ်းရည်ပိုင်ရှင် မဟုတ်သည့်အတွက် တစ်စုံတစ်ယောက်၏ သင်ကြားပြသမှုကို မလိုအပ်ပေ။ ကျောက်လင်းယွီကလည်း သူ့ကို ကာကွယ်ပေးမည်ဟု ကတိပေးပြီးဖြစ်သည်။ မစ္စတာထန်၏ ပိုင်ဆိုင်မှုများအတွက်မူ သူအမှန်တကယ် လိုချင်သည်မှာ ကျောက်လင်းယွီ၏ သန့်စင်‌မြေသာ ဖြစ်သည့်အတွက် ကျန်သည့်အရာများအား လှည့်ကြည့်ရန်ပင် မလိုအပ်ချေ။ 


ဒီရက်ပိုင်းအတွင်း စုပ်ယူနိုင်တဲ့ သန့်စင်မြေပမာဏက တစ်ဖြေးဖြေး နည်းလာတာကတော့ နှမြောစရာပဲ ... 


မစ္စတာထန်မှာလည်း အငြင်းခံရလိမ့်မည်ဟု တွေးပင် တွေးမထားဘူးသည့်အတွက် ရမ်ရှန့်နှင့် ပတ်သက်ပြီး ပို၍ပင် သိလိုစိတ် ပြင်းပြလာတော့သည်။ ထိုအချိန်တွင်‌ ကျောက်လင်းယွီကတော့ စိတ်သက်သာရာရသွားလေပြီ။ 


မစ္စတာထန့်ရဲ့ ရှောင်လွီက ရမ်ရှန့်အပေါ်ကို တွယ်တက်ချင်နေပေမယ့် သူတို့ရဲ့ ဂျင်ဆင်းလေးကတော့ သူတို့ကို စွန့်ပစ်မသွားဘူးပဲ ...


"ကောင်လေး သေချာစဉ်းစားဦးနော် ..." 


မစ္စတာထန့်က အကြည့်တို့ကို ကျောက်လင်းယွီထံ ပို့လိုက်သည်။ 


"မင်းတို့နှစ်ယောက်ကြားမှာ ကွာခြားချက် အကြီးကြီး ရှိနေတာဆိုတော့  အတူတူ နေကြမယ်ဆိုရင် အတိုက်အခိုက်တွေ အများကြီး ကြုံလာရမှာ ဒါပေမယ့် မင်းသာ ငါ့တပည့်ဆိုရင်တော့ ဘယ်သူမှ ဝေဖန်ရဲတော့မှာ မဟုတ်ဘူး ..." 


ရမ်ရှန့်ကတော့ မတုန့်မဆိုင်းဘဲ ငြင်းပယ်နေဆဲပင်။ သူနှင့် ကျောက်လင်းယွီ၏ သရုပ်မှန်အကြား  ကွဲပြားမှု ကြီးမားသည့်အချက်မှာလည်း အမှန်ပင်ဖြစ်သည်။ ကျောက်လင်းယွီက လူသားဖြစ်ပြီး သူက ဂျင်ဆင်းဖြစ်သည်။ ထိုအချက်မှာ မစ္စတာထန့်၏ တပည့်ဖြစ်လာလျှင်ပင် ပြောင်းလဲ၍ ရနိုင်မည် မဟုတ်ချေ။ 


ကျောက်လင်းယွီ၏ ခန္ဓာကိုယ်ကိုသာ အားရပါးရ ပွတ်သပ်နေလိုက်တော့သည်။ 


ဘာဖြစ်နေသည်ကို မသိရသော်ငြား ကျောက်လင်းယွီ၏ ကိုယ်ထဲမှ စိမ့်ထွက်လာသော သန့်စင်မြေ၏ ရနံ့သည် သူ့ကို ပွေ့ဖက်ကာ ကြွက်သားတို့ကို တစ်လက်မချင်း ထိတွေ့လိုစိတ်များ ဖြစ်ပေါ်လာစေသည်။ 


