Ch 12
Viewers 8k

🥬 Chapter 12

🥬 If you want to be rich, build roads first  (2) 




"မစ္စတာစု၊ ကျွန်တော်တို့လက်ဖက်ခူးအဖွဲ့က တစ်လခွဲလောက် ခင်ဗျားကို အားကိုးရပါဦးမယ်"


စုလင်က ယဉ်ကျေးစွာပြောသည်။ 


"သူတို့ ရွာမှာနေသားကျသရွေ့ လိုအပ်တာပြောလို့ရပါတယ်"


ရှီးရှီရွာသို့ မရောက်မီ စုလင်သည် လက်ဖက်ခူးခြင်းနှင့် ပတ် သက်၍ ဘာကိုမှမသိခဲ့ပေ။ မနေ့ကရွာလူကြီးနှင့် စကားပြောပြီးနောက် လက်ဖက်ခူးနည်းများစွာရှိသည်ကို သူ သဘော ပေါက်ခဲ့သည်။ လက်ဖက်ရွက်ခူးနည်းသည် အလွန်အရေးကြီး သည်။ အရည်အသွေးမြင့် လက်ဖက်ရွက်များ ထုတ်လုပ်ရန်အတွက် လက်ဖက်ကုန်သည်များသည် များသောအားဖြင့် ရှေးခေတ် လက်ဖြင့်ခူးနည်းကိုအသုံးပြုကြသည်။


ရှီးရှီရွာသားများသည် လက်ဖက်ပင်များ စိုက်ပျိုးတတ်သဖြင့် ခူးနည်းကိုလည်း သဘာဝအတိုင်းသိကြသည်။ သို့သော် ချီယွဲ့နှင့်အခြားသူများသည် ၎င်းတို့ ငှားရမ်းထားသော လက်ဖက်ခူးအဖွဲ့ကို ယုံကြည်သောကြောင့် နှစ်စဉ်လူများကိုခေါ်ဆောင်လာကာ ခူးယူစေသည်။


လက်ဖက်ခူးရန် တစ်လခွဲအချိန်ယူရသည်။ ရှီးရှီရွာ၏လမ်းအခြေအနေဆိုးရွားပြီး သွားလာရန်မလွယ်ကူပေ။ လက်ဖက်ခူးအဖွဲ့ သည် ရွာသားများ၏အိမ်၌နေထိုင်ကြသည်။ ရွာသားများသည် ဤကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုမျိုးအားကြာ မြင့်စွာကတည်းက ရင်းနှီးကျွမ်းဝင်နေကြပြီး တည်းခိုခ ကောက်ခံရသည်ကို ဝမ်းမြောက်ကြသည်။ ၎င်းတို့သည် မနေ့ကအကြောင်းကြားစာ လက်ခံရရှိပြီးနောက် လွတ်နေသော အခန်းများကို စောစီးစွာရှင်းလင်းထားခဲ့ကြသည်။


ချီယွဲ့က ပြုံးလျက်ပြောသည်။ 


"နေသားကျမှာ သေချာပါတယ်၊ ကျွန်တော်တို့ အဖွဲ့က တချို့မိန်းကလေးတွေဆို ဒီမှာ ငါးနှစ်လောက်လက်ဖက်ခူးခဲ့ကြတာ ဒါနဲ့... "


သူ စကားလမ်းကြောင်း ပြောင်းလိုက်သည်နှင့် သူ့မျက်လုံးကျဉ်းကျဉ်းများ တောက်ပလာသည်။ 


"မစ္စတာစု၊ ရွာအပြင်ကိုထွက်ဖို့ ကုန်တင်ကားတွေ အားလုံးရှာတွေ့ပြီလား"


စုလင် တည်ငြိမ်စွာပြောသည်။ 


"တွေ့ပါပြီ၊ ဒါပေမဲ့ ကုန်တင်ကားတွေမဟုတ်ဘဲ ထွန်စက်ရာချီ ရှိပါတယ်"


ချီယွဲ့  ခဏတာကြောင်အသွားပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောသည်။ 


"ထွန်စက်နဲ့ ဖြစ်ပါ့မလား? လက်ဖက်စိမ်းတွေကို ခါလိုက်ရင် အရည်အသွေးကျဆင်းသွားနိုင်တယ်"


စုလင် ပြုံး၍ပြောသည်။ 


"သူဌေးချီ၊ စိတ်မပူပါနဲ့၊ ဒီရက်ပိုင်းလမ်းကို ညီညာအောင်လုပ်ပေးဖို့ ကျွန်တော် အာမခံပါတယ်"


