Ch 133
Viewers 8k

အပိုင်း (၁၃၃)


 ပုံရိပ်ယောင်အပြင်ဘက် ၂ 

“ကယ်ကြပါ ငါ့ကို မသတ်ပါနဲ့ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့” 

“အား သရဲရှိတယိ” 

ကလေးငယ်များသည် မီးတောက်ထဲတွင် ကူကယ်ရာမဲ့စွာ အော်ငိုနေကြသည်။ 

“ပါးပါး မားမား ကြောက်တယ် ......... ” 

ပုကျိုးမြို့၏ ထောင့်တိုင်း နေရာတိုင်းမှ ပူဆွေးဝမ်းနည်းစွာ ငိုကြွေးသံများ ပဲ့တင်ထပ်နေအောင် ကြားနေရသည်။ ကျန်းလော့သည် ထိုအခြေအနေကို ခနလောက်ကြည့်လိုက်ပြီး ထို့နောက် သူ့အကြည့်သည် ခြေဖဝါးများဆီသို့ ပြန်ရောက်သွားပြန်သည်။ 

ချီမိသားစုမှ လူများသည် သူ့တို့ကို မော့ကြည့်ပြီး ဒယီးဒယိုင်ပြေးလွှားနေကြသည်။ လေအေးများသည် ကျန်းလော့တစ်ကိုယ်လုံးကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်တိုက်နေရာ စူးခနဲ စူးခနဲ နာကျင်သွားသည်။ ကျန်းလော့သည် မြေပြင်ပေါ်တွင် ပူလောင်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသော ချီယုံ့ကို ကြည့်နေသည်။ ချီယုံ၏ ချောမောသော မျက်နှာသည် ခက်ထန်နေကာ နက်မှောင်သော မျက်လုံးအစုံသည် ခပ်ဖန့်ဖန့် နီရဲနေသည်။ 

ညအမှောင်ထဲမှ သူတို့နှင့် သိပ်မဝေးသော နေရာရှိ ချီယုံကို ကျန်းလော့သည် တိတ်ဆိတ်စွာ ငုံ့ကြည့်နေသည်။ ချီယုံသည် လက်ကို ဆန့်ထုတ်လိုက်ရာ မြူနက်များ ထွက်လာပြီး လေထုထဲသို့ မြင့်တက်သွားသည်။ သို့သော် ကျန်းလော့နားမရောက်ခင်မှာပင် ကန့်သတ်ခံလိုက်ရသလို ဆက်မတက်လာနိုင်တော့ပေ။ 

ဆယ်ကျော်သက် လူငယ်လေး၏ လက်မောင်းများသည် တောင့်တင်းနေကာ တုန်ယင်နေပြိး ကျန်းလော့ကို သေစေနိုင်လောက်သော အကြည့်ဖြင့် ကြည့်နေသည်။ ထို့နောက်ကျန်းလော့နောက်သို့ ပြေးလိုက်နေကာ မြေပြင်ကိုဖြတ်၍ ကျောက်တုံးများကို နင်း၍ အဆောက်အဦးပျက်များကို နင်း၍ သွေးအိုင်များနှင့် အလောင်းများကို တက်နင်း၍ ဆက်တိုက်လိုက်လာသည်။ 

ကျန်းလော့သည် သူနှင့် ဝေးရာရောက်သွားပြီဖြစ်သောကြောင့် သူသည် ချီယုံ့နှုတ်ခမ်းပွင့်လိုက်ပိတ်လိုက်နှင့် တစ်ခုခုကို ခေါင်းမာစွာ ပြောဆိုနေသည်ကိုသာ မြင်နေရသည်။ လေသည် ကျန်းလော့ဆီသို့ သူ့စကားများကို သယ်ဆောင်သွားမပေးနိုင်သော်လည်း ကျန်းလော့သည် ချီယုံ့နှုတ်ခမ်းကို ဖတ်ကြည့်နိုင်သည်။ 

“မသွားပါနဲ့..........” 

“ဒီမှာနေပေးပါ...” 

