ရှန့်ချန့်ယန်က သူ၏ တာဝန်အကြောင်းကို အတိုချုပ် ရှင်းပြနေစဉ် ဟိုင်ရိ ရုတ်တရက် သဘောပေါက်သွားသည်။
"သတ်တာ ဒီနေ့ကတည်းက စတာလား"
"အင်း"
ရှန့်ချန့်ယန်က ပြောလိုက်သည်။
"ဝံပုလွေက အရင်သတ်တယ်၊ ပထမဆုံးညမှာ စတာ"
မလွဲမရှောင်သာ ဟိုင်ရိ အနည်းငယ် စိုးရိမ်လာသည်။ သူ အသံတိုးတိုးလေး မေးလိုက်၏။
"မင်းရဲ့ နေရာက ဘာလဲ"
ရှန့်ချန့်ယန်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပြုံးလိုက်သည်။
ဟိုင်ရိ: "ငါသိပြီ၊ ဝံပုလွေ"
"မဟုတ်ဘူး"
ရှန့်ချန့်ယန် ငြင်းလိုက်သည်။
"အရပ်သား"
ဟိုင်ရိ: "မင်းကို ငါ ယုံမယ်ထင်လား"
"ဘာလို့လဲ"
ရှန့်ချန့်ယန်က တည်ငြိမ်စွာ ပြန်ဖြေသည်။
"ကျွန်တော် တကယ် အရပ်သားပါ၊ မဟုတ်ရင် ကျွန်တော်ထွက်သွားဖို့ ပြင်ဆင်နေရမှာပေါ့"
ဟိုင်ရိသည် ရှန့်ချန့်ယန် ဆိုလိုသည်မှာ သူ ဝံပုလွေဖြစ်ပါက သူ၏ ဝံပုလွေများအချင်းချင်း တွေ့ဆုံ၍ နည်းဗျူဟာများ ဆွေးနွေးနေရမည်ဟု သိရှိသည်။
ရှန့်ချန့်ယန်က ဂိမ်းစည်းမျဉ်းများကို သူ့အား တစ်ခါရှင်းပြဖူး၏။ အနှစ်သာရအားဖြင့် ၎င်းသည် Werewolf ဂိမ်း၏ မူရင်းစည်းမျဉ်းများကို အပြည့်အဝလိုက်နာသော တကယ့်ဘဝဂိမ်းတစ်ခုဖြစ်သည်။ စည်းမျဉ်းများအရ မည်သည့်သွေဖည်မှု မရှိပေ။ လူဆယ့်နှစ်ယောက်ပါသော တစ်ပွဲတွင် ဝံပုလွေနေရာလေးခု၊ နတ်ဘုရားနေရာလေးခုနှင့် အရပ်သားနေရာလေးခု ပါဝင်မည်ဖြစ်သည်။
( နတ်ဘုရားနေရာဆိုတာ ပြည်သူအရပ်သားထဲမှာမှ အလုပ်ရှိတဲ့လူတွေကို ဆိုလိုတာပါ၊ ဥပမာ စုန်းမတို့၊ နတ်ဆရာတို့၊ မုဆိုးတို့ပါ )
ဝံပုလွေများသည် ညဘက်တွင် တွေ့ဆုံကြမည်ဖြစ်ပြီး မည်သူ့ကို ဓားဖြင့်ထိုးရမည်ကို အတူတကွ ဆုံးဖြတ်ကာ သန်းခေါင်ကျော်မှ လုပ်ဆောင်မည်ဖြစ်သည်။
စုန်းမသည် ည ၁၂ နာရီ ၃၀ မိနစ်တွင် နိုးထလာမည်။ သူတို့၏ လက်နက်တိုက်တွင် အဆိပ်ပုလင်းတစ်လုံးနှင့် ဆေးပုလင်းတစ်လုံး ရှိ၏။ လုပ်ငန်းစဉ်တစ်ခုလုံးတွင် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန် မဖြစ်နိုင်ပေ။