လမ်းဆောက်ရန်နောက်ကျသွားပြီ ဖြစ်သော်လည်း ကျောက်စ ရစ်အချို့ကို သယ်ယူပြီး ဗွက်အိုင်များကို မြေတူးစက်များ၊ လမ်းကြိတ်စက်များဖြင့် တစ်ရက်အတွင်း ဖြည့်တင်းနိုင်သည်။ မနက်စောစော မိုးမလင်းမီကတည်းက ရွာလူကြီးသည် မြို့သို့သွားကာ ဆောက်လုပ်ရေးအဖွဲ့ နှင့်ဆက်သွယ်ခဲ့သည်။


စိုးရိမ်စရာမရှိတော့သောကြောင့် လက်ဖက်ကုန်သည်များ သည် လက်ဖက်ခူးပွဲ အခမ်းအနားကို ကျင်းပခဲ့ကြပြီး မီးရှူးမီးပန်းများ၏ ကျယ်လောင်သော အသံများအလယ်၌ တရား ဝင်တောင်ပေါ် သို့တက်ခဲ့ကြသည်။


---


လက်ဖက်ခူးခြင်းလုပ်ငန်းသည် အရှိန်အဟုန်ကောင်းနေခဲ့သည်။ စုလင်သည် ရွာလူကြီးနောက်မှ လိုက်၍အလုပ်များနေခဲ့သည်။ နေ့တိုင်းအလုပ်များနေခဲ့ရပြီး ညဘက်ခေါင်းအုံးအား ထိသည်နှင့် အိပ်ပျော်သွားခဲ့သည်။


၂၅ နှစ်တာ ဘဝတွင် ဤမျှလောက် ပင်ပန်းဖူးခြင်းမရှိခဲ့ပေ။


အိမ်ထောင်မပြုမီဖြစ်စေ၊ ပြုပြီးနောက်ဖြစ်စေ သူ ပျော်ရွှင်အေးချမ်းသောဘဝဖြင့် နေထိုင်ခဲ့သည်။


သူ အိမ်၌ မနက် ၉ နာရီ တွင် အိပ်ရာထလေ့ရှိပြီး ရပ်ကွက်အတွင်း နာရီဝက်ခန့် ပြေးလွှားလေ့ရှိသည်။ ပြန်လာပြီးရေချိုး၊ အိမ်အကူ‌ပြုလုပ်ပေးသော မနက်စာကို စားပြီးနောက် ပန်းချီခန်းသို့သွားကာ ပုံဆွဲလေ့ရှိ၏။ ရာသီဥတုကောင်းပါက ပန်းချီကားကိုသယ်ဆောင်ကာ ပန်းခြံသို့သွား၍ပုံကြမ်းဆွဲလေ့ရှိသည်။ နေ့လယ်ပိုင်းတွင် ဧည့်ခန်းမှ ဆိုဖာပေါ်ထိုင်ကာ လက် ဖက်သောက်၊ ဖုန်းကြည့်၊ ဒရာမာကြည့်၊ ဝတ္တုဖတ်၊ ဂိမ်းကစား ပြီး သူငယ်ချင်းများနှင့် ရံဖန်ရံခါစကားပြောသည်။ လင်းဖုန်း အလုပ်မှ ပြန်လာသောအခါ နှစ်ယောက်သား ညစာအတူစားပြီးနောက် လက်ချင်းချိတ်ကာလမ်းလျှောက်လေ့ရှိသည်။


ကလေးဘဝမှ အရွယ်ရောက်သည်အထိ စုလင်၏လိုအပ်ချက်များသည် အလွန်ရိုးရှင်းသည်။ လုပ်ချင်ရာလုပ်၊ ကြိုက်နှစ် သက်သူနှင့် မေတ္တာဖြင့်အတူနေထိုင်၊ တစ်ဦးကိုတစ်ဦးထောက် ပံ့ပြီး အတူတူအိုမင်းသွားရန်ဖြစ်သည်။


သို့သော် ထိုမျှသေးငယ်သော ဆန္ဒသည် အိမ်ထောင်ပြုပြီး သုံးနှစ်မြောက်၌ ရုတ်တရက်ပျက်စီးသွားမည်ဟု သူ မထင်မှတ်ခဲ့ပေ။