သူမျက်စိကျမိသည့် တပည့်လေးသည် ကျောက်လင်းယွီကို ပွေ့ဖက်ကာ နှစ်ယောက်တစ်ကမ္ဘာတည်နေသည်အား မြင်လိုက်ရချိန်တွင်တော့ မစ္စတာထန်၏ မျက်လုံးအိမ်ထဲတွင် ခံစားချက်တို့ သောင်း‌ပြောင်းထွက်ပေါ်လာတော့သည်။ 


သူငယ်ရွယ်စဉ်ကလည်း တစ်‌စုံတစ်ယောက်အပေါ်တွင် ထိုကဲ့သို့ ပြင်းပျသည့် ခံစားချက်မျိုး ရှိခဲ့ဖူးသည်။ သို့သော် ထိုခံစားချက်တို့မှာလည်း တစ်ဖြေးဖြေး လွင့်စင်ပပျောက်ကာ အဆုံးတွင်တော့ ခွန်အားပြုန်းတီးရုံမှလွဲ၍ ဘာမှ အကျိုးမထူးခဲ့ချေ။ 


သို့သော် ရမ်ရှန့်ကတော့ သူနှင့်မတူ။ ကေးဖြစ်သည့်အပြင် စွမ်းရည်ပိုင်ရှင်လည်း ဖြစ်သည့်အတွက် ကျောက်မိသားစု၏ မျိုးဆက်‌ကို သေချာပေါက် မွေးဖွားပေးနိုင်ပေမည်။ 


ကိုယ်ဝန်ရဖို့ကတော့ မလွယ်ကူနိုင်ပေမယ့်ပေါ့ ... 


"မစ္စတာထန့် ရမ်က မသင်ယူချင်ဘူးလို့ ပြောနေရင် သူ့ကို အတင်း ဖိအားမပေးပါနဲ့ သူ ဘာမှ မသိဘူးဆိုရင်တောင် ကျွန်တော်က သူ့တစ်ဘဝလုံးကို ကာကွယ်ပေးသွားမှာပါ ..." 


ကျောက်လင်းယွီက တစ်လေးတစ်နက် ပြောကြားလိုက်သည်။ 


သူ့အမူအယာမှာ မြင်မြင်သမျှ လူတိုင်းက ယုံကြည်ချင်လောက်အောင်ပင် တည်ကြည်လွန်းလှသည်။ မစ္စတာထန့်လည်း ဘာတစ်ခွန်းမှ ဆက်မပြောတော့သော်ငြား ကျောက်အိမ်တော်တွင် မျက်နှာပြောင် တိုက်စွာဖြင့် ဆက်နေနေသေးသည်။ 


မစ္စတာထန့်မှာ အိုမင်းလွန်းနေပြီး ကျောက်ဖမ်းကပင် အဘိုးခေါ်ရမည့်အရွယ် ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် ကျောက်မိသားစုက သူ့ကို နှင်ထုတ်၍လည်း မသင့်လျော်ပေ။ သူ ကျောက်အိမ်တော်တွင် ဆက်နေမည်ဟု ကြားလိုက်ရချိန်တွင် ရှန်းချိုးရှစ်သည် အားရဝမ်းသာဖြင့် ညစာစားပွဲကြီးကို ပြင်ဆင်လိုက်တော့သည်။ 


ရမ်ရှန့်ပေးသည့် ဂျင်ဆင်းစေ့ကို စားပြီးနောက် ကျောက်ဖမ်းလည်း ပြန်လည်သက်သာလာခဲ့သည်။  သူ့စွမ်းရည်တို့မှာ ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့သည့်အတွက် ၎င်းတို့ကို ပြန်လည်လေ့ကျင့်ရန် ကျောက်အိမ်တော်မှ ထွက်ခွါသွားနှင့်ပြီဖြစ်သည်။ ထို့ကြောင့် ရှန်းချိုးရှစ်၊ ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့ကသာ မစ္စတာထန့်ကို ကြိုဆိုခဲ့ကြပြီး ၎င်းတို့အနက် ရှန်းချိုးရှစ်တစ်ဦးတည်းကသာ သူ့ကို စိတ်ရောကိုယ်ပါ ပျူငှာပေသည်။