လောကတစ်ခုလုံး ပြိုကွဲသွားကာ ကောင်းကင်ကြီးသည် ကျန်းလော့ဘေးတွင် ပြိုကျလာပြီး သူတို့ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။ မကောင်းဆိုးဝါးသည် ကျန်းလော့ကို ခေါ်၍ ကောင်းကင်တွင် ပေါ်လာသော အနက်ရောင်အပေါက်ကြီးဆီသို့ နီးသည်ထက်နီးအောင် သွားနေသည်။ 

ကျန်းလော့သည် ချီယုံငယ်လေးထံမှ အကြည့်မခွာနိုင်သေးပေ။ သူ့စိတ်ထဲတွင် အရင်က မှတ်ဉာဏ်များ ရုတ်တရက် ပြန်ပေါ်လာသည်။ ဆယ်ကျော်သက်လေးနှင့် မင်္ဂလာခန်းဝင်လာချိန်မှစ၍ ဖက်ထုပ်ဆိုင်တွင် မုန့်စားခြင်း၊ ယမန်နေ့က ဆယ်ကျော်သက်ကောင်လေး၏ လူတွေကြားတွင် အပြစ်တင်ပြောဆိုခံနေရခြင်းများနှင့် ကျိန်စာကြောင့် နာကျင်ခံစားရခြင်းများသည် သူ့အတွေးထဲတွင် အနှေးပြကွက်လို  ပေါ်လာသည်။ 

ခုနလေးတင် အသားကုန် မြင့်တက်လာသော သတ်ဖြတ်ချင်စိတ်သည် ရုတ်တရက် ပြောမပြတတ်သော ရှုပ်ထွေးသော ခံစားချက်အဖြစ်သို့ ပြောင်းလဲသွားသည်။ 

မှန်ဝင်္ကပါလောကထဲမှ လူငယ်လေး ချီယုံသည် မှားယွင်းပြီး တကယ်မရှိသော တည်ရှိမှုဖြစ်သော်လည်း ကျန်းလော့သည် တစ်ခါတစ်ရံတွင် ထိုကောင်လေးသည် အစစ်အမှန်လူသားတစ်ဦးလို ခံစားရသည်။ 

သူနှင့် မကောင်းဆိုးဝါးသည် တစ်ယောက်ထဲဖြစ်သလို ထင်မှတ်မှုသည် ကျန်းလော့စိတ်ထဲတွင် တစ်ခါတစ်ရံထက် ပိုစွာ တွေးမိသော အတွေးဖြစ်သည်။ 

ယခုတွင် ချီယုံငယ်လေးသည် ကလေးလေးတစ်ယောက်လို ဖြစ်နေသည်။ 

‘ဒီတော့ ဒါလေးက ချီယုံ့ရဲ့ ကလေးလို စရိုက်ပေါ့’ 

ကျန်းလော့သည် လူတစ်ယောက် မည်သို့ ဖြစ်ခဲ့သည် ဘယ်လိုလူမျိုးလဲ ဒီလူထံတွင် ဘာဖြစ်ခဲ့သည်ဆိုတာ ဘယ်တုန်းကမှ မသိချင်ပေ။ သို့သော် ချီယုံသည် သူ၏မကောင်းသည့် ညစ်ပတ်သည့်အရာများကို ရှာတွေ့ခဲ့သလို သူသည်လည်း ချီယုံ့ထံတွင် အတူတူပင် မြင်တွေ့ခဲ့ရသည်။ သူတို့သည် တစ်ယောက်အပေါ်တစ်ယောက် အကြွေးလဲ တင်မနေသောကြောင့် ထိုမကောင်းသည့်အချက်များကို ဘေးမဲ့ပေးထားလိုက်ကြသည်။ 

သူတော်ကောင်းယောင်ဆောင်၍ အကြင်နာကင်းမဲ့သော မကောင်းဆိုးဝါးသည် စာအုပ်ထဲတွင် သူဆယ်ကျော်သက်အရွယ်တုန်းက မသိလိုက်ပဲ ထိုသို့သော ဇာတ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့ဖူးပြီး ထိုပုံစံသည် မကောင်းဆိုးဝါးကို အသက်ပြန်ရှင်လာသလို ထင်သွားစေခဲ့ရဖူးသည်။ 

ချီယုံသည် သူ့နောက်သို့ ချီအိမ်တော်ထဲမှထွက်၍ သွေးစွန်းနေသော လမ်းမထက်တွင်ပြေးလိုက်နေပြီး သူနှင့်ဝေးသွားသော ပုံရိပ်နှစ်ခုကို အသက်မပါတော့သော မျက်လုံးများဖြင့် လိုက်ကြည့်နေရှာသည်။ ချီယုံ့ဖိနပ်များသည် ညစ်ညမ်းနေပြီး ကုတ်အင်္ကျီသည် သွေးများဖြင့် စိုရွှဲနေကာ မီးတောက်များကြောင့် အပေါက်များဖြစ်သည်။ သူသည် ထွက်ပြေးနေသော လူသားများနှင့် ခြေဦးတည့်ရာ လျှောက်သွားနေသော သရဲများကို တွန်းတိုက်၍ ဆက်တိုက် ပြေးလိုက်နေသည်။ 