မသိစိတ်ဖြင့်ပင် လင်းဖုန်းနှင့် သူ့ ဆက်ဆံရေးတွင် ပြဿနာရှိလာခဲ့သည်။ အကြိမ်ကြိမ်စိတ်ပျက်ပြီးနောက် သူ နောက်ဆုံးတွင် နိုးထလာခဲ့ပြီး ထိုအိမ်ကိုခေတ္တစွန့်ခွာကာ ထွက်ပြေးလာသကဲ့သို့ ကျေးလက်သို့ရောက်လာခဲ့သည်။


ယခုဤနေရာ၌ နေ့တိုင်းအလုပ်များနေပြီး ခွေးတစ်ကောင်ကဲ့သို့ပင်ပန်းနေရသည်။ တစ်ခါမှ မလုပ်ဖူးသော အလုပ်များ ကိုလုပ်နေရသော်လည်း ယခင်ကထက် ပိုမိုပျော်ရွှင်နေခဲ့သည်။


လက်ဖက်ခူးအဖွဲ့ အလုပ်လုပ်နေသည်မှာ ရှစ်ရက်မြောက်ရှိပြီဖြစ်ပြီး အလုပ်သည် လမ်းကြောင်းပေါ် ရောက်ရှိနေသည်။ ရွာလူကြီးနှင့် ရွာကော်မတီအရာရှိများက ကြီးကြပ်မှုများတာဝန်ယူထားသည်။ စုလင်သည် ပျော်ရွှင်အနားယူလျက် စာရင်း အင်းများရှင်းရန် စာကြည့်ခန်း၌အနားယူနေခဲ့သည်။


S မြို့မှ ထွက်ခွာလာစဉ် လင်းကျိုးအား သူ ဘာပြောခဲ့သနည်း။


ကျေးလက်ဒေသ၌ ကုန်ကျစရိတ်နည်းပါးပြီး ငွေအများကြီး မကုန်နိုင်ဟု ပြောခဲ့သည်။


ဤအချိန်၌ စာရင်းကိုဆွဲထုတ်လိုက်သောအခါ ဟဲဟဲ ~ ယွမ် ၅ သန်း ၆ သန်းခန့်အား လွယ်လွယ်ကူကူသုံးစွဲခဲ့ပြီးဖြစ်သည်။


လမ်းကို ညီညာအောင်ပြုလုပ်ရန် ယွမ် ၁ သန်းကျော်ကုန်ကျပြီး လက်ဖက်စိမ်းသယ်ယူပို့ဆောင်ရန် ကားငှားရမ်းခတစ်နေ့လျှင် ယွမ် ၄၀,၀၀၀ ကျော်၊ ပရိဘောဂနှင့် လျှပ်စစ်ပစ္စည်းများဝယ် ယူရန် ယွမ် ၅၀,၀၀၀ ကျော်ကုန်ကျခဲ့သည်။


ငွေပေးချေမှုအတွက် လက်ဖက်ကုန်သည်သူဌေးမှ စပေါ်ငွေ ယွမ် ၂ သိန်းကိုသာပေးခဲ့ပြီး လက်ဖက်ရွက်များအားလုံးခူး ဆွတ်ပြီး အလေးချိန် ချိန်ပြီးမှသာ နောက်ဆုံးငွေပေးချေမှုကို ပြုလုပ်နိုင်မည်ဖြစ်သည်။


ရွာလူကြီးက ဒီနှစ် နွေဦးလက်ဖက်အထွက်နှုန်းသည် ပြီးခဲ့သောနှစ်ကထက်ပိုများပြီး ပိဿာ ၅၀,၀၀၀ ခန့်ရှိကြောင်းပြော ခဲ့သည်။ ကုန်ကျစရိတ်နှင့် လုပ်အားခကိုနုတ်ပြီးနောက် အမြတ်သည် ယွမ် ၁ သန်းကျော်ရရှိနိုင်သည်။ နွေရာသီလက် ဖက် နှင့် ဆောင်းဦးလက်ဖက်တို့ကို ခူးဆွတ်သောအခါ နှစ်စဉ်အမြတ်သည် ယွမ် ၃ သန်း ကျော်အထိ ရောက်ရှိနိုင်သည်။


ယွမ် ၁ သန်းကျော်သည် ကျေးလက်ဒေသက လူများအတွက် ဘဝတစ်လျှောက်လုံးရရှိရန် မလွယ်ကူသော ပမာဏဖြစ်နိုင်သော်လည်း ကြွယ်ဝသောလူငယ် သခင်လေးစုအတွက်မူ တစ်လအတွင်းသုံးစွဲနိုင်သော ပမာဏဖြစ်သည်။


