Chapter 28
ရမ်ရှန့်၏ မျက်လုံးတို့မှာ ရဲရဲနီလာတော့သည်။
ဒါတွေက သူသောက်ဖို့ ကျောက်လင်းယွီ ဝယ်လာပေးတာတွေလေ သူတောင် မသောက်ရသေးတာကို ရှောင်လွီက တစ်ပုလင်းလုံး သောက်ပစ်ရဲတယ်ပေါ့ ဘယ်လိုတောင် ရိုင်းစိုင်းတဲ့ အပြုအမူလဲ ...
သူ့ကို အစဉ်အမြဲ အာရုံစိုက်နေသည့် ကျောက်လင်းယွီသည်လည်း ရမ်ရှန့်၏ အတွေးတို့ကို သဘောမပေါက်နိုင်စရာ အကြောင်း မရှိပေ။ သူက ရှောင်လွီ့ကို လှမ်းကြည့်ကာ မစ္စတာထန့်ဘေးသို့ ပြန်သွားစေလိုက်သည်။
"ရှောင်လွီကလည်း ရမ်ရှန့်ကို သဘောကျနေတာထင်တယ် ..."
သူက အင်တင်တင်ဖြင့် ပြောလိုက်သည်။
သူသည် ရှောင်လွီသည် ရာစုနှစ်ပေါင်းများစွာ အတူရှိခဲ့သည့်အတွက် စိတ်ချင်းဆက်နွယ်နေကြပြီဖြစ်သော်ငြား နှလုံးသားချင်းကတော့ တစ်ထပ်တည်း မကျသေးပေ။ ထို့ကြောင့် ရှောင်လွီသည် ရမ်ရှန့်ကို နှစ်သက်ရခြင်းနှင့် မတရားခံနေရသော်ငြား အရှုံးမပေးဘဲ တွယ်ကပ်နေရသည့် အကြောင်းအရင်းကို နားမလည်နိုင်ပေ။
တစ်ခြားတစ်ယောက်ယောက်ကသာ ရှောင်လွီကို ထိုသို့ ဆက်ခံပါလျှင် သူ့အနေဖြင့် သေချာပေါက် ဒေါသထွက်မိမည်ဖြစ်သည်။ သို့သော် ရှောင်လွီက သူ့ကို ရမ်ရှန့်အနီးသို့ တစာစာ တွန်းပို့နေသည့်အတွက် ဒေါသထွက်ရန်ပင် မစွမ်းသာတော့ချေ။
"ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို သဘောမကျဘူးလေ ..."
ရမ်ရှန့်က ရှောင်လွီကို မနာလိုစိတ်အပြည့်ဖြင့် ကြည့်နေလိုက်သည်။ ၎င်းသည် အမြစ်တို့ကို ဆန့်ထုတ်ကာ အာဟာရဓာတ်များကို သူအလိုရှိသလောက် စုပ်ယူနိုင်သော်ငြား သူကတော့ လင်းယွီ သူ့အတွက် ဝယ်ပေးထားသည်များအား အခြားသူက စားသောက်နေသည်ကိုသာ လက်ပိုက်ကြည့်နေရသည်။ စားပွဲပေါ်တွင် အာဟာရပျော်ရည် တစ်ခုတစ်လေမျှပင် မကျန်တော့ကြောင်း သိလိုက်ရချိန်တွင်တော့ သူသည် ကျောက်လင်းယွီ၏ လက်တစ်ဖက်ကို ဒေါသတကြီးဖြင့် ဆွဲယူကာ သန့်စင်မြေကို ဖြေးဖြေးချင်း စုပ်ယူလိုက်သည်။
"ရမ် ဒါလေးစားကြည့်ကြည့် ဒီအသားက အရမ်းအရသာရှိတယ် ..."
သူက ရမ်ရှန့်ကို အနှစ်ဆမ်းထားသည့် အသားတစ်တုံးကို ခွံ့ကျွေးလိုက်သည်။
"ဖြေးဖြေးချင်း ဝါးစားကြည့် ..."