သူ့မျက်လုံးများသည် မျက်တောင်မခတ်လိုက်ကြည့်နေသောကြောင့် စူးရှနာကျင်လာသော်လည်း သူသည် တစ်စက္ကန့်လေးတောင် အကြည့်မလွှဲသွားပေ။ 

‘ငါဘယ်လိုများ........’ 

ကျန်းလော့အပေါ်ထားသော ထိုသူ၏ ရှင်းပြမရနိုင်သော ခံစားချက်များကို တွေ့ပြီး ကျန်းလော့ ဘယ်လိုများ ထွက်သွားနိုင်ပါတော့မည်နည်း။ 

မီးတောက်များသည် မြွေနဂါးကြီးကဲ့သို့  ကွေ့ကောက်နေကာ ချီယုံ့ရှေ့တွင် ရှိနေသမျှကို ဖျက်ဆီးပစ်နေသည်။ 

ချီယုံသည် ထိုမီးတောက်ကို ခုန်ကျော်လိုက်သော်လည်း သတိမထားမိစွာ ဒူးထောက်ကျသွားသည်။ သူသည် အေးခဲသွားပြီး ချက်ချင်းခေါင်းပြန်မော့ကာ လေထဲမှ ပုံရိပ်ကို ခေါင်းမာမာနှင့် လိုက်ကြည့်နေသည်။ 

လူငယ်လေး၏ နှလုံးသားထဲတွင် ဘာရှိနေသလဲဆိုတာ မည်သူကများ သိနိုင်ပါမည်နည်း။ ငါသည် ဘယ်တုန်းကမှ လေနှင့် လကို တစ်ဘဝလုံး မမြင်ခဲ့ဖူးသော်လည်း ယခုရုတ်တရက် နွေဦးရာသီရဲ့ မိုးစက်တွေကို သတိရသွားမိသည်။ 

မှုန်မှိုင်းနေသော နေ့အလင်းရောင်သည် ချီယုံ့ကို အထင်ကြီးပြီး အံ့ဩတကြီးဖြစ်နေသာ လူတစ်ယောက်၏ တည်ရှိမှုကြောင့် ဆန်းကြယ်စွာ တောက်ပနေသည်။ ထိုသူ၏ စိတ်ဝင်စားမှုသည် ကောင်လေးကို မကူညီနိုင်သော်လည်း အာရုံစိုက်မိသွားရသည်။ 

ထိုကောင်လေး ဘာလုပ်ချင်နေပြီး ဘာတွေတွေးနေလဲဆိုတာ သိချင်လာသည်။ 

ကျန်းလော့က ဘယ်သူမို့လို့လဲ 

သူက ချီယုံ့ရဲ့ စိတ်မချမ်းမြေ့မှုများကို မြင်အောင်ကြည့်နိုင်ပါ့မလား 

သူ့ပါးပြင်ကို နွေးထွေးလာအောင် ဖွဖွကိုင်တွယ်ပေးပါ့မလား  

ရက်တိုတိုအနည်းငယ်အကြာတွင် ချီယုံသည် တကယ်ပဲ အသက်ရှင်လာသလို ဘဝမျိုး ရခဲ့သည်။ လေထုအနံ့ သစ်ပင်ပန်းမန်များ၏ ရနံ့များ အဖြူအမည်း မီးခိုးရောင်မှုန်မှိုင်းသော ချီယုံ့၏ အိမ်တော်မှ လူကြီးများသည် ကောင်လေး၏ သက်ဝင်လှုပ်ရှားလာမှုကို သည်းမခံနိုင်ပါချေ။ 

သို့သော် သူ့ကိုယ်ထဲမှ ကျိန်စာနိုးထလာမှုကြောင့် ဖြစ်လာသည့် နာကျင်မှုကို တောင့်ခံနိုင်ခဲ့သောအခါ သူတို့သည် သူက မွေးဖွားမလာသင့်ဟု သတ်မှတ်လိုက်ကြပြန်သည်။ 