စုလင်သည် သူ့ကိုယ်သူနစ်နာအောင် လုပ်မည့်သူမဟုတ်ပေ။ ဒုတိယအဘိုး၏အိမ်သည် ရှေးဟောင်းပစ္စည်းများဖြစ်သော် လည်း အတွင်းပိုင်းအပြင်အဆင်သည် အလွန်ရိုးရှင်းနေသည်။ မြို့ပြဘဝနှင့် အသားကျနေသူဖြစ်သောကြောင့် အရည်အ သွေးမြင့်နှင့် ခေတ်မီပစ္စည်းအချို့အားထုံးစံအတိုင်းထည့်သွင်း ခဲ့သည်။


ဥပမာအားဖြင့်၊ စာကြည့်ခန်းကြမ်းပြင်ပေါ်၌ နူးညံ့သော ကော် ဇော တစ်ထပ်ခင်းထားပြီး ပြတင်းပေါက်များတွင် ကျက်သရေရှိသော ပိုးသားလိုက်ကာများ ချိတ်ဆွဲထားသည်။ နံရံထက် သူကိုယ်တိုင်ရေးဆွဲထားသော လက်ရေးစာတစ်ခုကို ချိတ်ဆွဲထားပြီး စင်္ကြန်ဘေးရှိ ရှေးဟောင်းအဝိုင်းပြတင်းပေါက်ရှေ့၌ မဟော်ဂနီကုလားထိုင်နှင့် ကော်ဖီစားပွဲခုံ တစ်စုံအပိုထည့်ထား သည်။ စားပွဲပေါ်၌ ကြည်လင်သော ကြွေဖြူလက်ဖက်ခွက်စုံ တစ်စုံရှိသည်။


အခြားအခန်းများသည်လည်း စာကြည့်ခန်းကဲ့သို့ပင် လုံးဝ အသစ်စက်စက်ဖြစ်လို့နေသည်။


ဟုတ်သည်။ စုလင် အိမ်အလုပ်အား လုံးဝမသိပေ။ မနေ့တနေ့ကတင် H မြို့ရှိ စျေးဝယ်စင်တာမှ ပစ္စည်းအများအပြားဝယ် ယူခဲ့ပြီးမြင့်မားသည့် ပို့ဆောင်ခပေးပြီးနောက် အိမ်သို့ပို့ခိုင်းခဲ့သည်။ ထို့နောက် အန်တီကျန်း၏လစာအား တစ်လယွမ်တစ်ထောင်အထိတိုးပေးပြီး အိမ်အားကူညီထိန်းသိမ်းဖို့တောင်းဆိုခဲ့သည်။


အန်တီကျန်း ပါးစပ်နားရွက်အထိချိတ်မတတ်ပျော်ရွှင်နေခဲ့ပြီး တစ်နေကုန်အချိန်ယူကာ သေသေချာချာရှင်းလင်းပေးခဲ့သည်။


မီးဖိုချောင်ထဲ ရေခဲသေတ္တာရှိသောကြောင့် အစားအသောက်များကို သိမ်းဆည်းရန်အဆင်ပြေသည်။


စုလင် မြို့ထဲရှိအသီးအရွက်ဈေးမှ ငါး၊ ဂဏန်း၊ ပုစွန်တို့အား ဝယ်ယူပြီး ရေခဲသေတ္တာအခဲကန့်ထဲသို့ သိမ်းဆည်းထားရှိသည်။ အန်တီကျန်းပေးသော ဟင်းသီးဟင်းရွက်များအား အအေးကန့်ထဲသို့ထည့်ထားရာ တစ်ပတ်စာအစားအသောက် ဖူလုံခဲ့သည်။


လျှပ်စစ်မီးဖိုသည် ကောင်းမွန်သောပစ္စည်းဖြစ်သည်။ ၎င်းကို ဟင်းချက်ရန်နှင့် ဟော့ပေါ့အတွက်ပါ အသုံးပြုနိုင်သည်။လျှပ် စစ်ပစ္စည်းဆိုင်တွင် ၎င်းကို ရှာတွေ့ပြီးနောက် စုလင်သည် မြေမီးဖိုအားစွန့်လွှတ်ရန် ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့သည်။ ပြီးခဲ့သော နှစ်ရက်အတွင်း သူ ချက်ပြုတ်နည်းများအတိုင်းလေ့ လာကာ ချက်ပြုတ်ခြင်းစွမ်းရည်အား အောင်မြင်စွာတိုးမြှင့်နိုင်ခဲ့သည်။


စာရင်းအင်းများတွက်ချက်ပြီးနောက် စုလင် ဘောပင်ထိပ်ကို ကိုက်၊ မျက်ခုံးလှလှလေးများကိုတွန့်ချိုးကာ စိတ်ထဲသက်ပြင်း တစ်ချက်ချလိုက်သည်။