စုန်းမ၏ အဆိပ်ကို နေ့ခင်းဘက်တွင် သုံးရမည်။ တစ်စုံတစ်ယောက်က ဝံပုလွေဟု ထင်ပါက အဆိပ်သောက်အောင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လုပ်ရမည်။ အဆိပ်ကို ညဘက်တွင် သုံး၍မရပေ။ ဆေးရည်ကိုသာ သုံးနိုင်သည်။ အဆိပ်ရော ဆေးရည်ပါ ခြောက်နာရီကြာမှ အာနိသင်ပြလိမ့်မည်။ တစ်ဖက်တွင် ဤစည်းမျဉ်းသည် ပထမဆုံး အသတ်ခံရပြီးနောက်နှင့် မည်သူမှ စကားမပြောသေးသည့် အခြေအနေတွင် စုန်းမအား ကျပန်း အဆိပ်ပေးခြင်းကို ကန့်သတ်ထားသည်။ စုန်းမက ပထမညတွင် လူတိုင်း၏ အထောက်အထားများကို မသိသေးပါက ကိုယ့်ကိုယ်ကိုယ် မကယ်နိုင်သလို မျက်စိမှိတ်၍လည်း အဆိပ်မသုံးနိုင်ပေ။
မုဆိုးက မနက် ၁ နာရီတွင် နိုးထလာမည်။ နိုးထပြီးသည်နှင့် သူတို့၏ 'မီးဖွင့်နိုင်သည်' ဖြစ်သော အခြေအနေကို စစ်ဆေးမည်။ စုန်းမ၏ အဆိပ်သင့်နေပါက သူတို့၏ အခြေအနေသည် 'မီးဖွင့်နိုင်ခြင်းမရှိ' အဖြစ် ပြောင်းလဲသွားမည်။ သို့သော် ဝံပုလွေလေးကောင် ရှိသောကြောင့် ညဘက်တွင် ဝံပုလွေတစ်ကောင်က မုဆိုးကို သတ်လိုက်ပါက ဝံပုလွေတစ်ကောင်ကို သေချာပေါက် ပစ်ခတ်ခွင့်ရမည်။
နတ်ဆရာနေရာတစ်ခုဖြစ်သော လူရူးသည် ညဘက်တွင် မျက်စိမဖွင့်နိုင်ပေ။ နေ့ခင်းဘက်တွင် ပွဲမှထုတ်ပယ်ခံရပါကလည်း မသေဆုံးပေ။ သို့သော်လည်း သူတို့သည် မဲပေးရာတွင် ဆက်လက်ပါဝင်နိုင်တော့မည်မဟုတ်ဘဲ ဝိညာဉ်ပုံစံဖြင့်သာ တည်ရှိနေမည်ဖြစ်၏။
( အကျဥ်းချုပ်ရရင် - လူရူးဆိုတာက မာဖီးယားဂိမ်းက ပြည်သူနေရာပါ။ ကျန်တဲ့ သုံးနေရာလုံးကလည်း လူရူးတွေကိုမှ တစ်ခုစီကို အထူးအချက်အလက်ရှိနေတဲ့ သဘောပါပဲ၊ ပြည်သူမှာ အလုပ်ရှိသလိုပေါ့။ နတ်ဆရာက အချက်အလက်ကို ယူနိုင်သူပါ၊ ပြောရရင် သူက လူတစ်ယောက်ကိုရွေးပြီး အဲလူရဲ့ role ကို သိရတာပါ၊ မာဖီးယားထဲက ရဲလိုမျိုးပါပဲ။ စုန်းမက လူတစ်ယောက်ကို အဆိပ်ခတ်ပြီး သတ်မလား၊ ဆေးပေးပြီး ကယ်မလား ဆုံးဖြတ်လို့ ရပါတယ်၊ မာဖီးယားဂိမ်းနဲ့ဆို ဆရာဝန်နဲ့ ဆင်ပါတယ်။ မုဆိုးက ပြည်သူတစ်ယောက်အနေနဲ့ဖြစ်ပြီး သေရင် သူနဲ့အတူ တစ်ယောက်ယောက်ကို သေဖို့ ခေါ်သွားလို့ရတာပါ၊ မာဖီးယားက ဗုံးပါပဲ။ )
ထိုအချိန်က ဟိုင်ရိသည် ရှန့်ချန့်ယန်၏ လက်မောင်းပေါ်တွင် ခေါင်းတင်၍ နားနေခဲ့သည်။ သူသည် စိတ်မဝင်တစား မှတ်ချက်ချသည်။