တစ်ဖက်မှ ကျန်းလော့ကတော့ တကယ့်တည်ရှိမှုတစ်ခုပင် ဖြစ်သည်။ 

သူကတော့ထွက်သွားလိမ့်မည်ဖြစ်ပြီး ချီယုံကတော့ ဤအတုအယောင် မှန်လောကဆိုသော နေရာတွင် ထာဝရနေခဲ့ရလိမ့်မည်။ ချီယုံသည် သူ့ကို ခေါ်ထားနိုင်မည်ဟု ထင်ခဲ့သည်။ 

အိမ်များ တစ်အိမ်ပြီးတစ်အိမ်ဆက်တိုက်ပြိုကျပြီးနောက် ချီယုံသည် မီးတောက်များပေါ်မှ ကိုယ်ဖော့ပျံသန်းခဲ့သည်။ သူ့နှလုံးသားအစိတ်အပိုင်းတစ်ခု ပျောက်ဆုံးသွားသလို ဗလာဖြစ်စွာ မော့ကြည့်နေသည်။ 

သူ့ရဲ့ ချီမိသားစုအပေါ် မုန်းတဲ့ အမုန်းတရားကရော အတုအယောင်လား 

ရိုက်နက်တာတွေ အနိုင်ကျင့်ခံရတာတွေ အငတ်ထားတာတွေ ကလေးဘဝထဲက ခံစားခဲ့ရတယ်။ ဒါတွေကရော အတုအယောင် အလိမ်အညာတွေပဲလား 

တစ္ဆေဆေးမှင်ကြောင်ရဲ့ တန်ပြန်ခံရတဲ့ နာကျင်မှု ကျိန်စာရဲ့ နာကျင်မှု ဒါတွေကရော ဒီကမ္ဘာပေါ်မှာ သူသင်ယူလေ့လာခဲ့သမျှ အားလုံးက အတုအယောင်တွေပဲလား 

ဘာလို့လဲ ဒါဆို ကျန်းလော့ထွက်သွားတော့တာနဲ့ သူကဘာလို့ အထီးကျန်ပြီး အေးစက်သွားသလို ခံစားရတာလဲ 

ချီယုံသည် သူ့ဘေးမှ အော်ငိုသံတစ်ခုကြားလိုက်ရ၍ လှည့်ကြည့်လိုက်ရာ ဖခင်တစ်ဦးသည် တစ္ဆေများထံမှ အသတ်ခံရပြီး အရေခွံဆုတ်ခံထားရသော ဇနီးသည်နှင့် သားကို ကာကွယ်ထားသည်။ 

သူသည် တစ်ဦးတစ်ယောက်ထဲကို အနားခေါ်ထားချင်စိတ်ဖြင့် တစ်မြို့လုံး၏အသက်ကို စတေးခဲ့သည် သို့သော် အဆုံးသတ်က ကျရှုံးခြင်းပင် ဖြစ်ခဲ့သည်။ ကြီးပြင်းလာသည့်တလျှောက်လုံးတွင် သူသည် နောက်ချန်ထားရမည့် ကိစ္စများကို ချန်ထားဖို့ ကြိုးစားရာတွင် ဘယ်သောအခါမှ မအောင်မြင်ခဲ့ဘူးပဲ။ 

သူလုပ်သမျှအရာအားလုံးသည် နောက်ဆုံးတွင် ရယ်ချင်စရာ ဟာသတစ်ခုဖြစ်ဖြစ်သွားသည်။ ချီယုံသည် ကောင်းကင်ကြီးကို တစ်ခေါက်ထပ်မော့ကြည့်လိုက်သည်။ 

သူ့ပတ်ပတ်လည်တွင် မီးများလောင်ကျွမ်းနေသော်လည်း ချီယုံသည် အေးစက်မှုကိုသာ ခံစားရသည်။ သူသည် မည်သည့် ခံစားချက်ကိုမှ အမည်တပ်ပြီး မသိလိုတော့ပေ။ သူ့ခံစားချက်များ၏ ဆိုလိုရင်းကို မသိလိုတော့သော်လည်း ကျန်းလော့ ဝေးဝေးသို့ ရောက်သွားသည်ကို ကြည့်ရင်း အကြည့်မလွှဲနိုင်သေးပါချေ၊ သူသည် ကြည့်နေရင်း ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုမဲ့သွားရသလို တဖြည်းဖြည်း စိတ်အစဉ်သည် ပြိုလဲလာတော့သည်။ 