သူဌေးမလုပ်ရပါက နေ့စဉ်သုံးပစ္စည်းများ မည်မျှဈေးကြီး သည်ကိုမသိနိုင်ပေ။ ယခင်က သူသည် လင်းဖုန်းပေးသော ဒုတိယကဒ်ဖြင့် မြို့အနှံ့ပိုက်ဆံသုံးခဲ့ပြီး သူနှစ်သက်သော ပစ္စည်းများကိုဝယ်ယူခဲ့သည်။ ယခုမူ သူကိုယ်တိုင်ငွေရှာရမည်ဖြစ်ရာ မျိုးစုံသောခက်ခဲမှုများကိုခံစားနေရသည်။


သူ့လက်ထဲ၌ရှိသော ယွမ် ၁ သန်းသည် တစ်နှစ်ကုန်သည်အထိ ခံ၊ မခံကို သူ မသိပေ။


ရွာအပြင်ဘက် လမ်းဆောက်ခြင်းအပြင် ရွာဝင်ပေါက်မှ စုမိသားစုအိမ်ဟောင်းအထိ လမ်းကိုလည်းပြုပြင်ရဦးပေမည်။ စုစုပေါင်းလမ်းဆောက်ရန်အတွက် ယွမ်သန်းပေါင်းများစွာကုန်ကျမည်ဖြစ်သည်။


တံတားဆောက်ခြင်းနှင့် လမ်းခင်းခြင်းတို့အတွက် ငွေသုံးစွဲခြင်းသည် ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းဖြစ်ရာတန်ဖိုးရှိ၏။ စုလင်သည် မကောင်းဟုမခံစားရဘဲ မကြုံစဖူးကျေနပ်အားရမှုကိုခံစားရသည်။


ဤခံစားချက်သည် သူ ယခင်ကမခံစားဖူးသော ခံစားချက်ဖြစ် သည်။ သူ့ စွမ်းရည်အတွင်းမှ အခြားသူများကိုကူညီခြင်း၊ လက်တွေ့ကျသော ပရဟိတကို လုပ်ဆောင်ခြင်းနှင့် နှလုံးသား ထဲမှလှိုက်လှိုက်လှဲလှဲပျော်ရွှင်ခြင်းတို့က သူ့ဘဝအားအဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသည်ဟု ခံစားရစေသည်။


ခဏတာ ငွေကြေးအတွက် စိုးရိမ်ပူပန်ပြီးနောက် စုလင်သည် မျက်မှောင်ကြုတ်နေခဲ့သည်။


ရှေးလူကြီးများပြောခဲ့သည်မှာ - 'ငါက အရည်အချင်းတွေနဲ့မွေးဖွားလာတဲ့အတွက် အဲ့တာအသုံးဝင်လာလိမ့်မယ်၊ ပိုက်ဆံအားလုံးကုန်ပြီးရင် ပြန်ဝင်လာလိမ့်မည်' ဟူ၍ဖြစ်သည်။


သူသည် သူ့ကိုယ်ပိုင်လက်များဖြင့် ငွေရှာနိုင်မည်ဟု ယုံကြည်ပြီး ယခုလိုအများကြီးတွေးတောနေခြင်းသည် အခြေအမြစ်မ ရှိသော စိုးရိမ်ပူပန်မှုသာ။ အရေးအကြီးဆုံးကတော့ ပုံအချို့ကိုဆွဲပြီး လင်းကျိုးအား လေလံပွဲ၌ရောင်းချရန်လွှဲအပ်ပါက အမြဲ ယွမ် ၁၀,၀၀၀ ကျော်ရောင်းချနိုင်မည်ဖြစ်သည်။


တွေးတောပြီးနောက် စုလင်သည် စာရင်းစာအုပ်ကို ပိတ်လိုက်ပြီး လက်များကိုမြှောက်ကာ ဆန့်တန်းလိုက်တော့၏။


---




ဒီစာရေးသူမှာပြောစရာရှိတယ်



လင်ပေါင်ပေါင် : ချန်ချန် မင်းက ရင့်ကျက်တဲ့ ချန်ချန်ဖြစ်တယ်၊ အဲ့အတွက် မင်းကိုယ် မင်း ငါ့ အိတ်ကပ်ထဲထည့်ထား‌တတ်အောင် သင်ယူရမယ်။


(ချန်ချန် = ငွေ / ပိုက်ဆံ ကိုပြောတာပါနော် )