"ဒါဆို နတ်ဆရာ-စုန်းမ-မုဆိုး-အရူးရဲ့ ဂန္ထဝင် version ပေါ့၊ နတ်ဆရာက ဘယ်လိုလဲ"
"Seer က အစောဆုံး နိုးတာ"
ရှန့်ချန့်ယန်က ပြောလိုက်သည်။
"ည ၁၁ နာရီခွဲ...ကျွန်တော် နတ်ဆရာကို တစ်ခါမှ မဆော့ဖူးဘူး၊ ဒါကြောင့် သိပ်မသေချာဘူး၊ ဒါမှမဟုတ် ၁၁ နာရီပဲ၊ ကျွန်တော် မှတ်မိတာတော့ ခင်ဗျား ပတ်ပတ်လည်စားပွဲကို သွားရမယ်၊ လူတိုင်းရဲ့ ထိုင်ခုံမှာ ကတ်ပြားတစ်ခုစီ ရှိလိမ့်မယ်၊ ခင်ဗျား တစ်ခုပဲ လှန်လို့ရတယ်၊ ပိုလှန်ရင် ခင်ဗျားသေသွားမယ်"
( လူတစ်ယောက်ကို ရွေးပြီး ဘယ်သူ့ရဲ့ အချက်အလက်ကို သိဖို့ဆိုပြီး ရွေးရတာပါ )
ဟိုင်ရိ ပြုံးလိုက်သည်။
"ငါသာ နတ်ဆရာဆိုရင် မင်းရဲ့ဟာကို အရင်ဆုံး လှန်မယ်"
ရှန့်ချန့်ယန်: "ခင်ဗျား နတ်ဆရာဆိုရင် ဘယ်သူ့ကို လှန်လှန် ကိစ္စမရှိဘူး၊ အဲဒီနေရာက ခင်ဗျားပါဆိုပြီး မပြောရင် ရပြီ"
ဟိုင်ရိ: ...
"ဘယ်နတ်ဆရာမှ သုံးရက်ထက် ပိုမရှင်နိုင်ဘူး"
ရှန့်ချန့်ယန်က ပြောလိုက်သည်။
"ဘယ်သူ ကောက်ကောက် ကံမကောင်းဘူး၊ ပထမဆုံးနေ့မှာပဲ ထွက်သွားရနိုင်တယ်"
ဟိုင်ရိ စကားမပြောနိုင်ဖြစ်သွားသည်။
"နတ်ဆရာမပါရင် ဂိမ်းက ဘယ်လို ဆက်သွားမလဲ"
( ရဲမရှိတော့ ညဘက်မှာ အချက်အလက်မသိနိုင်လို့ မာဖီးယား ဘယ်သူမှန်း မသိဘဲ ဆက်ကစားဖို့ မလွယ်တာမျိုးကို ဆိုလိုတာပါ )
"တကယ်သေချင်တဲ့သူတွေက နတ်ဆရာကတ်ရရင်တောင် နေရာမရွှေ့ဘူး"
ရှန့်ချန့်ယန်က ပြောလိုက်သည်။
" ဝံပုလွေတွေတောင် နတ်ဆရာဆိုပြီး ဟန်ဆောင်နိုင်တယ်"
ဟိုင်ရိ: "ဒါဆို ဘယ်လိုဆော့ရမှာလဲ"
ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"တစ်ခါ နှစ်ခါ ပါဝင်ကြည့်ရင် သိလိမ့်မယ်"
"စည်းမျဉ်းတွေက စည်းမျဉ်းတွေပဲ"
ရှန့်ချန့်ယန်က ပြောလိုက်၏။
"ဘာလုပ်သင့်တယ်ဆိုတာကိုပဲ ပြောပြနိုင်ပြီး ဘာမလုပ်ရဘူးဆိုတာကို မပြောနိုင်ဘူး၊ စည်းမျဉ်းတွေအပြင်ဘက်က အရာအားလုံးက မျက်ကွယ်တွေပဲ"
ဟိုင်ရိက သတိထားပြီး မေးလိုက်သည်။
"အဲဒါ ဘာကို ဆိုလိုတာလဲ"
"ဆိုလိုတာကတော့"
ရှန့်ချန့်ယန်က ပြောလိုက်သည်။
"စုန်းမတစ်ယောက် အဆိပ်နေရာ မှားထားတာ ငါတစ်ခါ မြင်ဖူးတယ်"
ဟိုင်ရိ: ...