ရမ်ရှန့်သည် အာဟာရပျော်ရည် သောက်လေတိုင်း အရသာအမျိုးမျိုးကို ပြောင်းသောက်လေ့ရှိသည်။ ထိုသည်မှာ သူလည်း အရသာခံနိုင်သည့် အဓိပ္ပါယ်ပင် ဖြစ်သည်။ ထို့ကြောင့် အာဟာရစုပ်ယူမှုကို တွေးမပူဘဲ အရသာရှိသော အစားအစာတို့ကို အရသာခံနိုင်ရန်မှာ သူ့အတွက် မခဲယဉ်းလှချေ။
ရမ်ရှန့်လည်း ကျောက်လင်းယွီ ထည့်ပေးသည့် အသားတုံးကို တစ်ကိုက်ကိုက်လိုက်သည်။ မူလကမူ ချက်ခြင်းမျိုချလိုက်ချင်သော်ငြား ကျောက်လင်းယွီ ပြောထားသည်ကို သတိရကာ တစ်ဖြေးဖြေး ဝါးစားလိုက်သည်။ ဝါးလေလေ သူ့မျက်လုံးတို့မှာ တောက်ပလာလေပင်ဖြစ်သည်။
"အရသာရှိလိုက်တာ ..."
"ကြိုက်ရင် ဒါလေးလည်း စားကြည့် ..."
ကျောက်လင်းယွီက သူ့ကို ငါးတစ်တုံး ထပ်ထည့်ပေးလိုက်သည်။
"ဒါကလည်း အရမ်းအရသာရှိတာပဲ ..."
သူက ကောက်ကာငင်ကာ ပြောလိုက်သည်။ ထိုအစားအစာများမှာ စုပ်ယူရန် ခက်ခဲလှသည်ဟု ယူဆထား၍ မြည်းမကြည့်ခြင်းဖြစ်သည်။ သို့သော် ယခု စမ်းစားကြည့်ချိန်တွင်တော့ ၎င်းတို့ကို စုပ်ယူရန် မလွယ်ကူလှသော်ငြား အရသာမှာတော့ အာဟာရပျော်ရည်များထက် အပြတ်အသတ် သာလွန်နေပေသည်။
သူ စားသောက်ရသည်ကို နှစ်ခြိုက်လာချိန်တွင်တော့ ကျောက်လင်းယွီက သုံးထားသည့် ပါဝင်ပစ္စည်းများအကြောင်း ပြောပြလာသည်။ အမူအယာများစွာ မပြသသော်ငြား သူ့ထံမှ အင်မတန် ညင်သာလှသည့် ခံစားချက်တစ်စုံတစ်ရာကို ရရှိနေပေသည်။
သူမ၏ သား ထိုကဲ့သို့ ညင်ညင်သာသာ စကားပြောနေသည်ကို မြင်လိုက်ရချိန်တွင်တော့ ရှန်းချိုးရှစ်မှာ အံ့ဩမင်သက်စိတ်ကို ထိန်းချုပ်၍ပင် မရတော့ချေ။ သူမသည် ရမ်ရှန့်ကိုသာ တစ်ချိန်လုံး ငေးကြည့်နေတော့၏။
ဒီနှစ်ယောက်ကို ဘာလို့ ချစ်စိတ်ပြင်းပြနေတဲ့ စုံတွဲလို့ ခံစားနေမိပါလိမ့် မဟုတ်သေးဘူး သူတို့ပုံစံနဲ့ဆို ချစ်စိတ်ပြင်းပြတဲ့ စုံတွဲတွေထက်တောင် ပိုရင်းနှီးနေသလိုပဲ ...
ရှန်းချိုးရှစ်သည် အမြဲ လိုလို မြေးတစ်ဦး လိုချင်ခဲ့သူဖြစ်သည်။ သို့သော် ကျောက်ဖမ်းနှင့် ကျောက်လင်းယွီတို့၏ သေအံ့မူးမူး အခြေအနေကို မျက်မြင် ကြုံလိုက်ရချိန်တွင် ကျောက်မိသားစု၏ စွမ်းအင်ကို အမွေဆက်ခံမည့် မျိုးဆက်ကို မလိုချင်တော့။ ထို့ကြောင့် သူမ၏သား သန္ဓေမဆောင်နိုင်သူနှင့် အတူရှိနေသည်ကို မကန့်ကွက်ခြင်းဖြစ်သည်။
ဒါပေမယ့် ... ယောကျာ်းတစ်ယောက်ကို ကြိုက်တာက လက်ခံနိုင်သေးတယ် ဆိုပေမယ့် ... ကလေးတစ်ယောက်ကို ကြိုက်တာကကျ ... ဘယ်လိုတောင် တိရိစ္ဆာန် ဆန်တဲ့ အပြုအမူမျိုးလဲ ...