သူသည် လက်သီးကိုတင်းတင်းဆုပ်ထားပြီး သူ့လက်သည်းများသည် အသားထဲသို့ နှစ်ဝင်သွားသည်။ သူ့မျက်လုံးအစုံသည် ခြောက်သွေ့နေပြီး သွေးကဲ့သို့နီရဲနေကာ ဆယ်ကျော်သက်လေး၏ နှလုံးသားထဲတွင် ကူကယ်ရာမဲ့မှုနှင့် လက်မလွတ်နိုင်မှုများ လွန်ဆွဲနေသည်။ 

-- မသွားပါနဲ့ 

ကျန်းလော့သည် မြေပြင်ပေါ်မှ လူကို ကြည့်နေဆဲဖြစ်သည်။ သူ့နောက်မှ မကောင်းဆိုးဝါးသည်လည်း ကြည့်နေပြီး နှစ်ယောက်လုံးသည် အသံတစ်စက်မှ မထွက်ပေ။ ကျန်းလော့သည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ကာ သူ့ကိုယ်သူပြောလိုက်သည်။ 

“ဒီတော့ ဒါက မင်းဘယ်လို ဖြစ်ခဲ့တယ်ဆိုတာပါ့” 

မကောင်းဆိုးဝါးသည် မျက်လွှာချလိုက်ပြီး သူ့မျက်နှာသည် အနည်းငယ်အေးစက်သွားကာ ဟုတ်တယ် မဟုတ်ဘူး ဘာမှ ပြန်မဖြေသော်လည်း အဓိပ္ပာယ်မရှိသော တုံ့ပြန်ချက်တစ်ခုပေးခဲ့သည်။ ကျန်းလော့သည် သူဘယ်လိုတုံ့ပြန် တုံ့ပြန် စိတ်ထဲမထားပေ။ အဝေးကြီးသို့ရောက်သွားပြီဖြစ်သော်လည်း သူ့မျက်လုံးသည် အလွန်ကောင်းကာ ချီယုံ့ မျက်နှာအမူအယာများကို ရှင်းရှင်းလင်းလင်း မြင်ရသေးသည်။ 

ချီယုံ့အမူအယာများကို တစ်လက်မချင်းမြင်နေရပြီး ဆယ်ကျော်သက်လေး၏ မှောင်မိုက်သော အတွေးများနှင့် မရှင်းပြနိုင်သော စိတ်အတက်အကျနှင့် သူ့ခံစားချက်သူ နားမလည်နိုင်သေးသည်ကို ကောင်းကောင်းမြင်နေရသည်။ သူသည် ရှင်းမပြနိုင်စွာ ရယ်မောလိုက်ပြီး သူ့ကိုကြည့်ရသည်မှာ အနည်းငယ်ထူးဆန်းနေသည်။ သူ့အပြုံးသည် အလွန်အန္တာရာယ်ရှိသောအပြုံးဖြစ်ပြီး အပြစ်အကြီးကြီး လုပ်ထားသည့်သူကို မိသွားသည့် အမှုစစ်လိုပြုံးနေသည်။ မကောင်းဆိုးဝါးသည် ဘေးတိုက်ကြည့်နေပြီး သူ့မျက်လုံးများထဲမှ တစ်ခုခုကို ရှာဖွေနေသလို ကြည့်နေသည်။ 

“ဒီတော့ ဒါက ဒီလိုဖြစ်သွားတာကိုး ဒီလို ဖြစ်သွားတာကိုးး” 

ကျန်းလော့သည် တစ်ယောက်ထဲ ပွစိပွစိရွတ်နေကာ သူ့စကားပြောသည့် စကားလုံးများကို မကောင်းဆိုးဝါးသည် လုံးဝနားမလည်ပေ။ 

မကောင်းဆိုးဝါးက ပြောသည်။ 

“ဒီတော့ ဒါကဒီလိုကိုးဆိုတာ ဘာက ဘယ်လိုတုန်း” 

ကျန်းလော့သည် အပြုံးအကြီးကြီးပြုံးပြလိုက်သည်။ သူသည် မကောင်းဆိုးဝါးမသိသေးသော တစ်ခုခုကို ရှင်းရှင်းလင်းလင်းကြီး သိသွားလြ့ပြီး မကောင်းဆိုးဝါးသည် သူသိသွားသည့်အရာကို အလွန်မပြောပြတတ်အောင် ဂရုစိုက်နေသည်။ 