ရှန့်ချန့်ယန်: "ဒါက တကယ့်ဘဝဂိမ်း၊ စည်းမျဉ်းတွေ အပြင်ဘက်က အရာတွေက ဒီဂိမ်းတွေမှာ ဆော့တာပဲ"
ယခုအချိန်၌ ဟိုင်ရိသည် ရှန့်ချန့်ယန် သူ့အား ပြောပြခဲ့သော အရာများကို ပြန်လည်စဉ်းစားမိသည်။ ရှန့်ချန့်ယန်၏ ချောမော၍ ထင်ရှားသော မျက်နှာကို ကြည့်ရင်း သူ ပြောလိုက်၏။
"ဂရုစိုက်"
ရှန့်ချန့်ယန်: "အခုမှ ပြောတာလား"
"မင်း အရမ်းသန်မာတယ်လို့ ခံစားရလို့"
ဟိုင်ရိက မပြောဘဲ မနေနိုင်ခဲ့ပေ။
"ဒါပေမဲ့ မင်း သန်မာရင်တောင် ဂရုစိုက်ရဦးမယ်၊ မင်း ဘယ် version ကို ဆော့နေတာလဲ"
ရှန့်ချန့်ယန်က စဉ်းစားပြီးမှ ပြောလိုက်သည်။
အိမ်မက်ဆိုးနဲ့ကာကွယ်သူ"
ဟိုင်ရိသည် ဤ version အား တစ်ခါမျှ မကစားဖူးသော်လည်း ကြားဖူး၏။ အိမ်မက်ဆိုးသည် ဝံပုလွေနေရာအဖြစ် သတ်မှတ်သော်လည်း သူ၏ ဝံပုလွေအချင်းချင်းများနှင့် ဘယ်သောအခါမျှ မတွေ့ဆုံပေ။ သူတို့၏ ကျွမ်းကျင်မှုမှာ ညတိုင်း တစ်စုံတစ်ယောက်အား ၎င်းတို့၏ ကျွမ်းကျင်မှုကို အသုံးမပြုနိုင်အောင် တားဆီးခြင်းဖြစ်သည်။
အိမ်မက်ဆိုးသည် နတ်ဆရာကို အိပ်မက်မက်ပါက နတ်ဆရာသည် မည်သူ၏ အထောက်အထားကိုမျှ ကြည့်ရှုနိုင်မည်မဟုတ်ပေ။ စုန်းမကို အိပ်မက်မက်ပါက စုန်းမသည် သူမ၏ ဆေးရည်ကို အသုံးပြုနိုင်မည်မဟုတ်ပေ။ သို့သော် ဝံပုလွေများကို အိပ်မက်မက်ပါက ကျန်ဝံပုလွေသုံးကောင်သည် သတ်ဖြတ်နိုင်မည်မဟုတ်ပေ။
ကာကွယ်သူသည် ညတိုင်း ကစားသမားတစ်ဦးကို ဝံပုလွေဓားများမှ ကာကွယ်ပေးနိုင်သော်လည်း တူညီသောလူကို နှစ်ညဆက်တိုက် ကာကွယ်၍မရပေ။
ဟိုင်ရိက ထပ်မံအတည်ပြုလိုက်သည်။
"မင်း တကယ် အရပ်သားသက်သက်ပဲလား"
"အင်း"
ရှန့်ချန့်ယန်က ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့”
ဟိုင်ရိသည် ရှန့်ချန့်ယန်အား လွမ်းသည်။ သူသည် ယခုအချိန်၌ သူ၏ရင်ခွင်ထဲ လဲလျောင်း၍ သူ့နှင့်သာ စကားပြောချင်သည်။ ကံမကောင်းစွာဖြင့် သူတို့သည် အလွန်ဝေးကွာနေကြသည်။ ဟိုင်ရိ၏ ရင်ထဲတွင် နောင်တများ စုပုံလာ၏။ သူသည် ရှန့်ချန့်ယန်အား ဤအလုပ်ကို မည်သို့ပင်ဖြစ်စေ လက်မခံရန် တားဆီးခဲ့သင့်သည်။