"ရမ် လာ အန်တီ့ဆီ လာခဲ့ ..."
သူမက သားဖြစ်သူကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း ရမ်ရှန့်ကို လှမ်းခေါ်လိုက်သည်။
"အန်တီ ကျွန်တော် လင်းယွီနဲ့ပဲ နေချင်လို့ ..."
ရမ်ရှန့်က ထုံးစံအတိုင်းပင် ငြင်းပယ်လိုက်သည်။
ကျောက်လင်းယွီမှာတော့ ပို၍ပင် စိတ်ချမ်းသာလာတော့သည်။
ကျောက်လင်းယွီ၏ အနီးဝန်းကျင်တွင် စွမ်းအင်ရုန်းကြွမှုများ မရှိတော့သော်ငြား သူ့ခွန်အားကိုတော့ ကောင်းကောင်း မထိန်းချုပ်နိုင်သေးပေ။ ထို့ကြောင့် ရှန်းချိုးရှစ်က သူ ယခင်နေခဲ့သည့် သတ္ထုအိမ်ကို ပြန်ပြင်ဆင်ကာ အသံဖြင့် ထိန်းချုပ်နိုင်သည့် စက်ကိရိယာများကိုလည်း တပ်ပေးလိုက်သည်။ ထို့ပြင် သူ့ကို တစ်ချိန်လုံး
ကပ်တွယ်နေသည့် ရမ်ရှန့်အတွက်လည်း အခန်းတစ်ခန်းကို ဘေးချင်းကပ်လျက် ပြင်ဆင်ပေးလိုက်သည်။
28.2
ညစာစားပြီးနောက်အထိ ရမ်ရှန့်သည် ထိုအာဟာရပျော်ရည်များကို အတွေးရောက်နေဆဲပင်။ ကျောက်လင်းယွီလည်း သိုလှောင်ရုံသို့ တိတ်တိတ်လေးသွားကာ အိမ်အကူကို ရေပုံးအကြီးကြီးနှစ်ပုံး ထုတ်လာရန် ညွှန်ကြားလိုက်သည်။
"သခင်လေး ညတောင်နက်နေပြီကို ဒီလောက်အာဟာရဖျော်ရည်တွေ အများကြီးနဲ့ ဘာလုပ်မလို့လဲ ..."
အိမ်အကူမှာ အတော်ကို စဉ်းစားရကြပ်သွားတော့သည်။ ထိုအာဟာရဖျော်ရည်များသည် ပန်းပင်များကို လောင်းရန်ဖြစ်သည်။ ဒါပေမယ့် ပန်းပွင့်တွေကို ညကြီးမင်းကြီးမှ ထလောင်းတာက နည်းနည်း ထူးဆန်းမနေဘူးလား ...
"ပန်းပွင့်တွေကို စိမ်ဖို့လေ ..."
ကျောက်လင်းယွီက ပြန်ပြောလိုက်သည်။ ထို့နောက် အာဟာရဖျော်ရည်ပုံးနှစ်ပုံးကို ဆွဲယူကာ တစ်ချက်လေးပင် ပြန်လှည့်မကြည့်ဘဲ ထွက်လာလိုက်သည်။
ပန်းပွင့်တွေကို စိမ်မလို့ ... ဘယ်ပန်းပွင့်ကများ ဒီလောက်အာဟာရဖျော်ရည်တွေ အများကြီး လိုအပ်နေလို့လဲ ...