“ငါနဲ့အတူတူ ဒီထဲရောက်လာတဲ့ လူလေးယောက်ကိုလည်းတစ်ခါထဲခေါ်သွားပေး ဒါဆို ပြောပြမယ်” 

ကျန်းလော့သည် သူ၏ ချိုသာသော အပြုံးကို ဖျောက်၍ တည်တံ့စွာ ပြောသည်။ 

“ငါတောင်းဆိုတာ မင်းအတွက် အရမ်းခက်ခဲမဲ့ဟာမျိုး မဟုတ်ဘူးလေ” 

မကောင်းဆိုးဝါးအလှောင်ခံလိုက်ရသလို ပြောလိုက်သည်။

“မင်းက အရမ်းကြင်နာတတ်နေတာပေါ့” 

“ငါနဲ့အတူ တောင်ပေါ်တက်လာတဲ့သူတွေ အကုန်သေကုန်ရင် ငါ့အတွက် အခက်အခဲအကြီးကြီး ဖြစ်လာမှာကွ” 

ကျန်းလော့သည် ပေါ့ပါးစွာပြောသည်။ 

“မြန်မြန်လုပ်လေ” 

မကောင်းဆိုးဝါးသည် လက်မြှောက်လိုက်ပြီး မြေပြင်ပေါ်မှ ကြောက်လန့်နေသော လူများစွာ ပေါ်သို့ မြှောက်တက်လာသည်။ 

အထူးခြားဆုံးတစ်ယောက်မှာ လျန်ပင်းဖြစ်ပြီး သူ့ခန္ဓာကိုယ်တစ်ဝက်သည် ကျိုးပြတ်နေပြီးဖြစ်ကာ တခြားသူများသည်လည်း တူညီစွာ သနားစရာကောင်းနေသည်။ လူတိုင်းသည် မသေမရှင် အခြေအနေရောက်နေပြီ ဖြစ်သည်။ 

ကျန်းလော့သည် သူတို့ကို ကြည့်ပြီး နောက်ဆုံးတွင် မြေပြင်ပေါ်မှ ချီယုံ့ကို လှမ်းကြည့်လိုက်သည်။ 

သူသည် ခြောက်သွေ့စွာပြောလိုက်သည်။ 

“သွားကြစို့” 

သူတို့သည် ကောင်းကင်ဆီသို့ ပျံတက်သွားပြီး ပြိုကျနေသော အပေါက်မှ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြသည်။ ဆူညံသံများသည် ကျန်းလော့၏ နားထဲမှ ဖြေးဖြေးချင်း ပျောက်ကွယ်သွားတော့သည်။ သို့သော် သူတို့မှန်လောကထဲမှ ထွက်ခါနီးတွင် ကျန်းလော့နားထဲသို့ ယောက်ျားမိန်းမ အသက်ကြီးငယ် ခွဲမရသော အသံတစ်သံကြားလိုက်ရသည်။ ထိုအသံသည် အိပ်မက်ထဲတွင် ကြားရသလို အဝေးကြီးမှ လာနေသော မသဲမကွဲအသံလိုပေမဲ့ ရှင်းလင်းပြတ်သားစွာ ကြားနေရပြန်သည်။ 

“ဒါက အပြစ်တစ်ခု ပထမဆုံးမွေးဖွားလာရင် မြင်ရမဲ့ အရာပဲ” 

ထိုအသံက ပြောသည်။ 

“မြို့ထဲက လူတွေက သူ့ကိုကာကွယ်ပြီး ပြောပေးခဲ့တာတောင် သူ့ရဲ့ တကိုယ်ကောင်းဆန်တဲ့ ဆန္ဒရှိလာတော့ အကုန်လုံးရဲ့ အသက်တွေကို စတေးပြီး အကြင်နာတရားကင်းမဲ့ပြီး ဆိုးယုတ်တဲ့ နည်းလမ်းကို အသုံးပြုပြီး တစ်မြို့လုံးက လူတွေကို အသက်နှုတ်ဖို့ နည်းနည်းတောင် မတွေဝေခဲ့ဘူး” 

“မကောင်းဆိုးဝါးတွေက အသက်ရှင်လျက်ရှိနေရင်တောင် လူသားအဖြစ်ဆက်ရှိနေရင်တောင် သူတို့က ပိုပြီးကြီးတဲ့ အပြစ်တွေကိုပဲ ဆက်လုပ်လိမ့်မယ်” 