"ငါ အိမ်မှာ မင်းကို စောင့်နေမယ်"
ဟိုင်ရိသည် နောက်ဆုံးတွင် ပြောလိုက်သည်။ သူသည် ကင်မရာကို ညင်သာစွာ နမ်းလိုက်၏။
"Good night"
ရှန့်ချန့်ယန်: "Good night"
အခန်းတစ်ခုလုံး အမှောင်ဖုံးလွှမ်းနေသည်။ ရှန့်ချန့်ယန် အချိန်ကို ကြည့်လိုက်သည်။ ည ၁၁ နာရီ။ သူ့ဖုန်းမျက်နှာပြင်မှ အလင်းရောင် အနည်းငယ်သာ အခန်းတစ်ခုလုံး၏ တစ်ခုတည်းသော အလင်းရောင်ဖြစ်၏။ သူသည် တံခါးအပြင်ဘက်မှ 'ပီလ်' ခနဲ အသံကို ကြားလိုက်ရသည်။ ဒိုင်လူကြီး၏ ချဲ့စက်မှ အသံတစ်ခု ပဲ့တင်ထပ်လာသည်။
"အိမ်မက်ဆိုး၊ ကျေးဇူးပြုပြီး လုပ်ဆောင်ပါ"
သူသည် ဖုန်းကို မှောက်လိုက်ပြီး ဘေးနားတွင် ချထားလိုက်ရာ အခန်းတစ်ခုလုံး လုံးဝမှောင်မိုက်သွားသည်။ ထို့နောက် ကုတင်ခေါင်းအုံးကို မှီလိုက်ပြီး ဗီဒီယိုကောခေါ်ဆိုနေစဉ်က အနေအထားအတိုင်းပင် နေလိုက်၏။ သူ မျက်လုံးများကို မှိတ်လိုက်ပြီး တစ်ဝက်မျှ လဲလျောင်းရင်း လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် ယှက်ထားသည်။ ခန့်မှန်းခြေအားဖြင့် နာရီဝက်ခန့်ကြာပြီးနောက် နောက်ထပ် 'ပီလ်' ခနဲ အသံမြည်လာ၏။
"နတ်ဆရာ၊ ကျေးဇူးပြုပြီး လုပ်ဆောင်ပါ"
ဒိုင်လူကြီးမှ ကြေညာလိုက်သည်။
ရှန့်ချန့်ယန် မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် အခန်းတံခါးကို လွယ်လွယ်ကူကူ ဖွင့်ပြီး သူ့ဖိနပ်နှင့်ပင် ကမန်းကတန်း ထွက်သွား၏။
စင်္ကြံသည် မှောင်မည်းနေသည်။ နေ့ခင်းဘက်က အမှတ်အသားများကို မှတ်မိသည်အားဖြင့် သူသည် လက်ရန်းကို ကိုင်၍ ပထမထပ်ရှိ ပတ်ပတ်လည်စားပွဲသို့ ဆင်းသွားလိုက်သည်။
ပတ်ပတ်လည်စားပွဲပေါ်တွင် မီးအိမ် ဆယ့်နှစ်လုံး ထွန်းညှိထားသည်။ သူ ထိုနေရာကို လျှောက်သွားလိုက်သည်။ မီးအိမ်များ၏ အလင်းရောင်မှာ သူ၏မေးစေ့အား ထွန်းညှိပေးထားရာ သူ၏ မျက်နှာအမူအရာမှာ ဖတ်ရခက်နေ၏။
ရှန့်ချန့်ယန်သည် စားပွဲကို ပတ်၍ တစ်လုံးပြီးတစ်လုံး ကျော်ဖြတ်သွားသည်။
ဒိုင်လူကြီး: "နတ်ဆရာ၊ ဒီည မင်း စစ်ဆေးနိုင်ပြီ"
"မင်း စစ်ဆေးချင်တဲ့ ပုဂ္ဂိုလ်က..."