အိမ်အကူမှာ အလွန်ကို ပဟေဠိဖြစ်သွားတော့သည်။
သူ့နေရာသို့ ပြန်ရောက်လာချိန်တွင်တော့ ကျောက်လင်းယွီ၏ လက်ထဲရှိ ရေပုံးတို့မှာ ဖျစ်ညှစ်ခံရ၍ ပုံစံပြောင်းနေပြီဖြစ်သည်။ အာဟာရဖျော်ရည်များမှာတော့ အကောင်းအတိုင်း ကျန်နေသေး၍သာ တော်သေးသည်။
ဖျော်ရည်အားလုံးကို ရေချိုးကန်ထဲ လောင်းထည့်ပြီးကာမှသာ သူလည်း စိတ်သက်သာရာ ရသွားတော့သည်။ ထို့နောက်တွင်တော့ တံခါးပေါက်ကို ဖြတ်ကာ ပြေးဝင်လာသည့် ရမ်ရှန့်ကို တွေ့လိုက်ရသည်။
"ငါ့ရဲ့ အာဟာရပျော်ရည်လေးတွေ ..."
ရေချိုးကန်ကို မြင်လိုက်ရချိန်တွင်တော့ သူတစ်ကိုယ်လုံး ပျော်ရွှင်မှုတို့ လျှံထွက်လာတော့သည်။ အဝတ်တို့ကို ခပ်သွက်သွက် ချွတ်လိုက်သည်မှာ ကျောက်လင်းယွီပင် တားချိန်မရလိုက်။
သူ့ကို အဝတ်ဗလာဖြင့် မြင်ဖူးခြင်းမှာ ကျောက်လင်းယွီအတွက် ပထမဆုံးပင်ဖြစ်သည်။ ဆယ်ကျော်သက်ကလေး၏ ပိန်သွယ်သော ခန္ဓာကိုယ်မှာ ထင်ထားသည်ထက်ပင် ပိုပြီး ဖြူလျော်ကာ အမွေးအမျှင်ဟူ၍လည်း တစ်ပင်မှ မရှိချေ။ သူ့ခန္ဓာကိုယ်အချိုးအစားကို အကဲခတ်ရပါလျှင် အရွယ်ရောက်ပြီးသူဟု ထင်ရနိုင်သော်ငြား တကယ်တမ်းတွင်တော့ အလွန်သေးငယ်နေသေးသည်။ ထိုခဏတွင် ကျောက်လင်းယွီမှာ အကြည့်တို့ကို မလွှဲနိုင်တော့ချေ။
"ရေစိမ်ရတာ အရမ်းဇိမ်ကျတာပဲ လင်းယွီ ကျွန်တော်တော့ ဒီနေရာမှာပဲ အိပ်ပျော်သွားတော့မယ်ထင်တယ် ..."
ရမ်ရှန့်မှာ ပို၍ သက်တောင့်သက်သာ ဖြစ်လာသည့်အတွက် ကျောက်လင်းယွီ၏ မျက်စိရှေ့တွင်ပင် ခြေလက်တို့ကို အမြစ်အဖြစ်သို့ ပြောင်းလဲလိုက်တော့သည်။
သူကြည့်နေသော မြင်ကွင်းလှလှလေးမှာ ပျောက်ကွယ်သွားသည့်အတွက် ကျောက်လင်းယွီသည် ရေချိုးကန်ထဲမှ ဆန့်ထွက်လာသည့် အမြစ်တို့ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ငေးကြည့်နေလိုက်တော့သည်။
ရမ်ရှန့်က အရမ်းကို သေးနေသေးတာပဲ သူက ဘာလို့ တအားညှက်နေရတာလဲ အသက်ကဖြင့် နှစ်တစ်သိန်းတောင် ရှိနေပြီကို ဘာလို့ နည်းနည်းလေးတောင် ထွားမလာရတာလဲ ...
သူ့အခန်းထဲမှ ခပ်သွက်သွက် ပြေးထွက်လာကာ ကျောက်လင်းယွီသည် ခြံဝန်းထဲတွင် အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို မနည်း တည်ငြိမ်အောင် လုပ်လိုက်ရသည်။
သူက ရမ်ရှန့်ကို ကလေးတစ်ယောက်လိုပဲ သဘောာထားရမှာ တကယ်လို့ တစ်ခုခုလုပ်ချင်ရင်တောင် ရမ်ရှန့်က သူ့ကိုယ်ထဲက သန့်စင်မြေကိုပဲ သဘောကျတဲ့ အပင်လေ ဘာတွေများ မျှော်လင့်နိုင်ဦးမှာလဲ ...