“သူသေသွားမှပဲ အရာအားလုံး အဆုံးသတ်သွားလိမ့်မယ်” 

ထိုအသံရှင်သည် သူတို့ကို မှန်လောကထဲသို့ ဆွဲသွင်းခဲ့သည့် ကန့်လန့်ကာနောက်ကွယ်မှ ပုဂ္ဂိုလ်ဖြစ်သည်။ 

အသံသည် နှေးကွေးတည်ငြိမ်နေသော်လည်း ခိုင်မာနေသည်။ သူ့စကားသံသည် အမှန်တရားကို ပြန်ပြောင်းပြောပြနေတာနှင့် တူပြီး သူပြောသမျှသာ အကုန်အမှန်လိုမျိုး ပြောနေခြင်းဖြစ်သည်။ 

ကျန်းလော့သည် မျက်လုံးများ မှေးသွားသည်။ ကြည့်ရသည်မှာ ကန့်လန့်ကာနောက်မှလူသည် ကျန်းလော့ကို ထိုမြင်ကွင်းကို မြင်တွေ့စေချင်နေသည့်ပုံပင်ဖြစ်သည်။ 

အနက်ရောင်ဝတ်တစ္ဆေသည် လူများရှေ့ချထားသော နယ်ရုပ်လေးသာဖြစ်ပြီး ကောင်းကင်ပြိုကျစေမည့် သော့ချက်ဖြစ်ကာ ဆယ်ကျော်သက်ချီယုံကို မှန်လောကအကြောင်းသိသွားစေမည့်သော့ချက်ဖြစ်သည်။ ကန့်လန့်ကာနောက်မှလူသည် ချီယုံငယ်လေး လုပ်မည့် ကိစ္စများကို ခန့်မှန်းပြီး  မကောင်းဆိုးဝါးကိုယ်တိုင် မှန်လောကထဲသို့ ထိုးဖောက်ဝင်ရောက်လာသော အကြောင်းအရင်းကို ခန့်မှန်းနေခြင်းဖြစ်သည်။ 

သို့မဟုတ် ကျန်းလော့သည် ချီယုံ့ကိုသူ့အစီအစဉ်အတိုင်း နောက်က လိုက်လာခွင့်ပေးလိုက်မည်လား ခန့်မှန်းနေသည်။ 

‘ဆယ်ကျော်သက်ချီယုံက တကယ်ပဲ ပုံရိပ်ယောင်သက်သက် ဟုတ်ရဲ့လား’ 

ချီယုံသည် တကယ့်လူထက်တောင် လူနှင့်တူနေသေးသည်။ သူ၏လှုပ်ရှားမှုတ်ိုင်း ဒေါသ ပင်ကိုယ်စရိုက်အားလုံးသည် ကန့်လန့်ကာနောက်ကွယ်မှလူဖန်တီးထားသည်နှင့် မတူပဲ အစစ်အမှန်ကဲ့သို့ ဖြစ်နေသည်။ 

ကန့်လန့်ကာနောက်ကွယ်မှလူ၏စကားမဆုံးသေးသည်ကိုသိ၍ ကျန်းလော့သည် တိတ်ဆိတ်သွားပြီး စိတ်ရှည်ရှည်ဖြင့် ထိုသူဆက်ပြောမည့် အချိန်ကို စောင့်နေသည်။ တစ်ဖက်မှလူ စကားပိုပြောလေ အချက်အလက်များ ပိုသိရလေ ဖြစ်သည်။ 

သို့သော် မကောင်းဆိုးဝါးသည် လက်မြှောက်လိုက်ကာ ကျန်းလော့နားထဲမှ ဘာမှမရှိသလိုထင်ရသော လေထုပါးပါးကို ဆွဲထုတ်လိုက်သည်။ 

သူ့လက်ထဲတွင် အလင်းပြန်နေသော နန်းကြိုးမျှင်အတော်များများပေါ်လာကာ မကောင်းဆိုးဝါး၏ မျက်လုံးများသည် နန်းကြိုးမျှင်များကို ကြည့်၍ အေးစက်သွားပြီး ဒေါသထွက်စွာ ပြောလိုက်သည်။ 

“ငါ့ရှေ့မှာ အတင့်ရဲလို့ ဒီလိုလှည့်ကွက်မျိုး လာကစားရဲတယ်”  