ရှန့်ချန့်ယန်က နံပါတ်ငါး စားပွဲကို ဖြည်းဖြည်းချင်း လျှောက်သွားသည်။ သူသည် မီးအိမ်အောက်ရှိ ကတ်ကို ပေါ့ပေါ့ပါးပါး လှန်လိုက်၏။
မှိတ်တုတ်မှိတ်တုတ် မီးရောင်အောက်တွင် အနီရောင် ဝံပုလွေကတ် ပေါ်လာသည်။ ကတ်ပေါ်တွင် ဆွဲထားသော ငွေရောင်ခြေသည်းက ဤသူသည် ဝံပုလွေဖြစ်ကြောင်း ဖော်ပြနေ၏။
မအံ့သြဘဲ ရှန့်ချန့်ယန် ကတ်ကို ပြန်ထားလိုက်သည်။ ဒိုင်လူကြီး၏ သတိပေးချက်ကို မစောင့်ဘဲ သူ လှည့်ပြီး သူလာခဲ့သော လမ်းအတိုင်း ပြန်သွား၏။ သူ တံခါးကိုပိတ်၊ စောင်ခြုံပြီး အိပ်ပျော်သွားသည်။
"ဒါက ဒဏ္ဍာရီလာ ရှန့်ချန့်ယန်လား"
ဗဟိုမျှော်စင်တွင် မျက်မှန်နှင့် မိန်းကလေးတစ်ဦးသည် မော်နီတာမှ မော့ကြည့်လိုက်သည်။ သူမသည် ဒိုင်လူကြီး၏ မိုက်ခရိုဖုန်းကို ပိတ်လိုက်၏။
"သူ အရမ်းချောတာပဲ၊ မင်း သူ့ကို ကြည့်ချင်တာ မဟုတ်လား"
"မင်း သူ့ Wechat ကို လိုချင်လား"
ယီဝေ သူ့ခြေထောက်များကို စားပွဲပေါ်တင်ပြီး သူ့လက်များက နတ်ဆရာကတ်ကို လှန်လိုက်သည်။ သူသည် ကတ်ကို သူ့နှာခေါင်းပေါ်တင်ကာ နှာခေါင်းနှင့် ပါးစပ်ဖြင့် ကိုင်ထားသည်။
"သူ အရမ်းချောတာလား၊ ငါ့အတွက်တော့ အဆင်ပြေရုံပဲ"
မိန်းကလေး : "သူ့ Wechat ကို မလိုချင်ပါဘူး၊ ချောတဲ့ကောင်လေးတွေကို ကြည့်ရုံနဲ့တင် ရပြီ၊ မင်း သူ့ကို ဘာလို့ ကြည့်နေတာလဲ၊ သူ တကယ်ကို ကျွမ်းကျင်တယ်၊ ဘယ်လိုလုပ် နံပါတ်ငါးက ဝံပုလွေဆိုတာကို ရှာတွေ့သွားတာလဲ"
"ရှာတွေ့ရအောင် မဟုတ်တာတွေ"
ယီဝေ အေးစက်စက် ရယ်လိုက်သည်။
"သူ ကံကောင်းတာပဲ ရှိတာ"
မိန်းကလေးက သူနှင့် မငြင်းခုံဘဲ မော်နီတာကို ဆက်ကြည့်နေ၏။ နောက်ထပ် မိနစ်နှစ်ဆယ်ကြာပြီးနောက် ဝံပုလွေများ လုပ်ဆောင်ရမည့် အချိန်ရောက်ပြီဖြစ်သည်။ ယခုတစ်ကြိမ်၌ ဝံပုလွေသုံးကောင်သာ ပွင့်ပွင့်လင်းလင်း ရှိနေသည်။ ကျန်အိမ်မက်ဆိုးသည်နတ်ဆရာမတိုင်မီကပင် လုပ်ဆောင်ပြီးသား ဖြစ်၏။
မိန်းကလေး : "ဝံပုလွေတွေ စလုပ်တော့မယ်"
သို့သော် ယီဝေသည် သိပ်စိတ်မဝင်စားပဲ သူ ထရပ်လိုက်သည်။
"မနက်ဖြန် စားပွဲဝိုင်းမှ ငါ ထပ်လာခဲ့မယ်''
မိန်းကလေး : "မနက်ဖြန် ငါ့အလှည့် မဟုတ်ဘူး၊ မင်း ကြည့်ဖို့ သူတို့ကို တောင်းပန်ကြည့်လိုက်"
"နောက်အလှည့် ဘယ်သူလဲ"
ယီဝေ လှည့်ပြီး အလေးအနက် မေးလိုက်သည်။
မိန်းကလေး၏ အကြည့်မှာ မော်နီတာပေါ်တွင်ပင် ရှိနေဆဲဖြစ်သည်။ သူမက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
"ဘယ်သူပါလိမ့်...ဖန်းဇီလို့ ထင်တာပဲ၊ သွားမေးကြည့်လိုက်"
ယီဝေ: "အိုကေ"
မိန်းကလေး: "Good night"
ယီဝေ: "Good night"
နောက်တစ်နေ့ မနက် ၈ နာရီ...