"မြို့တော်ကြယ်ကို ပြန်မရောက်ဖြစ်တာ တော်တော်ကြာသွားပြီ မြို့တော်ကြယ်ရဲ့ အစားအစာတွေကတော့ တကယ်ကို လွမ်းစရာတွေပဲပေါ့ ... ဒါက အမဲလိုက်သားရဲရဲ့ အသားမဟုတ်လား ကောင်းကောင်းနူးအိနေအောင်ကို ကင်ထားတာပဲ ..." 


မစ္စတာထန့်က အသားကို လှီးဖြတ်ကာ အစိမ်းရောင်အရွက်ကင်ကို သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ လှုပ်ရှားမှုတို့မှာ အကြည့်မလွှဲနိုင်လောက်အောင်ပင် တင့်တယ်လွန်းလှသည်။ 


"မစ္စတာထန့် သဘောကျတယ်ဆိုရင် နောက်တစ်ခေါက်ကျ အများကြီး ပြင်ဆင်ထားလိုက်ပါ့မယ် ..." 


ရှန်းချိုးရှစ်က ပြုံးကာ ပြောလိုက်သည်။ 


"ဒါဆိုရင်တော့ ကျေးဇူးအများကြီး တင်ပါတယ် ..." 


သူက ပြောလိုက်သည်။ 


"ဒါပေမယ့် ကျွန်တော့်မှာ ဒုက္ခပေးစရာလေး တစ်ခုလောက် ရှိနေသေးတယ် ..." 


"ဘာများပါလိမ့် ..." 


သူမက မေးလိုက်သည်။ 


"ကျွန်တော် စားသောက်နေတဲ့အချိန်ဆို ရှောင်လွီက အပင်ထုတ်ကုန်တွေနဲ့ လုပ်ထားတဲ့ အာဟာရပျော်ရည် သောက်နေရတာကို သဘောကျလို့လေ ..." 


မစ္စတာထန့်က သူ့လက်မောင်းရှိ နွယ်ပင်ကို ထိကာ ပြောလိုက်သည်။ 


"လင်းယွီလည်း အာဟာရပျော်ရည်တွေ အများကြီး မှာထားတာလေ ကျွန်မ တစ်ယောက်ယောက်ကို သွားယူခိုင်းလိုက်ဦးမယ် ..." 


ရှန်းချိုးရှစ်က ပြောလိုက်သည်။ ရှောင်လွီသည် အမှန်တကယ်ပင် အသိစိတ်ရှိနေခြင်းဖြစ်ကာ မစ္စတာထန့်က အကွက်ချထားခြင်း မဟုတ်ကြောင်း သိရကာမှသာ သူတို့နှစ်ဦးလုံးအပေါ် အားတက်သရော ဖြစ်လာတော့သည်။ 


အိမ်အကူက အာဟာရပျော်ရည်ပုလင်းကြီးကို သယ်လာလျှင် ရမ်ရှန့်ရှိရာသို့ အမြစ်တို့ကို ဆန့်တန်းနေသည့် ရှောင်လွီသည် ပုလင်းကို ဆွဲယူကာ ပျော်ရည်များကို သောက်သုံးလိုက်သည်။ တစ်ချိန်တည်းတွင်ပင် အကိုင်းအခက်တို့ကို ဆန့်ထုတ်ကာ ရမ်ရှန့်အနားသို့ တစ်ဖြေးဖြေး တိုးသွားလိုက်သည်။ 


xxxxxx