နန်းကြိုးမျှင်များသည် စတီးကြိုးများကဲ့သို့ မာကြောနေကာ မကောင်းဆိုးဝါးသည် ကြိုးများကို ဖြတ်ပစ်ရန် လက်ဖြင့် ဖြေးဖြေးချင်းဆွဲဆုပ်လိုက်သည်?။ 

နောက်ခနတွင် မကောင်းဆိုးဝါးသည် ကျန်းလော့ကို ကိုင်ထားရင်း မှန်လောကထဲမှ ထွက်သွားတော့သည်။ 

ကျန်းလော့သည် မျက်လုံးဖွင့်လိုက်သော အခါ  မေးရိုးမှ နာကျင်မှုကို ခံစားရပြီး မကောင်းဆိုးဝါးသည် သူ့ကို အိပ်ရာပေါ်တွင် ဖိချုပ်ထားကာ မဲ့ပြုံးဖြင့် ပြောလိုက်သည်။ 

“ကဲ အဲ့တာဘာလဲ ပြောတော့” 

အခုမှနိုးလာသော ဆံပင်အနက်နှင့် လူငယ်လေးသည် သူ့ကိုယ်သူဘာဖြစ်သွားလဲ အတည်မပြုရသေးပေ။ သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်၍ သူ့မျက်ခုံးများသည် တည်ငြိမ်စွာရှိနေပြီး တစ်ခန်းလုံးကို လိုက်ကြည့်နေသည်။ 

အခန်းသည် အိပ်ခန်းတစ်ခန်းဖြစ်ပြီး အခန်းအနေအထားသည် သော့ခတ်ထားသော အဆောင်ခန်းနှင့်ကပင် တူနေကာ သူမည်မျှ ဒီနေရာမှာ အိပ်ခဲ့မှန်း ခန့်မှန်းမရတော့ချေ။ 

အနည်းငယ် အံ့အားသင့်စရာကောင်းသည်မှာ ကြမ်းပြင်တစ်ခုလုံးသည် မီးလောင်ထားသလို မည်းမှောင်နေပြီး ထောင့်တိုင်းထောင့်တိုင်းတွင် အပျက်အစီးအစအနများပုံနေကာ ကျိုးနေသော ပြတင်းပေါက်ဘောင်များကို ဖြစ်သလို သံပြန်ရိုက်ထားကာ တစ်ခုထဲသာရှိသော ပညာရှင်လက်ရာများသည် အမှိုက်များကဲ့သို့ စုပြုံနေသည်။ လှပသော စံအိမ်ကြီးသည် လူနေရန် မသင့်တော်သော အိမ်ဖြစ်နေသည်။ 

မကောင်းဆိုးဝါးသည် ရန်စနေသော အသံဖြင့် ကြောက်စရာကောင်းလောက်အောင် စိတ်မကြည်စွာ ပြောလိုက်သည်။ 

“ကျန်းလော့” 

ကျန်းလော့သည် မျက်လုံးများကို ခန္ဓာကိုယ်ဆီသို့ အကြည့်ပို့လိုက်သည်။ 

မကောင်းဆိုးဝါး၏ ခန့်ညားသောမျက်နှာသည် မည်းမှောင်နေပြိး ကြောက်စရာကောင်းအောင် ဖိနှိပ်သည့် အရှိန်အဝါများ ထွက်လာသည်။ 

ကျန်းလော့သည် ဂရုမစိုက်ဘဲ အဆုံးမရှိသော အန္တာရာယ်များ ပေးတော့မလို ထူးဆန်းသည့်အပြုံးကြီး ပြုံးနေသည်။ 

သူ့ကို ဖိထားသည်ကို ဂရုမစိုက်သလို ပေါ့ပါးစွာ လှဲလျောင်းနေပြီး စနောက်သော လေသံဖြင့် မသေချာစွာ ပြောလိုက်သည်။ 

“ချီယုံ ဒါဆို မင်း .................” 

မကောင်းဆိုးဝါးသည်  သူ့ကို ဆူပုတ်ပြီး ကြည့်နေသည်။ 

ကျန်းလော့အပြုံးသည် ပို၍ ကျယ်ပြန့်လာကာ တဏှာကြီးသော တစ္ဆေတစ်ကောင်၏ အဆိပ်ပြင်းတစ်ခွက်ကဲ့သို့ တမင်တကာ အသံကိုနှိမ့်၍ 

“ဒီတော့ မင်းငါ့ကို ကြိုက်နေတာလား ဟမ်” 

################################