လူအုပ်စုကြီး တစ်ယောက်ပြီးတစ်ယောက် အောက်ထပ်သို့ ဆင်းလာကြသည်။ ရှန့်ချန့်ယန်သည် မနက်စောစောကတည်းက မနက်စာ စားရန် ဆင်းသွားခဲ့ပြီးဖြစ်၍ သူ့အစားအစာကိုလည်း စားပြီးခဲ့လေသည်။ သူသည် ပတ်ပတ်လည်စားပွဲ၌ ထိုင်၍ သူတို့အား စောင့်ဆိုင်းနေ၏။ သူသည် နံပါတ်ကိုးနေရာတွင် ရှိနေသည်။
မနေ့က လူဆယ့်နှစ်ယောက် ရှိခဲ့ပြီး ယနေ့လည်း အရေအတွက် မပြောင်းလဲပေ။ ညက ငြိမ်းချမ်းခဲ့သည်။ စုန်းမသည် ဆေးရည်ဖြင့် တစ်စုံတစ်ယောက်ကို ကယ်တင်ခဲ့၏။
ရှန့်ချန့်ယန်သည် ဟိုင်ရိနှင့် ဖုန်းပြောနေသောကြောင့် အခြားလူများကို တစ်ချက်မျှပင် မကြည့်ပေ။ ဟိုင်ရိသည် ယခုလေးတင် နိုးလာသည်ကြောင့် စိတ်မရှည်သဖြင့် သူ့အား အာရုံသိပ်မစိုက်ပေ။ ရှန့်ချန့်ယန်က စိတ်ရှည်စွာ ပြောလိုက်သည်။
"ထတော့၊ အပြင်ထွက် လမ်းလျှောက်ဦး"
"စိတ်ပျက်စရာကောင်းလိုက်တာ"
ဟိုင်ရိက မကျေမနပ် ပြောလိုက်သည်။
"ငါ့ကို ဂရုမစိုက်နဲ့"
ရှန့်ချန့်ယန်: "ခင်ဗျားကို ဂရုမစိုက်ရင် ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ"
ဟိုင်ရိ: ...