ထိုအကြောင်းကို တွေးမိချိန်တွင်တော့ သူသည် ခါးသက်သက် ပြုံးလိုက်မိတော့သည်။
ခြံဝင်းထဲသို့ အကြိမ်အနည်းငယ် လမ်းလျှောက်ကာ တွင်းနက်အချို့ ဖန်တီးပြီးကာမှ သူ့အခန်းသို့ ပြန်လာလိုက်တော့သည်။ ကုတင်ပေါ် လှဲနေသော်ငြား အိပ်၍ မပျော်နိုင်သေးချေ။
အာဟာရပျော်ရည်ထဲတွင် ဝင်စိမ်နေသည့် ရမ်ရှန့်၏ ပုံရိပ်က သူ့မြင်လွှာတွင် ရစ်ဝဲနေသည်။ ထိုအမြစ်များကပင်လျှင် ချစ်ဖို့ကောင်းသည်ဟု ခံစားမိနေတော့၏။
ကျောက်လင်းယွီမှာ သူ့ကိုယ်သူ ရေကန်ရှေ့တွင် ရပ်နေမိသည်ကို ပြန်တွေ့လိုက်ရပြန်သည်။ သို့သော် ရေကန်ထဲ စိမ်နေသည်မှာ အလွန်အမင်း ပိန်လှီနေသည့် ရမ်ရှန့်မဟုတ်ဘဲ သူ့ပုခုံးလောက်အထိ အရပ်ရှည်ကာ လူငယ်ဆန်ဆန်သွင်ပြင်နှင့် ရမ်ရှန့် ဖြစ်နေသည်။
သူက ရေကန်ထဲ လှဲနေရင်း ပြုံးပြလိုက်သည်။
"လင်းယွီ ကျွန်တော်တို့ ရေအတူတူ စိမ်မလား ..."
သူက ရေကန်ထဲသို့ တစ်လှမ်းချင်း ဆင်းလာကာ ရမ်ရှန့်ကို အုပ်မိုးလိုက်သည်။
မဟုတ်သေးပါဘူး ရမ်ရှန့်က ဘာလို့များ ချက်ခြင်းကြီး ထွားလာရတာလဲ ...
သူ့အတွေး ဆုံးသည်နှင့်တစ်ပြိုင်နက် ကျောက်လင်းယွီသည် အိပ်ယာမှ လန့်နိုးလာတော့သည်။
သူ့ဘောင်းဘီက တကယ်ကြီးကို စိုရွှဲနေပြီပဲ ...
သူသည် တစ်ခါမှ ချစ်သူမိန်းကလေးရော ကောင်လေးပါ မထားဖူးသည့်အပြင် စစ်တပ်ထဲတွင်သာ အချိန်ကုန်နေရ၍ ဖြေလျှော့ရန်လည်း အချိန်မရှိခဲ့။ ထို့ကြောင့် နွေဦးအိပ်မက်သည် သူ့အတွက် အစိမ်းသက်သက်သာဖြစ်သည်။ သို့သော် ဒီတစ်ကြိမ် သူတွေးမိသူမှာ ရမ်ရှန့်ဖြစ်နေသည်။
သူ့ကိုယ်သူကို မယုံနိုင်တော့ဘူး ...
သူ့အိပ်မက်ထဲမှ ရမ်ရှန့်မှာ ကလေးအရွယ် မဟုတ်၍သာ တော်သေးသည်။ အနည်းဆုံးတော့ သူက သားရဲစိတ် မဝင်သေးမှန်း သက်သေပြနိုင်သေးတာပဲ ...
ကြံရာမရစွာဖြင့် အိပ်ယာပေါ်မှ ထကာ ကျောက်လင်းယွီသည် ရေပြန်ချိုးရန် ကြံရွယ်လိုက်သည်။ သို့သော် အခန်းတံခါးက ရုတ်တရက်ပွင့်လာကာ အဝတ်ဗလာနှင့် ရမ်ရှန့်က အမြစ်ပေါင်းများစွာ ဖြာထွက်ရင်း ပြေးဝင်လာသည်။
"သန့်စင်မြေ ဒီမှာ သန့်စင်မြေတွေ အများကြီးပဲ ..."
xxxxxxx