ဟိုင်ရိ၏ ဒေါသသည် ချက်ချင်း ပျောက်ကွယ်သွားသည်။
"စားပွဲဝိုင်း စဖို့ အချိန်ရောက်ပြီလား"
"အင်း"
ရှန့်ချန့်ယန်မှာ အလွန်ပျင်းရိနေပြီဖြစ်သည်။ သူ့ပတ်ဝန်းကျင်မှ လူများသည် ၎င်းတို့၏ ထိုင်ခုံများတွင် ထိုင်နေကြပြီး တိုးတိုးတိတ်တိတ် စကားပြောနေကြ၏။ ရှန့်ချန့်ယန်တစ်ယောက်တည်းသာ ဖုန်းပြောနေသည်။
"ဘားဖွင့်လိုက်၊ ခင်ဗျားတို့နှစ်ယောက် တစ်ခုခုလုပ်စရာ ရှာဦး၊ မဟုတ်ရင် အိမ်မှာပဲ နေ့တိုင်း အိပ်နေတော့မှာ"
ဟိုင်ရိ: "ဒါပေမဲ့ ငါ အိမ်မှာ အိပ်ရတာ ကြိုက်တယ် ဝူးဝူးဝူး"
ရှန့်ချန့်ယန်ရယ်မောလိုက်သည်။
"လိမ်လိမ်မာမာနေ"
ရှန့်ချန့်ယန်သည် ဟိုင်ရိတစ်ယောက်တည်း အိမ်၌ အထီးကျန်နေခြင်းကို မကြိုက်ပေ။ အတိတ်၌လည်း ထိုနည်းအတိုင်းပင်။ ဟိုင်ရိသည် အိမ်တွင် ရက်အနည်းငယ်ကြာအောင် ပတ်ချာလည်နေရုံဖြင့် သူသည် ဟိုင်ရိအား လမ်းလျှောက် ထွက်ရန် ခေါ်ဆောင်လေ့ရှိသည်။ ဟိုင်ရိသည် ဤအခြေအနေသည် ရှန့်ချန့်ယန်၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် သက်ဆိုင်နေသည်ဟု ခံစားရ၏။
သူတစ်ယောက်တည်း ရှိနေချိန်တွင် သူ့အခြေအနေ ပိုဆိုးလာသည်ဟု ခံစားရပုံရသောကြောင့် ဟိုင်ရိကို အိမ်ထဲတွင် ကြာကြာပိတ်လှောင်ထားပြီး ရှုပ်ထွေးသော အတွေးများ မဖြစ်ပေါ်စေလိုခြင်း ဖြစ်ပုံရသည်။
ဟိုင်ရိသည် အဆက်မပြတ် ဆုတ်ယုတ်နေခြင်းကို မလိုလားသောကြောင့် လက်လျှော့လိုက်ကာပြောလိုက်၏။
"မနေတော့ဘူး...နေ့လည်ကျ ဆံပင်ဝါနဲ့ အပြင်သွားမယ်"
ရှန့်ချန့်ယန် ရယ်လိုက်သည်။
"တော်ချက်ပဲ"
သူပြောပုံသည် ဟိုင်ရိမှာ ရှန့်ချန့်ယန်အား ကြီးမားသော ကျေးဇူးပြုလိုက်သကဲ့သို့ပင်။ ဟိုင်ရိ၏ နှုတ်ဖျားမှ ရယ်သံတစ်ချက် ထွက်ပေါ်လာသည်။ သူက တိုးတိုးလေး ပြောလိုက်၏။
"လောင်ကုန်း... အကောင်းဆုံး ဖြစ်ပါစေ"
"အိုကေ"
ရှန့်ချန့်ယန်က ပြောလိုက်သည်။
"ခင်ဗျားလည်း အကောင်းဆုံး ဖြစ်ပါစေ"
ရှန့်ချန့်ယန် ဖုန်းချလိုက်သောအခါ လူတိုင်း သူ့ကို စိုက်ကြည့်နေသည်ကို တွေ့ရသည်။ သူသည် သူ့နာရီကို ကြည့်လိုက်ရာ မနက် ၈ နာရီ အတိအကျဖြစ်၏။
"တောင်းပန်ပါတယ်”
သူ တောင်းပန်လိုက်သည်။
"အိမ်ကလူတစ်ယေ
ာက်ကို ဖုန်းခေါ်နေတာ၊ စကြစို့"
လူတိုင်း လုံးဝ စကားမပြောနိုင်ဖြစ်သွားသည်။ ရှန့်ချန့်ယန်က သူတို့အား လုပ်ငန်းခရီးထွက်နေသည်ဟူသော ခံစားချက်ကို ပေးပြီး အသက်ရှင်သန်ရေးတာဝန်တစ်ခုပေါ်တွင် ရှိနေသည်ဟု ထင်စေသည်။ 'ပီလ်' ဟူသော အသံမြည်လာပြီး ဒိုင်လူကြီး၏ အသံကို ကြားရ၏။
"နေ့ခင်းဘက်ပါ၊ မျက်လုံးတွေ ဖွင့်ပေးပါ"
🌟🌟🌟